လေးလေး - သန်းမြင့်အောင် ပရိုဖိုင်း "လွမ်းဖွယ့်”
လေးလေး - သန်းမြင့်အောင် ပရိုဖိုင်း "လွမ်းဖွယ့်"
မိုးမခ ၊ စက်တင်ဘာ ၄ ၊ ၂၀၂၆
အမည်ရင်း “သန်းသန်းမြင့်”၊ ကလောင်အမည် “သန်းမြင့်အောင်”ရဲ့ ကိုယ်တိုင်ရေးရုပ်ပုံလွှာလို့ဆိုရမဲ့ ”လွမ်းဖွယ့်”။ စာရေးသူက ခြုံငုံမိသလောက် တစွန်းတစ လွမ်းဖွယ့်တွေလို့ ဆိုထားသလို တထိုင်တည်း ဖတ်ဖြစ်တဲ့ စာအုပ်ပါးလေးပါပဲ။ သန်းမြင့်အောင် ပရိုဖိုင်းမှာ သူ့မိသားစုဝင်တွေကို လွမ်းတဲ့ အလွမ်းတွေက နှလုံးသားထဲကနေ ယိုဖိတ် စီးကျလာသလို၊ ဖတ်သူရင်ထဲမလည်း အလွမ်းတွေ ကူးစက် မျက်ရည်လည်မိတဲ့အထိပဲ။
စာရေးဆရာဖြစ်လာတာ ဂုဏ်ယူတတ်တဲ့ သန်းသန်းမြင့်ရဲ့ အဖေလွမ်းဖွယ့်၊ အဖေက မြှောက်စားလွန်းလို့ လိုက်ဟန့်တတ်တဲ့ သန်းသန်းမြင့်ရဲ့ အမေလွမ်းဖွယ့်၊ တော်တည့်လိမ္မာတဲ့ မောင်အကြီးနဲ့ ဆိုးတဲ့ မောင်အငယ်တို့ရဲ့ မောင်နှစ်ယောက် လွမ်းဖွယ့်တွေ ဖွဲ့ဆိုထားပြီး နောက်ဆုံး လွမ်းဖွယ့်ကို သယ်သွားသူကတော့ သန်းသန်းမြင့်ရဲ့ သမက်အကြီးဖြစ်တဲ့ မောင်ခိုင်ကြီး လွမ်းဖွယ့်ပါပဲ။ သူ လွမ်းထားတဲ့သူတွေသာ မရှိရင် သူ အခုလုပ်နေတဲ့ စာရေးတာ၊ ပရဟိတလုပ်တာတွေ လုပ်နိုင်စရာမရှိဘူးလို့လည်း ဆိုထားတယ်။
သန်းမြင့်အောင်ရဲ့ ကသောကမျော ပရိုဖိုင်းအဖွဲ့မှာ ဝတ္ထုဆန်ဆန် ရေးဖွဲ့ဟန်တွေနဲ့ စာဖတ်သူကို ဖမ်းစားထားတာတွေလည်း ဖတ်ရတယ်။ အဖေ သေတော့ နိုင်ငံရပ်ခြား ခရီးနှင်နေသူ သန်းမြင့်အောင်ကို မီရာလေယာဉ်ပျံနဲ့ အမြန်ပြန်နိုင်ဖို့ ခရီးဖော်တွေက ဝိုင်းဝန်းစီစဉ်ပေးကြပုံရေးရင်း တနေရာမှာ သူက ခပ်လှမ်းလှမ်းမှာ လက်ပ်တော့တစ်လုံးနဲ့ အလုပ်ရှုပ်နေတယ်။ အင်တာနက်ကနေ အမြန်ဆုံးရနိုင်မဲ့ လေယာဉ်လက်မှတ်အတွက် လုံးပန်းနေတာပါ။
ငြိမ်ပြီး မျက်ရည်တွေ ကျနေတဲ့ ကျွန်မကို ဂျူးက ပခုံးလေး ကိုင်ပြီး တတ်သလောက်၊ မှတ်သလောက် နှစ်သိမ့်ရှာပါတယ်။ ဒီတော့မှ ကျွန်မ စကားပြောနိုင်လာပါတယ်။
“ငါ ဒီဘဝရောက်လာတာ ဖေဖေ၊ မေမေတို့ ကျေးဇူးကြောင့်ပါ။ ငါ သူတို့ကို ဒုက္ခမျိုးစုံပေးခဲ့တာ၊ အခုငါ ဒုက္ခပေး ရမဲ့သူ မရှိတော့ဘူး” လို့ဆိုတော့ ဂျူးက-
“မောင်ခိုင်တို့ မချိုတို့ ရှိပါသေးတယ် အစ်မရယ်၊ သူတို့ကိုလည်း အစ်မ ဒုက္ခပေးနေတာပဲ မဟုတ်လား”တဲ့။
ဂျူး စကားကြောင့် စုထားက ဂျူးကို မျက်ရိပ်ပြပေမဲ့ ဂျူးက သူ့ကို မကြည့်ဘဲ ကျွန်မကိုပဲ စာနာမှုအပြည့်နဲ့ ကြည့်နေတာတဲ့။ ကျွန်မ သူ့စကားကြောင့် အီလည်လည်ကြီး ဖြစ်သွားကာ-
“ဟုတ်ပါတယ်၊ လူတကာကို ဒုက္ခပေးနေတဲ့ ငါ သေသွားတာမှ ကောင်းပါဦးမယ်၊ ငါ သေရင် ဘယ်သူမှ ဝမ်းနည်းမှာမဟုတ်ဘူး”
လို့ ပါးစပ်က သူ့အလိုလိုထွက်သွားမိတယ်၊ ဒီတော့မှ ဂျူးက ပျာပျာသလဲနဲ့-
“ဟင် . . . အစ်မ သေလို့မဖြစ်ဘူး၊ အစ်မ သေရင် ငါတို့မှာ အစ်မ မရှိတော့ဘူးဆိုပြီး ကျွန်တော်တို့ ဝမ်းနည်း မှာပေါ့”တဲ့။
သန်းမြင့်အောင်ရဲ့ လွမ်းဖွယ့်မှာ ပါဝင်ကြတဲ့သူတွေက ပရိုဖိုင်းအမြင့်တွေနဲ့ သူတွေချည်း ဖြစ်နေတာကိုကလည်း လွမ်းဖွယ့်ရဲ့ စွဲဆောင်မှုတခုပါပဲ။
သမက် မောင်ခိုင်ကြီး ကင်ဆာဖြစ်တော့မဲ့ အခန်းမတိုင်မီမှာလည်း အလားတူပဲ သမီးနဲ့ သမက်တို့ ကျိတ်ပြီး ရန်ဖြစ်နေတာကို သန်းမြင့်အောင် ဝင်ဖြေရှင်းပေးပုံကလည်း ပြုံးစရာ၊ ပြီးခါမှ မောင်ခိုင်ကြီး ကင်ဆာဖြစ်ပြီး ဆုံးရပုံ လွမ်းဖွယ့်ကို ရင်တနင့်နင့်နဲ့ ဖတ်ရပြန်ပါတယ်။ တကိုယ်စာအမြင်မှာတော့ မောင်ခိုင်ကြီး လွမ်းဖွယ့်ဟာ တအုပ်လုံးမှာ အလွမ်းရဆုံးပါပဲ။
သန်းမြင့်အောင်က စာအုပ်ကို ခုလို အဆုံးသတ် ရေးဖွဲ့ခဲ့တယ်။
“ဘဝဆိုတာ ရှေ့ဆက်ပြီးတော့ရော ကိုယ်ဖြစ်စေချင်သလို (ဒါမှမဟုတ်) ကိုယ်မဖြစ်လိုတဲ့ အနာဂတ်တွေကို ကျွန်မတို့ လိုသလို စိတ်တိုင်းကျ ကြိုတင်ဖန်တီးတိုင်းရနိုင်ကြမှာတဲ့လား။
အပ်ဖျား ပေါ်မုန်ညင်းစေ့ တင်ထားသလို တဲတဲလေး မသေချာမရေရာလှတဲ့ ‘ဘဝ’ နဲ့ ‘ကံကြမ္မာ’ ကြားမှာ ရှင်သန် နေကြရတဲ့ ကျွန်မတို့ ပုထုဇဉ်လူသားတွေအတွက်ကတော့ . . .
ပစ္စုပ္ပန်
တဲတဲလေး
လွမ်းဖွယ့် . . . ။
သန်းမြင့်အောင်ရဲ့ ”လွမ်းဖွယ့်”စာအုပ်ကို ရန်ကုန်၊ မြောက်ဒဂုံက Aung Publishing House က ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ပထမအကြိမ် အုပ်ရေ ၁,၀၀၀ ထုတ်ဝေထားပြီး၊ စိတ်ကူးချိုချိုစာပေတိုက်က ဖြန့်ချိထားတယ်။ စာအုပ်တန်ဖိုးက ကျပ် ၇,၅၀၀ တိတိ။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar