Breaking News

ရွှေကူမြို့နဲ့ ဗန်းမော်ကြားက တိုက်ပွဲတွေ၊ မိုးရာသီ ရိက္ခာနဲ့ စစ်လက်နက်ပစ္စည်းတွေ မြစ်ကြောင်းက ပို့ဆောင်

 

မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၃၁ မြင်ကွင်း

(မိုးမခ) ၊ စက်တင်ဘာ ၁ ၊ ၂၀၂၆

 

ရွှေကူမြို့နဲ့ ဗန်းမော်ကြားက တိုက်ပွဲတွေ၊ မိုးရာသီ ရိက္ခာနဲ့ စစ်လက်နက်ပစ္စည်းတွေ မြစ်ကြောင်းက ပို့ဆောင်

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးက စစ်ရေးအရ အရေးပါတဲ့ ဇင်းဘုံကျေးရွာအနီးက အာဏာသိမ်းစစ်တပ်စခန်းတခုကို KIA လက်နက်ကိုင်တပ်ဖွဲ့တွေက ပြီးခဲ့တဲ့ရက်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIA ပြောဆိုခွင့်ရသူကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၅ ခုနှစ်ထဲမှာ မန္တလေး-မိုးကုတ်လမ်းပိုင်းကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက်မှာ မန္တလေး၊ စစ်ကိုင်းနဲ့ ကချင်ပြည်နယ်တို့ ထိစပ်တဲ့ဒေသတွေကို ပိုပြီးထိန်းချုပ်လာနိုင်ဖို့ ကြိုးစားလာနေပြီး တနှစ်ခွဲကျော် ၂ နှစ်နီးပါး ကြာမြင့်လာနေတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲကိုလည်း အနိုင်ရဖို့ ရည်ရွယ်ချက်နဲ့ စစ်သားနဲ့ လက်နက်အင်အား ထပ်တိုးဖြည့်ဆည်းကာ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်အဖို့ TNLA နဲ့ အပစ်အခတ်ရပ်စဲကာ  မိုးကုတ်နဲ့ မိုးမိတ်ကို ပြန်လည်လွှဲပြောင်းရရှိပြီးနောက် ရှမ်းမြောက် မန္တလေး-မိုးကုတ်လမ်းပိုင်းက MDY PDF တပ်တွေ ထိန်းချုပ်ထားတဲ့ စခန်းတွေ၊ မြို့တွေ၊ ကျေးရွာတွေကို ၂၀၂၅ ခုနှစ်အတွင်းမှာ တိုက်ခိုက်သိမ်းယူခဲ့ပြီးနောက်မှာ စစ်တပ်အနေနဲ့ မန္တလေး-မြစ်ကြီးနား ကားလမ်းကိုပါ တောက်လျှောက် အသုံးပြုနိုင်တော့မဲ့ အခြေအနေမျိုးထိ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ တဖက်မှာလည်း မန္တလေးကနေ ဧရာဝတီမြစ်အတိုင်း အထက်ကိုဆန်တက်တဲ့ လမ်းကြောင်းပေါ်က မြို့တွေကို ထိန်းချုပ်ထားနိုင်ဖို့ ကြိုးပမ်းသလို ဧရာဝတီမြစ်နံဘေးက ဗန်းမော်မြို့ကိုလည်း အပြည့်အဝပြန်လည် ထိန်းချုပ်ဖို့ ရည်မှန်းထားပုံရတဲ့ သဘောလို့ ယူဆရပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေက ရွှေကူမြို့ အနီးတဝိုက် မြို့ကို ဝင်တဲ့လမ်းကြောင်းတွေထဲက တချို့ကို KIA က ပိတ်ဆို့ထားသလို ရွှေကူမြို့သိမ်းတိုက်ပွဲ ဆင်နွှဲမယ့် သတင်းတွေ ဇွန်လဝန်းကျင်က ထွက်ပေါ်ခဲ့ပေမဲ့ ရွှေကူမြို့မှာတော့ တိုက်ပွဲဖြစ်ပွားခြင်း မရှိပဲ ရွှေကူနဲ့ ဗန်းမော်မြို့အကြား တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ် အနေနဲ့လည်း နှစ်စဥ် မိုးရာသီ မြစ်ရေ အမြင့်ဆုံးအချိန်မှာ ဒါဇင်နဲ့ ချီတဲ့ သင်္ဘောအုပ်စုတွေပေါ်မှာ လက်နက်၊ ရိက္ခာတွေကိုတင်ဆောင်ပြီး မြစ်အထက်ဘက်ကို စစ်သင်္ဘောတွေရဲ့ အစောင့်အရှောက်နဲ့ ပို့ဆောင်လေ့ရှိပါတယ်။ မန္တလေး၊ မုံရွာကနေ ချင်းတွင်းမြစ်အထက်ဘက် စစ်ကိုင်းတိုင်းထဲက နယ်မြေတွေဆီကို ပို့ဆောင်သလို ဧရာဝတီမြစ်ကြောင်းအတိုင်းလည်း ပို့ဆောင်လေ့ရှိပါတယ်။ အရင်နှစ်က ရိက္ခာ၊ လက်နက် နဲ့ လူအင်အားတွေ တင်ဆောင်တဲ့ သင်္ဘောအုပ်စုတစု ဗန်းမော်ထိ ရောက်ရှိခဲ့သလို ယခုနှစ်မှာလည်း အလားတူ သင်္ဘောအုပ်စု ဆန်တက်လာရာမှာ ရွှေကူမြို့ နဲ့ ဗန်းမော်မြို့အကြား KIA နဲ့ တော်လှန်ရေးလက်နက်ကိုင်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာက သင်္ဘောတစီး ပျက်စီးပြီး ရှေ့ဆက်မတက်နိုင်ဘဲ KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူခဲ့ကြောင်း သတင်းတွေမှာ ဖော်ပြထားကြပါတယ်။

သင်္ဘောတွေကို တိုက်ခိုက်ရာမှာ First Person View ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး သင်္ဘောပျက်စီးပြီး ရှေ့ဆက်မသွားနိုင်တော့တဲ့နောက်မှာ KIA နဲ့ ပူးပေါင်းတပ်တွေက သင်္ဘောကို စီးနင်းသိမ်းဆည်းခဲ့တာလို့ သတင်းတွေမှာ ဖော်ပြထားကြတာပါ။

အာဏာသိမ်း စစ်တပ်အနေနဲ့ လက်ရှိ အနေအထားမှာ ရခိုင်ပြည်နယ်နဲ့ ထိစပ်တဲ့ဒေသတွေ ဖြစ်တဲ့ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်း တို့မှာ AA လက်နက်ကိုင် အဖွဲ့နဲ့ ပူးပေါင်းတပ်တွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်မျက်နှာ၊ ရခိုင်ပြည်နယ်ထဲက ကျောက်ဖြူ၊ စစ်တွေမှာ AA လက်နက်ကိုင်တပ်တွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်မျက်နှာ၊ ကရင်ပြည်နယ်နဲ့ ထိုင်းနယ်စပ် မြဝတီမြို့နယ်မှာ ဖြစ်ပွားနေတဲ့ စစ်မျက်နှာတွေက အဓိက ထိုးစစ်နဲ့ ခံစစ်စစ်မျက်နှာတွေ ဖြစ်ပြီး ကျန်ဒေသတွေမှာတော့ ရာဂဏန်းနဲ့ချီတဲ့ စစ်ကြောင်းထိုးတာတွေ ထိန်းချုပ်နယ်မြေတွေကို ဆက်လက်ကာကွယ်တာတွေ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ် အနေနဲ့ အခု ရင်ဆိုင်နေရတဲ့ စစ်မျက်နှာတွေ အနေအထားကို ၂၀၂၄၊ ၂၀၂၅ ခုနှစ်အစပိုင်းတွေနဲ့ နှိုင်းယှဥ်ကြည့်ရင် ခက်ခဲကျပ်တည်းတဲ့ အနေအထားကနေ ကျော်လွန်လာခဲ့တဲ့ လက္ခဏာတွေ တွေ့နေရတာပါ။ ၂၀၂၄ နဲ့ ၂၀၂၅ အစပိုင်းတွေမှာ စစ်မျက်နှာကျယ်ပြန့်နေချိန် စစ်မှုထမ်း ဥပဒေ အသက်သွင်းခါစ ပြုန်းတီးသွားတဲ့ စစ်တပ်အင်အားကို စစ်မှုထမ်း ဥပဒေနဲ့ များများစားစား အစားမထိုးနိုင်သေးချိန် ဖြစ်လို့ အဲဒီလို အဆိုးဆုံးအနေအထားကို ကျော်လွန်ခဲ့တဲ့ သဘောလို့ ဆိုနိုင်ပါတယ်။

ရှမ်းမြောက်မှာ စစ်မျက်နှာ မရှိတော့သလို ချင်းပြည်နယ်၊ ရခိုင်မှာ မြို့ ၃ မြို့ကိုသာ ထိန်းထားပြီး ရခိုင်နဲ့ ထိစပ်နေတဲ့ ဒေသတွေကို ခုခံကာကွယ်နေရတဲ့ အနေအထားမှာ ကချင်၊ စစ်ကိုင်းနဲ့ ကချင်ပြည်နယ် အစပ်တွေကို ပြန်အာရုံစိုက် ထိုးစစ်ဆင်လာနေတာလည်း ဖြစ်ပါတယ်။

အာဏာသိမ်း စစ်တပ် အနေနဲ့ စစ်မှုထမ်း ဥပဒ အသက်သွင်းပြီး ၂ နှစ်ကျော်လာချိန် ဒရုန်းနည်းပညာ လေ့ကျင့်အသုံးချမှုကို တွင်ကျယ်စွာ လုပ်လာနိုင်သလို လေကြောင်း တိုက်ခိုက်မှုကို အရင်နှစ်တွေထက် တိုးမြှင့်လုပ်ဆောင်လာတဲ့ အနေအထားမှာ လိုအပ်ချက်က ဘဏ္ဍာအရင်းအမြစ် ဖြစ်လာပါတယ်။ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေ အစအဆုံး မစိုးမိုးနိုင်တာ ကြောင့်နဲ့ နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချဖို့ ရည်ရွယ်ချက်နဲ့ နယ်စပ်ကုန်သွယ်ရေးတွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပြီး နိုင်ငံခြားငွေအများစုကို စစ်လက်နက် ခဲယမ်းနဲ့ လေတပ်အတွက် လိုအပ်တဲ့ လေယာဥ်ဆီလိုမျိုးမှာ ပိုမိုသုံးစွဲနိုင်ဖို့ စီးပွားရေးမူဝါဒကို အတင်းအကျပ် ဆွဲညှိနေတာကို တွေ့မြင်နေကြရပါတယ်။

အာဏာသိမ်းစစ်တပ် အနေနဲ့ စစ်စရိတ်အတွက် နိုင်ငံခြားငွေ တတ်နိုင်သမျှ ချွေတာကာ ပြည်တွင်း စီးပွားရေးအပေါ် ဘယ်လို ဆိုးကျိုးသက်ရောက်မှုတွေ ရှိပါစေ၊ ဆက်လက်လုပ်ဆောင်နေတာဖြစ်သလို တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေဘက်မှာလည်း စစ်စရိတ် ကုန်ကျမှုတွေအတွက် ကြိုးစားရှာဖွေနေကြရတာ တွေ့ကြရပါတယ်။ နယ်မြေဖြတ်သန်းသယ်ဆောင်တဲ့ ကုန်စည်တွေအပေါ် အခွန်အကောက် ကောက်ခံတာ၊ သယံဇာတ တူးဖော်ခွင့်တွေကနေ ရံပုံငွေ ရှာဖွေတာ အစရှိတဲ့ နည်းလမ်းအသွယ်သွယ်နဲ့ စစ်စရိတ် သုံးစွဲနိုင်ဖို့အတွက် လုပ်ဆောင်နေကြရတာ ဖြစ်ပါတယ်။

၂၀၂၆ ခုနှစ် နှစ်ဝက်ကျော်လာတဲ့ ကာလအတွင်း စစ်ရေးအပြင်းအထန် လှုပ်ရှားနေတဲ့ ဒေသတွေ အနေနဲ့ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ် ထိစပ်ရာ၊ ကျောက်ဖြူ၊ မြဝတီနယ်စပ်နဲ့ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ထိစပ်ရာ အိန္ဒိယနဲ့ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းဆက်သွယ်ထားတဲ့ တမူး-ကလေး လမ်းတလျှောက်တို့ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar