လေးစမ်းဝင်း - ထိုင်းနိုင်ငံနှင့် အမေရိကန်တပ်ဖွဲ့ဝင် ငါးထောင်
လေးစမ်းဝင်း - ထိုင်းနိုင်ငံနှင့် အမေရိကန်တပ်ဖွဲ့ဝင် ငါးထောင်
မိုးမခ ၊ စက်တင်ဘာ ၁ ၊ ၂၀၂၆
အရှေ့အလယ်ပိုင်းဒေသမှာ ကိုးလကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အမေရိကန် လေယာဉ်တင်စစ်သင်္ဘောအုပ်စု ထိုင်းနိုင်ငံမှာ လာရောက် အပမ်းဖြေမယ်ဆိုတဲ့ သတင်း ဩဂုတ်လကုန်ပိုင်းမှာ ဖတ်ရတယ်။ တစ်ဆက်တည်းမှာပဲ “USS Abraham Lincoln လေယာဉ်တင်သင်္ဘောအုပ်စုမှ အမေရိကန် ရေတပ်သားများနှင့် ရေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့ဝင် ၅၀၀၀ ခန့်ကို ကြိုဆိုရန် ပတ္တယားမြို့က ပြင်ဆင်လျက်ရှိ” ဆိုတဲ့ သတင်းလည်း ဖတ်ရပြန်တယ်။ စက်တင်ဘာလဆန်းမှာ အဲ့ဒီသင်္ဘောတွေ ထိုင်းနိုင်ငံ၊ ပတ္တယားမြို့ကို ရောက်ရင် ဒေသတွင်း သုံးစွဲမှု ဘတ် ၅ သန်းမှ ၁၅ သန်းအထိ ထွက်ပေါ်လာနိုင်တယ်ဆိုတာလည်း ဖတ်ရတယ်။
တွက်ရေးကတော့ စက်သူဌေးပေါ့လေ။ ဒီသတင်းတွေ ဆက်တိုက် ဖတ်ရတော့ သိန်းဖေမြင့် ရေးတဲ့ “ကျနော်ကြုံဖူးသော ကမ္ဘာ” ဆိုတဲ့ စာအုပ် ပြေးအမှတ်ရလိုက်မိပါတယ်။ ၁၉၆၁ ခုနှစ်ကဆိုတော့ လွန်ခဲ့တဲ့ ၆၅ နှစ်တိတိကပေါ့။ သိန်းဖေမြင့်နဲ့ ဇဝနတို့ ဂျပန်မှာ လုပ်မယ့် စာရေးဆရာ ညီလာခံ တက်ဖို့အသွား ဘန်ကောက် လေဆိပ်မှာ အမေရိကန် စစ်သားတွေ အများကြီး တွေ့ခဲ့ရပုံကို ခုလို ရေးဖွဲ့ခဲ့တယ်။
“ဘန်ကောက် လေယာဉ်ကွင်း ဆင်းလိုက်သည်နှင့် တစ်ပြိုင်နက် အမေရိကန် လေတပ်နှင့် ရေတပ်တို့မှ လေယာဉ်ပျံများ အများအပြား မြင်ကြရသည်။ တရုတ်ဖြူ စစ်လေယာဉ်ပျံ နှစ်စင်းလည်း မြင်လိုက်ရသည်။ ခရီးသည်တင် လေယာဉ်နှင့် စစ်လေယာဉ် အတူလောက် ရှိမည်ထင်၏။ လေဆိပ်ကို တိုးချဲ့ဆောက်လုပ်နေသည်။ ဆီတိုး အကူအညီကား နေရာတကာမှာ ထင်ရှား၏။ လေယာဉ်ပျံ အကူးအပြောင်း စောင့်ရင်း စားသောက်ဖွယ်ဆိုင်ကို ဝင်ထိုင်ကြရာ၊ စားသောက်နေကြသော အမေရိကန် စစ်သား၊ စစ်ဗိုလ် အတော်များများ မြင်သဖြင့် အတိအကျ ရေတွက်ကြည့်သည်။ စစ်သား ၁၉ ယောက်၊ စစ်ဗိုလ် ၅ ယောက် တွေ့လိုက်ရသည်။ ကျွန်တော်တို့ မင်္ဂလာဒုံလေဆိပ်နှင့် ကွာလှသည်။ ကျွန်တော်တို့ မင်္ဂလာဒုံလေဆိပ်မှာ နိုင်ငံခြား စစ်သား၊ စစ်ဗိုလ်ကို တွေ့ရခဲသည်။ ကျွန်တော်တို့ လွတ်လပ်ရေးကို ကာကွယ်ရန် နိုင်ငံခြား စစ်သား၊ စစ်ဗိုလ် မလိုချေ။ ထိုင်းလင်းကား ထိုသို့ မဟုတ်ချေ။ နှောင်ကြိုးမဲ့ ကမ္ဘာကို ကာကွယ်ပေးမည်ဆိုသော အမေရိကန် စစ်ဗိုလ် စစ်သား လိုနေဟန်တူသည်။”
ဒီတုန်းက ထိုင်းနဲ့ အိမ်နီးချင်း လာအိုနိုင်ငံမှာ ကွန်မြူနစ်တွေ အင်အားကောင်းပြီး ပြည်တွင်းစစ် ဖြစ်နေတော့ ထိုင်းဘက်ကိုပါ ကွန်မြူနစ်တွေ ကျူးကျော်လာမှာ စိုးလို့ အမေရိကန် ဦးဆောင်တဲ့ ဆီတိုးအုပ်စု SEATO (South East Asia Treaty Organization) က ထိုင်းကို ရောက်နေကြတယ်။ အမေရိကန် သမ္မတ ဂျွန် အက်ဖ် ကနေဒီ (John F. Kennedy) လက်ထက် ၁၉၆၂ ခုနှစ်မှာတော့ အမေရိကန် မရိန်းတပ်သားချည်း ၅,၀၀၀ ကျော်ကို ထိုင်းကို ပို့ပြီး စစ်စခန်းတွေ ဆောက်ကာ တပ်စွဲခဲ့တယ်။
အခု လာမယ့် စစ်သင်္ဘောအုပ်စုက အမေရိကန် တပ်ဖွဲ့ဝင် ၅,၀၀၀ ဆိုတာ အဲ့ဒီခေတ်တုန်းက စစ်သားတွေ ပြန်ဝင်စားပြီး ရောက်လာလေသလား မဆိုနိုင်။ တကယ်တော့ အခု အမေရိကန် စစ်သားတွေ သွား အနားယူမယ့် ပတ္တယား ကမ်းခြေဆိုတာ ပေါ်ထွက်လာတာဟာလည်း အမေရိကန် စစ်သားတွေကြောင့်ပါပဲ။ ၁၉၆၀ ပြည့်နှစ် မတိုင်မီက ပတ္တယားဟာ ထိုင်းပင်လယ်ကွေ့ အရှေ့ဘက် ကမ်းရိုးတန်းမှာ ရှိတဲ့ တံငါရွာငယ်လေး တစ်ခုမျှသာ ဖြစ်ခဲ့တယ်။ အမေရိကန်တပ်တွေ ထိုင်းမှာ တပ်စွဲပြီး ဆောက်ခဲ့တဲ့ တပ်စခန်းတွေ၊ လေတပ်စခန်း တချို့ဟာ ပတ္တယားနဲ့ နီးတော့ အမေရိကန် တပ်ဖွဲ့ဝင် တချို့ ကမ်းခြေသွား အနားယူပြီး အကြိုက်တွေ့ခဲ့ကြတယ်။
အမေရိကန်-ဗီယက်နမ် စစ်ဖြစ်တော့ ထိုင်းက အမေရိကန် လေတပ် အခြေစိုက်စခန်းတွေ သုံးပြီး ဗီယက်နမ်ကို ဗုံးသွားကြဲခဲ့ကြတယ်။ ၁၉၆၅ ခုနှစ်မှာ အမေရိကန် စစ်တပ်ဟာ ပတ္တယားနဲ့ မလှမ်းမကမ်းမှာ U-Tapao Air Base (အူတာပေါင်း လေတပ်စခန်း) ကို အကြီးအကျယ် တည်ဆောက်ခဲ့တယ်။ ဗီယက်နမ် စစ်မြေပြင်သို့ မသွားမီ သို့မဟုတ် စစ်ပွဲအတွင်းမှ ပြန်လာကြတဲ့ အမေရိကန် စစ်သည် ထောင်ပေါင်းများစွာဟာ ပတ္တယားသို့ ပုံမှန် အပမ်းဖြေရန် လာရောက်ခဲ့ကြတယ်။
၁၉၇၆ ခုနှစ်မှာ အမေရိကန် စစ်တပ် ထိုင်းနိုင်ငံက ထွက်ခွာသွားခဲ့ပြီးတဲ့နောက် ဆောက်လက်စ ဟိုတယ်တွေ၊ ဖျော်ဖြေရေး အခြေခံအဆောက်အအုံတွေကို အကြောင်းပြုပြီး ဥရောပနဲ့ ကမ္ဘာအရပ်ရပ်မှ ခရီးသွားတွေကို ဆွဲဆောင်တဲ့ စီးပွားရေးမြို့အဖြစ် ပတ္တယားမြို့ ရပ်တည်ခဲ့တာ အခုအချိန်အထိပါပဲ။ ၆၅ နှစ်သာ ကြာသွားတယ်၊ အမေရိကန်ကတော့ သူဦးဆောင်တဲ့ စစ်ပွဲတွေကို ပုံစံအမျိုးမျိုးနဲ့ ဆင်နွှဲနေတုန်းဆိုတာ တွေ့မြင်နိုင်ကြတယ်။
ဒီတစ်ကြိမ် အမေရိကန် ဦးဆောင်တဲ့ အီရန်စစ်ပွဲက တစ်ကမ္ဘာလုံးကို ရိုက်ခတ်နေတုန်း ဖြစ်ပြီး လောင်စာဆီ ဈေးနှုန်းတွေ တက်တုန်း၊ နောက်ဆက်တွဲ ကုန်ဈေးနှုန်း တက်တဲ့ဒဏ်ကို နိုင်ငံအများအပြား ရင်ဆိုင်နေရတုန်းပါ။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar