ဖလော်ဒါဟန် - အာဏာရှင်ခေတ်များမှ စစ်မှုထမ်းစနစ် ထိုးဖောက်ဝင်ရောက်လာခြင်း
ဖလော်ဒါဟန် - အာဏာရှင်ခေတ်များမှ စစ်မှုထမ်းစနစ် ထိုးဖောက်ဝင်ရောက်လာခြင်း
မိုးမခ ၊ စက်တင်ဘာ ၂၅ ၊ ၂၀၂၆
ကျွန်မရဲ့ စာရေးမှတ်တမ်းတင်ခြင်းမှာ နယ်ပယ်ဒေသတခုရဲ့ လူနေမှုဘဝလေးတွေကို ကျွန်မ သိသလောက်၊ ရေးသားခွင့် ရသလောက်လေး မှတ်တမ်းရေးလေ့ ရှိပါတယ်။
ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးအပြင် အခုဆို စစ်မှုထမ်းအကြောင်းလေးတွေပါ ကျွန်မ သိသမျှ မျှဝေလေ့ရှိပါတယ်။
အခုဆို စစ်မှုထမ်းနဲ့ပတ်သက်လို့ ၁၈ နှစ်ပြည့်သူ ကျောင်းသားပါ မကျန် ၃၅ နှစ်အထိ စစ်မှုထမ်းဖို့ ရပ်ကွက်ရပ်ရွာတွေမှာ မအလ အစိုးရက အမိန့်ပေးမှု ထပ်မံပြင်းထန်လာပါတယ်။
အချို့လည်း အလုပ်သမား ဝန်ထမ်းဆို လွတ်မလားပေါ့၊ မလွတ်ပါဘူး၊ မဲနှိူက်ရတာပါ။
တနေ့ကတော့ ၂ ရက်ဆက်တိုက် ရွာကလူတွေ အစည်းအဝေးသွားကြရတယ်။ မဲနှိုက်မဲ့ အစီအစဥ်ကို ငွေကြေးကောက်ခံတာနဲ့ အဆုံးသတ်ခဲ့ကြပါတယ်။
ခဏတာတော့ အမောပြေသွားတယ် ဆိုပေမဲ့ တဖက်ကလည်း လူငယ်တွေကို ပေါ်တာဆွဲခြင်းဖြင့် လတ်တလောအခက်အခဲတွေကို ဖြေရှင်းနေကြတာပါ။
ငွေဲ့ လူကို အရောင်းအဝယ်လုပ်ခြင်းဖြင့် အသက်က တန်ဖိုးမရှိတော့သလို လူတယောက်ရဲ့ ဘဝသာမက မိသားစုများပါ ဘဝပျက်နေကြရတာ ဒုနဲ့ဒေးပါ။
တချို့ရွာတွေမှာဆို ငွေကြေးမထည့်သူတွေကို ဦးစားပေးစနစ်နဲ့ မဲနှိုက်ကြရတဲ့ လုပ်ငန်းစဉ်တွေလည်း ရှိကြပါတယ်။
လက်တွေ့ စစ်မှုထမ်းကြရမဲ့အချိန်မှာ ဘယ်လိုဖြစ်ရပ်တွေနဲ့ ပစ ဘဝ မရောက်အောင် တွန်းလှန်ကာကွယ်ကြမလဲ။
ဒါကလည်း ပြည်သူအများက ပစ မဖြစ်ဖို့အရေး မိမိကိုယ်ကိုယ် လွတ်မြောက်ရာလမ်းကို ရွေးချယ်ကြခြင်းဖြင့်လွတ်ရာလွတ်လမ်းကို ရှာကြမှာပါ။
ဤသည်မှ မိသားစုများနှင့် ဝေးကွာရာ နေရာဒေသများမှာ အဆက်အသွယ်ဖြတ် ပုန်းခိုကြရင်း မိမိတို့ဘဝတွေကို အမှောင်မှာ မြှုပ်နှံထားကြရသူတွေ အများကြီးပါ။
မြန်မာနိုင်ငံသားတယောက်အတွက် စစ်မှူထမ်းခြင်းသည်ပျော်ရွှင်စရာမဟုတ်သလို မိမိ၏အသက်
အန္တရာယ် အချိန်မရွေး ကျရောက်နိုင်တာ သိသိကြီးနှင့် အနိုင်ကျင့်ခံဘဝ ရောက်နေကြတဲ့ လူနေမှုစနစ်ကြီးပါ။
မိသားစုများလည်း ဒီတလ ပြီးလို့ ဟင်းချရုံရှိသေး၊ ရှေ့လအတွက် စစ်မှုထမ်းက ကြေညာပါလေရော။
မအလ သက်တမ်းရှိနေသရွေ့ စစ်မှုထမ်း အစဉ်အလာကြီးက ပျောက်ကွယ်ဖို့ မလွယ်ပါ။
ဒါထက်ဆိုးတာက မအလ တည်ထောင်ခဲ့တဲ့ အာဏာရှင်စနစ်မှာ ပြည်သူတွေအတွက် စစ်မှုထမ်းဆိုတဲ့ အနိုင်ကျင့်ခံပြည်သူများဘဝ သက်ဆိုးရှည်ကျန်ရစ်မှာကို စိုးရိမ်မိသည်။
စနစ်ဆိုး ခေတ်ဆိုးမှာ ကုန်ဈေးနှုန်းကိုလည်း အန်တုနိုင်သည်။
ကျန်းမာရေးကိုလည်း ကာကွယ်ခြင်းဖြင့် မိမိကိုယ်ကိုယ် စောင့်ရှောက်၍ရသည်။
ပညာရေးကိုလည်း ရေလိုက်ငါးလိုက် ဘဝဖြင့် ထိန်းထားလို့ရသည်။
စနစ်တခုအောက်မှာ စစ်မှုထမ်း ဆိုတဲ့ အာဏာရှင် သက်ဆိုးရှည်နိုင်တဲ့ မအလ ခေတ်ရဲ့ အနိုင်ကျင့်မှုကြီးကိုတော့ ပြည်သူတွေ စည်းလုံးမှုဖြင့် တွန်းလှန်မှသာ မိမိတို့ ရင်သွေးများရဲ့ အနာဂတ် လုံခြုံမည် ဆိုတာလေးကို မျှဝေလိုက်ရပါတယ်။
လူငယ်များ သွားသတိ လာသတိဖြင့် မိမိတို့ရဲ့ဘဝကို ကာကွယ်ကြပါလို့ တိုက်တွန်နိုးဆော်လိုက်ရပါတယ်။
ဖလော်ဒါဟန်
၁၀.၉.၂၀၂၆
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar