Breaking News

NUG ရဲ့ အထူးတိုင်း စစ်ဌာနချုပ် လေကြောင်းတိုက်ခိုက်ခံရ၊ MNDAA ကိုယ်စားလှယ် နေပြည်တော်လာရောက် ဆွေးနွေး

May be an image of one or more people and text 

မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၂၄ မြင်ကွင်း

(မိုးမခ) ၊ စက်တင်ဘာ ၂၅ ၊ ၂၀၂၆  

 

NUG ရဲ့ အထူးတိုင်း စစ်ဌာနချုပ် လေကြောင်းတိုက်ခိုက်ခံရ၊ MNDAA ကိုယ်စားလှယ် နေပြည်တော်လာရောက် ဆွေးနွေး

အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ အထူးတိုင်း စစ်ဌာနချုပ်ကို အာဏာသိမ်းစစ်တပ်က တိုက်လေယာဥ်တွေနဲ့ စက်တင်ဘာ ၂၄ ရက်နေ့နံနက်ပိုင်းမှာ လာရောက်ဗုံးကြဲခဲ့ရာမှာ ၅ ဦး သေဆုံးပြီး ဒဏ်ရာရသူ အချို့ ရှိကြောင်း သတင်းမီဒီယာ အများအပြားမှာ ဖော်ပြထားကြပါတယ်။

ဒဏ်ရာရသူတွေအထဲမှာ ရဲဘော်အောင်စံရှား၊ CDM ဗိုလ်မှူးတင်လင်းအောင်၊ CDM တပ်ကြပ်ကြီး နေဝင်းအောင် တို့ပါဝင်တယ်လို့လည်း သတင်းဌာနအချို့က ဖော်ပြထားကြပါတယ်။

သတင်းဖော်ပြချက်တွေအရ အထူးတိုင်းစစ်ဌာနချုပ်ဟာ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နဲ့ ပဲခူးတိုင်း ရွှေကျင်မြို့နယ်တို့ ထိစပ်တဲ့နေရာမှာ တည်ရှိတယ်လို့ ဆိုပါတယ်။ အထူးတိုင်းစစ်ဌာနချုပ်လက်အောက်မှာ နည်းဗျူဟာ ၅ ခု၊ တပ်ရင်း ၁၅ ရင်း ရှိပြီး ပကဖ စစ်ကြောင်း ၃ ကြောင်း ရှိပြီး မွန်-ကရင်-ထားဝယ်ဒေသတွေမှာ လှုပ်ရှားတယ်လို့ သတင်းဌာနအချို့က ဖော်ပြထားကြပါတယ်။

အခုလို NUG ရဲ့ လက်အောက်က တိုင်းစစ်ဌာနချုပ်တခုကို လေကြောင်းတိုက်ခိုက်ခံရခြင်းဟာ ပထမဆုံး အဖြစ်အပျက်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အထူးတိုင်းစစ်ဌာနချုပ်ရဲ့ တည်နေရာ ဘယ်လို နည်းလမ်းနဲ့ ပေါက်ကြားခဲ့ရတာလဲ ဆိုတဲ့အချက်နဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ အမျိုးမျိုးသော ခန့်မှန်းပြောဆိုမှုတွေ ရှိနေရာမှာ အချို့သော တပ်ဖွဲ့ဝင်တွေ၊ တပ်မှူးတွေ အနေနဲ့ လူမှုကွန်ရက်မှာ မကြာခဏရောက်ရှိတဲ့နေရာကနေ ဓါတ်ပုံတွေနဲ့တကွ ရေးသားမှုတွေက အာဏာသိမ်းစစ်တပ်အနေနဲ့ ရောက်ရှိတဲ့ ဒေသကို ဆက်စပ်ဖော်ထုတ်နိုင်တာလားဆိုတဲ့ ယူဆမှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

အခု တိုက်ခိုက်မှုမှာ ဒဏ်ရာရသွားတဲ့ CDM ဗိုလ်ရဲ့ လူမှုကွန်ရက် အကောင့်မှာ နေ့စဥ်လိုလို ဓါတ်ပုံနဲ့ သွားလာတဲ့ နောက်ခံတချို့ကို ဖော်ပြနေတာကို အခြေခံပြီးအခုလို ယူဆချက်တွေ ပေါ်ထွက်လာစေတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို ကာကွယ်ခုခံနိုင်တဲ့ အနေအထားမျိုး မရှိတာကြောင့် တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေ အနေနဲ့ နေရာလုံခြုံမှုက အသက်တမျှ အရေးကြီးတဲ့အချက် ဖြစ်နေတာ ဖြစ်ပါတယ်။ တဖက်မှာလည်း တော်လှန်ရေးလက်နက်ကိုင် တပ်ဖွဲ့ဝင်တချို့ရဲ့ လူမှုကွန်ရက်ကို နေ့စဥ်မပြတ် အသုံးပြုပြီး လှုပ်ရှားမှုတွေကို ရေးသားကြတဲ့အချက်က အခုလို လုံခြုံရေးအရ အားနည်းချက်၊ လစ်ဟာမှုတွေ ဖြစ်လာစေပြီး တဖက်ရန်သူအနေနဲ့ အခွင့်ကောင်းယူ တိုက်ခိုက်တာမျိုး ဖြစ်စေတာလို့ ယူဆနေကြတာလည်း ဖြစ်ပါတယ်။

အခုလို တိုက်ခိုက်မှုဖြစ်ပွားပြီး နာရီပိုင်းအကြာမှာ သတင်းမီဒီယာတွေက လေကြောင်းတိုက်ခိုက်ခံရတဲ့ သတင်း၊ ထိခိုက်မှု အနေအထားတွေကို ဖော်ပြနေကြရာမှာ အဒီလို ဖော်ပြတဲ့ သတင်းမီဒီယာတွေကို ဝေဖန်ပြစ်တင်နေကြတဲ့ မှတ်ချက်တွေလည်း အများအပြား ထွက်ပေါ်လာနေတာ တွေ့ရပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုက ပစ်မှတ်ကို ထိမှန်သလား ဆိုတဲ့အချက်ကို သတင်းမီဒီယာတွေက အတည်ပြုပေးသလို ဖြစ်စေတယ်ဆိုတဲ့ ယူဆချက်တွေနဲ့ ဘယ်နေရာ ဘယ်ဒေသ ဆိုတဲ့ နေရာဒေသရဲ့ အကြမ်းဖျင်း အချက်အလက်တွေကို လူသိရှင်ကြား ဖော်ထုတ်တယ်ဆိုတဲ့ ယူဆချက်တွေနဲ့ ဝေဖန် အပြစ်တင်နေကြတာ တွေ့ရပါတယ်။

တဖက်မှာလည်း NUG အစိုးရလက်အောက်မှာ ရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ အနေနဲ့ လူမှုကွန်ရက်မီဒီယာ အသုံးပြုမှုဆိုင်ရာ စည်းမျဥ်းစည်းကမ်းတွေ ရှိ၊ မရှိ၊ ရှိခဲ့တယ်ဆိုရင် လက်တွေ့လိုက်နာကျင့်သုံးမှုတွေကို ကြပ်မတ်ဖို့ လိုအပ်နေတဲ့ အနေအထားလို့ ယူဆစရာတွေရှိနေတာ ဖြစ်ပါတယ်။

ဒီနေ့အဖို့ နောက်သတင်း အကြောင်းအရာတခုကတော့ ကိုးကန့်လက်နက်ကိုင်အဖွဲ့လို့ အများခေါ်ဆိုကြတဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ဟာ နေပြည်တော် ရောက်ရှိနေပြီး အာဏာသိမ်းစစ်အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဆွေးနွေးညှိနှိုင်းမှုကော်မတီ NSPNC နဲ့ စက်တင်ဘာ ၂၄ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က စစ်ဆင်ရေးတရပ် စတင်ဆင်နွှဲပြီး ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့တွေ၊ စစ်တပ်စခန်းတွေ၊ စစ်တိုင်းဌာနချုပ်အထိ သိမ်းယူကာ အာဏာသိမ်းစစ်တပ်ဖွဲ့ဝင် ထောင်နဲ့ချီ လက်နက်ချ အညံ့ခံခဲ့ကြတဲ့ စစ်ဆင်ရေးအပြီး နေပြည်တော်ကို ပထမဆုံး လာရောက်ဆွေးနွေးမှုလို့ ဆိုရမှာ ဖြစ်ပါတယ်။

MNDAA အနေနဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် လအတန်ကြာမှာ တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ ဖိအားပေးမှုတွေကြောင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ဆွေးနွေးမှုတွေ တကြိမ်မက လုပ်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ အပစ်ရပ် သဘောတူခဲ့တာပါ။ အဲဒီနောက် ၂၀၂၅ ခုနှစ် ဧပြီလမှာ လားရှိုးမြို့ကို ပြန်လည်လွှဲအပ်ပေးခဲ့ပြီး အပစ်ရပ်သဘောတူညီမှု နောက်ပိုင်း မကြာခဏ စစ်တိုင်းအဆင့် ဆွေးနွေးမှုတွေ လားရှိုးမြို့မှာ လုပ်ဆောင်ခဲ့ပေမဲ့ နေပြည်တော်ကို လာရောက်ပြီး အဆင့်မြင့်ခေါင်းဆောင်ပိုင်း ပါဝင်တဲ့ ဆွေးနွေးမှုအနေနဲ့က အခုအကြိမ်ဟာ ပထမဆုံး ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတရာထူး ရယူပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ကာ ရက် ၁၀၀ သတ်မှတ်ခဲ့တဲ့ ကာလအတွင်း အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နေပြည်တော် လာရောက်ကာ ဆွေးနွေးခဲ့ကြတဲ့ နည်းတူ MNDAA လည်း နေပြည်တော်လာရောက်မယ်လို့ ခန့်မှန်းပြောဆိုခဲ့ကြပေမဲ့ အဆိုပါ ရက် ၁၀၀ ကာလကျော်လွန်ပြီးနောက် ၂ လနီးပါးအကြာမှာ နေပြည်တော်ကို လာရောက်တာ ဖြစ်ပါတယ်။ MNDAA အဖွဲ့ နေပြည်တော် မလာရောက်မီ မြောက်ပိုင်းညီနောင် ၃ ဖွဲ့မှာ ပါဝင်တဲ့ အခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က နေပြည်တော်ကို လာရောက်ကာ NSPNC နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။

စက်တင်ဘာ ၂၄ ရက်နေ့ နေပြည်တော်ဆွေးနွေးပွဲမှာ ဆွေးနွေးကြတဲ့ အကြောင်းအရာ ခေါင်းစဥ် ၅ ခုမှာ ၁ အချက်က ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊  ၂ အနေနဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေး၊ ၃ ခုမြောက် အချက်အနေနဲ့ အားလုံးပါဝင်ပြီး ဆွေးနွေးပွဲများမှတဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အချက် ၄ အနေနဲ့ ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များနဲ့  နောက်ဆုံး နံပါတ် ၅ အချက်အနေနဲ့ နယ်စပ်ကုန်သွယ်ရေး ဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး တို့ပါဝင်တယ်လို့ သတင်းအချို့မှာ ဖော်ပြထားပါတယ်။

ဒီအကြောင်းအရာ ခေါင်းစဥ် ၅ ခုကတော့ ယေဘုယျဆန်တဲ့ ခေါင်းစဥ်တွေ ဖြစ်ပြီး အချို့သော သတင်းဖော်ပြချက်တခုမှာတော့ MNDAA က ၄င်းတို့ ထိန်းချုပ်ထားတဲ့ ဒေသတွေကို အထူးဒေသ သတ်မှတ်ပေးဖို့ တောင်းဆိုတယ်လို့ ဖော်ပြထားတာ တွေ့ပါတယ်။ ၁၀၂၇ မတိုင်ခင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ နယ်နိမိတ်တွေနဲ့ ၁၀၂၇ စစ်ဆင်ရေးပြီးနောက် MNDAA ထိန်းချုပ်ထားတဲ့ နယ်မြေနယ်နိမိတ်တွေက အပြောင်းအလဲ အများအပြားရှိနေခဲ့တဲ့ အနေအထား ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးအတွင်းနဲ့ ယခုနှစ် ဖေဖော်ဝါရီလ TNLA ကို MNDAA တိုက်ခိုက်မှုတွေ လုပ်ဆောင်ပြီး ထပ်မံသိမ်းယူခဲ့တဲ့ မြို့နယ်မြေတွေ အရ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ MNDAA ထိန်းချုပ်ထားတဲ့ နယ်မြေက သိသာစွာ ကျယ်ပြန့်လာခဲ့တာ ဖြစ်ပါတယ်။

အခုလက်ရှိ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို အာဏာသိမ်းစစ်အစိုးရဘက်က အသိအမှတ်ပြုမှုမျိုးကို အခု ဆွေးနွေးပွဲမှာ တောင်းဆိုတဲ့ သဘောလို့ နားလည်ရပြီး NSPNC ဘက်ကတော့ ၂၀၀၈ အခြေခံ ဥပဒေပါအတိုင်း ဆောင်ရွက်ရမဲ့သဘော ပြန်လည်တုံ့ပြန်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

TNLA အနေနဲ့လည်း လွန်ခဲ့တဲ့ ဇူလိုင်လလယ်က နေပြည်တော်မှာ NSPNC နဲ့ တွေ့ဆုံရာမှာ TNLA ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ပလောင်ပြည်အဖြစ် အသိအမှတ်ပြုဖို့ အခု MNDAA တောင်းဆိုမှုနဲ့ အလားတူတဲ့ တောင်းဆိုတာရှိခဲ့တယ်လို့ သတင်းဖော်ပြမှု အချို့အရ သိရပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ NSPNC ကတော့ ထုံးစံအတိုင်း ၂၀၀၈ အခြေခံဥပဒေနဲ့အညီသာ လုပ်ဆောင်ဖို့ကို ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းအခြေစိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင် ၂ ဖွဲ့အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးကာလမှာ တိုက်ခိုက်သိမ်းယူထားနိုင်ခဲ့တဲ့ နယ်မြေတွေကို တရားဝင် အသိအမှတ်ပြုခံရဖို့ တောင်းဆိုမှုတွေကို နေပြည်တော် ဆွေးနွေးပွဲတွေမှာ တောင်းဆိုခဲ့ကြတာ ဖြစ်ပြီး နေပြည်တော် အနေနဲ့ ဒီတောင်းဆိုမှုတွေကို လိုက်လျောဖို့ထက် အပစ်ရပ်ထားတဲ့ မြောက်ပိုင်းညီနောင် လက်နက်ကိုင် ၂ ဖွဲ့ကို အချို့သော ဒေသတွေကနေ ပြန်လည်လက်လွှတ်ဖို့ တိုက်တွန်းလိုတဲ့ သဘောထားရှိနေတာလည်း ဖြစ်ပါတယ်။

နဂိုက ၂ ရက်ကြာဆွေးနွေးဖို့ လျာထားပေမယ့်လည်း ဆွေးနွေးပွဲကို တရက်တည်းနဲ့ ပြီးဆုံးခဲ့ပြီးနောက်ထပ် တွေ့ဆုံဆွေးနွေးဖို့ သဘောတူခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

အခု တွေ့ဆုံဆွေးနွေးမှုတွေက အာဏာသိမ်းစစ်တပ်ရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ ငြိမ်းချမ်းရေးရလိုတဲ့ ဆန္ဒဆိုတာထက် လက်ရှိ အနေအထားကို ဆက်လက်ထိန်းသိမ်းထားဖို့ကိုသာ ရည်ရွယ်ထားကြတာ ထင်ထင်ရှားရှား တွေ့မြင်နေရတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar