Breaking News

စစ်မှုထမ်းဥပဒေက မွေးထုတ်လိုက်တဲ့ လူဖမ်းပွဲစားများနဲ့ လည်ပတ်နေတဲ့ ဈေးကွက်

 

မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၁ မြင်ကွင်း

(မိုးမခ) ၊ စက်တင်ဘာ ၂ ၊ ၂၀၂၆

 

စစ်မှုထမ်းဥပဒေက မွေးထုတ်လိုက်တဲ့ လူဖမ်းပွဲစားများနဲ့ လည်ပတ်နေတဲ့ ဈေးကွက်

ခုရက်ပိုင်းအတွင်း အင်းစိန်မြို့နယ်ထဲက အရန်မီးသတ်အရာရှိရဲ့ အိမ်မှာ အာဏာသိမ်း စစ်မှုထမ်းရဲ့ စစ်တပ်ကို ရောင်းစားဖို့ ရည်ရွယ်ချက်နဲ့ ဘိုကလေးမြို့နယ်က လူငယ် ၄ ဦးကို ဖမ်းဆီးချုပ်နှောင်ထားတာကို လူပျောက်တိုင်ကြားမှုကို ရှာဖွေရာက ဖော်ထုတ်တွေ့ရှိခဲ့တဲ့ သတင်း ပေါ်ထွက်လာပါတယ်။

တရားဝင်ကြေညာထားတဲ့ နည်းလမ်းဖြစ်တဲ့ ရပ်ကွက်/ကျေးရွာအလိုက် စာရင်းပြုစုပြီး အလှည့်ကျတဲ့အခါ စစ်မှုထမ်းရမဲ့ နည်းလမ်းမဟုတ်တော့ဘဲ ညဘက် လမ်းမှာတွေ့တဲ့ လူငယ်တွေ၊ တမြို့နဲ့တမြို့ ကူးလူးကြတဲ့ လမ်းခရီးစစ်ဆေးရေး ဂိတ်တွေမှာ အဓမ္မခေါ်ဆောင်သွားပြီး စစ်သားစုဆောင်းရေးကို ပို့တာတွေကို လုပ်ဆောင်နေကြတာ သတင်းတွေထဲ မကြာခဏ တွေ့နေရပေမယ့် အခုလို အရန်မီးသတ်အရာရှိ တာဝန်ယူထားသူတယောက်က လူငယ်တွေကို လှည့်ဖျားခေါ်ဆောင်တဲ့နည်း သို့မဟုတ် အဓမ္မခေါ်ဆောင်တဲ့ နည်းလမ်းသုံးပြီး နေအိမ်မှာ ဖမ်းဆီးချုပ်နှောင်ပြီး စစ်မှုထမ်း စုဆောင်းတဲ့ဆီကို ငွေကြေးနဲ့ ရောင်းတာမျိုးက အတော်လေး အံ့အားသင့်စရာကောင်းတဲ့ အဖြစ်အပျက် ဖြစ်ပါတယ်။

ပျောက်ဆုံးသွားတဲ့ လူငယ်တွေရဲ့ မိဘတွေက လူပျောက်တိုင်ကြားရာက လူငယ်တွေနဲ့ ဖုန်း အဆက်အသွယ် နောက်ဆုံးအဆက်အသွယ်ရခဲ့တဲ့နေရာ၊ ဖုန်းအဆက်အသွယ်ပြတ်သွားပြီးနောက် ဖုန်းရဲ့ တည်နေရာ စတာတွေက တဆင့် သဲလွန်စခံ လိုက်တဲ့အခါ အရန်မီးသတ်အရာရှိရဲ့ နေအိမ်က လူငယ်တွေကို ဖမ်းဆီးချုပ်နှောင်ထားတဲ့ နေရာဖြစ်နေတာ သိရှိကြရတဲ့ သဘောဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ရဲတွေ အနေနဲ့ အခုလို အဖြစ်အပျက်ကို သိမထားတာကြောင့် မရည်ရွယ်ဘဲ စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းမှုတွေ ရဲ့ လက်ခွဲ လူငယ်တွေကို ဖမ်းဆီးချုပ်နှောင်တဲ့ ရာဇဝတ်မှု ကျူးလွန်သူ အရန်မီးသတ်အရာရှိအိမ်ကို ဖော်ထုတ်မိလျက်သားဖြစ်သွားတဲ့ သဘောလို့ ယူဆရပါတယ်။ ဆင်ခြေဖုံးရပ်ကွက်တွေထဲ တခါတရံ မြို့လယ်ကောင်လိုမျိုးမှာတောင် ညဘက်တွေမှာ စစ်တပ်၊ ပျူစောထီးတို့လို လူတွေက လူငယ်တွေကို ဖမ်းဆီးခေါ်ဆောင်ပြီး စစ်မှုထမ်းလူစားထိုးဖို့ ငွေသိန်းဆယ်ချီတောင်းခံတာတွေ ငွေမပေးနိုင်သူတွေကို စစ်မှုထမ်းထဲ ပို့လိုက်တဲ့ အဖြစ်တွေက ခုနှစ်ပိုင်းတွေမှာ မထူးဆန်းတဲ့ သတင်းတွေ အကြောင်းအရာတွေ ဖြစ်နေတာပါ။

အာဏာသိမ်းစစ်အစိုးရရဲ့ အုပ်ချုပ်ရေး ယန္တရားထဲမှာ ပါဝင်နေတဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ရာအိမ်မှူး၊ ဆယ်အိမ်မှူး စသဖြင့် အဆင့်ဆင့်သောသူတွေအနေနဲ့ ယခင်နှစ်တွေက မဲနှိုက်တဲ့စနစ် သို့မဟုတ် အလှည့်ကျစနစ်နဲ့  စစ်မှုထမ်း စုဆောင်းခဲ့ရာက ၂ နှစ်ခန့် ကြာမြင့်လာတဲ့ အနေအထားမှာတော့ လူငယ်တွေကို ရုတ်တရက် ဖမ်းခေါ်ပြီးနောက် အာဏာနောက်ခံ၊ အာဏာပိုင် အဖွဲ့အစည်း နောက်ခံမရှိသူ ငွေကြေးမတတ်နိုင်သူတွေကို စစ်သားစုဆောင်းတဲ့ဆီ ပို့ဆောင်ပြီး ငွေကြေးအကျိုးအမြတ် ခံစားနေကြတဲ့ အသွင်မျိုး နေရာဒေသအတော်များများမှာ ဖြစ်ပွားလာနေပါတယ်။

မြို့တွေနဲ့ အာဏာသိမ်းစစ်တပ် အပြည့်အဝထိန်းချုပ်နိုင်တဲ့ နယ်မြေတွေက ကျေးရွာတွေမှာ အသက် ၁၈ နှစ်နဲ့ ၃၅ နှစ် အရွယ်လူငယ်တွေအဖို့ ပြည်ပကို ထွက်ခွာအလုပ်လုပ်ကိုင်တာမျိုး မတတ်နိုင်ခဲ့ရင် လမ်းမှာ အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရတာမျိုး အဖြစ်မျိုး နေ့ကြုံမလား၊ ညကြုံမလား အခြေအနေအောက်မှာ နေထိုင်နေကြရတာပါ။

အခုလို အဓမ္မလူစုဆောင်းတာ လူစားထိုးတဲ့ အကြောင်းပြချက်နဲ့ ငွေကြေးသိန်းဆယ်ချီ တောင်းခံတာတွေက စစ်မှုထမ်း ဥပဒေ အသက်သွင်းပြီး ၂ နှစ်ခွဲခန့်အကြာမှာ စစ်တပ် ထိန်းချုပ်နယ်မြေထဲက မြို့တွေမှာ ယန္တရားတရပ်သဖွယ် ဖွဲ့စည်းဖြစ်ပေါ်လာနေတာ ဖြစ်ပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ ဆယ်အိမ်မှူးတွေနဲ့ ပျူစောထီး(ပြည်သူ့စစ်)တွေ အကြား လူရောင်းချတာတွေလည်း ဖြစ်ပွားနေတဲ့အကြောင်း မကြာသေးခင်က ထွက်ပေါ်ခဲ့တဲ့ အဖြစ်အပျက်တခုကြောင့် သိရှိလာကြရပါတယ်။ မြောက်ဥက္ကလာ ရပ်ကွက်ထဲ လင်မယား ရန်ဖြစ်ရာက အိမ်ကထွက်သွားတဲ့ ခင်ပွန်းဖြစ်သူကို ဝမ်းကွဲယောက်ဖက အုပ်ချုပ်ရေးမှူးရုံးကို ပို့ခဲ့တဲ့နောက် အုပ်ချုပ်ရေးမှူးက ဒဂုံမြို့နယ် ယောမင်းကြီးလမ်းမှာ နေထိုင်သူအဖြစ် စာရင်းသွင်းပြီး ဒဂုံမြို့နယ်က စစ်မှုထမ်းစုဆောင်းသူ အဖြစ်နဲ့ စစ်သားစုဆောင်းရေးကို ပို့လိုက်တဲ့ အဖြစ်အပျက် ဖြစ်ပါတယ်။

ရပ်ကွက်ထဲ စကားများတာလို အဖြစ်အပျက်မျိုး ဖြစ်စေ ဖြစ်ပွားတာကို အခွင့်ကောင်းယူပြီး စစ်သားစုဆောင်းဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက လုပ်ဆောင်နေကြတဲ့ အဖြစ်မျိုးတွေ တခုမက ဖြစ်ပွားနေတာကို သတင်းတွေမှာ ကြားသိနေကြရတာ ဖြစ်ပါတယ်။

ဒါတွေက လူတယောက်ချင်း အဖြစ်အပျက်တွေ အပေါ်မှာ အမြတ်ထုတ်ပြီး စစ်မှုထမ်းစုဆောင်းတဲ့ဆီ ဖမ်းဆီးအပ်နှံကာ ငွေကြေး အကျိုးအမြတ်ရဖို့ လုပ်နေကြတဲ့ အဖြစ်အပျက်တွေ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်တွေမှာ ငွေတတ်နိုင်သူဆို သိန်းဆယ်ဂဏန်း ကြီးကြီးပေးကြရတာ ဖြစ်ပါတယ်။ ရပ်ကွက် အုပ်ချုပ်ရေးတွေနဲ့ အောက်ခြေစုဆောင်းသူ ရာဇဝတ်ဂိုဏ်းသဖွယ် လူအရောင်းအဝယ်လုပ်ကြသူတွေ လက်ထဲမှာ ငွေပေးပြန်ရွေးတဲ့ ပမာဏနဲ့ နောက်တဆင့် စစ်သားစုဆောင်းရေးတပ်အထိ ရောက်ရှိသွားပြီးနောက် ပြန်ရွေးတဲ့ ငွေပမာဏတွေလည်း မတူကြပါဘူး။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်သားစုဆောင်းရေးမှာ ပါဝင်နေတဲ့ အခြားအဖွဲ့အစည်းတွေ လက်ထဲမှာရှိစဥ် ပေးရတဲ့ပမာဏနဲ့ စစ်သားစုဆောင်းရေး တပ်ထဲရောက်ပြီးနောက် အစားထိုးဖို့ ရွေးထုတ်ရတဲ့ ပမာဏတွေ ကွာခြားကြတာ ဖြစ်ပါတယ်။

ဒီတရားဝင်မဟုတ်ပေမဲ့ အာဏာသိမ်းစစ်တပ်က လျစ်လျူရှုပြီး မသိချင်ယောင်ဆောင်ထားတဲ့ အဓမ္မစစ်သားစုဆောင်းရေး ယန္တရား(ဂိုဏ်း)တွေမှာ လည်ပတ်နေတဲ့ ငွေပမာဏက သိန်းပေါင်း သောင်းဂဏန်း သိန်းဂဏန်းတွေအထိ ရှိနေနိုင်ပါတယ်။ 

ရန်ကုန်လိုမြို့ကြီးမှာ မြို့လယ်ရပ်ကွက်တွေမှာ စစ်မှုထမ်းကြေးဆိုပြီး လစဥ်အိမ်တိုင်းကို လာမကောက်ပေမဲ့ ရပ်ကွက်ရုံးနဲ့ ပတ်သက်တဲ့ ထောက်ခံစာ ယူရတာမျိုးကျရင် စစ်မှုထမ်းစုဆောင်းရေးအတွက် ရန်ပုံငွေဆိုတဲ့ ခေါင်းစဥ်နဲ့ အနိမ့်ဆုံး ၅ ထောင်ကနေ သောင်းဂဏန်းတွေအထိ ကောက်ခံကြတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာတင်ပဲ ဆင်ခြေဖုံးရပ်ကွက်တွေလိုမျိုးမှာတော့ စစ်မှုထမ်း အလှည့်ကျပေးဖို့ ထည့်ဝင်ငွေလိုမျိုး ကောက်ယူကြတာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတွေထဲက ကျန်တဲ့မြို့ငယ်တွေ ကျေးရွာတွေမှာ တမြို့နဲ့တမြို့  တရွာနဲ့တရွာ နှုန်းထားမတူသည့်တိုင် တလကို  ၂ သောင်းကနေ ၃ သောင်းအထိ ပေးနေကြရတာဖြစ်ပါတယ်။

အခုလို စစ်မှုထမ်းခေါင်းစဥ်နဲ့ ကောက်ခံတဲ့ ငွေကြေးတွေနဲ့ ပတ်သက်လို့ ဘယ်သူမှ စာရင်းစစ်တာမျိုး မရှိကြပါဘူး။ အုပ်ချုပ်ရေးမှာ ပါဝင်နေတဲ့ အဖွဲ့အစည်း၊ ရဲ၊ စစ်တပ် စတဲ့အဖွဲ့အစည်းတွေက အသီးသီးက မျှဝေပြီးယူနေကြတဲ့ သဘောလည်း ဖြစ်ပါတယ်။

ပြည်သူလူထုအဖို့တော့ အုပ်ချုပ်ရေး ရှိတယ်ဆိုသည့်တိုင် ဘယ်လို တရားဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေမှ တိတိကျကျ လိုက်နာစရာမလိုဘဲ ပျက်စီးချင်တိုင်း ပျက်စီးနေတဲ့ အခြေအနေအောက်မှာ စားစရာမရှိပေမဲ့၊ လျော်စရာရှိရမဲ့ သဘောမျိုး အနေအထားဖြစ်ပြီး မိမိတို့ သားသမီး၊ ဆွေမျိုးသားချင်းတယောက်ယောက် စစ်မှုထမ်းပါသွားခဲ့တဲ့ ရှိစုမဲ့စု ခြစ်ခြုတ် ပေါင်နှံကာ ရွေးထုတ်ဖို့ ကြိုးစားကြရတဲ့ အဖြစ်တွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

ဒါတွေက စစ်မျက်နှာမဟုတ်တဲ့ စစ်တပ် ထိန်းချုပ်မြို့တွေ ရွာတွေမှာ ဖြစ်ပွားနေတာဖြစ်ပြီး အခြားတဖက်ဖြစ်တဲ့ တော်လှန်ရေး လက်နက်ကိုင် ထိန်းချုပ်နယ်မြေနဲ့ တပိုင်းတစထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်း၊ တိုင်းရင်းသားလက်နက်ကိုင် ထိမ်းချုပ်နယ်မြေတွေမှာတော့ အာဏာသိမ်း စစ်တပ်ရဲ့ အုပ်ချုပ်မှုအာဏာ မသက်ရောက်တာကြောင့် အဲဒီဒေသတွေက စစ်မှုထမ်းဥပဒေအကြောင်းပြကာ ရုတ်တရက် ဖမ်းဆီး စစ်သားစုဆောင်းတာ မခံစားကြရပေမဲ့ အခြားတဖက်မှာ ကျေးရွာတွေကို လှည့်ပတ်မွှေနှောက်ကာ ဖမ်းဆီးသတ်ဖြတ်ခံရနိုင်တဲ့ အန္တရာယ်ကြောင့် စစ်ဘေးတိမ်းရှောင်ရတာ၊ နေအိမ်တွေ ကျွဲ နွား စိုက်ပျိုးထားတဲ့ စပါး၊ ပဲ၊ နှမ်းတွေ ယူဆောင်ခံရတာတွေနဲ့အတူ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အမြဲသတိနဲ့ နေထိုင်နေကြရတာ ဖြစ်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်ထိန်းချုပ်နယ်မြေ အချို့မှာတော့ ဒီဘက်ကနဲ့ မတူတဲ့ စစ်သားစုဆောင်းမှု အမိန့်တွေရှိနေတာ ဖြစ်ပါတယ်။ အထူးသဖြင့် ကချင်၊ ရှမ်း နဲ့ ရခိုင်ပြည်နယ်တွေမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေထဲ ဝင်ရောက်ဖို့ အမိန့်ထုတ်ပြန်ထားတာ ဖြစ်ပြီး မိသားစုထဲက စစ်မှုထမ်းအရွယ် လူငယ်လူလတ်ပိုင်းတွေ တအိမ် တယောက် အနည်းဆုံး လက်နက်ကိုင် တပ်ဖွဲ့တွေထဲ ဝင်ရောက်ကြရပြီး လူငယ် လူလတ်ပိုင်း မရှိတဲ့မိသားစုတွေက ငွေကြေး ထည့်ဝင်ကြရတာလည်း ဖြစ်ပါတယ်။

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar