နိုင်ဘဦး - အိလိယက်၊ ဘရက်ပစ်၊ ဒွတ္တဘောင် နှင့် ခြေသလုံးကြွက်သားရွတ်
နိုင်ဘဦး - အိလိယက်၊ ဘရက်ပစ်၊ ဒွတ္တဘောင် နှင့် ခြေသလုံးကြွက်သားရွတ်
မိုးမခ ၊ စက်တင်ဘာ ၂ ၊ ၂၀၂၆
ဂရိစာရေးဆရာကြီး ဟိုးမားဟာ ဂန္ထဝင် ကဗျာရှည်ကြီး နှစ်ပုဒ် ရေးခဲ့ပါတယ်။ တစ်ပုဒ်က အိုဒက်ဆီ (Odyssey) ဖြစ်ပြီး ကျန်တစ်ပုဒ်က အိလိယက် (Iliad) ဖြစ်ပါတယ်။ အရင်တလောက အိုဒက်ဆီနဲ့ ဆက်စပ်တဲ့ စာစု တင်ပြပြီးတဲ့နောက် ယခုတစ်ခေါက်မှာတော့ Iliad အကြောင်း နည်းနည်း ရေးလိုပါတယ်။
အိလိယက်နဲ့ အိုဒက်ဆီဟာ ဘီစီ ၁၂၀၀ ခန့်က ဖြစ်ပွားခဲ့တယ်လို့ ယူဆရတဲ့ ထရိုဂျန်စစ်ပွဲများအတွင်းမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေကို ဖွဲ့ဆိုခဲ့တာပါ။ အိုဒက်ဆီဟာ ထရွိုင်မြို့ပြနိုင်ငံကို အနိုင်တိုက်နိုင်ပြီး အိမ်ပြန်လာတဲ့ ဂရိစစ်သူကြီး အိုဒီးဆပ်ရဲ့ ၁၀ နှစ်တာ အိမ်ပြန်လမ်းက ဖြစ်စဉ်တွေကို ဖွဲ့ဆိုခဲ့တာ ဖြစ်ပြီး အိလိယက်ကတော့ စစ်ပွဲကာလမှ ဖြစ်စဉ်များကို ဖွဲ့ဆိုထားခြင်း ဖြစ်ပါတယ်။
အိလိယက်ရဲ့ အဓိက ဇာတ်ဆောင်ကတော့ ဂရိစစ်သူကြီး အာခီးလီး (Achilles) ဖြစ်ပါတယ်။ ဒီဇာတ်ကြောင်းကို ဟောလိဝုဒ်က “ထရွိုင်” ဆိုတဲ့ ရုပ်ရှင်ကို ၂၀၀၄ ခုနှစ်က ရိုက်ကူးခဲ့ပါတယ်။ အဓိကဇာတ်ဆောင် အာခီးလီးအနေနဲ့ နာမည်ကျော် မင်းသား ဘရက်ပစ်က သရုပ်ဆောင်ခဲ့ပါတယ်။ ထုံးစံအတိုင်း လူဝင်များအောင် ရုပ်ရှင်အနေနဲ့ ရိုက်ရတာမို့ မူရင်းကဗျာနဲ့စာရင် ဇာတ်လမ်း အသေးစိတ်လေးတွေမှာတော့ နည်းနည်း ပြောင်းထားပါတယ်။ နောက်ပြီးတော့ အိုဒက်ဆီလို မဟုတ်ဘဲ ရုပ်ရှင်နာမည်ကို မူရင်းကဗျာနာမည် အိလိယက်လို့ ပြန်မပေးဘဲ “ထရွိုင်” လို့ ပေးထားလိုက်တဲ့အတွက် လူအတော်များများက ကဗျာနဲ့ ရုပ်ရှင်ကို မဆက်စပ်မိခဲ့ပါဘူး။
ပုံပြင်ပါ ဂရိသူရဲကောင်း အာခီးလီးဟာ ဂရိနတ်များ ဖြစ်တဲ့ ပီးလီးရပ်စ်နဲ့ သီးတစ်တို့က မွေးသူ ဖြစ်ပါတယ်။ သူ့ကို မွေးပြီးချိန်မှာ နတ်ရေကန်ထဲကို စိမ်ပေးလိုက်တဲ့အတွက် သူ့တကိုယ်လုံးဟာ ဓားပြီး၊ တုတ်ပြီး ဖြစ်ပြီး ဘယ်လက်နက်နဲ့မှ မသေနိုင်တော့ပေမဲ့ မွေးကင်းစကို ခြေထောက်က ဆွဲကိုင်ပြီး ဇောက်ထိုး နှစ်ပေးလိုက်တာ ဖြစ်တဲ့အတွက် သူ့ရဲ့ ခြေဖနောင့်နေရာကတော့ ရေ မထိလိုက်ဘဲ ဖြစ်သွားပါတယ်။ ဒါကြောင့် ခန္ဓာကိုယ် တစ်ခုလုံးမှာ အဲဒီနေရာ တကွက်လေးကတော့ တုတ်၊ ဓား မပြီးဘဲ လူသာမန်လိုပဲ ရှိနေပါတယ်။ ဒါကိုတော့ သူက လူများ မသိအောင် ထိပ်တန်းလျှို့ဝှက်အနေနဲ့ ဖုံးထားပါတယ်။
ကျွန်တော်တို့ လူ့ခန္ဓာကိုယ်မှာ ခြေဖနောင့် ကြွက်သားရွတ်ကို အာခီလီး ကြွက်သားရွတ် (Achilles tendon) လို့ ခေါ်ပါတယ်။ ဆေးကျောင်းသားဘဝ ဒုတိယနှစ်မှာ ခန္ဓာဗေဒ ဘာသာ သင်ခဲ့ရစဉ် လူသေကောင် ခွဲနေတုန်း dissection room ဆရာက “မင်းတို့ ဒီ tendon ကို ဘာလို့ Achilles tendon လို့ ခေါ်တာလဲ၊ သူ့ရာဇဝင်ကို သိလား” ဆိုတော့ ကျွန်တော်တို့ နှုတ်ပိတ်နေခဲ့တာကို အမှတ်ရမိပါသေးတယ်။
ထရွိုင်မြို့ကို ဂရိစစ်တပ်ကြီးက သွားတိုက်ရာမှာ အာခီးလီး ပါတဲ့ စစ်ကြောင်းကို ဘယ်သူမှ မနိုင်ပါဘူး။ အာခီးလီးဟာ မြှား၊ ဓား ထိုးမပေါက်ပါ။ ဒါပေမဲ့ ဂရိတပ် တစ်ခုလုံးရဲ့ ခေါင်းဆောင် အယ်ဂါမယ်မွန်နဲ့ သဘောထားကွဲပြီး ဝင်မတိုက်ပေးတော့ဘဲ ဘေးထွက်ထိုင်နေတာ သူ့အချစ်ဆုံး သူငယ်ချင်း ပက်ထရိုကလပ်စ် ကျဆုံးတဲ့အထိပါပဲ။ အဲဒီအခါကျမှ သူငယ်ချင်းအတွက် လက်စားချေမယ်ဆိုပြီး အာခီးလီးဟာ ထရွိုင်ကို ပြန်စဝင်တိုက်ပါတယ်။
ဒါပေမဲ့ အဲဒီအချိန်မှာ အာခီးလီးရဲ့ လျှို့ဝှက်ချက်ဟာ ပေါက်ကြားနေခဲ့ပြီး ထရွိုင်မင်းသား ပဲရစ် (ဟယ်လင့်ကို ခိုးပြေးသူ) က အာခီးလီးကို ဘယ်လို အနိုင်ယူနိုင်လဲဆိုတာ သိသွားပါတယ်။ သူဟာ မြှားထိပ်ဖူးကို အဆိပ်ဆွတ်ပြီး မြှားကို အာခီးလီးရဲ့ ခြေဖနောင့် ကြွက်သားရွတ်ကိုသာ ချိန်တွယ် ပစ်ခတ်ခဲ့ပါတယ်။ အဲလိုနဲ့ နောက်ဆုံးမှာ အာခီးလီးဟာ တိုက်ပွဲကျသွားခဲ့ပါတယ်။ ဒါပေမဲ့ အိုဒီးဆပ်ရဲ့ ထရိုဂျန် မြင်းရုပ်ကြီးနဲ့ လှည့်ကွက် လုပ်ရပ်ကြောင့် အဆုံးမှာတော့ ဂရိစစ်တပ်ဟာ ထရွိုင်မြို့ကို သိမ်းနိုင်ခဲ့ပါတယ်။
အရှေ့တိုင်း ယဉ်ကျေးမှုမှာလည်း အိန္ဒိယတိုက်မှာ ပေါ်ထွန်းခဲ့တဲ့ မဟာဘာရတ (Mahabharata) ဂန္ထဝင် ကဗျာရှည်ကြီးဟာလည်း ကူရူရှေត្រ စစ်ပွဲများ ဆိုတဲ့ အိန္ဒိယ မြို့ပြနိုင်ငံ နှစ်ခုကြား ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေကို ဇာတ်လမ်းဖွဲ့ ရေးဆိုခဲ့တာပါ။ စစ်ပွဲက ဘီစီ ၁၀၀၀ ခန့်မှာ ဖြစ်ခဲ့ပေမဲ့ ကဗျာကတော့ ဘီစီ ၄၀၀ - အေဒီ ၄၀၀ ပတ်ဝန်းကျင်မှာ ပေါ်ခဲ့တာလို့ မှန်းပါတယ်။ အိလိယတ်ထက် နောက်ကျပါတယ်။ ဒါကြောင့် တချို့က မဟာဘာရတဟာ အိလိယတ်ကို မမှီငြမ်းတောင် အငွေ့အသက်တွေ ပါလောက်တယ်လို့ ထင်မြင်ချက် ပေးပါတယ်။ အဲဒီအချက် ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာကတော့ ပါရဂူဘွဲ့ယူရန် စာတမ်း တင်သွင်းနိုင်လောက်တဲ့ နက်နဲတဲ့ ခေါင်းစဉ်တစ်ခု ဖြစ်ပြီး သမိုင်းပညာရှင်တွေက ခုထိ အကြီးအကျယ် ငြင်းခုံနေတုန်းပါ။ သမိုင်းတွင် ထင်ရှားတဲ့ ဂရိစစ်ဘုရင် အလက်ဇန်းဒါး (Alexander the Great) ဟာ ယနေ့ခေတ် တူရကီ၊ အီရန်၊ အာဖဂန်နစ္စတန် နယ်မြေတွေကို စစ်နိုင် သိမ်းပိုက်နိုင်ခဲ့ပြီး ဘီစီ ၃၂၅ ပတ်ဝန်းကျင်မှာ သူ့ရဲ့စစ်ဦးဟာ အိန္ဒိယ မြောက်ပိုင်းဒေသတွေအထိ ရောက်လာခဲ့ပါတယ်။ ထိုနယ်မြေတွေကို ကြာရှည်စွာ မသိမ်းပိုက်ထားနိုင်ခဲ့သော်လည်း သစ္စာခံ နယ်စားပယ်စားများ ခန့်ထားခဲ့ပြီး ပြန်ဆုတ်သွားခဲ့ပါတယ်။ ထိုစဉ်က ဂရိစစ်တပ်နဲ့ ပါလာတဲ့ စစ်သားများမှတစ်ဆင့် အိလိယတ် ဆိုတဲ့ ဂရိဒဏ္ဍာရီကို အိန္ဒိယသားများ ကြားဖူးသွားခြင်း ဖြစ်နိုင်သည်ဟု အချို့က သုံးသပ်ကြပါတယ်။
ဂရိစစ်ဘုရင် အလက်ဇန်းဒါးသည် အထက်ပါအတိုင်း အာရှဒေသ တချို့အထိ ရောက်ခဲ့ပြီး ပြန်အဆုတ်တွင် သူ့စစ်သူကြီး တချို့ကို နယ်စားပယ်စားများအဖြစ် ချန်ထားပြီး သစ္စာခံ အုပ်ချုပ်စေခဲ့ပါတယ်။ အဲဒီသူတွေထဲက တစ်ဦးကတော့ ဘီစီ ၁၅၀ ခန့်မှာ ရှိခဲ့တဲ့ မိလိန္ဒဘုရင် (King Menander) ဖြစ်ပါတယ်။ ဒီနာမည်ဟာ ဂရိဘက်က ရှေးဟောင်းမှတ်တမ်းတွေထဲမှာ အတိအကျ ပါပါတယ်။ ဗုဒ္ဓဘာသာသမိုင်းမှာ မိလိန္ဒဘုရင်ဟာ ဂရိနတ်ကိုးကွယ်မှုဘာသာ (Hellenism) ကနေ ဗုဒ္ဓဘာသာကို ကူးပြောင်းလာသူအဖြစ် ထင်ရှားပါတယ်။ ထိုစဉ်က ခရစ်ယာန်ဘာသာ မပေါ်သေးပါ၊ ယေရှု မမွေးသေးပါ။ မိလိန္ဒမင်းကြီးရဲ့ သိလိုတဲ့ မေးခွန်းမှန်သမျှကို ကျေနပ်လောက်အောင် ဖြေပြနိုင်လို့ ကြည်ညိုသွားပြီး မင်းကြီးကို ဘာသာပြောင်းစေခဲ့တဲ့ ဗုဒ္ဓဘာသာ ရဟန်းတော်ကတော့ ရှင်နာဂသိန် (Venerable Ashin Nagasena) ဖြစ်ပါတယ်။ မင်းကြီးနဲ့ အရှင်နာဂသိန်ရဲ့ အမေးအဖြေတွေကို မှတ်တမ်းပြုထားတဲ့ ကျမ်းကတော့ မိလိန္ဒပဉှာ (Milinda Panha) လို့ အမည်တွင်ပါတယ်။ The Questions of King Milinda လို့လည်း ခေါ်ပါတယ်။ မိလိန္ဒမင်းကြီး အုပ်စိုးခဲ့တဲ့ နေရာဒေသကတော့ ဒီနေ့ခေတ် ပါကစ္စတန်နိုင်ငံမြောက်ပိုင်း ပန်ဂျပ်ပြည်နယ် ဆိုင်ရဲလ်ကော့ (Sialkot) ဆိုတဲ့ မြို့နားတဝိုက် ဒေသတွေ ဖြစ်တယ်ဆိုတာ ရှေးဟောင်းသုတေသန တူးဖော်မှုတွေအရ လက်ခံထားကြပါတယ်။ မြန်မာ့သမိုင်းတွေထဲမှာတော့ သာဂလမြို့လို့ ရေးမှတ်ပြီး အင်္ဂလိပ်ဘာသာ စာအုပ်တွေမှာတော့ Sagala လို့ ရေးမှတ်ကြပါတယ်။
ကျွန်တော်တို့ မြန်မာရာဇဝင်တွေမှာလည်း ဘုန်းကြီးပြီး ဘယ်တော့မှ စစ်မရှုံးတဲ့ ဘုရင်တွေ၊ စစ်သူကြီးတွေ ယတြာချေပြီး ဘုန်းနိမ့်အောင် လုပ်ခံရမှ စစ်ရှုံးသွားတဲ့ သာဓက၊ ဒဏ္ဍာရီတွေ ရှိခဲ့ပါတယ်။
ဥပမာ- သီရိခေတ္တရာပြည်ကို အုပ်စိုးခဲ့တဲ့ ဒွတ္တဘောင်မင်း ဖြစ်ပါတယ်။ သူဟာ မွေးစကတည်းက နတ်၊ သိကြားများ ချီးမြှင့်ထားသော တန်ခိုးကြီး မှဲ့ရှင်နဲ့ မွေးဖွားလာပါတယ်။ မှဲ့ရှင်ရဲ့ ကာကွယ်မှုကြောင့် အလွယ်တကူ ဘေးမခပါဘူး။ ဒွတ္တဘောင်ဟာ ပန်ထွာမိဘုရား အုပ်ချုပ်တဲ့ ဗိဿနိုး မြို့ပြနိုင်ငံကို သိမ်းပြီး ပန်ထွာမိဘုရားကို အဓမ္မ သိမ်းယူ၊ မိဘုရားမြှောက် ပေါင်းသင်းဆက်ဆံတယ်။ ပန်ထွာမိဘုရားဟာ အားမတန်လို့ မာန်လျှော့ခဲ့ရသော်လည်း စိတ်တွင်းမှာတော့ မကြည်သာပါ။ တစ်နေ့မှာ ပန်ထွာဘုရင်မ သုံးပြီးသား မျက်နှာသုတ်ပဝါ တစ်စုံကို လှည့်ဖြားပြီး ဒွတ္တဘောင်မင်းကို သုံးစေတာနဲ့ ဒွတ္တဘောင်မင်းလည်း ဘုန်းနိမ့်သွားပြီး မှဲ့ရှင် ကွယ်သွားပါသတဲ့။ အဲဒီနောက်မှာတော့ အရေးနိမ့်ပြီးရင်း နိမ့်ပြီး နောက်ဆုံးမှာ လှေနစ်ပြီး သေဆုံးခဲ့ရပါတယ်။
သမိုင်းသုတေသီ ဒေါက်တာသန်းထွန်း အဆိုအရကတော့ ဒွတ္တဘောင်နဲ့ ပန်ထွာဇာတ်လမ်းသည် ဒဏ္ဍာရီ ဖြစ်ဖို့ များပါတယ်တဲ့။ တူးဖော်ရတဲ့ ရှေးဟောင်းပစ္စည်းတွေကို ရေဒီယိုကာဗွန် သက်တမ်းစစ်နည်းနဲ့ စစ်ဆေးကြည့်ရာမှာ သီရိခေတ္တရာနဲ့ ဗိဿနိုးဟာ ခေတ်ပြိုင် မဟုတ်ခဲ့ပါတဲ့။ ဗိဿနိုးဟာ အေဒီ ၁-၅ ရာစုမှာ ထွန်းကားခဲ့ပြီး သီရိခေတ္တရာက အေဒီ ၅-၉ ရာစုမှာ ထွန်းကားခဲ့ပါတယ်။ ပန်ထွာနဲ့ ဒွတ္တဘောင်ဟာ သူ့ခေတ်နဲ့သူ ရှိကောင်း ရှိခဲ့နိုင်ပါတယ်။ သို့သော် နှစ် သုံးလေးရာခန့် ကွာပြီး သူတို့နှစ်ဦး ဆုံတွေ့ အိမ်ထောင်ကျအောင် တိုက်ဆိုင်ဖို့ကတော့ ဖြစ်နိုင်ခြေ နည်းလွန်းပါတယ်တဲ့။ ချဲ့ကားခဲ့တဲ့ ပါးစပ်ရာဇဝင် ဖြစ်ဖို့ များပါတယ်တဲ့။
ခုခေတ်လို ချရေးစရာ စာရွက်မပြောနဲ့၊ ပေရွက်တောင် မရှိသေးတဲ့ ကာလတွေမှာ နှုတ်တိုက် တစ်ဦးကနေ တစ်ဦး ပြောပြီး သယ်ဆောင်လာရချိန်မှာ သမိုင်းဖြစ်ရပ် ဖြစ်ဖြစ်၊ ဘာသာရေး ဇာတ်လမ်းတွေ သင်ကြားချက်တွေ ဖြစ်ဖြစ်ဟာ မူလနဲ့ ကွဲပြားလာနိုင်ဖို့၊ တခြား ယဉ်ကျေးမှုတွေနဲ့ ကူးလူးရောနှောလာနိုင်ဖို့ ဖြစ်နိုင်ခြေဟာ အတော်များတယ်လို့ ပြောတာတွေဟာ လက်ခံနိုင်စရာပါပဲ။
ဗုဒ္ဓဘာသာ ကျမ်းဂန် ဘုရားဟောကရော။ တတိယ သင်္ဂါယနာတင်ချိန်အထိ နှုတ်နဲ့ မှတ်လာပြီး နောက်မှ သီဟိုဠ်ရဟန်းများက ချရေးခြင်း ဖြစ်ပါသည်။ ထို့အပြင် မူလ ပိဋကတ်သုံးပုံသည် လွန်စွာ နက်နဲသဖြင့် တော်ရုံရဟန်း နားမလည်နိုင်သဖြင့် သီဟိုဠ်ဆရာတော်များက အဖွင့်ကျမ်းများ (ခက်ခဲတဲ့ မြန်မာစာလုံးတွေရဲ့ အဓိပ္ပာယ်ကို ဖွင့်နိုင်ရန် ခက်ဆစ်ဆိုတာ ရှိခဲ့သလို) ကို ရေးခဲ့ပါတယ်။ ထိုကျမ်းများကို အဋ္ဌကထာလို့ ခေါ်ပါတယ်။ ရေးသူရဲ့ ကိုယ်ပိုင်အမြင်၊ ပြန်ဆိုမှု (personal interpretation) တွေ ပါလာဖို့ အတော် အခွင့်အလမ်း များပါတယ်တဲ့။ တစ်ဖန် အေဒီ ၉၀၀-၁၀၀၀ ခန့်မှာ ရှင်ဗုဒ္ဓဃောသက အဋ္ဌကထာသစ်ဆိုပြီး တစ်ခါ ပြန်ရေးပါသည်တဲ့။ ယခုခေတ် ပရိယတ္တိ သင်ရိုးညွှန်းတမ်း၊ ဘုန်းကြီးစာ အတော်များများကတော့ ထိုအဋ္ဌကထာများကို မှီငြမ်းထားရသည်ဖြစ်ပါလျက် မူလ ပိဋကတ်သုံးပုံနဲ့ ထပ်တူ ကျ မကျ၊ တကယ် ဘုရားဟောထဲ မပါတဲ့ သုတ္တန်များကို စေတနာနဲ့ အရိုအသေလွန်အောင် နောက်ပေါက် သံဃာတော်ကြီးများက ထည့်ထားခဲ့မှု ရှိ၊ မရှိတို့မှာ အရေးကြီးတဲ့ စဉ်းစားစရာ ဖြစ်ပါတယ်။ မူရင်း ပိဋကတ်တော်များကို ဖတ်နိုင်တဲ့ ဘုန်းကြီးလူထွက် တစ်ဦးက ရှင်းပြခြင်းဖြစ်လို့ ကျွန်တော်လည်း သဘောတူမိပါတယ်။
ဥပမာ - အထက်ပါ မိလိန္ဒပဉှာသည် ဘုရားဟော မဟုတ်ပါ။ မူလ ပိဋကတ်သုံးပုံတွင် မပါပါ။ ဗုဒ္ဓဂေါတမ ပရိနိဗ္ဗာန်ပြုပြီးနောက် နှစ် ၂၀၀-၃၀၀ ခန့်မှာ ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းများ ဖြစ်ပါတယ်။ မူရင်းဘုရားဟော “ကာလာမသုတ္တန်” (Kalama Sutta) ထဲတွင်လည်း ဗုဒ္ဓက သူများ ပြောတိုင်း၊ လူကြီး ပြောတိုင်း၊ သမိုင်းဖတ်စာထဲမှာ ပါတိုင်း မယုံရန်၊ မိမိဘာသာ ချင့်ချိန် စိစစ်၍ ယုံရန် သင်ကြားထားခဲ့သည် မဟုတ်ပါလော။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar