နန္ဒအောင် - လှိုင်ထဲက မကွေးနဲ့ ဆရာမင်းကျော် အဖေ ဦးဘလှိုင်
လှိုင်ထဲက မကွေးနဲ့ ဆရာမင်းကျော် အဖေ ဦးဘလှိုင်
နန္ဒအောင်
(မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၂၆
မကွေးမှာနေသွားခဲ့ဖူးတဲ့ ဆရာမင်းကျော်ရဲ့ 'လှိုင်' ဝတ္ထုကိုဖတ်ဖူးချင်နေတာကြာပြီ။ ဆရာမင်းကျော်ရဲ့လက်ရာဖြစ်တဲ့ 'လှိုင်' ဝတ္ထုက မကွေးမြို့ကိုနောက်ခံထားပြီး ရေးဖွဲ့ထားတာပါ။ မကွေးမြို့ဆိုတာထက် ကင်းရွာအကြောင်းကိုဖွဲ့နွဲ့ထားတာပါ။ မကွေးသားဖြစ်တဲ့ကျွန်တော်လည်း မကွေးနဲ့ပတ်သက်တဲ့ဝတ္ထုမလို့ဖတ်ဖူးချင်နေတာအတော်ကြာပြီ။ ' လှိုင်' ဝတ္ထုက အသစ်ပြန်ထုတ်ထားတာလည်း မတွေ့မိ၊ အဟောင်းတန်းကိုသွားရှာတော့လည်း မတွေ့ပြန်၊ လက်လှမ်းမီရာ စာအုပ်ဆိုင်တွေမှာလည်း မရှိ။
တနေ့တော့ ဗုဒ္ဓဂုဏ်ရည်စာကြည့်တိုက်ရောက်သွားတော့ စာကြည့်တိုက်မှူးလုပ်နေတဲ့ ဘတင်နုက 'မောင်နန္ဒအောင်မင်းဖတ်ချင်နေတဲ့ မင်းကျော်ရဲ့လှိုင်ဝတ္ထု ရှာလို့ရပြီ' ဆိုပြီး ထုတ်ပေးတယ်။ ဘတင်နုက စာကြည့်တိုက်မှူးလုပ်လာတဲ့သက်တမ်းကကြာပြီ၊ တက္ကသိုလ်ကနေ စာကြည့်တိုက်မှူး အငြိမ်းစားယူလာတာ။ အခုလက်ရှိက ဗုဒ္ဓဂုဏ်ရည်စာကြည့်တိုက်မှာ စာကြည့်တိုက်မှူးလုပ်နေတာ။ ကျွန်တော်က မကွေးအကြောင်းလေးတွေ ဟိုဟိုဒီဒီရေးတတ်တာသိတဲ့ ဘတင်နုက ကျွန်တော်ဖတ်ချင်တာလေးတွေ တတ်နိုင်သလောက်ရှာပေးတယ်။
ဆရာမင်းကျော်လို့ဆိုလိုက်တာနဲ့ 'ဘယ်သူပြိုင်လို့ လှပါတော့နိုင်' ဝတ္ထုကို လူပြောများကြပါလိမ့်မယ်။ ကျွန်တော့်အနေနဲ့က 'ဘယ်သူပြိုင်လို့လှပါတော့နိုင်'ကို စထိတွေ့ခွင့်၊မြည်းစမ်းခွင့်ရတာက ဝတ္ထု မဟုတ်ဘူး။ ဦးသုခ ဒါရိုက်တာလုပ်ပြီး ရုပ်ရှင်ရိုက်ခဲ့တဲ့ဘယ်သူပြိုင်လို့လှပါတော့နိုင် ရုပ်ရှင်ကို အရင်ထိတွေ့ခွင့်ရခဲ့တာပါ။ ကလေးဘဝဆိုတော့ ဝတ္ထုတွေ၊ စာတွေဖတ်ကျင့်မရသေးတော့ ဝတ္ထုထက် ရုပ်ရှင်ကို အရင်ထိတွေ့ ဖြစ်တာပေါ့။ မှတ်မိပါသေးတယ် အဲဒီကလေး ဘဝတုန်းက ရုပ်ရှင်ဆိုတာက တနင်္ဂနွေ နေ့လယ်ဆိုရင် မြန်မာဇာတ်ကားလာပြီ။ ကြည့်စရာ ရွေးချယ်စရာမရှိတဲ့ခေတ်ဆိုတော့ တပတ်မှ တရက်ဖြစ်တဲ့ တနင်္ဂနွေ နေ့လယ်မှာပြမယ့်ရုပ်ရှင်လေးကိုပဲ ကြည့်ကြရတာမလား။ 'ဘယ်သူပြိုင်လို့ လှပါတော့နိုင်' ရုပ်ရှင်ထဲက ဇာတ်သိမ်းပိုင်းမှာ လူကြမ်းမင်းသား ဦးအံ့ကျော်ကြီး ထန်းလျက်တောင်းထမ်းပြေးတဲ့ ဇာတ်ဝင်ခန်းကတော့ ငယ်ငယ်လေးကတည်းက အကြိုက်ဆုံးပဲ။
ဆရာမင်းကျော်ရဲ့ လက်ရာတော်တော်များများမှာ 'လှိုင်'ဝတ္ထုကလည်း စာပေနယ်မှာတော့ လူသိများတယ်။ မကွေးအကြောင်း ကင်းရွာလေးအကြောင်းနောက်ခံထားပြီး ရေးထားတယ်ဆိုတော့လည်း ဖတ်ချင်မိတယ်။ ကျွန်တော့် လက်ထဲရောက်လာတဲ့စာအုပ်လေးလှန်ကြည့်တော့ စံပယ်ဦးစာပေဖြန့်ချိရေးက ၁၉၇၅ ဒီဇင်ဘာလတုန်းက ဒုတိယအကြိမ်ထုတ်ထားတဲ့ စာအုပ်။ ၁၉၇၅ခုနှစ်က စာအုပ်ဆိုတော့ စာအုပ်က ၁၉၉၂ ခုနှစ်ဖွားဖြစ်တဲ့ကျွန်တော့်ထက်တောင် အသက်အများကြီး ကြီးနေသေးတယ်။ ဆရာမင်းကျော်က အဲဒီဝတ္ထုထဲမှာ မကွေးမြို့ကို 'မြိုင်သာယာ'လို့ ပေးထားတယ်။ 'လှိုင်'ဆိုတဲ့ရွာက တခြားတော့ မဟုတ်ဘူး 'ကင်း'ရွာလေးပဲ။
ဆရာမင်းကျော်ရဲ့ဇာတ်ကောင်တွေက ကင်းရွာကိုနာမည်ပြောင်းထားတဲ့ လှိုင်ဆိုတဲ့ရွာမှာနေကြတယ်။ အရင်တုန်းက မကွေးမြို့ဆိုတာ ဧရာဝတီမြစ်အရှေ့ဘက်မှာ တောင်မြောက် အလျားလိုက်ကြီး တည်ရှိနေတာ။ အရင်တုန်းက မကွေးမြို့အကျယ်အဝန်းက တောင်နဲ့မြောက်အလျားက (၁.၇၅)မိုင်၊အရှေ့ အနောက်အကျယ်ဆုံးနေရာက (၀.၈၇၅) မိုင်တည်ရှိတာပါ။ မြို့ဧရိယာက အရှေ့နဲ့အနောက် အကျယ် အဝန်းက သိပ်မရှိဘဲ၊ မြို့ တောင်နဲ့ မြောက် အလျားလိုက်ကအရှည်ကြီးလို့ ပြောလို့ရတယ်။ မြသလွန်စေတီကနေ တောင်တည့်တည့်သွားတဲ့လမ်းကို ဆရာမင်းကျော်က မြတ်စေတီလမ်းရယ်လို့ နာမည်ပေးထားတယ်။ စာမျက်နှာ - ဃ မှာ ' ထိုလမ်းမကြီးမှာ လွန်ခဲ့သည့်နှစ်အစိတ်ခန့်က တနိုင်ငံလုံးနှင့် သက်ဆိုင်သည့် အရေးအခင်းကြီးတခုဖြစ်ပွားရာ လမ်းမကြီးဖြစ်သောကြောင့် ယခုအခါ အရေးတော်ပုံလမ်းမကြီး ဟူ၍ အမည်တွင်၏' လို့ ရေးထားတာဖတ်ရတယ်။' လွန်ခဲ့သည့်နှစ်အစိတ်ခန့်က တနိုင်ငံလုံးနှင့် သက်ဆိုင်သည့်အရေးအခင်းကြီးဆိုတာ'က ရေနံမြေသပိတ်ကို ရည်ညွှန်းတာပါ။ ကျွန်တော်ကတော့ 'ရေနံမြေသပိတ်နဲ့ ပတ်သက်တဲ့ ရင်ခုန်သံက ဆရာမင်းကျော် ငယ်စဉ်ကတည်းက စွဲမြဲခဲ့လို့ သွယ်ဝိုက်ရည်ညွှန်းထားတယ်'လို့ ယူဆမိတယ်။ ရေနံမြေသပိတ်တုန်းက ဆရာမင်းကျော်တို့ ကိုယ် တိုင်က ချောက်ဘီအိုစီမှာလေ။ ဆရာမင်းကျော် အဖေက ချောက်ဘီအိုစီ ရေအိုးစင်ကျောင်းမှာ ကျောင်းဆရာလုပ်တာ။ ဆရာမင်းကျော်နာမည်ပေးထားတဲ့ အရေးတော်ပုံ လမ်းမကြီးဆိုတာက မဲထီးလမ်းမကြီးပါ။ 'လှိုင်' ဝတ္ထုထဲမှာပဲ ဆရာမင်းကျော် နာမည်ပြောင်းပေးထားတဲ့ နံ့သာလမ်း၊မင်းကြီးလမ်းတို့ ရှိသေးတယ်။
လှိုင်ထဲမှာ ဆရာမင်းကျော်ရဲ့ ဇာတ်ကောင် မိသားစုတွေက လှိုင်ရွာလေးမှာပဲနေထိုင်ကြပြီး လှိုင်နဲ့ မြိုင်သာယာကို ကူးချည်သန်းချည် သွားလာနေကြတယ်။ အပြင်လောကမှာလည်း ကင်းရွာသူ၊ရွာ သားတွေက မကွေးမြို့ကို လူမူ့ကိစ္စ အထွေထွေရေးရာအနေနဲ့ ကူးချည်သန်းချည်သွားလာနေကြတာပါပဲ။ ဟိုးအရင်တုန်းက ကင်းရွာနဲ့ မကွေး၊ မကွေးနဲ့ ကင်းရွာကို ကင်းချောင်းဆိုတာကြီးက ခြားထားတယ်။ မကွေးကနေလာမယ်ဆိုရင် ကင်းချောင်းကိုဖြတ်ပြီးမှ ကင်းရွာကို ရောက်မယ်။ ကင်းရွာကနေ မကွေးကို သွားရင်လည်း ကင်းချောင်းကိုဖြတ်ရမယ်။ အဲဒီကင်းချောင်းလေးကို ပေါ်လွင်အောင် ဆရာမင်းကျော်က လှိုင်ဝတ္ထု အမှာစာ စာမျက်နှာ-င မှာပဲ 'ထိုမြေနီလမ်း ဆုံးသောအခါ ချောင်းငယ်တခုကို တွေ့နိုင်ပေသည်။ ထိုချောင်းငယ်သည် ရေကျချောင်း ဖြစ်သည်။ ချောင်းငယ်သည် ပေတရာ ကျော်ကျော်နက်သည်။ မိုးအခါ၌ အဟုန်ပြင်းထန်သော၊ ကြီးမားသော ရေလုံးများ ကျဆင်းမြဲဖြစ်သည်။ ချောင်းမှ ရေစီးသည် ဧရာဝတီ မြစ်တွင်းသို့ စီးဝင်၏။ ထိုချောင်း၏ တဖက်ကမ်း၌ ရွာငယ်တခုသည် ရှိ၏' လို့ ရေးထားတယ်။
ဆရာမင်းကျော်က မကွေးမှာ တနှစ်လောက်ကျောင်းတက်သွားဖူးတယ်။ ဆရာမင်းကျော်က ကျွန် တော်တို့ မကွေးမြို့ အထက ( ၁ ) ကျောင်းသားဟောင်းပဲဗျ။ ဆရာမင်းကျော် မကွေးမြို့ အထက ( ၁ ) ကျောင်းသား ဘဝတုန်းက မြန်မာနိုင်ငံ လွတ်လပ်ရေးတောင် မရသေးဘူး။ '၁၉၄၅ - ၁၉၄၆ ခုနှစ် အစိုးရမူလတန်းလွန်ကျောင်း'လို့ ဆရာမင်းကျော်ရဲ့ အတ္ထုပ္ပတ္တိမှာ ရေးထားတယ်။ မကွေး အထက ( ၁ )ကျောင်းက ၁၉၄၅ ခုနှစ်ကနေ ၁၉၅၁ ခုနှစ်ထိ နိုင်ငံတော် မူလတန်းလွန်ကျောင်း နာမည်နဲ့ ဖွင့်တာပါ။ ဆရာမင်းကျော်က "လှိုင်"ဝတ္ထုထဲမှာ သူတက်ခဲ့တဲ့ အစိုးရ မူလတန်းလွန်ကျောင်း အကြောင်းလည်း ထည့်ရေးထားတယ်။ ဘယ်ကျောင်းဆိုတာ စာဖတ်သူတို့ တီးခေါက်မိစေရန်လည်း တည်နေရာကိုရေးပြခဲ့တယ်။ စာမျက်နှာ - ၂၈မှာ ' ကျွန်တော်တို့ နေရမည့်ကျောင်းကို အများက အင်္ဂလိပ်ကျောင်းဟု ခေါ်သည်။ ထိုကျောင်းသည် မြို့၏အရှေ့ဖက်စွန် လမ်းမကြီးဘေးတွင်ရှိသည်'လို့ ရေးထားတယ်။
ဆရာမင်းကျော်ရေးသလို အင်္ဂလိပ်ကျောင်းလို့ ခေါ်တယ်ဆိုတာက ဒေသအခေါ်ပေါ့။ မကွေးသား "ဆရာတက်တိုး" လည်း အင်္ဂလိပ်ကျောင်းလို့ပဲ သုံးနှူန်းတယ်။ ဆရာတက်တိုးကလည်း မကွေး အထက (၁) မှာကျောင်းတက်ခဲ့တာပါ။ အခုလက်ရှိ အထက(၁)လို့ ခေါ်တဲ့ ကျောင်းကြီးကို "အင်္ဂလိပ်ကျောင်း" လို့ ဒေသခံတွေ ခေါ်ရတာကလည်း အကြောင်းရှိတယ်။ ဒုတိယကမ္ဘာစစ် မဖြစ်မှီတုန်းက မကွေးမြို့ပေါ်မှာ အင်္ဂလိပ်မြန်မာအထက်တန်းကျောင်း၊ (အီး၊တီ၊စီ)ခေါ် ဆရာဖြစ်သင် နော်မန်ကျောင်းတကျောင်း၊ မူလတန်းကျောင်းအချို့တို့ပဲ ရှိတာပါ။နော်မန်ကျောင်းဆိုတာက စစ်ကိုင်းဦးဘိုးသင်း ကျောင်းဆရာ လုပ်သွားတဲ့ ကျောင်းပေါ့။ နော်မန်ကျောင်းကို 'နမူနာ ပုံစံကျောင်း'လို့လည်း သုံးနှူန်းကြတယ်။ စစ်ကိုင်းဦးဘိုးသင်းကတော့ နမူနာ ပုံစံကျောင်းလို့ကော၊ နော်မန်ကျောင်းလို့ကော နှစ်မျိုးစလုံးရေးထားတာ တွေ့ရတယ်။ အင်္ဂလိပ် မြန်မာအထက်တန်းကျောင်းကတော့ အခုလက်ရှိ အထက(၁) လို့ ခေါ်တဲ့ ကျောင်းကြီးပေါ့။ အဲဒါမလို့ ဆရာတက်တိုး၊ ဆရာမင်းကျော်တို့ ကျောင်းတက်ခဲ့တဲ့ကျောင်းကြီးကို အဲဒီခေတ်အခါတုန်းက အင်္ဂလိပ်ကျောင်းလို့ ခေါ်ကြတာ။ ဆရာမင်းကျော် ရေး ပြတဲ့ကျောင်းတည်နေရာက မြို့အရှေ့ဖက်အစွန် လမ်းမကြီးဘေးဆိုတာကလည်း အဲဒီခေတ်အခါက တည်နေရာပါပဲ။ အထက(၁) ကျောင်းကတော့ မှတ်တမ်းတချို့ကြောင့် ကျောင်းစဖွင့်တဲ့အချိန်ကနေ နေရာအမျိုးမျိုး ပြောင်းလဲတာကို သိရတယ်။ စစ်ကိုင်းဦးဘိုးသင်း ကျောင်းဆရာလုပ်ခဲ့တဲ့ မကွေးမြို့က နော်မန်ကျောင်းကတော့ ဘယ်နေရာတုန်းဆိုတာ ခန့်မှန်းလို့မရဘူး။ ဆက်ရှာဖွေရဦးမယ့်ကိစ္စတွေလို့ပဲ သဘောထားတယ်။
အရင်တုန်းက ဧရာဝတီမြစ်ထဲကိုစီးဝင်တဲ့ကင်းချောင်းမှာ တံတားလေး ရှိတယ်။ ကျွန်တော်တို့က တော့ မမီဘူး။ ကင်းရွာနဲ့မကွေးကို သွားရေးလာရေးပိုအဆင်ပြေအောင် ပေါင်းကူးပေးတဲ့တံတားလေးခင်းတဲ့အကြောင်းလည်း ဆရာမင်းကျော်က ရေးဖွဲ့ထားတယ်။ လှိုင်နဲ့ မြိုင်သာယာ၊ ကင်းရွာနဲ့ မကွေး သွားချည်ပြန်ချည်လုပ်ရင်း မြိုင်သာယာဈေးတို့၊ မြို့မလမ်းတို့၊ ကမ်းနားလမ်းတို့ဆိုပြီး တို့ထိ ရေးဖွဲ့ထားတယ်။ ဈေးဆိုတာက ဘယ်ဈေးရှ်ိမတုန်း၊ မကွေး မြို့မဈေးကြီးပဲပေါ့။ ကျွန်တော်တို့ ကြီးပြင်းလာတော့ ကင်းက ရွာမဟုတ်တော့ဘူး၊ ကင်းရပ်ကွက် ဖြစ်နေပြီ။ မကွေးမြို့ရဲ့ အရင်တုန်းက ကင်းရွာလေးဆိုတာ စာရေးဆရာတွေ ရသစာပေဖွဲ့နွဲ့ချင်လောက်အောင်ကောင်းခဲ့တာတော့ သေချာတယ်။ တက္ကသိုလ်ဘုန်းနိုင်က "ကမ္ဘာကုန် ကျယ်သရွေ့ဝယ်" ဝတ္ထုထဲမှာ ကင်းရွာလေးအကြောင်း ရေးခဲ့တယ်။ ဆရာမင်းကျော်က ကင်းရွာကို လှိုင်လို့ နာမည်ပြောင်းပြီး ရေးဖွဲ့ခဲ့တယ်။ ဆရာမင်းကျော်ကတော့ လှိုင်လို့ နာမည်ပြောင်းပေးပုံက ဆန်းတယ်။ ပြီးတော့ ဝတ္ထုနောက်ခံကို ကင်းရွာကို ဘာလို့ ရွေးချယ်ခဲ့တာလဲဆိုတာ သိချင်မိတယ်။ တချို့ကတော့ ဆရာမင်းကျော်က ကင်းရွာဘက်မှာ နေခဲ့တယ်လို့လည်း ပါးစပ်ပြောတွေရှိတယ်။ လှိုင်ဆိုကာမှ တိုက်တိုက်ဆိုင်ဆိုင် ဆရာမင်းကျော်အဖေ နာမည်ကလည်း "ဦးဘလှိုင်" ပဲ။
ဆရာမင်းကျော်ရဲ့ အဖေ ဦးဘလှိုင်ကလည်း မကွေး အထက(၁) မှာ ကျောင်းတက်ခဲ့တာပဲ။ ဆရာတက်တိုးနဲ့ မကွေးအထက်တန်းကျောင်းမှာ တကျောင်းတည်း။ အထက်တန်းကျောင်းမှာတုန်းက ဦးဘလှိုင်က ဆရာတက်တိုးထက် နှစ်တန်းကြီးတယ်။ ဆရာတက်တိုးကတော့ သူ့အတ္ထုပ္ပတ္တိထဲမှာ 'ဦးဘလှိုင်ကို မကွေးသားဖြစ်ပြီး သူနဲ့လည်း ရင်းနှီးတယ်'လို့ ရေးတယ်။ ဆရာမင်းကျော် ကျောင်းဆရာ ဝါသနာကြီးလွန်းတာကလည်း ဆရာ့အဖေ ဦးဘလှိုင်ကြောင့်လည်း ပါမယ်။ ဦးဘလှိုင်ကလည်း ကျောင်းဆရာတယောက်ပဲ။ ဆရာမင်းကျော်က ဆရာတက်တိုး တည်ထောင်ထားတဲ့ တက်တိုး ကျူတိုရီယဲလ် ကလပ်ဇက်စ် ကျူရှင်မှာလည်း လက်ထောက်ဆရာ၊လက်ရုံးတယောက်ပါ။
ဦးဘလှိုင်က ဆယ်တန်းအောင်ပြီး တက္ကသိုလ်ဆက်တက်တယ်။ တက္ကသိုလ်ရောက်တော့ နှစ်နှစ်သာနေပြီးတော့ ကျောင်းထွက်ကာ ချောက်မြို့ ဘီအိုစီကုမ္ပဏီမှာ ဝန်ထမ်းသားသမီးတွေအတွက် ဖွင့်ပေးထားတဲ့ကျောင်းမှာ ကျောင်းဆရာဝင်လုပ်တယ်။ ဦးဘလှိုင်က ချောက်မြို့ ဘီအိုစီရေအိုးစင်ကျောင်းမှာ အင်္ဂလိပ်စာသင်တာ။ဘီအိုစီမှာ အမှုထမ်းတယောက်ပေါ့။ ဦးဘလှိုင်တို့ မိသားစု ချောက်ဘီအိုစီမှာ အခြေချ နေထိုင်ဖြစ်လို့ ဆရာမင်းကျော်တယောက် ပညာမင်းကြီးဦးချို၊ ပညာမင်းကြီး ဦးကောင်းတို့နဲ့တွေ့ဆုံဖို့ ဖြစ်လာတယ်ပဲ ပြောရမယ်။ ပညာမင်းကြီး ဦးချိုမှာ "စတန်လီချို" ဆိုတဲ့ သားတယောက်ရှိတယ်။ စတန်လီချိုက ဂျပန်ခေတ်တုန်းက လေထီးဆင်းအဖွဲ့ဝင်ပဲ။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ကိုတိုက်ဖို့ လေထီးနဲ့အဆင်းမှာ ဖမ်းခံရတော့ အဓိပတိဒေါက်တာဘမော်ကိုယ်တိုင် လိုက်ထုတ်ပေးရတာ။ ၁၉၅၀ ပြည့်နှစ်မှာ ပညာမင်းကြီး ဦးချိုသား စတန်လီချိုက ချောက်မြို့မှာနေတယ်။ ပညာမင်းကြီး ဦးချိုဇနီး ဒေါ်ရာဇက သားဖြစ်သူ စတန်လီချိုရှိတဲ့ ချောက်ကိုအလည်လာတော့ ဈေးရောင်းကောင်းတဲ့ ဆရာမင်းကျော် ညီမကနေတဆင့် ဆရာမင်းကျော်အကြောင်းတွေကို သိကြတယ်။ အဲဒီအချိန်တုန်းက မိသားစုစားဝတ်နေရေးကြောင့် ဆရာမင်းကျော်ဟာ ပညာဆက်သင်ယူဖို့ အခက်အခဲဖြစ်နေတာပါ။ပညာမင်းကြီး ဦးချိုဟာ ဆရာမင်းကျော် အကြောင်းကော၊ သူ့မိသားစု အကြောင်းပါ သိရှိသွားပြီး ပညာရေးအတွက် အကူအညီပေးကာ၊ ရန်ကုန်ကို ခေါ်ပြီး ပညာသင်ယူစေတာပါ။ အဲဒီကနေပြီး ဆရာမင်းကျော်ဟာ ပညာမင်းကြီးဦးချိုအိမ်မှာနေပြီး ပညာဆက်သင်ယူခဲ့တာပါ။ ဆရာမင်းကျော်က ပညာမင်းကြီး ဦးချိုကို ဘဘကြီးလို့ခေါ်ပြီး၊ ဦးချိုရဲ့ ဇနီးဒေါ်ရာဇကို မမကြီးလို့ခေါ်တယ်။ ဆရာမင်းကျော်က ပညာမင်းကြီးဦးချိုကို ကျွေးဖခင်ကြီးလို့ ' ကျွန်တော့် ဆရာများ'စာအုပ်ထဲမှာ ရေးသားကန်တော့ဖူးတယ်။
ဆရာမင်းကျော်ရဲ့ အရေးအသားအရ 'ဦးဘလှိုင်က ဝတ်ပုံစားပုံ သပ်ရပ်တယ်၊ မန္တလေး ပိုးလုံချည်ကို ကျောင်းတက်တိုင်းလိုလို ဝတ်တတ်တယ်။ ဝတ်ပုံ သေသပ်တယ်၊ ခေါက်ရိုးတောင် မကျိုး။ တပည့်တွေအတွက် စံပြဖြစ်အောင် ကျောင်းဆရာတယောက်ရဲ့ဝတ်ပုံစားပုံကို အထူးဂရုစိုက်တယ်'လို့ ဖတ်ရ၊ သိရတယ်။ ဘီအိုစီ အမှုထမ်း ဖြစ်သော်လည်း ဦးဘလှိုင်က ကိုလိုနီခေတ်ကို ဖြတ်သန်းကြရတဲ့ပညာတတ်တွေကော၊ မတတ်တတတ်တွေကော၊ ပညာ မတတ်သူတွေကောရဲ့ ထုံးစံအတိုင်း ကိုလိုနီစနစ်ကိုဆန့်ကျင်ကြတယ်။ ဦးဘလှိုင်က တက္ကသိုလ်မှာလည်း နှစ်နှစ်နေခဲ့တဲ့အတွေ့အကြုံတွေ ရှိတယ်။ ဦးဘလှိုင် တက္ကသိုလ် တက်တဲ့ကာလတွေတုန်းက ၁၉၃၀ ခုနှစ် နောက်ပိုင်းကာလတွေဆိုတော့ နိုင်ငံရေးမှာ အမျိုးသားရေးစိတ်ဓာတ်တွေ တက်ကြွနေတဲ့အချိန်ကာလဖြစ်တယ်။ နိုင်ငံရေးမှာ သီဟိုဠ် သံအမတ်ကြီး ဦးတင့်ဆွေထံမှာလည်း တပည့်ခံခဲ့သေးတယ်။
ဦးဘလှိုင်က တိုးတက်ရေးမဂ္ဂဇင်းကိုလည်း စွဲစွဲမြဲမြဲဖတ်လေ့ရှိတယ်။ တက္ကသိုလ်မှာ နေခဲ့တော့ နိုင်ငံ ရေးအကြားအမြင် ကြီးတဲ့၊ အဆက်အသွယ်လည်း ပေါတဲ့ ဦးဘလှိုင်က ချောက် ဘီအိုစီမှာ နဂါးနီစာ အုပ်သင်းနဲ့ ပထမဆုံးဆက်သွယ်တယ်။ သူ့မိတ်ဆွေ ဦးကျော်သိန်းကို စာအုပ်ဆိုင်ဖွင့်ခိုင်းပြီး နဂါးနီ စာအုပ်တွေ ချောက်မြို့မှာ ဖြန့်တယ်။ ဦးဘလှိုင်က ချောက်မှာ သူဦးစီးပြီးတည်ထောင်ထားတဲ့ကျောင်းသားဟောင်းကလပ် ရှိတယ်။ ကျောင်းသားဟောင်းကလပ် စာကြည့်ဆောင်မှာလည်း နဂါးနီစာအုပ်တွေ ထားပေးတယ်။
နိုင်ငံရေးအခံရှိတဲ့ ဦးဘလှိုင်ဟာ ချောက်ဘီအိုစီမှာနေတာဆိုတော့ ရေနံမြေသပိတ် ခေါင်းဆောင်တွေထဲက သခင်ဖိုးလှကြီးနဲ့ အဆက်အသွယ်ရှိတယ်။ သခင်ဖိုးလှကြီးက ဦးဘလှိုင်အိမ်ကို အဝင်အထွက် ရှိတယ်။ ချောက်ရေနံမြေတခုလုံး သပိတ်မှောက်တော့ ဦးဘလှိုင်က နောက်ကွယ်ကနေပြီး ပါဝင်ကူ ညီတယ်။ ဦးဘလှိုင်က ဘီအိုစီတခုလုံးကို သပိတ်ဝိုင်းတားဆန္ဒပြနေတဲ့အချိန်မှာ သူကိုယ်တိုင်ကျောင်းသွားတဲ့အပြင်၊ သူ့သား (ဆရာမင်းကျော်) ကောကိုပါ ကျောင်းတက်စေပါတယ်။ ဆရာမင်းကျော်ကတောင် သူ့အဖေလို နိုင်ငံရေး စကားတွေအမြဲပြော၊ နိုင်ငံရေးသမားတွေနဲ့ အဆက်အဆံရှိတဲ့သူ၊ နိုင်ငံရေးလုပ်ငန်းတွေ အားပေးအားမြှောက်လုပ်နေတဲ့ သူက အကုန်လုံးနီးပါး ဆန္ဒပြသပိတ် မှောက်နေတဲ့ကြားကနေ ကျောင်းသွားတာကိုနားမလည်နိုင်အောင် ဖြစ်ခဲ့တယ်။ တကယ်တော့ အဲဒီခေတ်တုန်းက အစစအရာရာ လျှို့ဝှက်လုပ်ရတော့ ဦးဘလှိုင်က ဘီအိုစီကိုအယုံသွင်းပြီး သပိတ်ကို နောက်ကွယ်ကနေ ပါဝင်ကူညီတာပါ။ နိုင်ငံရေးလေနဲ့ ပြောရရင် မြေအောက်နိုင်ငံရေးမျိုးပေါ့။
ဦးဘလှိုင်မှာ သားတယောက် ရှ်ိသေးတယ်၊မောင်ကိုဦး(ကိုချော)ဆိုတဲ့သူပဲ။ ကိုချောက ဆရာမင်းကျော်ရဲ့ တတိယမြောက်ညီအရင်းပါ။ ကိုချောဆိုတာ တခြားသူတာ့ မဟုတ်ဘူး၊ မြန်မာစာပေလောကမှာ မသိသူ မရှိတဲ့ 'ပုဂံစာအုပ်တိုက်'ကို စတည်ထောင်ခဲ့တဲ့ သူပဲ။ ဆရာမင်းကျော်ကော၊ ကိုချောကော နှစ်ယောက်လုံးက စာရေးစာဖတ်၊ ရုပ်ရှင် ဝါသနာပါကြတယ်။ 'ကိုချောက ရုပ်ရှင်ဘက်ကို ပိုဝါသနာကြီးပြီး၊ ရုပ်ရှင်ဒါရိုက်တာ လုပ်ချင်တာ'လို့ ဖတ်ဖူးတယ်။ ကိုချောက ရန်ကုန်ဘဆွေရိုက်တဲ့ "မာန်" ဆိုတဲ့ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်လိုက်သေးတယ်။ ကိုချော ငယ်ငယ်ကတည်းက ရုပ်ရှင်ကြော်ငြာကားတွေလာပြီဆိုရင် နောက်ကနေ ပြေးပြေးလိုက်နေကျ။ ' ဆရာမင်းကျော်တယောက် စမ်းချောင်းမဟာမြိုင်က ဆရာ ဗန်းမော်တင်အောင်အိမ်ကိုငှားနေတုန်းက ကိုချောက သေတ္ထာနှစ်လုံးနဲ့ ဆရာမင်းကျော်ဆီရောက်လာတယ်။ တစ်လုံးက အဝတ်အစားတွေ၊ တစ်လုံးက ရုပ်ရှင်စာစောင်တွေပါ ' လို့ မိုးမခမှာ ကိုလှိုင်းသစ်ရေးတာ ဖတ်ဖူးတယ်။ ပုဂံစာအုပ်တိုက်ကို ၁၉၆၂ ခုနှစ် ဩဂုတ်လမှာ စတင် တည်ထောင်ခဲ့တာပါ။ စတင်တည်ထောင်တုန်းက နံ့သာဦးသန်းဆွေနှင့် တွဲဖက်လုပ် ဆောင်ခဲ့တာပါ။ ပုဂံစာအုပ်တိုက်အနေနဲ့ မြန်မာစာပေလောကမှာ စာဖတ်ပရိတ်သတ်အတွက် စာအုပ်ကောင်းများစွာကို ထုတ်ဝေခဲ့တာပါ။ ဆရာမင်းကျော်ရဲ့ လှိုင်ဝတ္ထုကိုလည်း ၁၉၆၄ ခု နှစ်မှာ ပုဂံစာအုပ် တိုက်က ထုတ်ဝေခဲ့တာပဲ။
ဆရာမင်းကျော် အဖေ ဦးဘလှိုင်က မကွေးသား၊ သားအဖ နှစ်ယောက်လုံးက အထက(၁)ကျောင်း တက်ဖူးသူတွေ။ ၁၉၂၁ ခုနှစ်ကနေ စဖွင့်ခဲ့တဲ့ ကျောင်းကြီးကလည်း ရာပြည့်ကျော်သွားပြီ။ ဆရာတက်တိုးလည်း အထက(၁) ကျောင်းသားဟောင်း။
ကျွန်တော်ကလည်း အထက(၁) မှာ နှစ်နှစ်တက်ခဲ့တာဆိုတော့ ကိုယ့်ကျောင်းမှာ ဒီလိုပုဂ္ဂိုလ်တွေ တက်ခဲ့တာပါ့လားဆိုပြီး ဂုဏ်ယူမိတယ်။ ဆရာမင်းကျော် တက်ခဲ့တဲ့ ၁၉၄၅-၁၉၄၆ ခုနှစ် အစိုးရ မူလတန်းလွန်ကျောင်း နာမည်နဲ့ကာလတုန်းက အထက(၁) ကျောင်းက စစ်ကြောင့် ကျောင်းနေရာကို ခနခနပြောင်းနေရတဲ့ ကာလ။
ကင်းရွာကို လှိုင်လို့ နာမည်ပြောင်းပေးပုံကတော့ ဖန်တီးသူစာရေးဆရာတယောက်ရဲ့ အခွင့်အရေးပဲ။ စာရေးဆရာရဲ့တင်ပြပုံကို စာဖတ်သူက တခါတလေမှာ အပြည့်အဝ ခံစားနားလည်တာမျိုးလည်း ရှိမယ်။ တခါတလေကျ စာသားနောက်ကွယ်ကို မမှန်းဆမိနိုင်တာလည်း ပါမယ်။ စာဖတ်သူရဲ့ ရေချိန်ပေါ် မူတည်ပြီး အမျိုးမျိုး ရှိကောင်းရှိမယ်။ 'ဆရာမင်းကျော်ကတော့ အမှာစာမှာကတည်းက စာဖတ်သူတွေကို ဘယ်ဒေသလဲဆိုတာ မှန်းဆမိအောင် ရေးပြထားတယ်'လို့ ကျွန်တော်က ခံစားမိတယ်။ ကင်းရွာကို ဆရာမင်းကျော်ဘာလို့ရွေးချယ်လဲဆိုတာကတော့ ဆရာမင်းကျော်ရဲ့ နောက်ခံဘဝနဲ့လည်း ဆိုင်မယ်။ ကင်းရွာရဲ့ ပကတိရှိနေတဲ့ သဘာဝအလှတရားကလည်း စာရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီဆရာတို့ စာရေးချင်၊ ဖွဲ့နွဲ့ချင်၊ ပုံဆွဲချင်လောက်အောင် ကောင်းတယ်ဆိုတာ 'လှိုင်ဝတ္ထုနဲ့ ကမ္ဘာကုန် ကျယ်သ၍ဝယ်' ကနေ သက်သေခံနေပါတယ်။
ကင်းရွာလေးလိုပဲ စာပေနယ်နဲ့ မစိမ်းတဲ့နေရာလေးတခု မကွေးမှာရှိသေးတယ်။ မကွေးနဲ့ မင်းဘူးကို ခြားထားတဲ့ ဧရာဝတီမြစ်အလယ်က ကျွန်းမကြီးပဲ။ ကျွန်းမကြီး ကဗျာရွတ်ပွဲကို မြန်မာတနိုင်ငံလုံးက ကဗျာဆရာ၊ စာရေးဆရာ၊ ပန်းချီဆရာ၊ နိုင်ငံရေးနယ်ပယ်က လူတွေလာလေ့ရှိတယ်။ ကဗျာတွေ ရွတ်ကြ၊ ဖတ်ကြနဲ့။ ကျွန်းမကြီးကို လာတဲ့ ကဗျာဆရာတွေက 'ဈေးဆိပ်'ဆိုတဲ့ မော်တော်ဆိပ်လေးကနေ ကျွန်းမကြီးကို သွားကြတယ်။ကျွန်းမကြီးရဲ့ ကဗျာဆရာတွေကို ဧည့်ခံတဲ့ အလှကတမျိုး၊ ဆရာမင်းကျော်ရဲ့ လှိုင်ကို ဖတ်ဖူးတဲ့စာဖတ်မိတ်ဆွေတို့ကိုဧည့်ခံမယ့် ကင်းရွာဟောင်းလေးရဲ့ အလှက တမျိုးရယ်ပါလို့ ကျွန်တော်ပြောရဲပါတယ်။ တခုတော့ ရှိတာပေါ့၊ ကင်းရွာဆိုတာရယ် မရှိတော့ဘူး ရပ်ကွက်အဖြစ်ပြောင်းသွားပြီ။ အချိန်ကာလတွေ ရွေ့လျားသွားတယ်၊ ဧရာဝတီမြစ်ကြီးကနေ ရေတွေ စီးဆင်းနေတယ်၊ ဆရာမင်းကျော်ရဲ့ လှိုင်က ရွာကနေ ရပ်ကွက်ဖြစ်သွားပြီ။ နာမ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာကော ပြောင်းလဲသွားတာ သေချာတယ်။ ပြောင်းလဲခြင်းက ပြောင်းလဲခြင်းသက်သက်များ ဖြစ်နေမလား၊ တချို့ ပြောင်းလဲခြင်းတွေက သိမူ့အခြေခံတွေပါ ပါမှဖြစ်မှာ။
ဖတ်ချင်နေတာ ကြာပြီဖြစ်တဲ့ ဆရာမင်းကျော်ရဲ့ လှိုင်ကို ဖတ်လိုက်ရတော့ ရာသီချိန်မှ သီးတဲ့ သရက်သီးကို စားလိုက်ရသလိုပဲ။ အဲဒီသရက်သီးမျိုးကို စားချင်နေစိတ်က တောင့်တနေပြီ ရာသီချိန် မကျသေးလို့ စောင့်နေရတယ်။ ရာသီချိန်ကျမှ ကိုယ်စားချင်တာလေး စားလိုက်ရကာမှ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ ကျေနပ်မိသွားတယ်။ ဆရာမင်းကျော်ရဲ့ ' လှိုင်' ထဲက မကွေးနဲ့ ကင်းရွာဟောင်းလေးကို ဆွဲထုတ်ကြည့်မိတယ်။ ဝါသနာအရ စာဖတ်တယ်၊ တိုတိုနံ့နံ့လေးတွေ ရေးတယ်။ စာရေးဖို့အတွက် စာဖတ်တော့ မှတ်စုလေးတွေ တို့ထိထားရတယ်။ သမိုင်းဆိုင်ရာများ ရေးတော့မယ်ဆိုရင် အချက်အလက်ခိုင်မာမှုကိုရှာရတော့ စာတွေပိုဖတ်ဖြစ်တယ်။ သမိုင်းကိုတူးဆွရင်းနဲ့ ဆရာမင်းကျော်နဲ့ သူ့အဖေ ဦးဘလှိုင်က အထက(၁)ကျောင်းသားဟောင်းတွေဆိုတာ သိရတယ်။ ကိုယ်သိတဲ့အသိကို စာဖတ်သူထံရောက်အောင် ပြန်မျှဝေရေးတယ်။ ဒီစာဟာ အထက(၁)ကျောင်းသားဟောင်းများ ကွက် လပ်ဖြည့်ပါ မေးခွန်းကို ဆရာတက်တိုး၊ ဦးဘလှိုင်၊ ဆရာမင်းကျော်တို့ပါလို့အဖြေထက်တော့ ပိုမယ်ထင်ပါတယ်။ ဘာလို့ဆို ဦးဘလှိုင်ရဲ့ သားတွေဖြစ်တဲ့ ဆရာမင်းကျော်တို့၊ ပုဂံစာအုပ်တိုက် ကိုချောတို့ဆိုတာက မြန်မာစာပေအတွက် အများကြီးအကျိုးပြုသွားတဲ့ စာပေနယ်က ပုဂ္ဂိုလ်တွေ၊ ဒီလိုလူတွေ မကွေးမှာ နေထိုင်သွားလာလှုပ်ရှားခဲ့တယ်။ကျွန်တော်ကတော့ ကင်းရွာဟောင်းထဲမှာ ဆရာမင်းကျော်ရဲ့ 'လှိုင်' ကို ရှာဖွေကြည့်နေမိတယ်။
နန္ဒအောင်
၁၉.၉.၂၀၂၆
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar