Breaking News

လေးလေး - တရားရေးလောကထဲက ဝမ်းဘဲတစ်ကောင်

လေးလေး - တရားရေးလောကထဲက ဝမ်းဘဲတစ်ကောင်

မိုးမခ၊ စက်တင်ဘာ ၇၊ ၂၀၂၆

တရားရေးဝန်ထမ်းတစ်ဦးအဖြစ်ကနေ တရားသူကြီး ဖြစ်လာသည်အထိ ဝန်ထမ်းတစ်ဦး ဖြတ်သန်းခဲ့ရသော ဘဝအတွေ့အကြုံများ (သို့မဟုတ်) "မြစ်ပြင်ကျယ်ထဲ ဝမ်းဘဲတစ်ကောင် MEMOIRS OF JUDGE (တရားသူကြီးတစ်ယောက်၏ အမှတ်ရချက်များ)"။ မောင်ရင့်မာ (ကျောင်းကုန်း) ရေးတဲ့စာအုပ်။ စာရေးသူက ခုလို စကားဦးသန်းထားတယ်။

"အတ္ထုပ္ပတ္တိ မဟုတ်ပါ။ တရားစီရင်မှုနယ်ပယ်တွင် နှစ်ပေါင်းသုံးဆယ်ခန့် ကျင်လည်အသက်မွေးခဲ့သည့် တရားသူကြီးတစ်ယောက်၏ အမှတ်ရချက်များ၊ အတွေ့အကြုံများ၊ ဆင်ခြင်သုံးသပ်ချက်များ ဖြစ်ပါသည်။" တဲ့။

မောင်ရင့်မာ စာတွေကို မဂ္ဂဇင်းမှာ၊ စာစောင်တွေမှာ ဟိုနားသည်နား ဖတ်မိသမျှ အက်ဆေးတွေ များတယ်။ အခုလို စာတစ်အုပ်အနေနဲ့ မဖတ်ခဲ့ဖူး၊ ဖတ်မဲ့ဖတ်ရတော့ စာရေးသူ ဝန်ထမ်းဘဝ ဖြတ်သန်းမှုတွေ ဖြစ်နေပါရောလား။ အက်ဆေးဆရာရဲ့ စကားအခင်းအကျင်းကိုက နှစ်သက်စရာ။

"ကမ္ဘာလောကသည် အပြစ်မကင်းစင်သူတို့ကို အပြစ်မကင်းစင်သူတို့က အပြစ်မြင်တတ်သောလောက ဖြစ်သည်။ အပြစ်မကင်းစင်သူတို့ကို အပြစ်မကင်းစင်သူတို့က စီရင်ဆုံးဖြတ်နေသော လောက ဖြစ်သည်။ အပြစ်မကင်းစင်သူတို့ကို အပြစ်မကင်းစင်သူတို့က နာခံသေဝပ်နေသောလောက ဖြစ်သည်။

သို့ဖြစ်ရာ လူတွေကို အပြစ်အနာအဆာများနှင့်တကွ ချစ်တတ်၊ ခင်တတ်၊ စာနာနားလည်တတ်အောင် တရားသူကြီးတစ်ယောက်၏ ဘဝနှင့် အတွေ့အကြုံက သင်ကြားပေးခဲ့ပါသည်။"

မောင်ရင့်မာ တရားရေးဝန်ထမ်းအဖြစ် ခန့်စာရတော့ အသက် ၉၀ အထိ လယ်တီဒီပနီများနဲ့ နေသွားတဲ့ အဘိုးဖြစ်သူက သူရတဲ့ လုပ်ငန်းသဘောသဘာဝကို မေးပြီးတော့ "သမ္မာအာဇီဝနဲ့ပဲ လုပ်စားပါ ငါ့မြေးရယ်" လို့ ဆုံးမသွားပါသတဲ့။ ဒီလိုအစချီပြီး တရားရေးလောက အတွေ့အကြုံတွေကို တစ်ဆင့်ချင်း ဆစ်ပိုင်းပြီး ရေးဖွဲ့သွားလိုက်တာ ဘဝသရုပ်ဖော် ဝတ္ထုရှည်ကြီးတစ်ပုဒ် အားရပါးရ သဘောကျကျ ဖတ်လိုက်ရသလိုပါပဲ။

တရားရေးလောကမှာ တရားရေးဝန်ထမ်းတွေ၊ ရဲတွေ၊ ဥပဒေအရာရှိတွေ၊ အုပ်ချုပ်ရေးဝန်ထမ်းတွေ တအုံတကျင်း ပါဝင်ပတ်သက်နေပြီး အတော်ရင်ရှုပ်ရတဲ့ လောကပါ။ ဒီစကားပြောတော့ ရုပ်ရှင်မင်းသမီး မေဝင်းမောင်ကို သတိရသွားတယ်။ မေဝင်းမောင် အောင်မြင်နေချိန်မှာ စာစောင်တစ်ခုက အင်တာဗျူးလုပ်တော့ မေးတဲ့သူက "ရုပ်ရှင်လောကက အတော်ရင်ရှုပ်ရတယ်လို့ ပြောကြတယ်၊ အဲဒါ အမှန်ပဲလား"။ မေဝင်းမောင်က "ရုပ်ရှင်လောကတင် ရင်ရှုပ်ရတာ မဟုတ်ပါဘူး၊ ရင်မရှုပ်ရတဲ့လောကကော ရှိလို့လား"။

တရားရေးလောကက လူတော်တွေအကြောင်း ဖတ်ရသလို လူရှော်တွေအကြောင်းလည်းပါ၊ အာဏာပါဝါပြချင်တဲ့ အုပ်ချုပ်ရေးမှူးတွေအကြောင်း ဖတ်ရသလို စိတ်ကောင်းရှိ ကိုယ်ကျင့်မြဲတဲ့သူတွေအကြောင်းလည်း ဖတ်ရ၊ မူးယစ်မှု၊ လူသတ်မှုတွေက စိတ်ဝင်စားဖို့ကောင်းတဲ့ တရားခံတွေအကြောင်း ပါသလို၊ အပြစ်မဲ့တဲ့ လူသတ်တရားခံဖြစ်နေသူတွေကို တရားသူကြီးတစ်ဦးရဲ့ ဆင်ခြင်စာနာမှုနဲ့ ဆုံးဖြတ်ချက်ချခဲ့ပုံတွေကိုလည်း ဖတ်ရတယ်။

မဆလခေတ်၊ နဝတ၊ နအဖခေတ်နဲ့ ဦးသိန်းစိန်အစိုးရခေတ်တို့ကို ဖြတ်သန်းခဲ့တဲ့ တရားရေးဝန်ထမ်းဘဝမှာ လွှတ်တော်တွေပေါ်လာတော့ တရားရေးဌာနနဲ့ လွှတ်တော်တို့ ထိပ်တိုက်တွေ့ကြပုံ၊ တို့ဘက်ကလည်း ရေးကြပါဦးလို့ ဌာနအကြီးအကဲက ဆိုလို့ တရားရေးဘက်က ရေးလိုက်တာ ကလောင်တစ်ချောင်းနဲ့ စာတစ်အုပ်ထွက်သည်အထိ။ ဒါမျိုးတွေလည်း ဖတ်ရ။ တရားရေးဌာန မပြောင်းဆို တော်တည့်မှန်ကန်တဲ့ တရားရေးပညာရှင်တွေမှ တရားသူကြီးချုပ်မဖြစ်ခဲ့ဘဲ ဆိုတဲ့ အဖြေမျိုးလည်း ကြားရ။

တရားသူကြီးတွေကို တစ်နာရီခွဲ၊ နှစ်နာရီကြာ လက်ချာပေးခဲ့တဲ့ ပုဂ္ဂိုလ်၊ သူတို့ ဖွင့်ခဲ့တဲ့ အထူးတရားရုံးဆိုတာကို ပြန်ရောက်ပြီး ပြစ်ဒဏ်စီရင်ခံရပုံတွေလည်း သံဝေဂရစရာ ဖတ်ရပါတယ်။ ပင်စင်သွားခါနီးတော့ ဆရာသမားတစ်ယောက်ရဲ့ လက်ချာက..

"ကျွန်တော် ပြောမယ်ဗျာ။ ဘာမှမခက်ဘူး။ အငြိမ်းစားယူတယ် ဆိုတာ လေယာဉ်တစ်စင်းက လေယာဉ်တစ်စင်းကို ပြောင်းစီးရသလိုပါပဲ" 

"ဟုတ်ကဲ့။ ကျွန်တော် သိပ်တော့မရှင်းဘူး ဆရာ။ ဒါပေမဲ့ ပြင်နေပါတယ်" 

"ကိုယ့်ကို ဒူးထောက်မဲ့သူတွေ မရှိတော့ပေမဲ့ ကိုယ်က ဒူးထောက်ရမဲ့သူတွေ မရှိတော့တာကကိုပဲ ဘယ်လောက်ကျေနပ်ဖို့ ကောင်းနေပြီလဲဗျာ"

မောင်ရင့်မာ (ကျောင်းကုန်း) ရဲ့ တရားရေးလောကထဲ ကူးခတ်သွားတဲ့ ဝမ်းဘဲတစ်ကောင်အကြောင်းက အရေးအဖွဲ့ညက်ညက်၊ အတွေးစီရရီ၊ ဇာတ်လမ်းဇာတ်ကွက် အသီးသီးနဲ့ ဆေးရောင်စုံရုပ်ရှင်ကားတစ်ကား ကြည့်လိုက်ရသလိုလည်း ခံစားရပါတယ်။ 

"မြစ်ပြင်ကျယ်ထဲ ဝမ်းဘဲတစ်ကောင် MEMOIRS OF JUDGE (တရားသူကြီးတစ်ယောက်၏ အမှတ်ရချက်များ)" စာအုပ်ကို ရန်ကုန်၊ ဒဂုံတောင်ရှိ မြဝါးရုံစာပေတိုက်က ၂၀၂၆ ခုနှစ်၊ ဇူလိုင်လမှာ ပထမအကြိမ် အုပ်ရေ ၅၀၀ ထုတ်ဝေပြီး စာအုပ်တန်ဖိုးက ကျပ် ၂၅,၀၀၀ တိတိ။


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar