Breaking News

မောင်လူမွှေး - တောထဲက ရွှေစင်

 

မောင်လူမွှေး - တောထဲက ရွှေစင်

မိုးမခ ၊ အောက်တိုဘာ ၁၈ ၊ ၂၀၂၆ 


ရွှေစင်ဟာ အသက်ဆယ့်ငါးနှစ် ဝန်းကျင်အရွယ် မိန်းကလေး တစ်ယောက်ပါ။ စစ်တပ်က ကျေးရွာတွေကိုပါ လေယာဉ်တွေနဲ့ ဗုံးကြဲတော့ သူတို့မိသားစုဟာ တောထဲမှာ နေကြတယ်။ ရွှေစင်ရဲ့ ရုပ်ရည်ဟာ တည်ကြည်ကြည်နဲ့ ထက်ထက်မြက်မြက် ရှိပုံပေါ်တဲ့ မိန်းကလေး တစ်ယောက်ဆိုတာ သိသာပါတယ်။ စာသင်ခန်းထဲမှာ စည်းကမ်းလိုက်နာတာ၊ သင်ခန်းစာတွေကို သပ်သပ်ရပ်ရပ် လုပ်တာ၊ အိမ်စာတွေကို ပုံမှန်လုပ်တာ၊ ကျောင်းပျက်ရင် ခွင့်တိုင်တာ စတဲ့ ကောင်းတဲ့အချက်တွေက သူဟာ တိကျပြီး ကြိုးစားတဲ့ မိန်းကလေးတစ်ယောက်ဆိုတာ သေချာစေပါတယ်။ "စိတ်လည်းတိုပြီး စာလည်းတော်တဲ့သူ" လို့ သူ့အတန်းဖော်တွေက သူ့ကို မှတ်ချက်ပြုကြပါတယ်။

မနှစ်က ကျောင်းစဖွင့်ဖွင့်ချင်း သူ ကျောင်းလာမတက်ဘူး။ "သူ လာတက်မှာ ဆရာ၊ သူက စာလည်းတော်တယ်" လို့ သူ့အတန်းဖော်တွေက သူတို့ဆရာအသစ်ကို ပြောကြတယ်။ သူတို့အတန်းကို သင်တဲ့ ဆရာအသစ်ကလည်း အင်မတန် တိကျတဲ့ ဆရာတစ်ယောက် ဖြစ်တယ်။ မြို့ကနေ တော်လှန်နယ်မြေကို လာပြီး စာသင်ပေးနေတဲ့ ဆရာတစ်ယောက် ဖြစ်တယ်။

"အေး... ငါ့ဘဝမှာ တော်တဲ့တပည့်တွေ အများကြီး ရှိခဲ့ဖူးပြီ။ တော်တာ မတော်တာထက် စည်းကမ်းလိုက်နာမှုနဲ့ တာဝန်ကျေပွန်မှုက ပိုအရေးကြီးတယ်။ ကျောင်းကို လာတက်မယ်ဆိုရင် တစ်ပတ်အတွင်း လာတက်လို့ ပြောလိုက်" လို့ ဆရာဖြစ်သူက အတန်းသူ၊ အတန်းသားတွေကို မှာလိုက်တယ်။ ဒီလိုနဲ့ ရွှေစင်ဟာ ကျောင်းကို ရောက်လာခဲ့တယ်။

ဆရာကလည်း စာသင်ကောင်းတော့ ရွှေစင် ပျော်ပါတယ်။ သူ့ဆရာက ဆွေးနွေးပွဲ စကားဝိုင်းတွေ လုပ်တော့ သူဟာ တဖြည်းဖြည်းနဲ့ ပြောရဲဆိုရဲရှိတဲ့ မိန်းကလေးတစ်ယောက် ဖြစ်လာတယ်။ "ပညာကို အင်မတန် လိုချင်တဲ့ ကလေးမပဲ" လို့ သူ့ဆရာက ဝမ်းမြောက်ဝမ်းသာ မှတ်ချက်ချတယ်။

အလယ်တန်းတွေ စုပေါင်းလုပ်တဲ့ ဆွေးနွေးပွဲတစ်ခုမှာ "ဒီနေ့ လေယာဉ် ဗုံးကြဲဦးတော့ မနက်ဖြန် သမီး ကျောင်းလာမယ်" လို့ ရွှေစင်က ထပြောတော့ သူ့ဆရာဟာ နှစ်ထောင်းအားရ ဖြစ်တယ်။ "ဒီကလေးမဟာ တောထဲမှာ နေရပေမဲ့ ပညာကို ဆုံးခန်းတိုင်အောင် သင်ပြီး ပညာတတ် အမျိုးသမီး ဖြစ်မယ်" လို့ သူ့ဆရာဟာ ယုံကြည်တယ်၊ ဝမ်းမြောက်မိတယ်။

ရွှေစင်ဟာ ကျောင်းကို တစ်နှစ်တာလုံး ကောင်းကောင်းတက်ပြီး စာကိုလည်း ကောင်းကောင်းလုပ်တယ်။ ဆွေးနွေးပွဲတွေမှာ ပါဝင်ဆွေးနွေးတယ်။ စာသင်နှစ်ကုန်ပြီး နွေရာသီ ကျောင်းပိတ်တော့ ရွာထဲက အဖွားအိမ်မှာ လာနေပြီး ကျောင်းတက်တဲ့ ရွှေစင်လည်း သူ့မိဘတွေရှိရာ တောထဲကို ပြန်သွားတယ်။ သူ့ဆရာလည်း နွေရာသီ ပညာရေးသင်တန်းတွေ ပေးဖို့ဆိုပြီး ခရီးထွက်သွားတယ်။

ဒီနှစ် နွေရာသီ ကျောင်းဖွင့်ချိန် ရောက်တော့ ဆရာဖြစ်သူ ပြန်ရောက်လာတယ်။ ကျောင်းဖွင့်ဖွင့်ချင်း Grade 8 အတန်းကို ဝင်တော့ ကျောင်းသားဦးရေ ဆယ်ယောက်လောက်ရှိတဲ့ အတန်းမှာ ရွှေစင်ကို မတွေ့ရဘူး။ တောထဲကနေ ရွာကို ပြောင်းလာရမှာမို့ မနှစ်ကလိုပဲ နောက်ကျတယ် ထင်ပါရဲ့လို့ ဆရာဖြစ်သူက တွေးတယ်။ သူ့သူငယ်ချင်းတွေကို မေးတော့လည်း အဖြေက ရေရေရာရာမရှိ။ တစ်လလောက်ကြာတဲ့အထိ ပေါ်မလာတော့မှသာ ရွှေစင် ကျောင်းထွက်သွားပြီဆိုတာ ဆရာဖြစ်သူက သေချာ သိသွားတော့တယ်။

ရွှေစင် ကျောင်းထွက်သွားတာဟာ မြို့ပေါ်ကနေ သူတို့ရွာမှာ လာနေပြီး စာသင်ပေးတဲ့ ဆရာအတွက် ဆန်းပေမဲ့ ကျန်တဲ့သူတွေအတွက် မဆန်းပါဘူး။ အိမ်ခြေသုံးရာကျော်ရှိတဲ့ ရွာမှာ Grade 8 အတန်းက ဆယ်ယောက် မပြည့်ချင်ဘူး။ အဲဒီထဲက တစ်ယောက် ထပ်လျော့သွားတာ ဘာဆန်းမှာတုန်း။ ဆရာဖြစ်သူကတော့ သူ့တပည့် ရွှေစင်ကို နှမြောလို့ မဆုံးဘူး။

မိုးတွေရွာနေတဲ့ တစ်နေ့မှာတော့ ဆရာဖြစ်သူဟာ စာသင်ရာကနေ လမ်းလျှောက် ပြန်လာတယ်။ လူနှစ်ယောက် စီးလာတဲ့ ဆိုင်ကယ်နဲ့ မျက်နှာချင်းဆိုင် တွေ့တယ်။ ဆိုင်ကယ်နောက်က လျှာထိုးဦးထုပ် ဆောင်းထားတဲ့ မိန်းကလေးဟာ သူ့မျက်နှာကို ဘေးလူ မမြင်ရအောင် ကွယ်လိုက်တာကို သတိထားလိုက်မိတယ်။ ဆရာဖြစ်သူ နောက်ပြန်လှည့် ကြည့်လိုက်မိတယ်။ သူ့တပည့် ရွှေစင်။ မိုးရေတွေ တစ်ကိုယ်လုံးစိုပြီး တကယ့် တောသူမလေး ဖြစ်နေတဲ့ ရွှေစင်။ မနှစ်က လေယာဉ်ကြဲလို့ မသေရင် ကျောင်းကို လာမယ်ဆိုတဲ့ ရွှေစင်။ လေယာဉ်ဗုံးထက် ကြောက်ရတဲ့ စားဝတ်နေရေး ကျပ်တည်းမှုကြောင့် သူ ကျောင်းကို မလာတော့တာလား။ သူ့မိဘက အပင်ပန်းခံ မထားတော့တာလား။ အခုအချိန် ပညာရေးဟာ ဘာမျှော်လင့်ချက်မှ မရှိဘူးလို့ ယူဆပြီး ကျောင်းထွက်ခိုင်းလိုက်တာလား။ ရွာကနေ တောထဲကို ဦးတည်နေတဲ့ ဆိုင်ကယ်အစုတ်လေး နောက်ကနေ ခပ်ကုပ်ကုပ် လိုက်သွားတဲ့ သူ့တပည့် နောက်ကျောကို ဆရာဖြစ်သူဟာ အချိန်တော်ကြာ ငေးကြည့်နေလေရဲ့။

 

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar