မောင်တူး - ရန်သူက သေစေချင်တာကို မသေအောင်နေရမယ်ဆိုတဲ့ ဗန်းမော်တင်အောင်
မောင်တူး - ရန်သူက သေစေချင်တာကို မသေအောင်နေရမယ်ဆိုတဲ့ ဗန်းမော်တင်အောင်
မိုးမခ ၊ အောက်တိုဘာ ၃၀ ၊ ၂၀၂၆
"လူတယောက်ရဲ့ တန်ဖိုးဟာ
သူ ဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက
သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို
သူ ဘယ်လောက်သယ်ပိုးထမ်းရွက်ခဲ့တယ်
ဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲ"
(ဗန်းမော်တင်အောင်)
စာရေးဆရာကြီး ဗန်းမော်တင်အောင်ဟာ ထင်ရှားတဲ့ စာရေးဆရာကြီး တဦး ဖြစ်ပေမယ့် တခြား သူတွေထက် ထူးခြားနေတာက သူ့ဝတ္ထုတွေထဲမှာ လူထု တိုက်ပွဲကို တိုက်စစ်ဆင်နိုင်အောင် လှုံ့ဆော်ပေးခြင်းပါပဲ။ ဒါကြောင့်ဒီနေ့ မြန်မာနိုင်ငံရဲ့ လူထုတိုက်ပွဲဖြစ်တဲ့ ၆ နှစ်ကြာ နွေဦးတော်လှန်ရေးကြီးမှာ ဆရာ ဗန်းမော်တင်အောင်ရဲ့ လှုံ့ဆော်စကားတွေကို တင်ပြလိုက်ပါတယ်။
ဆရာ ဗန်းမော်တင်အောင် ကွယ်လွန်ခြင်း
၁၉၇၈ ခုနှစ် အောက်တိုဘာ ၂၃ ရက်က ကွယ်လွန်ခဲ့ပါတယ်။ အခုဆို ၂၀၂၆ အောက်တိုဘာ ၂၃ မှာ ၄၈ နှစ် ပြည့်ခဲ့ပါပြီ။ ဆရာကြီးဗန်းမော်တင်အောင်ဟာ ရသစာပေဖြစ်တဲ့ ဝတ္ထုတို ဝတ္ထုရှည်တွေ အများကြီး ရေးခဲ့ပါတယ်။ ဒါတွေမက မြန်မာနိုင်ငံ သမိုင်း၊ ကိုလိုနီခေတ် မြန်မာနိုင်ငံစတဲ့ သမိုင်းစာပေတွေ၊ သဘာ၀သိပ္ပံ၊ သဘာ၀သိပ္ပံပညာရှင် အိန်းစတိန်း၊ ရုပ်ကမ္ဘာစတဲ့ သဘာ၀သိပ္ပံဆိုင်ရာ ကျမ်းတွေ၊ ဆိုရှယ်လစ်ဋီကာလိုမျိုး နိုင်ငံရေး သဘောတရား ဆိုင်ရာစာအုပ်တွေ၊ လင်းယုန်သတင်းစာနဲ့ ဂျာနယ်၊ အယ်ဒီတာခေါင်းကြီးပိုင်းတွေ၊ ဆောင်းပါးအမျိုးမျိုး စတဲ့ နိုင်ငံရေး ဝေဖန် သုံးသပ်ချက်စာပေတွေကိုလည်းရေးသား ခဲ့တာပါ။ ဒီစာတွေထဲမှာက တော်လှန်ရေး၊ လူထုတိုက်ပွဲ၊ ဖိနှိပ်တာတွေကို ငုံ့မခံ တုန့်ပြန်ဆန့်ကျင်ရေး ဆိုတာတွေကို အခွင့်ရတိုင်း ဖော်ပြလေ့ရှိပါတယ်။ ဒါကြောင့် တော်လှန်စာဆိုကြီးလို့တောင် ခေါ်ဆိုရမှာပါ။ အခုတော့ သူ့ရဲ့ ကွယ်လွန်ခြင်း ၄၈ နှစ်မှာ သူ့ရဲ့ ထင်ရှားတဲ့ အဆိုအမိန့်တချို့ကို တင်ပြပါမယ်။
လူတယောက်ရဲ့ တန်ဖိုးဟာ
သူ ဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက
သူ့ပုခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို
သူဘယ်လောက် သယ်ပိုးထမ်းဆောင်ခဲ့တယ်
ဆိုတဲ့အချက်နဲ့ တိုင်းရမှာပဲ။
ဗန်းမော်တင်အောင် (၀၉/၀၆/၁၉၂၀ - ၂၃/၁၀/၁၉၇၈)
ဒီစကားက ဆရာကြီး ဗန်းမော်တင်အောင် မကွယ်လွန်ခင် သားဖြစ်သူကို ပြောခဲ့တဲ့စကားပါ။ လွန်ခဲ့သော ၄၈ နှစ်က စကား။ မျိုးဆက်သစ်တွေကို မှာကြားချက်။ ဆရာကြီးဗန်းမော်တင်အောင်ဟာ ၁၉၇၈ ခုနှစ် အောက်တိုဘာလ ၂၃ ရက်က ရန်ကုန် ဆေးရုံကြီးမှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်။ အခုဆိုရင် ကွယ်လွန်ခဲ့တာ ၄၈ နှစ် ရှိပါပြီ။ အထူးသဖြင့် ဒီအဆိုအမိန့်ဟာ ဒီနေ့ နွေဦးတော်လှန်ရေးအတွင်းကိုလည်း လမ်းပြနေတာပါ။ ဒီနေ့ ခေတ် မြန်မာပြည်သူ ပြည်သားတွေရဲ့ ပုခုံးပေါ်တင်ပေးလိုက်တဲ့ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး တာဝန်ကို တဦးချင်းက ဘယ်လောက် ကျေပွန်နေကြပြီလဲ။ တမလွန်က ဆရာကြီး ဗန်းမော်တင်အောင်က လှမ်းမေးနေပါပြီ။
ဓားမိုးပြီး ကျွန်ပြုထားတာကို ဓားဆွဲပြီး ခုခံကြစို့
“ဓားမိုးပြီးကျွန်ပြုထားတဲ့ကိစ္စကို
ဓားဆွဲပြီး ပြန်လှန်ခုခံရမှာကို
ကြောက်စရာလို့ ထင်နေရင်လည်း
ဒီလူမျိုးဟာလည်း ကျွန်ဘဝနဲ့ပဲ ထိုက်တန်တယ်။ ။
(ဗန်းမော်တင်အောင်)
စာမျက်နှာ ၇၇ ရိုးမတိုက်ပွဲ
ဗန်းမော်တင်အောင်ရဲ့ ရိုးမတိုက်ပွဲ ဝတ္ထုဟာ နယ်ချဲ့ဆန့်ကျင်ရေး ဖက်ဆစ် တိုက်ဖျက်ရေး လှုံ့ဆော်တဲ့ စာပေကောင်းတခုပါ။ တနည်းအားဖြင့် တော်လှန် ရသစာပေလက်ရာတခုပါ။ ရိုးမတိုက်ပွဲစာအုပ်ကို အခု နွေဦးတော်လှန်ရေးမှာ တိုက်ပွဲဝင်နေကြသူတွေလည်း ပြန်လည်ဖတ်ရှု့ကြသင့်ပါတယ်။ ရိုးမတိုက်ပွဲ စာအုပ်မှာ ရေးသားထားတဲ့ “ဓားမိုးပြီးကျွန်ပြုထားတဲ့ကိစ္စကို ဓားဆွဲပြီး ပြန်လှန်ခုခံရမှာကို ကြောက်စရာလို့ ထင်နေရင်လည်း ကျွန်ဘဝနဲ့ပဲ ထိုက်တန်တယ်" ဆိုသလိုပဲ အခုနွေဦးတော်လှန်ရေးမှာလည်း "လက်နက်နဲ့ အာဏာသိမ်းထားတဲ့ စစ်တပ်ကို လက်နက်ကိုင်တိုက်မှသာ လွတ်လပ်ရေး ရမှာပါ။ ဒီမိုကရေစီရမှာပါ။ ပြန်မတိုက်ရဲပဲ ကြောက်နေရင်လည်း စစ်ကျွန်သာ ဆက်ခံကြရမှာပါ" ဆိုတာကိုလည်း ပြည်အားလုံးက နားလည်နေကြမှာပါ။ အခုတလော စစ်တပ်နဲ့ ဆွေးနွေးရေး ဆိုတာတွေ ကြားနေရပါတယ်။ တကယ်က ပြန်တိုက်မှသာ ရမှာပါ။ စေ့စပ်ဆွေးနွေးနေသမျှ ဓားမိုးခံနေရဦးမှာပါပဲ။
ထင်ရှားမြင်သာ ဥပမာ
ခွေးရူးလိုက်ကိုက်၊ တုတ်ဆွဲရိုက်မှ
အကိုက်မခံရ၊ သက်သာရမည်
ဘဝအများ ကောင်းကြောင်းတည်း။
ခွေးရူးကိုဖက်၊ ခွေးလျက်သွားရည်
ကိုယ့်ကို ပေမှာ၊ ရောဂါခွေးရူး
ကူးစက်ခံရကြောင်းတည်း။ ။
လွန်ခဲ့သော ၄၈ နှစ်က ဗန်းမော်တင်အောင် ဈာပန
အဖိနှိပ်ခံ ပြည်သူတွေရှေ့က
အလံ ဝှေ့ယမ်းနေတဲ့
စာပေခေါင်းဆောင်
စာရေးဆရာ ဗန်းမော်တင်အောင်။ ။ (တင်မိုး)
၁၉၇၈ ခုနှစ် အောက်တိုဘာ ၂၃ ရက်က ကွယ်လွန်ခဲ့ပြီး ဈာပနလုပ်တော့ ရန်ကုန်မြို့မှာ စည်ကားတဲ့ ဈာပန ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ အသုဘယာဉ်တန်း မောင်းလာချိန် ပန်းရံလုပ်ငန်းခွင်တခုနားကိုရောက်တော့ အလုပ်သမားခေါင်းဆောင်က ဗန်းမော်တင်အောင် ဈာပနမှန်း သိလိုက်တဲ့အခါ သူ့အလုပ်သမားအားလုံးကို အလုပ်ရပ်ခိုင်းလိုက်တယ်။ ပြီးတော့ "ဗန်းမော်တင်အောင်ဆိုတာ ငါတို့ ပြည်သူတွေကို စာပေအလင်းရောင်ပေးတဲ့ စာပေခေါင်းဆောင်ကြီး ဖြစ်တယ်။ ဆင်းရဲသား နင်းပြား အဖိနှိပ်ခံတွေဖက်က လိုက်ပြီး တပ်လှန့်ရေးသားတဲ့ စာပေတပ်မှူးကြီး ဖြစ်တယ်။ သူ့ရဲ့ဈာပနကို ငါတို့ ပို့ကိုပို့ရမယ်" ဆိုပြီး အလုပ်သမားအားလုံးက လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။ ဒါကို မြင်တဲ့အခါ ဗန်းမော်တင်အောင်ရဲ့ ဇနီးသည် ဒေါ်ခင်ဦးက သူ့လင်သားအကြောင်းကို သေသေခြာခြာ သိသွားသတဲ့။
လူထုအတွက် ဗန်းမော်တင်အောင်ဟာ ဇနီးနဲ့ သားသမီး ၆ ယောက်အတွက် ဂရုစိုက်ချိန်နည်းပါးခဲ့တာကို ဘဝတလျှောက်လုံး ဇနီးသည် ဒေါ်ခင်ဦးက မကျေလည်ခဲ့ပါ။ ဒါပေမယ့် လွန်ခဲ့တဲ့ ၄၈ နှစ် လင်းယုန်ကြီး ဗန်းမော်တင်အောင်ရဲ့ ဈာပနမှာ သူ့ကို ကြည်ညိုလေးစားသူ အများအပြား (ကျောင်းသား၊ အလုပ်သမား၊ ဈေးသည်တွေကအစ မုတ်ဆိတ်ဖွား မွတ်ဆလင်တွေ၊ ခရစ်ယန်သင်းအုပ်ဆရာတွေ၊ ဘုန်းကြီးရဟန်း၊ သီလရင်တွေအလယ် သုဘရာဇာနဲ့ သူတောင်းစားတွေ အဆုံး) တလေးတစား အရေးတယူ လာရောက် ပို့ဆောင် ဂါရဝပြုခဲ့ကြတာကို မြင်တွေအပြီးမှာ သူ့လင်သားအပေါ် အမြင်မှားခဲ့ကြောင်း ပြောခဲ့တာကို စာရေးဆရာကြီး ပါရဂူက အခုလို ရေးသားခဲ့ဘူးပါတယ်။
ဒေါ်ခင်ဦးက “ ကျမ သူ့ကို စောစောပိုင်းက အတော်ကလေး အထင်သေးခဲ့တယ်။ သူ့ကို ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့တယ်။ သူဟာ သူ့သားမယား၊ သူ့အိမ်ထောင်ကို ဂရုမစိုက်ဘူး။ သူ့နိုင်ငံရေး၊ သူ့စာပေရေးနဲ့သာ အာရုံစိုက်တဲ့ သူ့ကို ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့တယ်။ သူဟာ သူ့သားမယား၊ သူ့အိမ်ထောင်ကို ဂရုမစိုက်ဘူး။ သူ့နိုင်ငံရေး၊ သူ့စာပေရေးနဲ့သာ ပျော်မွေ့နေခဲ့တယ်။ စီးပွားရေးတို့ ဘာတို့ ဆိုတာကို သူလုံး၀ ထည့်မတွက်ဘူး။ ကျမတို့ကတော့ ငတ်တလှည့် ပြတ်တလှည့်ပဲ။ ကျမ သူ့အပေါ် အတော်ကလေး မကျေမနပ် ဖြစ်မိခဲ့တယ်။ အခုတော့ ကျမ မှားမှန်း သိရပါပြီ။ သူ့ကို အခုလို ပြည်သူက လေးစား ကြည်ညိုမှန်း သိရတော့ ကျွန်မ ကြက်သီးထမိတယ်။ ဒီလို ပြည်သူလူထုရဲ့ လေးစားကြည်ညိုမှုကို ကျွန်မ အရင်က အထင်ကြီးခဲ့တဲ့ ငွေကြေးနဲ့၊ စီးပွားရေးနဲ့ ဝယ်လို့ မရဘူးဆိုတာ ကျွန်မ အခု သဘောပေါက်ပါပြီ။ သူ့အပေါ် အမြင်မှန် ရပါပြီ။ ” လို့ လွန်ခဲ့တဲ့ ၄၈ နှစ် ဈာပနအပြီးမှာ ပြောခဲ့ပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီက ရဲဘော်ဖိုးသံချောင်းကလည်း ဗန်းမော်တင်အောင်နဲ့ ကိုကိုးကျွန်းမှာ အတူနေခဲ့သလို လွန်ခဲ့တဲ့ ၄၈ နှစ် ကြံတောသုသာန်က ဗန်းမော်တင်အောင် ဈာပန စည်ကားပုံကို “ကျနော် တွေ့ကြုံခဲ့ဖူးတဲ့ ဦးလေးဗန်းမော်တင်အောင်” ခေါင်းစဉ်နဲ့ ကဗျာရေးခဲ့တယ်။
“ကျနော် တွေ့ကြုံခဲ့ဖူးတဲ့ ဦးလေးဗန်းမော်တင်အောင်”
. . . . . . .
. . . .
ကြံတောသုသာန်မှာ
ရှမ်း၊ ဗမာ၊ ကချင်၊ ကရင်
ကုလား၊ တရုတ်၊ လူမျိုးစုံစွာ
သံဃာတော်များလည်း ရောက်လာ
ခရစ်ယာန် သီလရင်လည်း ပါ
သုဘရာဇာလည်း ပါ
ထုတ်ဝေသူလည်း ပါ
ဘိုးတော်တောင် ပါရဲ့
တိုက်ဖော်တိုက်ဖက်၊ ရေးဖော်ရေးဖက်
လေးစားသူ၊ ကြည်ညိုသူ
သူ့တန်ဖိုးသိသူတွေ
ဓမ္မတေး တစာစာ၊ ကြေးစည်သံလေး တသာသာ
နှင်းဆီနီတွေက ဝေဝေဆာဆာ တဲ့
အသေလှတဲ့၊ ကျွန်တော့ဦးလေး
စောပေမဲ့ ဖြေနှိုင်ပါရဲ့
ဪ ငါ့အလှည့်ကျလည်း
သူ့လိုပဲ သေချင်လိုက်တာ။ ဖိုးသံ (လူထု)
မိုးလုံးမှိုင်းစာပေထုတ် “မြင့်မြင့်ပျံပြီး ဝေးဝေးမြင်တဲ့ လင်းယုန် ဗန်းမော်တင်အောင် ကွယ်လွန်ခြင်း ၃၇ နှစ်မြောက် အထိမ်းအမှတ်” စာအုပ်မှ
ဗန်းမော်တင်အောင်အပေါ် စာရေးဆရာကြီးများ၏ ရေးသားချက်များ
ဆရာကြီး မြသန်းတင့်က (ဗန်းမော်တင်အောင်ဟာ ဂန္တဝင်စာပေကို နှစ်သက်သူ၊ အနောက်တိုင်းအဘိဓမ္မာကို သင်ရိုးကုန်အောင် ဖတ်ထားသူ၊ သမိုင်းလေ့လာသူ၊ သိပ္ပံပညာကို စိတ်ဝင်စားသူ၊ ပြောလိုက်ကြသည့် စကားတွေကလည်း အစုံ၊ ဘားနတ်ရှော၏ပြဇာတ်၊ ပဒေသရာဇာတျာချင်းများ၊ အိုင်းစတိုင်း၏ ရီလေတီဗတီ သီဝရီ ဗရင်ဂျီဝတ်တက်သံနှင့် မြဝတီမင်းကြီး၏ အထူးထူးငယ်နှင့် ပတ်ပျိုး၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း မဟာကဗျာလေးချိုးကြီးများ၊ ဒုတိယမြန်မာ နိုင်ငံတော်ကြီး ပျက်စီးခြင်း၊ နုအက်တလီစာချုပ်) ဆိုပြီး ဆရာကြီး မြသန်းတင့်က ဗန်းမော်တင်အောင်ရဲ့ စာပေနယ်ပယ်၊ အကျယ်အဝန်းနဲ့ လေ့လာကျွမ်းဝင်မှုတို့ကို ရေးသား ဖော်ပြထားခဲ့ဘူးပါတယ်။
ဆရာမကြီး လူထုဒေါ်အမာကလည်း ဗန်းမော်တင်အောင်ရဲ့ ရေးဟန်က စာဖတ်ပရိသတ်အပေါ် လွှမ်းမိုးခဲ့ပုံနဲ့ ပတ်သက်ပြီး "ကျွန်မသိမီသမျှ စာရေးဆရာတွေထဲမှာ ကိုတင်အောင်ဟာ ကျွန်မတို့ လူငယ်လောကကို အလှုပ်ခတ်၊ အချောက်ချားနိုင်ဆုံး စာရေးဆရာပါ။ ကိုတင်အောင်ရဲ့ ဇာတ်လိုက်စတိုင်ကို တုပဝတ်စားရတဲ့ ကလေးတွေကလည်းအများကြီး၊ သူ့ဇာတ်လိုက်တချို့က ဆေးတံ သောက်ကြလို့ လိုက်သောက်သူတွေလည်း ရှိလေသေးရဲ့။ သူတို့ရေးသားကြတဲ့စာတွေမှာ ကိုတင်အောင် စတိုင်တုရေးကြတာလည်းများမှများ၊ တော့-ကာ-သာ-ဘဲ-ရယ်-နဲ့ ဆိုကာ သူတို့စာတွေထဲမှာ ထည့်ကြရတဲ့ ကိုတင်အောင့်စတိုင်တွေလေ။" ဆိုပြီး လူထုဒေါ်အမာကလည်း ချီးကျူး ဂုဏ်ပြု ရေးသားခဲ့ပါတယ်။
စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင် ကိုယ်တိုင်ကလည်း ဗန်းမော် တင်အောင်ရဲ့ ဝတ္ထုကို နှစ်သက်လွန်းတဲ့အတွက် အဲ့ဒီဝတ္ထုထဲမှာပါတဲ့ ဇာတ်လိုက် ဘုန်းနိုင်ကို ကလောင် အမည် အဖြစ် သုံးခဲ့ကြောင်း ပြောလည်း ပြောခဲ့ဘူးတယ်။ ရေးလည်း ရေးခဲ့ဘူးပါတယ်။
ဆရာကြီး ဗန်းမော်တင်အောင်အကြောင်း ရေးမည်ဆိုရင် မဆုံးနိုင်ပါ။ သူ့ရဲ့ တော်လှန်စာပေ ကျေးဇူးတွေကလည်း ကုန်မည်မထင်ပါ။ သူ့ရဲ့ ထင်ရှားတဲ့ အဆိုအမိန့်တခုကို နောက်ဆုံးတင်ပြပါမယ်။ အဲ့ဒါကတော့
ကိုဌေးမြိုင်ရေ
ရန်သူကသေစေချင်တဲ့အခါ
မသေအောင်နေပေးရတာကလည်း
တိုက်ပွဲတစ်ခုဗျ။ ။ (ဗန်းမော်တင်အောင်)
တကယ်တော့ နွေဦးတော်လှန်ရေးမှာလည်း ရန်သူစစ်အုပ်စုဟာ တော်လှန်ရေး သမားတွေကို အသေသတ် အပြတ်ရှင်းနေပါတယ်။ ရန်သူလိုလားတဲ့ အပြတ်ရှင်းခံရမှုကို ရှောင်ပြီး အသက် ရှင်အောင် နေကြရမှာကလည်း နွေဦးတော်လှန်ရေးပါပဲ။ ဗန်းမော်တင်အောင်ရဲ့ အဆိုအမိန့်ဟာ ဆရာကြီး ဟံသာဝတီဦးဝင်းတင်ရဲ့
ကျန်းမာရေး မကျိုးပဲ့စေနဲ့
စိတ်ဓာတ် မကျိုးပဲ့စေနဲ့
စုဖွဲ့မှု မကျိုးပဲ့စေနဲ့ ဆိုတဲ့ သမိုင်းဝင် မဟာ စကားနဲ့လည်း တူညီပါတယ်။
ကဲ ဆရာကြီး ဗန်းမော်တင်အောင်ကို လေးစားရင်။ ကျေးဇူးဆပ်လိုရင် သူကွယ်လွန်ခဲ့တဲ့ ၄၈ နှစ်ပြည့်ကာလမှာ သူ့ရဲ့ အဖိုးတန်လှတဲ့ မှာကြားချက် အဆို အမိန့်တွေကို ကိုင်စွဲပြီး နွေဦးတော်လှန်ရေးမှာ ပါဝင် တိုက်ပွဲဆက်ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။ ။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
