Breaking News

မြန်မာစစ်ခေါင်းဆောင် မလေးရှားခရီးစဥ်နဲ့ သံတမန်ရေး အရွေ့၊ အမေရိကန်ရဲ့ မြန်မာနိုင်ငံမူဝါဒ အရွေ့ သဲလွန်စ

 

မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၈ မြင်ကွင်း

(မိုးမခ) ၊ အောက်တိုဘာ ၉ ၊ ၂၀၂၆  

 

မြန်မာစစ်ခေါင်းဆောင် မလေးရှားခရီးစဥ်နဲ့ သံတမန်ရေး အရွေ့၊ အမေရိကန်ရဲ့ မြန်မာနိုင်ငံမူဝါဒ အရွေ့ သဲလွန်စ

အောက်တိုဘာ ၈ ရက်နေ့ သတင်းတွေ အနက် ပြည်ပနိုင်ငံအချို့ရဲ့ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် တွေအပေါ် သံတမန်ရေးအရွေ့နဲ့ ပတ်သက်တဲ့ အဓိကသတင်း ၂ ပုဒ်က မြန်မာလူထု၊ မြန်မာသတင်းပရိသတ်ကို အံ့အားသင့်စေခဲ့တဲ့ သတင်းတွေ ဖြစ်နေပါတယ်။

မလေးရှားနိုင်ငံကို အလည်အပတ်ရောက်နေတဲ့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မလေးရှားဝန်ကြီးချုပ်က ဖိတ်ကြားခဲ့တာကြောင့် အောက်တိုဘာ ၇ ရက်နဲ့ ၈ ရက် ၂ ရက်ကြာခရီးစဥ်အတွင်း မလေးရှားဝန်ကြီးချုပ်ရဲ့ မြန်မာစစ်အစိုးရအပေါ် အရေးပေး၊ အကောင်းမြင်တဲ့ ပြောဆိုမှုတွေဟာ မြန်မာနိုင်ငံက လူထုတွေကို အံ့အားသင့်စေခဲ့တာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းတဲ့ အချိန်ကစလို့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်အစိုးရ အဖွဲ့ကို အာဆီယံအစည်းအဝေးတွေမှာ ကိုယ်တိုင် မတက်ရောက်နိုင်အောင် ကန့်သတ်ချက်တွေကို အာဆီယံအဖွဲ့က ချမှတ်ခဲ့ကြပါတယ်။ အာဆီယံအဖွဲ့မှာ သြဇာရှိတဲ့နိုင်ငံတွေလို့ ဆိုရမဲ့ အင်ဒိုနီးရှား၊ စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတို့က အာဆီယံ သဘောတူညီမူ ၅ ချက်ကို မြန်မာအာဏာသိမ်းစစ်အစိုးရအနေနဲ့ အကောင်အထည်မဖော်နိုင်သေးသရွေ့ နိုင်ငံရေး ရာထူးရယူထားသူတွေကို အာဆီယံ ခေါင်းဆောင်တွေရဲ့ အစည်းအဝေး တက်ရောက်ခွင့်မပေးဖို့ သဘောတူထားကြတာပါ။

အခုလက်ရှိ အချိန်ထိလည်း အဆိုပါသဘောတူညီချက်အတိုင်းရှိနေဆဲ ဖြစ်ပေမဲ့ အာဆီယံအဖွဲ့ထဲမှာ သြဇာရှိတဲ့ နိုင်ငံတွေ အနေနဲ့ ရွေးကောက်ပွဲ ကျင်းပပြီး သမ္မတရာထူး ရယူခဲ့သူ မြန်မာစစ်ခေါင်းဆောင်ကို တရားဝင် ဧည့်သည်တော်အဖြစ် တနိုင်ငံချင်းက ဖိတ်ကြားလာခဲ့ကြတာ တွေ့မြင်နေရတာ ဖြစ်ပါတယ်။

လာအို၊ ကမ္ဘောဒီးယား တို့က ကနဦး ဖိတ်ကြားတဲ့ အာဆီယံနိုင်ငံတွေ ဖြစ်ပြီး အဆိုပါ ၂ နိုင်ငံပြီးနောက် ထိုင်းနိုင်ငံနဲ့ အခုနောက်ဆုံး မလေးရှားနိုင်ငံတို့က ဖိတ်ကြားခဲ့ခြင်းက အာဆီယံအဖွဲ့ရဲ့ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ထားတဲ့ သဘောထားပါ ပြောင်းလဲဖို့ အရိပ်အယောင်တွေ တွေ့မြင်နေရတဲ့ သဘောလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၅ နှစ်တာလုံးလုံး မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေကို သံတမန်ရေးအရ ဖိအားပေးလာခဲ့တဲ့ အာဆီယံ ၃/၄ နိုင်ငံထဲ ပါဝင်တဲ့ မလေးရှားနိုင်ငံဟာ ခုရက်ပိုင်း မြန်မာစစ်ခေါင်းဆောင်ရဲ့ တရားဝင် ခရီးစဥ်မှာ ပြောကြားခဲ့တဲ့ သဘောထားတွေက စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်တာကာလအတွင်း ပြောကြားတာတွေနဲ့ မတူတော့တာကို ထင်ထင်ရှားရှား တွေ့လိုက်ကြရပါတယ်။

စစ်အာဏာသိမ်းခဲ့တဲ့ စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြီးခဲ့တဲ့နှစ်ကုန်ခါနီး ရွေးကောက်ပွဲ မကျင်းပမီနဲ့ ကျင်းပပြီးချိန်အထိ မလေးရှားနိုင်ငံရဲ့ မြန်မာ့နိုင်ငံရေးအပေါ် သဘောထားက ရွေးကောက်ပွဲက အဓိက မဟုတ်ဘဲ အကြမ်းဖက်မှုတွေ၊ စစ်မက်ဖြစ်ပွားမှုတွေကို အဖြေရှာဖို့လို့ ပြောဆိုခဲ့ပေမဲ့ ပြီးခဲ့တဲ့ ဧပြီလ ကြံ့ခိုင်ရေး ကြီးစိုးတဲ့ လွှတ်တော်ကနေ ရွေးကောက်ခံအစိုးရ ဆိုတဲ့ အနေအထားဖြစ်အောင် သမ္မတနဲ့ အစိုးရအဖွဲ့တွေကို ရွေးချယ် အတည်ပြုပေးပြီးနောက် အိမ်နီးချင်း အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရားဝင် ခရီးစဥ်တွေ ဖိတ်ကြားခဲ့ပြီးနောက်မှာ အာဆီယံနိုင်ငံတွေထဲက တနိုင်ငံပြီးတနိုင်ငံ အလားတူ ဖိတ်ကြားလာခဲ့ကြတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက ပြီးခဲ့တဲ့ သြဂုတ်လဆန်းမှာ မြန်မာစစ်ခေါင်းဆောင်ကို တရားဝင် ဧည့်ခံခဲ့တာက အဲဒီမတိုင်ခင် လာအိုနိုင်ငံခရီးစဥ်လို မဟုတ်ဘဲ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပေါ် သက်ရောက်မှုတွေ ရှိခဲ့တာပါ။ ထိုင်းနိုင်ငံ ခရီးစဥ်အပြီး ဗီယက်နမ်၊ ကမ္ဘောဒီးယား စတဲ့နိုင်ငံ ခရီးစဥ်တွေ တခုပြီးတခု သွားရောက်ခဲ့ကာ အခု အောက်တိုဘာလဆန်း မြန်မာ့အရေး စစ်တပ်အစိုးရကို အားမနာတမ်း ပြောဆိုခဲ့တဲ့ မလေးရှားနိုင်ငံက တရားဝင်ဖိတ်ကြားမှု ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံအနေနဲ့ အရင်တလျှောက်လုံး ဖိအားပေးခဲ့တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရားဝင်ဧည့်သည်တော်အဖြစ် ဧည့်ခံသလို ခရီးစဥ်ပြီးခါနီး သတင်းစာရှင်းလင်းပွဲ ကျင်းပတဲ့အခါမှာ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် အစိုးရရဲ့ ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုတယ်ဆိုတဲ့ မှတ်ချက်၊ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့နဲ့ အပြည့်အဝ ပြန်လည်ဆက်ဆံဖို့ မလေးရှားနိုင်ငံ အနေနဲ့ ကြိုးပမ်းသွားမယ် ဆိုတဲ့ ပြောဆိုချက်က မြန်မာနိုင်ငံက ဒီမိုကရေစီအရေး ကြိုးပမ်းသူတွေကို အံ့အားသင့်စေခဲ့တာ ဖြစ်ပါတယ်။

မလေးရှားဝန်ကြီးချုပ် အနေနဲ့ မြန်မာစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးစဥ်မှာ မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေ ပြန်ပို့ရေးကို  မလေးရှားနိုင်ငံ အနေနဲ့ ပထမဦးစားပေး ခေါင်းစဥ်အနေနဲ့ ထားရှိတာပါ။ အခြားသော နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်တာ၊ စီးပွားရေး ဆက်ဆံမှုတွေက မလေးရှားနိုင်ငံ အနေနဲ့ ပထမခေါင်းစဥ်လောက် အရေးမပါတဲ့ သဘောလို့ ယူဆရပါတယ်။ မလေးရှားရောက် မြန်မာဒုက္ခသည်ပြဿနာကို ဖြေရှင်းရေးဟာ မလေးရှားဝန်ကြီးချုပ်အဖို့ သူ့ပြည်တွင်းမှာ ရင်ဆိုင်နေရတဲ့ ပြဿနာကို ဖြေရှင်းနိုင်သူအဖြစ် သူ့လူထုရဲ့ ထောက်ခံမှု ရဖို့ မျှော်လင့်ချက်နဲ့ လုပ်ဆောင်တာ ဖြစ်ပါတယ်။

တရားမဝင် ဝင်ရောက်လာသူ သို့မဟုတ် တရားဝင် ဝင်ရောက်လာပေမဲ့ နေထိုင်ခွင့် သက်တမ်းကုန်ပြီး တရားမဝင် နေထိုင်သူ ဖြစ်လာတာ၊ အချို့သော မြန်မာနိုင်ငံသားတွေ ရာဇဝတ်မှု ကျူးလွန်တာမျိုးတွေက မလေးရှားနိုင်ငံအဖို့ ပြဿနာ၊ ဝန်ထုပ်ဝန်ပိုးလို့ ယူဆမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက အာဏာသိမ်းစစ်အစိုးရကို အသိအမှတ်မပြုလို့ အဖက်မလုပ်ဘူးဆိုရင် ဒီလို အချုပ်ထောင်တွေထဲ ထိန်းသိမ်းထားရတဲ့ လူထောင်သောင်းချီရဲ့ ဝာာဝန် (ကောင်းမွန်စွာ ကျွေးမွေး၊ ကျန်းမာရေးစောင့်ရှောက်မှု မပေးသည့်တိုင်) က မသေးတဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်ပါတယ်။

ဒီပြဿနာတွေကို မြန်မာနိုင်ငံမှာ လူကြိုက်မများဘဲ ပြည်တွင်းစစ်အတွင်း လေယာဥ်နဲ့ ဗုံးကြဲ တိုက်ခိုက်တာတွေ ပြန်လာသူတွေကို အဓမ္မ စစ်မှုထမ်းစုဆောင်းတာတွေ လုပ်နေတဲ့ မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်အစိုးရနဲ့ စကားပြောမှသာ ဖြေရှင်းနိုင်မဲ့ အနေအထားဖြစ်နေတာ၊ အရှိတရား ဆိုတဲ့ အချက်ကို မလေးရှား ဝန်ကြီးချုပ်က နားလည် သဘောပေါက်လာတဲ့ အနေအထားပါ။

ရိုဟင်ဂျာ ဒုက္ခသည်တွေ ကိစ္စကို မထိတွေ့ မကိုင်တွယ်သည့်တိုင် ရိုဟင်ဂျာမဟုတ်တဲ့ မြန်မာဒုက္ခသည် အရေးကို အခုခရီးစဥ် မတိုင်ခင်ကတည်းက စတင်ထိတွေ့ ဆက်ဆံကာ အဖြေရှာဖို့ ကြိုးစားခဲ့ပြီး မြန်မာနိုင်ငံသား ၅,၀၀၀ ကို ပြန်လက်ခံမဲ့ ကတိကို ရထားပြီး ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်တွေက မြန်မာနိုင်ငံသား ၁၄၇၆ ဦးကို မြန်မာဘက်က စစ်ရေယာဥ်တွေနဲ့ သွားရောက်ခေါ်ဆောင်ခဲ့လို့ မလေးရှားဝန်ကြီးချုပ်က အခုလို ဒုက္ခသည်တွေကို မိခင်နိုင်ငံက လာရောက်ခေါ်ဆောင်တဲ့ အဖြစ်ကို ချီးမွမ်းပြောဆိုခဲ့သေးတာ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှာ တရားဝင် ကိန်းဂဏန်းအရ မြန်မာနိုင်ငံသား ၁ သိန်း ၆ သောင်းကျော်ရှိပြီး တရားမဝင် ထိုင်းနိုင်ငံကနေ  နယ်စပ်ဖြတ်ကျော် ဝင်ရောက်သူတွေ ဘယ်လောက်ရှိသလဲတော့ မသိနိုင်တဲ့ သဘောပါ။

အနှစ်ချုပ်ကြည့်ရင် မလေးရှားနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံက လက်နက်ကိုင်တော်လှန်ကြတဲ့ NUG အပါအဝင် အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ထိတွေ့ဆက်ဆံမှုတွေ ဆက်ရှိနေကောင်း ရှိနေနိုင်ပါတယ်။ သို့ပေမဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အစိုးရကို မြန်မာနိုင်ငံရဲ့ De Facto အစိုးရအဖြစ် အသိအမှတ်ပြုလိုက်တဲ့ သဘောလို့ ကောက်ချက်ချရမဲ့ အနေအထား ဖြစ်ပါတယ်။

အောက်တိုဘာ ၈ ရက်နေ့မှာ မြန်မာ စစ်အစိုးရနဲ့ မလေးရှားအစိုးရတို့အကြား ဆက်ဆံရေး ရေချိန်အပြောင်းအလဲ ကြီးကြီးမားမားဖြစ်သွားတဲ့ အနေအထားကို ကြားသိရချိန်မှာပဲ နောက် အံ့အားသင့်စရာ သတင်းတပုဒ်က အမေရိကန်ပြည်ထောင်စု သမ္မတထရမ့် အစိုးရအဖွဲ့က လက်ထောက် နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြီးခဲ့တဲ့လ နေပြည်တော် ခရီးစဥ်၊ စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်ကျော် ၆ နှစ်နီးပါးအတွင်း ပထမဆုံးသော အမေရိကန်အစိုးရရဲ့ အဆင့်မြင့်တာဝန်ရှိသူက  အာဏာသိမ်း စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တဲ့ အကြောင်းကို ရိုက်တာစ်သတင်းဌာနက ဖော်ပြမှု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့ ဘန်ကောက်ကနေ အမေရိကန်အစိုးရရဲ့ လေယာဥ်ငယ်တစီး နေပြည်တော်လေဆိပ်ကို ဆိုက်ရောက်ခဲ့ပြီး နောက်တနေ့ ညနေပိုင်းမှာ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။ ဒီလေယာဥ်ငယ်ဟာ အမေရိကန်သံတမန်၊ အစိုးရအဖွဲ့ထဲက အရာရှိကြီးတွေ အသုံးပြုလေ့ရှိတဲ့ လေယာဥ်အမျိုးအစားဖြစ်ပြီး နေပြည်တော်ကို အမေရိကန်အစိုးရ အဖွဲ့သုံး လေယာဥ် လာရောက်ခြင်းဟာ နောက်ကွယ်မှာ ဘာတွေ ရှိနေပြီလဲဆိုတဲ့ မှန်းဆမှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီခရီးစဥ် ပြီးတဲ့နေ့မှာပဲ ပြီးခဲ့တဲ့ ဇွန်လက ရန်ကုန်မြို့လေဆိပ်မှာ ပြည်ပက ပြန်အဝင် ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံ အမေရိကန်ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဋ္ဌဟောင်း အမေရိကန်နိုင်ငံသား အဒမ်ကက်စတယ်လိုကို ပြန်လွှတ်ပြီး ပြည်နှင်ဒဏ်ပေးလိုက်တဲ့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ ဒီသတင်းအချက်အလက် ထွက်ပေါ်လာတာက နေပြည်တော်ကို ဆင်းခဲ့တဲ့ အမေရိကန်လေယာဥ်ရဲ့ အကြောင်းရင်းကို ကောက်ချက်ချပေးလိုက်သလို ဖြစ်စေပြီး နောက်တလဝန်းကျင် ကြာချိန်မှာ အခုလို အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာစစ်အစိုးရဘက်က တာဝန်ရှိသူတွေ တွေ့ခဲ့တယ်ဆိုတဲ့ သတင်းကို အမည်မဖော်လိုတဲ့ သတင်းရင်းမြစ် ၃/၄ ခုထက်မနည်းကို အတည်ပြုပြီး ဖော်ထုတ်ရေးသားလိုက်တာ ဖြစ်ပါတယ်။

ဒီခရီးစဥ်ဟာ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ အမေရိကန် နိုင်ငံသား တဦး တယောက် ကိစ္စသာ မဟုတ်ဘဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထောက်လှမ်းရေးနဲ့ သုတေသနဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ဗန့်စ် က နေပြည်တော်မှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နှိမ်နှင်းရေးကိစ္စ၊ မြေရှားသတ္တုသိုက် ကိစ္စတွေအထိ ဆွေးနွေးခဲ့တယ်ဆိုတဲ့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားဖော်ပြချက်ဟာ မြန်မာစစ်ခေါင်းဆောင်တွေကို အမေရိကန် ထရမ့် အစိုးရအနေနဲ့ ဖယ်ကြဥ်မထားဘဲ ထိတွေ့ဆက်ဆံတဲ့ မူဝါဒ အပြောင်းအလဲကို ထုတ်ဖော်လိုက်သလို ဖြစ်စေပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားစဥ် အမေရိကန်မှာ သမ္မတဘိုင်ဒင် တာဝန်ယူခါစဖြစ်ပြီး သမ္မတဘိုင်ဒင်သက်တမ်း ၄ နှစ်လုံးလုံး မြန်မာစစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံမှု မရှိခဲ့ဘဲ သမ္မတထရမ့် အာဏာရယူပြီး ၂ နှစ်နီးပါးအကြာမှာ အခုလို ထိတွေ့ဆက်ဆံမှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဇွန်လက ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ အဒမ်ကက်စတယ်လိုဟာ သမ္မတ ထရမ့်ရဲ့ MAGA အမေရိကန် ပြန်လည်ကြီးပွားရေး အယူအဆကို အမာခံထောက်ခံသူတဦး ဖြစ်သလို မြန်မာစစ်အစိုးရရဲ့ အမေရိကန်ပြည်ထောင်စုမှာ လော်ဘီငှားရမ်းရေး ကိစ္စမှာလည်း ကြားက ဆက်သွယ်ပေးသူ တဦးလို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ ထရန့်အစိုးရ အဖွဲ့ဝင်အချို့နဲ့ ရင်းနှီးသူ MAGA အုပ်စုထဲက တဦး ဖမ်းဆီးခံရတဲ့ကိစ္စမှာ အမေရိကန် အစိုးရဟာ ကယ်ဆယ်ဖို့လုပ်ရင်း မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံနေပြီလား ဒီလမ်းကြောင်းက နောက်ဘယ်လောက်ထိ ဆက်သွားမလဲ၊ ဘယ်အခြေအနေအကို ဦးတည်သွားမလဲဆိုတာ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ သိလိုတဲ့ မေးခွန်း ဖြစ်ပါတယ်။

ယခင်က အမေရိကန် အထက်လွှတ်တော်မှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ဆယ်စုနှစ် ၃ ခုကျော် ၄ ခုနီးပါး ဒီမိုကရေစီအရေးဘက်က ထောက်ခံခဲ့တဲ့ ရီပတ်ဗလစ်ကန် ကိုယ်စားလှယ် မစ်ချ်မက်ကော်နဲလ် ကျန်းမာရေးကြောင့် တက်တက်ကြွကြွ မလုပ်ဆောင်နိုင်ချိန် အမေရိကန်အစိုးရအနေနဲ့ မြန်မာ့အရေးမှာ အမေရိကန် အကျိုးစီးပွား တခုတည်းကိုသာ ကြည့်ပြီး အခြားသော ရှုထောင့်တွေကို လျစ်လျူရှုထားလိုက်မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိလာနေတာ ဖြစ်ပါတယ်။

ထရမ့်လက်ထက် အမေရိကန် အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒတွေ မမှန်းဆနိုင်လောက်အောင် အထက်အောက် ဇောက်ထိုးမိုးမျှော် ဖြစ်နေချိန် မြန်မာ့အရေးကို ဒီမိုကရေစီ ပြန်လည်ထွန်းကားရေး၊ လူ့အခွင့်အရေး ကြီးမားစွာ ချိုးဖောက်မှုတွေမှာ တာဝန်ရှိသူတွေကို ဒဏ်ခတ်ရေးတွေထက် အမေရိကန်နိုင်ငံ အကျိုးစီးပွားသာလျှင် ပထမ၊ ဒုတိယ၊ တတိယ အဖြစ်နဲ့ မြန်မာစစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံတာမျိုးလည်း ဖြစ်နိုင်ခြေရှိနေတာပါ။

မြန်မာစစ်ခေါင်းဆောင်ရဲ့ မလေးရှား ခရီးစဥ်အပြီး ပေါ်ထွက်လာတဲ့ ပြောဆိုချက်တွေနဲ့ အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်ရဲ့ နေပြည်တော် ခရီးစဥ်အတွင်း ထိတွေ့ဆက်ဆံမှု သတင်းတွေက မြန်မာ နွေဦးတော်လှန်ရေး၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေး ထောက်ခံသူတွေအဖို့ ငလျင်လို တုန်ခါသွားစေတဲ့ အရွေ့ကြီးတခုလို့ မဆိုနိုင်သည့်တိုင် သက်ရောက်မှုကြီးမားတဲ့ လှုပ်ခတ်မှုတခုတော့ ဖြစ်စေတာ အမှန်ပဲ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar