Breaking News

မောင်လူမွှေး - အနီရောင် ဂန္ဓမာ

မောင်လူမွှေး - အနီရောင် ဂန္ဓမာ

မိုးမခ ၊ အောက်တိုဘာ ၉ ၊ ၂၀၂၆



ညက မုန်တိုင်းရှိတော့ မိုးတွေ ရွာတယ်။ မိုးတွေ ခြိမ်းလိုက်တာလည်း တအားပဲ။ မိုးကြိုးပစ်သံနဲ့ မိုးရွာသံဟာ တီးလုံးတိုက်ထားတဲ့အတိုင်းပဲ။ မိုးကြိုးသံ အကျယ်ကြီး ပစ်ပြီးပြီးချင်း မိုးက "ဝေါ"ခနဲ ကောက်ရွာပစ်လိုက်တာကို သတိထားမိတယ်။ မနက်ထလင်းတော့ မိုးဟာ အုံ့နေဆဲ။ အရှေ့အရပ်က ရောင်နီဟာ မလာနိုင်သေး။ ဒီအချိန်မှာ သတင်းကောင်းတခု ရောက်လာတယ်။ " အလောင်းပြန်ရပြီ" တဲ့။ ညကတော့ အလောင်းပြန်ရဖို့ ကြိုးစားနေကြတယ်။ မရသေးဘူး ဆိုတဲ့ အခြေအနေကနေ အလောင်းပြန်ရပြီ ဆိုတော့ အမှောင်ထုထဲက အလင်းစက်တစက်လို၊ သတင်းကောင်းတခုလို ခံစားကြရတာဖြစ်ပါတယ်။

အလောင်းပြန်ရပြီ ဆိုတော့ တော်လှန်ရေးမပြီးမချင်း အိမ်မပြန်ဘူး ဆိုတဲ့ ဆရာလေးဟာ သူ့အိမ်ကို ပို့ဆောင်ခြင်း ခံရတော့မှာပါလားလို့ မောင်လူမွှေး တွေးနေမိတယ်။  မနက် ၁၀ နာရီလောက်မှာ သတင်းထပ်ကြားရတယ်။ အလောင်းက မရဘူးတဲ့။ မနက်က အလောင်းရတယ်ဆိုတဲ့ သတင်းက မှားနေတာတဲ့။ ဒီလိုဆို တော်လှန်ရေးမပြီးမချင်း အိမ်ကို မပြန်ဘူးဆိုတဲ့ ဆရာလေးဆန္ဒ ပြည့်ဝသွားပြီပေါ့။

CDM ကျောင်းဆရာ ဖြစ်တဲ့ ဆရာလေး ဂန္ဓမာဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်  လက်နက်ကိုင်တော်လှန်ရေးကို လုပ်ကိုင်ခဲ့တဲ့ ရဲဘော် ဖြစ်တယ်။ ရဲဘော်ဂန္ဓမာ ဆိုတဲ့ နာမည်ဟာ ရဲဘော်တွေကြားမှာ ၊ ဒေသခံ ပြည်သူတွေရဲ့ ပါးစပ်ဖျားမှာ လေးစားမှုသင်္ကေတ ဖြစ်ခဲ့တယ်။ ဆရာလေးဟာ တော်လှန်ရေးစကတည်းက ခုချိန်ထိ ငါးနှစ်ကျော်ကာလလုံး အိမ်ကို မပြန်ခဲ့သူ ဖြစ်တယ်။ သူရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေတုန်း သူ့အမေ ဆုံးတော့လည်း သူ အိမ်မပြန်ခဲ့ဘူး။ အမေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကိုတော့ ဆရာလေး ရေးတဲ့ "ပဲ့တင်သံ" ဆိုတဲ့ ကဗျာထဲမှာ တွေ့ရတယ်။

လုပ်နိုင်သလောက် လုပ်ခဲ့ပြီးပြီ..
ပြန်လာခဲ့ပါတော့လား....သား။
အမေ အမေ့အရိပ်က
ထာဝရအေးတာ သား သိပါတယ် အမေ။

ညီအစ်ကို မောင်နှမတွေ
ရင်ထဲမှာ ရှိပါတယ် အမေ။

ကိုယ်ချင်းစာတတ်အောင်
အတ္တမဆန်တတ်အောင်
အမှန်တရားကို လက်ခံတတ်
ယုံကြည်တတ်အောင်၊ 
ကိုယ်ကျိုးစွန့် အနစ်နာခံတတ်အောင်
ဂုဏ်သိက္ခာကို တန်ဖိုးထားတတ်အောင်
အမေပဲ သင်ကြားပေးခဲ့တာပဲလေ။

အမေ့သင်ကြားမှု သင်ယူမူစနစ်က
သားဘဝမှာ ပူးကပ်
ပေါက်ရောက်ခဲ့တယ် အမေ။

ဆရာလေးဟာ ကဗျာရေးသူ၊ စာရေးသူတယောက် ဖြစ်တယ်။ သူ့ရဲ့ လူမှုကွန်ရက်မှာ ကဗျာတွေ၊ စာတွေ ရေးတဲ့အခါ ရဲဘော်ဂန္ဓမာ (ယောစစ်သည်)  ဆိုတဲ့ နာမည်ကို သုံးတယ်။ အမေ သေတာကိုတောင် ရှေ့တန်းကနေ ပြန်မလာတဲ့ သားတယောက်ရဲ့ အမေအပေါ် ချစ်ခြင်းတရား၊ လေးစားကြည်ညိုမှုကို မြင်ရတယ်။ အခုတော့ သားအမိတွေ တမလွန်မှာ ဆုံကြပြီပေါ့လို့ ဖတ်ကောင်းအောင် မောင်လူမွှေး မရေးချင်ပါ။ တော်လှန်ရေးကာလမှာ သားအမိနှစ်ယောက်လုံး သေကွဲ ကွဲခဲ့ရတာ ဖြစ်ပါတယ်။

"ဆရာလေး ဂန္ဓာမာကို ဆုံးရှုံးရတာဟာ တပ်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်တယ်ဗျာ" လို့ တော်လှန်ရေး အစကတည်းက ဆရာလေးနဲ့ လက်တွဲလာခဲ့တဲ့ သူ့ဆရာက ဆို့ဆို့နင့်နင့် မှတ်ချက်ပြုတယ်။ 

 ဆရာလေးဟာ တော်လှန်ရေးတပ်ဖွဲ့ရဲ့ တပ်မှူးကောင်းတစ်ယောက်။  ရဲဘော်တွေရဲ့ အရာရှိကောင်းတစ်ယောက်။ သူနဲ့ဆက်ဆံနေကြရတဲ့ ပြည်သူတွေချစ်မြတ်နိုးလေးစားခြင်းခံရတဲ့ တော်လှန်ရေးရဲဘော်တစ်ယောက်  ဖြစ်တယ်။ ပြီးတော့ ဆရာလေးဟာ ဘယ်တုန်းကမှ CDM ထောက်ပံ့ကြေးမရဖူးတဲ့ CDM ကျောင်းဆရာတယောက်လည်း ဖြစ်ပါတယ်။

ဆရာလေးကို စစ်ရှောင် ပြည်သူတွေ ချစ်ကြပုံတွေကို မောင်လူမွှေး သတိရမိတယ်။ ပြီးခဲ့တဲ့ သုံးလလောက်က ရှေ့တန်းကနေ ဆရာလေးက သူ့မိတ်ဆွေတစ်ယောက်ဆီ ဆေးလိပ်တစ်ခွေမှာတယ်။ ဒီသတင်းကို စစ်ရှောင်ပြည်သူတွေ ကြားတော့ ပိုက်ဆံတွေ ချက်ချင်းစုပြီး ဆရာလေးဆီ ပိုက်ဆံတစ်သိန်း ပို့ကြသတဲ့။ တကယ်တော့ ဆရာလေးက သူ ရောက်နေတဲ့ဒေသမှာ သူ ကြိုက်တဲ့ဆေးလိပ် မရှိလို့ သူ့မိတ်ဆွေကို ဆေးလိပ် မှာတာပါ။ ဒါကို စစ်ရှောင်ပြည်သူတွေက သူတို့ဆရာလေးမှာ ဆေးလိပ်သောက်စရာတောင် ပိုက်ဆံမရှိရှာတော့ဘူး ထင်ပြီး အမြန်စုစည်းပြီး လွှဲကြတာပါ။ ပိုက်ဆံရောက်လာတော့ ဆရာလေးဟာ ရဲဘော်တွေကို ဖုန်းဘေလ် မျှပြီး ထည့်ပေးလိုက်တယ်လို့ သိရတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်ကျော်လောက်က ဆရာလေးနဲ့ မောင်လူမွှေး ဆိုင်ကယ်တစီး နှစ်ယောက် စီးပြီး ခရီးသွားခဲ့ကြရတယ်။ တောင်ပေါ်ကနေ အဆင်း အကွေ့မှာ အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်လဲတော့ ဆိုင်ကယ် ကာဘာတွေ၊ မားရကပ်တွေ အကုန်ကွဲတယ်။ နောက်ကစီးတဲ့ ဆရာလေးဟာ ဆိုင်ကယ်ရှေ့ကို တော်တော်လွင့်ထွက်သွားတယ်။ မောင်လူမွှေးက ဆိုင်ကယ်ရှေ့နားက ချုံပုတ်ပေါ်ကို လွင့်သွားတယ်။ အဝေးကို လွင့်သွားတဲ့ ဆရာလေးဟာ မောင်လူမွှေးဆီ အမြန်ထပြေးလာပြီး ထူတာကို သတိရမိတယ်။ ပြီးတော့ ဆိုင်ကယ်လဲတဲ့အကြောင်းကို ပြုံးပြုံးနဲ့ ရဲဘော်ရဲဘက်တွေကို ရယ်စရာအဖြစ် ပြန်ပြောတတ်ပုံတွေကိုလည်း သတိရမိတယ်။

ဆရာလေးလို လူမျိုးဟာ တော်လှန်ရေးကာလမှာ အသက်ရှင်သန် ကျန်ရစ်ဖို့ တော်တော်ခဲယဥ်းမယ်ဆိုတာ မောင်လူမွှေး အစောကြီးကတည်းက သိပါတယ်။ သူဟာ ရဲဘော်တွေကို စည်းရုံးရေးနဲ့အုပ်ချုပ်ပြီး သွားစရာရှိရင်၊ တိုက်စရာရှိရင် ရှေ့ဆုံးကနေ ထွက်တတ်သူ ဖြစ်တယ်။ သူ့လက်အောက်က ရဲဘော်တွေကို ညှာတာတတ်သူ ဖြစ်တယ်။  ပင်ပန်းတဲ့နေရာ၊ အန္တရာယ်ရှိတဲ့ နေရာဆို ရဲဘော်တွေနဲ့အတူ သူ အမြဲရှိတယ်။ အခုလည်း ရှေ့တန်းတိုက်ပွဲမှာ ဒဏ်ရာရနေတဲ့ ရဲဘော်ကို သွားဆွဲရင်း ဆရာလေး ကျဆုံးခဲ့ပြီ။

အသက်နှစ်ဆယ်ကျော် လူငယ်တယောက်။  အပျော်အပါးတွေမရှိ၊ ဘဝကို တော်လှန်ရေးထဲ နှစ်ထားလိုက်ပုံများ လူက ရှေ့တန်းမှာ အမြဲရှိပြီး နှလုံးသားရေးရာကို အမြဲနောက်တန်းပို့ထားတဲ့ သူတယောက်။ သူ ရေးတဲ့ ကဗျာတွေမှာ နှမ လက်လျှော့နေလေတော့ ဆိုတဲ့ အရိပ်အယောင်တွေကို မြင်ရတယ်။  တိတ်ဆိတ်ခြင်းကို နှစ်သက်သူ။ တစုံတရာအကြောင်းကို တွေးတောရင်း ဧကစာနေရတာကို နှစ်သက်တဲ့သူ။ စကားနည်းသလောက် ပြောတဲ့အခါလည်း စကားတလုံးချင်းကို ဖြည်းဖြည်းလေးလေး ပြောတတ်တဲ့သူ။ ပြောတဲ့စကားတိုင်း တည်တဲ့ ဆရာလေးဟာ သူ့စကားအတိုင်း တော်လှန်ရေးမပြီးသေးလို့ အိမ်ကို မပြန်ခဲ့တော့ဘူး။ 

ဆရာလေးဟာ "ဂန္ဓမာ" ဆိုတဲ့ နာမည်ကို ဘာကြောင့် ခံယူခဲ့တယ်ဆိုတာကို မမေးလိုက်မိလို့ မောင်လူမွှေး မသိဘူး။ ဂန္ဓမာ ဆိုတာ ပါဠိက ဆင်းသက်လာတဲ့ စကား။  "အဖြူ၊ အဝါ စသည် ပွင့်ချပ်အထပ်ထပ်ရှိ ပန်းများပွင့်သည့် အပင်တမျိုး" လို့ မြန်မာအဘိဓာန်က အဓိပ္ပာယ်ဖွင့်တယ်။ ဆရာလေး ဂန္ဓမာကတော့ ရဲရဲတောက် တော်လှန်ရေးစိတ်ဓာတ်တွေ၊ ယုံကြည်မှုတွေ ပွင့်ခဲ့တဲ့ အနီရောင်ဂန္ဓာမာ ဖြစ်တာ သေချာတယ်။ ဖြူစင်တဲ့ ဆရာလေး ဂန္ဓမာ၊ ရဲရင့်တဲ့ ရဲဘော်ဂန္ဓမာကို မောင်လူမွှေး နှလုံးသားက တသက်တာ ဦးညွှတ်အလေးပြုနေမှာ ဖြစ်ပါတယ်ခင်ဗျာ။

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar