အဏီ - ညိုမီ
အဏီ - ညိုမီ
မိုးမခ ၊ အောက်တိုဘာ ၂၀ ၊ ၂၀၂၆
(၁)
မိုးစက်၊ မိုးပေါက်များ တဖြောဖြောကျနေသံကိုနားစွင့်ရင်း တချက် ပြုံးလိုက်မိသည်။ အနားမှာ ကျွန်မ မျက်နှာကို ငုံ့ကြည့်ရင်း တလှိုက်လှိုက် တက်သည်အထိ ဝမ်းနည်းဆို့နင့်နေသော မောင်က ကျွန်မ၏ အပြုံးကို အဓိပ္ပာယ်ရှာဖွေနေပုံရ၏။
"မောင် မီ့အသံကို ကြားရသလားဟင်"
ဝင်သက် ထွက်သက်ကို ပင်ပန်းတကြီး ရှူရှိုက်နေရသည့်ကြားက မောင့်ကို စိတ်အေးချမ်း ဖြေဆည်မှု ရစေချင်နေမိသည်။ မောင်က မပီပြင်သည့် အပြုံးတစ်ခု နှုတ်ခမ်းဖျားမှာ တပ်ဆင်ပြီး ခေါင်းညိတ်ပြသည်။ မောင့်မျက်ဝန်းဆီမှ မျက်ရည်စက်တချို့ ကျွန်မပါးပြင်ဆီလာ၍ ဖိတ်စင်သည်။
"မောင် ငိုနေသလား။ မီ စိတ်မကောင်းဘူး။ မောင့်ကို မီ မရှိတဲ့ ကမ္ဘာမှာ ပေါ့ပါးလွတ်လပ်တဲ့ လူတစ်ယောက်အဖြစ် မီထားခဲ့ချင်တယ်"
စကားလုံးတွေကို တစ်လုံးစီ ပီပီသသထွက်ဖို့ အားယူပြောပြီးနောက် ကျွန်မ ခဏနားရသည်။
မိုးသံနှင့်အတူ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး၏ တရားသံက နားထဲ မကြားတလှည့် ကြားတလှည့်။
ရုပ်တရား၊ နာမ်တရားတို့သည် ငါပိုင် ငါဆိုင် မဟုတ်။ အနတ္တသဘောကို ဆောင်သည်သာချည်း။ အနိစ္စသဘောကို အစဉ်သာပြသည်။ မတည်မြဲခြင်း၊ ဖောက်ပြန်ပြောင်းလဲခြင်းနှင့် ဒုက္ခအတိကို ကျွန်မ သိမြင်ခဲ့ပြီ။ မောင့်ကို လက်လွှတ်နိုင်ဖို့ အသက်ဓာတ်ကလေး နုနယ် ဖျော့တော့လာစဉ်ကတည်းက ဒီတရားသဘောတွေကို နှလုံးသွင်းလာခဲ့သည်မှာ ကြာပါပကော။
"မီ ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ မောင်။ မောင်လည်း အခြေအနေကို လက်ခံနိုင်ဖို့ ကြိုးစားပါ။ အခု မီဟာ မောင့်မှတ်ဉာဏ်ထဲက မီနဲ့ တူတာ မြူတစ်မှုန်စာတောင် မကျန်ဘူး နော် မောင်"
မောင့်လက်ထဲက ကျွန်မ၏ ဝါကျင်ဖျော့တော့ပိန်လှီသော လက်ချောင်းကလေးတွေကို အားယူဆွဲထုတ်ကာ ကျွန်မ ရင်ဘတ်ဆီသို့ ရွှေ့ယူလိုက်သည်။
လက်အရွှေ့အပြောင်းလေးကို သတိလက်မလွတ်ဖို့ ကြိုးစားရသည်။ အပြင်မှာ အချိန်ကာလ၏ အမှောင်ဓာတ်နှင့်အတူ မိုးသည်းထန်နေသည့်အတွက် ကြယ်ရောင် လရောင်ပင် မမြင်ရ။ လောကတစ်ခွင်လုံး မှောင်အတိ။ ကျွန်မ ညအမှောင်တွေကို ကြောက်တတ်တာ မောင် သိနေမှာတော့ မဟုတ်။
နောက်ထပ် နာရီအနည်းငယ်ကြာလျှင် ကျွန်မကမ္ဘာလည်း မှောင်အတိလွှမ်းတော့မည်သာ။ လောကတစ်ခွင်လုံးမှာ တန်ဖိုးအထားရဆုံး၊ အချစ်ရဆုံး မောင့်ကို ထားခဲ့ရတော့မည်။ မောင်မရှိသည့် အခြားတစ်ဖက်ကို မည်သို့ လှမ်းရပါမည်လဲ။ နှလုံးသွေးတို့ အစိမ်းလိုက်ထွက်တော့မတတ် နာကျင်ပြင်းပြသည့် ခံစားချက်ကို သတိမလွတ် လိုက်မှတ်ရသည်။ ကျွန်မအတွက် မဟုတ်လျှင်တောင် မောင့်အတွက် ဒီကမ္ဘာလောကကနေ ကျွန်မ ညင်ညင်သာသာ ထွက်ခွာရပါလိမ့်မည်။
(၂)
ညိုမီ...
မှုန်ကုပ်ကုပ် မည်းညို့ညို့ အကြော်ဆိုင်တဲလေးထဲမှာ လောကကို စိတ်ကုန်နေသည့် မျက်လုံးမျိုးနှင့် ကြည့်တတ်ပါသော ညိုမီ ဆိုသည့် ကောင်မကလေး အကြော်ထိုင်ရောင်းနေလေ့ရှိသည်။
ရပ်ကွက်အိုလေးထဲက အကြော်ဆိုင်လေးဟာ အရောင်းမသွက်လှ။ ညိုမီ့ကို ကြည့်လိုက်လျှင် စာအုပ်တစ်အုပ် ဖတ်နေသည်က များသည်။
အဝတ်အစား မတောက်ပြောင်။ ဆံပင်တွေ ကောက်ဖွာဖွာနှင့် ညိုမီဟာ အပျိုရွယ်လေး ရောက်လာပေမဲ့ ဆန့်ကျင်ဘက် ပုရိသတွေရဲ့ အကြည့်အောက်မှာ မရှိ။ ဒီအတွက်လည်း ညိုမီက ထူးပြီး မခံစားလှ။ သူငယ်ချင်းတွေ ချစ်သူအသီးသီး ရနေတာကိုလည်း ဂရုမစိုက်လှပေ။
ညိုမီ့မှာ အသက်ဓာတ်လေး ဆက်ရှင်သန်ဖို့ တွန်းအားပေးနေသည့်အရာတစ်ခုသာ ရှိသည်။
"မောင်" နှလုံးသားက လှိုက်ဖိုနွေးသွားအောင် ချစ်မိရသူ အမျိုးသားလေး။ မျက်ဝန်းညိုတွေနှင့် ဆံပင်ရှည်ရှည်တွေ ပိုင်ဆိုင်ထားသူ ထိုအမျိုးသားလေး။
ရက်သတ္တပတ်တစ်ခုမှာ သုံးရက်လောက်တော့ မောင့်ကို တွေ့ရစမြဲ။ သူ့ချစ်သူ ကောင်မလေးနှင့် ဒါမှမဟုတ် သူ့အပေါင်းအသင်း ရောင်းရင်း တစ်အုပ်နှင့်။ အကြော်ဆိုင်ရှေ့က ဖြတ်သွားတိုင်း သူ ကျွန်မကို ကြည့်သွားတတ်သည့် မျက်ဝန်းညိုတွေ။
ကြည့်ပေမဲ့ မြင်ရိပ်မပြသည့် မျက်ဝန်းတွေအတွက်ကိုမူ ကျွန်မ အနည်းငယ်စိတ်မကောင်းဖြစ်မိသည်။
သန်မာတောင့်တင်းသည့် ပေါင်တံတွေ၊ ခြေထောက်တွေရှိသည့် မောင်က ဂျင်းပင်န်ကို မချွတ်တမ်း ဝတ်တတ်တာကအစ ကျွန်မ သိသည်။ ချစ်သည်။ မောင့်ချစ်သူကောင်မလေးက လက်မောင်းနှင့် ခြေသလုံးမှာ တက်တူးတွေ ထိုးနှံထားပြီး အဝတ်အစား ဆန်းကြယ်လွန်းသည်။
မောင်တို့တဖွဲ့လုံးဟာ ရပ်ကွက်ထဲမှာတော့ ကျော်ကြားသည်ပင်။ ဆေးသမားတွေ။ ခေါင်းတွေ ဆိုပြီးပေါ့။ မောင့် ချစ်သူကောင်မလေးကိုယ်တိုင်က ကိုယ်နှင့်ရင်း၍ ငွေရှာနေသူလို့ ကျွန်မတို့ရပ်ကွက်ကလေးထဲမှ လူတိုင်းက သတ်မှတ်သည်။ မောင့်ကိုလည်း တေလေဂျပိုးအဖြစ် ပြောဆိုကြသည်သာ။ သို့တိုင်အောင် မျက်ဝန်းညိုတွေနှင့် မိမိမိုက်မိုက်ရှိလှသူ မောင့်အပေါ် ကျွန်မ အချစ်မလျော့။
စာဖတ်ပြီး အတွေးတွေ ကွဲထွက်နေသည့် ကျွန်မနှင့် ရပ်ကွက်ထဲက လူအများ၏ ယုံကြည်မှုက အမြဲဆန့်ကျင်ဘက်။ မောင်က သူ့ကောင်မလေးကို ရေရှည်တွဲလိမ့်မည် မဟုတ်ဟု ကျွန်မက ယုံကြည်သည်။ မောင့်ချစ်သူနှင့် မောင် ကွဲသည်ဖြစ်စေ၊ တွဲသည် ဖြစ်စေ မောင်သူမကို ချစ်လာဖို့ ဆိုသည်မှာ မဖြစ်နိုင်။ မောင့်မြင်ကွင်းမှာ ထင်ရှားနေဖို့ ကျွန်မ မတတ်နိုင်ခဲ့။ ကျွန်မဘက်က ချစ်၍နေရသည်ကိုပင် တမက်တမောရှိလှပါပြီ။
မောင် ရပ်တည်နေသည့် ဤမြေကမ္ဘာမှာ မောင်နှင့်အတူ ရပ်တည်ခွင့်ရနေခြင်း၊ မောင် ရှိုက်သွင်း၊ ရှူထုတ်သည့် လေပြည်ကိုပင် အတူ ရှူရှိုက်နေရခြင်းကပင် ကျွန်မအတွက် ကျေနပ်နှစ်သိမ့်ရာ။ တစ်ရက်တော့ မောင်က ကျွန်မရှေ့သို့ ရောက်ချလာပါသည်။
မထူးခြားလှပါသော စနေနေ့၏ ညနေခင်းတစ်ခုမှာ မောင်က ကန်းထရီးရှပ်နှင့် ဂျင်းပန်န် ဖြူဖျော့ဖျော့ကို ဝတ်ဆင်ပြီး အကြော်တဲလေးရှေ့ မတ်မတ်ရပ်လာခဲ့သည်။
"ချာတိတ်၊ ကိုယ့်ကို အကြော်အစုံထည့်ပေးပါ။ နှစ်ထောင်ဖိုးလောက်"
ချိုတိုတို ရီတီတီအပြုံးနှင့် သူမကို စ၊ နောက်တော့မယောင် မောင့်လေသံကြောင့် သူမတစ်ယောက် ရင်ထဲ လှိုက်တုန်လာကာ ငိုချတော့မယောင် နှာသီးဖျားတွေ နီရဲ၍ လက်တုန်နေမိပြီ။
"မင်းလက်ကလေးတွေ တအားလှတယ်။ အဲဒါ မင်း သိလား ချာတိတ်"
မောင့်ရဲ့ သူမအပေါ် အသိအမှတ်ပြုမှုကို လက်ခံရင်း သူမ မောင့်ကို ပြုံးပြမိသည်။ အနီးကပ်မြင်ရတော့မှ မောင့်မျက်ဝန်းတွေ ညိုလဲ့ ရွှန်းစိုနေပြီး မောင့်နှုတ်ခမ်း ထူအိအိတို့ နီရဲနေသည်က မနာလိုစရာကောင်းအောင် ဆွဲဆောင်မှုရှိလွန်းလှသည်။
ထိုနေ့မှစ၍ နောက်ထပ် လပေါင်း အတော်ကြာသည်အထိ မောင့်ကို မတွေ့ရတော့။ မောင့်ချစ်သူ အမျိုးသမီးကလေးကိုရောပေါ့။ သူမတို့ အကြော်ဆိုင်လေးကိုလည်း အရင်းထပ်မစိုက်နိုင်တော့၍ မိဘတို့က အပြီးပိုင် ပိတ်လိုက်တော့သည်။
မောင် ဘယ်ဆီမှာ နေမှန်းမသိရ။ မောင့်ကို တွေ့ဖို့ လမ်းစလည်း မရှိတော့ပြီ။ သူမလည်း တက္ကသိုလ် စတက်ရပြီ ဖြစ်ရကား မောင်နှင့် အလှမ်းဝေးခဲ့လေပြီ။ မောင် ကျန်းမာနေပါစေ။ စိုရီလဲ့သည့် မျက်ဝန်းတွေ အမြဲတောက်ပနေပါ မောင်ရေ။
(၃)
မတ်လရဲ့အပူချိန်ဟာ ညအချိန်ထိ အရှိန်တညီးညီး တောက်ဆဲ။ ဓနိမိုး၊ ထရံကာ၊ သစ်သားပျဥ်ကြဲကြဲခင်းထားသည့် တဲအိမ်ကလေးကိုလည်း အပူရှိန်က အလွတ်မပေးပေ။ နှစ်ပေါင်းအတန်ကြာ အအေးဓာတ်ပေးနေသည့် ပန်ကာအို၏ တကျီကျီ တဂျိဂျိ မြည်သံက တဲအိမ်လေးကို လွှမ်းမိုးထားသည်။
ရမ္မက်လွှမ်းနေသည့် အရက်အဆီပြန်မျက်နှာနှင့် သူမ၏ဖခင်ဖြစ်သူက အိမ်ခန်းထဲ အမေနှင့် အတူအိပ်နေရာမှ ထလာပြီး ကျွန်မတို့ညီအစ်မနှစ်ယောက်ကြား ဝင်ရောက်လှဲချလာသည်ကို ကျိုးတိုးကျဲတဲ ဓနိမိုးကြား ဝင်ရောက်နေသည့် လရောင်ကြောင့် အထင်းသား မြင်နေရသည်။ ယခင်ရက်များလိုပင် လက်ကြမ်းကြီးနှင့် အင်္ကျီကို ရင်သားအစုံ ပေါ်သည်အထိ ဆွဲလှန်ခံလိုက်ရသည်။ ကျွန်မ အိပ်ချင်ယောင် ဆက်ဆောင်ရသည်။ နည်းနည်းမျှ မလှုပ်ရဲ။ ကျွန်မ နိုးနေမှန်း သိသွားလျှင် ရှေ့ဆက်ဘာဖြစ်မည်ကို မတွေးရဲပေ။
နာရီအတန်ကြာသည်အထိ တလှုပ်လှုပ်တရွရွ၊ တဲအိမ်ငယ် တစ်ချက် တစ်ချက်သိမ့်တုန်သွားသည်အထိ အားရကျေနပ်အောင် ပြုမူပြီးတဲ့နောက် အဖေ အိမ်ရှေ့က စဉ့်အိုးများရှိရာဆီ ဆင်းသွားပေပြီ။ အိမ်အတွင်းခန်းဆီက အမေ့ရဲ့ ချောင်းဟန့်သံကို ကြားရသည်။ နင်တို့ ပြီးကြပလားလို့ ထမေးလှည့်ပေါ့ အမေရယ်ဟု မငိုနိုင် မရယ်နိုင်စိတ်နှင့် ကျွန်မ ရေရွတ်မိသည်။ အဲဒီလိုညပေါင်းများစွာ သမီးဖြစ်သူ ငရဲခံနေရတာကို အမေ မသိဘဲနေမည် မဟုတ်။ ကျူထရံတချပ်သာ ခြားသည့် ဆယ်ပေ အိမ်ကလေးထဲက လူကြားမကောင်းသည့် ဖြစ်ရပ်ဆိုးကို အမေ မသိဘဲနေမည် မဟုတ်ဟု ကျွန်မ ယုံကြည်သည်။ အမေ ဘာလို့ မတားခဲ့ပါသလဲ။ အမေ ဘာကြောင့် ညိုမီ ဆိုသည့် သူမကို မကာကွယ်ခဲ့ပါသလဲ။
ကျွန်မကိုယ် ကျွန်မလည်း မသတီ။ အဖေနှင့် အမေ့မျက်နှာကိုလည်း ယောင်လို့ပင် မကြည့်ချင်။ ဒီကိစ္စတွေရဲ့ နောက်ကွယ်မှာ အဖေက နာမည်ကောင်းယူဆဲပင်။ တအိမ်လုံး သူ၏ လုပ်အားခနှင့် ရပ်တည်နေရပြီး ညိုမီ ဆိုသည့် ကျွန်မက အခွင့်ထူးခံ တက္ကသိုလ်တက်နေခြင်းသည် တတိယ ကမ္ဘာစစ်ကို ဖန်တီးသူလောက်နီးနီး အပြစ်ရှိနေကြသည်ဟု အဖေက နေ့စဉ် စွပ်စွဲ၍မပြီးတော့ပေ။
ဘာကြောင့် ကျွန်မ ဒီအကြောင်းအရာတွေကို ဘယ်သူ့ကိုမှ မပြောပြပါလိမ့်။ ဘာကြောင့် ရင်စည်းခံ အစော်ကားခံနေပါသလဲ။ ကျွန်မတို့ ရပ်ကွက်ထဲက မောင်းထုတ်ခံရလိမ့်မည်။ ကျွန်မတို့ ခိုကပ်နေရတဲ့ သူတွေဆီက မောင်းချခြင်းကို ခံရပါလိမ့်မည်။ ဒီ့ထက် ဆိုးဝါးပါက ကျွန်မ ပြောသည်ကို မည်သူမျှ ယုံကြည်ပေးမည် မဟုတ်ဘဲ အမေက အဖေ့ဘက်ကသာ ရပ်တည်သွားနိုင်ပါသည်။ ဖြစ်ချင်ရာသာ ဖြစ်ကြပါစေတော့။ ညတိုင်း ဒီငရဲခန်းကို ကျွန်မ ဖြတ်ကျော်နေပါတော့မည်။
ကျွန်မမှာ ကိုယ်ဝန်ရသွားနိုင်သည်ကို သိပါသည်။ ဆေးတွေ ဝယ်သောက်၍ တားဆီးနိုင်ပါသည်။ သို့ပါသော်လည်း ကိုယ် မဖြည်ရဲသည့် အထုပ်ကို သူများက ဝင်ဖြည်သွားမည်ကို မျှော်လင့်ပါသည်။ ကိုယ်ဝန်ရ၍ ဗိုက်ကြီး ပူဖောင်းလာလျှင် ရေဖျဉ်းစွဲသည်ဟု လိမ်၍ရလိမ့်မည် မဟုတ်။ အဲဒီအချိန်ကိုရောက်လာလျှင် ပတ်ဝန်းကျင်က ဝိုင်းရေးကြမည့် ဇာတ်လမ်းတွေကို ကျွန်မ သိခွင့်ရလိမ့်မည်။ အဖေအရင်းကြီးနှင့် အမေအရင်းကြီး ရေးမည့် လေရူးသုန်သုန်လောက်ကောင်းသည့် ဇာတ်အိမ်ကြီးကိုလည်း သိရပေဦးမည်။
သူမကို ချစ်ခင်နှစ်သက်သူ ပေါ်လာပါက ဒီငရဲခန်းမှနေ၍ သူမ လွတ်ပေလိမ့်မည်။ ဒါဆိုရင် ဒီငရဲကို အရွယ်မရောက်သေးသည့် သူမ၏ ညီမငယ်လေးနှစ်ယောက်က ဆက်လက်ခံစားရမည်ဆိုသည်ကို သူမ အတပ်သိနေခဲ့ပါသည်။
အိပ်ရာထ နောက်ကျတိုင်း အဖေဆဲ တတ်သည့် "ဆင်တက်ယိုးတောင် နိုးမဲ့ကောင်မ မဟုတ်ဘူး" ဆိုသည့် စကားလုံးတိုင်းကို ကျွန်မ နားလည်ပါသည်။ မျက်ရည်တွေ ပါးပြင်ပေါ်ကျတာ အဆဲခံရ၍ဟု ထင်ကြပေလိမ့်မည်။ ကျွန်မ အိပ်ရေးမဆတ် မနိုးလို့ ဒီလို အလုပ်ခံနေရသည်ဟု ကျူးလွန်သူ မိဘတို့ကတစ်ဖန် အပြစ်တင်ရက်သည်ကို ရင်နာရပါသေးသည်။ စိတ်အလိုမကျသည့် အမေ့ဆီက ဖေနှင့်ကိုင်တုတ်သံကို ကြားရလျှင် ကျွန်မ သေဖို့တွေးမိသည်အထိ ဖြစ်ရသည်ပင်။ မည်သူကို စိတ်နာရမည်ကိုပင် မဝေခွဲတတ်တော့ဘဲ ကျွန်မဟာ မှုန်ကုပ်စူသိုးနေသည့် မျက်နှာပေးကို အမြဲလုပ်ထားမိတော့သည်။ မျက်ဝန်းများကတော့ ကြောက်ရွံ့စိတ်နှင့် ဆွေးညို့နေသည်သာ။
(၄)
တက္ကသိုလ် ဒုတိယနှစ်ရောက်ချိန် ကျွန်မ ချစ်သူ ရခဲ့သည်။ ကျွန်မကို ချစ်ပေးပြီး ရက်အနည်းငယ် မတွေ့ရချိန် ရူးမလို ခံစားရသည်ဆို၍ ကျွန်မ မငြင်းဆန်နိုင်ဘဲ ပြန်ချစ်မိသည်။ သူ့နေရာမှာ မောင်သာဆို ကျွန်မ ပိုပျော်မိမည်ဟု တွေးမိပါသေးသည်။
သို့သော် ထိုကောင်ကလေးကို ကျွန်မ ချစ်ခဲ့မိပါသည်။ သူ့သူငယ်ချင်းဟာ ရည်းစားဖြစ်သူကို တစ်ပတ် ၃ ရက် အကြိုအပို့လုပ်တဲ့အပြင် သီးသန့်တစ်ရက် ထွက်တွေ့သည်ဟု ရယ်ချင်သလို အပြစ်တင်စကား ပြန်ပြောပြသူ သူ့ကို ရင်နာနာနှင့် ခွင့်လွှတ်ရသည်။ သူနဲ့ ကျွန်မ တစ်ပတ် တစ်ရက် တွေ့ဖို့တောင် သူ အားမထုတ်တာ သိပေမဲ့ သူ ချစ်နေလျှင်ပြီးတာပါပဲဟု ဖြေသိမ့်ရသည်။
သူနှင့်တွေ့ရလျှင် ကျွန်မရဲ့ ညဆိုးတွေကိုလည်း ရင်ဆိုင်နိုင်သည်ဟု ထင်မြင်တတ်လာသည်။ စွဲနစ် ယစ်မူးခဲ့ရသူ မောင့်ကိုလည်း မေ့မယောင်ပင်။ မင်းကို ဘယ်သူမှ အထင်မကြီးကြပေမဲ့ သူက အထင်ကြီးပြီး ချစ်ပေးနေရကြောင်း ပြောသည့်အခါကမူ ကျွန်မ စိတ်ခုခဲ့သည်။ ပြောစရာမလိုသည့် စကားကို အမှတ်ယူပြောတတ်သည်က ယောက်ျားကောင်းတို့အလုပ် မဟုတ်ကြောင်း ကျွန်မအဖေ ရှေ့ဆောင်လမ်းပြမှုဖြင့် ယုံကြည်ထား၍ပင်။
မည်သို့ပင်ဖြစ်စေ ကျွန်မတို့ ချစ်ခဲ့ကြသည်။ သူ ကျောင်းကို လိုက်လာချိန်တွေမှာ အတန်းလစ်ပြီး စကားများ ပြောခဲ့ကြသည်။ ရွှေတိဂုံဘုရားကို တောင်ဘက်မုခ်က တက်မိသည့်အချိန်က သူ ပြုံးရယ်နေခဲ့သည်ကို ကျွန်မ မမေ့။ ကိုတိုးကြီး သီချင်းလေး သိတယ်မလား "မောင်မယ်အတူ တောင်ဘက်မုခ်က လှေကားထစ်လေး တက်ရင်းနဲ့ကွယ် ရေမိကြတာပေါ့" လို့ လှေကားထစ်တွေကို တက်ရင်း မောနေတဲ့ လေသံနှင့် သူ ဆိုပြခဲ့သေးသည်။ ကျွန်မ ချစ်မိခဲ့ပါသည်။
နှစ်ယောက်သား၏ ချစ်သက်တမ်း ၇ လလောက်မှာ သူ၊ ကျွန်မအပေါ် သစ္စာပျက်ယွင်းခဲ့သည်ကို ပြန်ကြားသိရသည်။ နာကျင်ကြေမွသောရင်နှင့် သူ့ကို ရင်ဆိုင်ဖို့ ခက်ခဲ့သည်။ ချစ်ခြင်းတို့ ရပ်တန့်ကြစို့ရဲ့ဟု ကျွန်မ အဆိုတင်သွင်းသည့်အခါ သူက စိမ်းကားစွာပင် သူမကို ထားရစ်ခဲ့သည်သာ။
ဒီမြေကမ္ဘာမှာ ကျွန်မအပေါ် ချစ်ခင်နှစ်သက်သူ မရှိပါလားဟု ယူကျုံးမရ ဖြစ်ရသည်။ လိင်စိတ်ဖြေဖျော်ဖို့ ပတ်သက်ခဲ့လေသလားဟူ၍ တွေးမိရအောင်လည်း ကျွန်မတို့နှစ်ယောက် ပတ်သက်မှုမှာ အချစ်ကလွဲ၍ ဘာမျှ မရှိခဲ့။ ထို့ကြောင့်ပဲ အနေနီးစပ်သည့် အခြားတစ်ယောက်အပေါ် သူ ပိုခဲ့လေသလား။
ပြတ်စဲကြပြီဟု ယူဆဆဲ နှစ်ပတ်အကြာမှာ ကျွန်မ စိတ်ဆိုးပြေပြီလားဆိုပြီး သူ လာမေးသည်။ အိမ်အပြန်လမ်းမှာ ကျွန်မလက်ကို ဆွဲကိုင်ပြီး အရေးမပါသည့် စကားအချို့ သူ ပြောနေခဲ့သည်။ သူ့စကားတွေကို ကျွန်မ မကြားနိုင်။ ကျွန်မတို့ရဲ့ အရှေ့မှာလျှောက်လာသူက မောင်ရယ်လေ။ မျက်ခုံးတွေကို အရုပ်ဆိုးလောက်အောင် တွန့်ချိုးထားပြီး မျက်နှာထားက တည်တင်းလွန်းလှသည်။ ကျွန်မ ရင်တွေ တဆတ်ဆတ်တုန်ကာ ချစ်သူ ကောင်လေးလက်ထဲက ကျွန်မ လက်ကို ဖြည်ယူမိသည်။ မောင်က ဒီမြင်ကွင်းကို စိတ်ဆိုးသတဲ့လား။
"မီတို့ တကယ်ပြတ်ကြပါစို့လို့" ထိုကောင်ကလေးကို နောက်ဆုံးစကား ပါးမိခဲ့သည်။
(၅)
မောင်နှင့်တွေ့ပြီး နောက်ရက်တွင်ပင် မောင်က တဆင့်ပါးစကားနှင့် ကျွန်မကို တွေ့ချင်ကြောင်း ပြောကြားလာသည်။ မိုးရာသီ၏ ညနေခင်း တစ်ခုမှာ မောင်ရယ်၊ မောင့်သူငယ်ချင်း နှစ်ယောက်ရယ် ကျွန်မရယ် ရပ်ကွက်နှင့်ဝေးသည့် လမ်းတစ်ခုမှာ စကားပြောမိကြသည်။ မောင့်သူငယ်ချင်းတွေက ကျွန်မနှင့် မောင်တို့ စကားပြောသံကို မပီမသ ကြားလောက်ရုံအကွာအဝေးကနေ လိုက်လျှောက်လာသည်။
"ချာတိတ်ကို ကိုယ် သိနေခဲ့တာ ကြာပြီ။ ချာတိတ်ရဲ့ ဆွေးလျလျ မျက်ဝန်းတွေက ကိုယ့်ကို မှတ်မိစေခဲ့တာ။ ပြီးတော့ ချာတိတ်ရဲ့ လက်ချောင်းကလေးတွေကအစ ကိုယ်ချစ်တယ်"
မောင်က တိုးလျလျ ပြောတော့ ကျွန်မ မျက်ရည်ကျရသည်။ ဒီလို ချစ်လျက်နဲ့ ဘာလို့များ ကိုယ်ယောင်ဖျောက်နေခဲ့ရသလဲ မောင်ရယ်။
မောင့်ကို မော့ကြည့်ရင်း စကားတွေ အရဲကိုးပြောဖို့ ကြံရွယ်ရသည်။
"မောင်၊ မီ့နာမည် ညိုမီပါ။ မောင်က မီ့နာမည်တောင် မသိဘဲ ဘယ်လို ချစ်တယ် ပြောနေရသလဲဟင်"
အခုမှ ရည်းစားစကားပြောရသည် ချက်ချင်း "မောင်" ဟု အခေါ်ခံရ၍ မောင် ဆွံ့အသွားပုံက ရယ်ချင်ဖွယ်။ ကျွန်မအတွက် ချစ်ခြင်း ဆိုသည်တွေက ကမောက်ကမမို့ မောင့်ကိုတော့ လက်လွှတ်မခံနိုင်။
"မောင့်ကောင်မလေးရော၊ ဘယ်ရောက်သွားသလဲဟင်"
"ဘယ်တစ်ယောက်ကို ပြောတာလဲ" ဆိုသည့် မောင့်အမေးမှာ ကျွန်မတို့ ဟက်ဟက်ပက်ပက် ရယ်မောမိကြသည်။ ရယ်လိုက်တော့ မောင်က ချောလိုက်တာ။ ကျွန်မ မြင်ကွင်းကနေ ဒီတစ်ခါတော့ ဖယ်ခွာမသွားပါနှင့်တော့ မောင်ရယ်။
မောင်နှင့် ကျွန်မ ထိုနေ့မှစ၍ ချစ်သူဖြစ်ခဲ့ကြသည်။ ကျောင်းဆင်းချိန်တွေတိုင်း မောင်က လာကြိုသည်။ ရပ်ကွက်နှင့် အလှမ်းဝေးသည့် လမ်းတွေမှာ ညနေတိုင်း လမ်းလျှောက်သည်။ နှစ်ယောက်သားကြား ဝေးကွာခြင်းဆိုတာ မကြားရလေအောင် ချစ်ကြသည်။
ကျွန်မရဲ့ စိတ္တဇညတွေကိုတောင် မရှိတော့သယောင် ထင်မှတ်စပြုသည်။ ကျွန်မ၊ မောင့်အချစ်မှာ ပျော်မွေ့ ညွတ်နူးရလေပြီ။
ကျွန်မတို့ စာအုပ်ဆိုင်တွေကို အတူသွားသည်။ တစ်ပတ်မှာ ၅ ရက်ထက်မနည်း တွေ့ကြဖို့ ကြိုးစားအားထုတ်ကြသည်။ လက်ဖက်ရည်ဆိုင် ထိုင်ကြသည်။ ရွှေတိဂုံဘုရားရင်ပြင်ပေါ်က ဇရပ်တွေပေါ် ထိုင်ပြီး ချစ်စကားအချို့ တီးတိုးပြောကြသည်။
မီ့ကို မောင် စောစော မတွေ့ခဲ့တာ နာလေစွ။ စောစော မချစ်ခဲ့မိတာ ခံပြင်းလေစွဆိုပြီး မောင် အမြဲပြောသည်။ အကြော်ဆိုင်မှာ မျက်နှာထားတင်းပြီး စာအုပ်တစ်အုပ် ဖတ်နေတတ်တဲ့ ချာတိတ်မလေးကို စ နောက်ချင်စိတ်က ပိုနေခဲ့သည်ရယ်လို့ မောင်က ထုတ်ပြောရှာသည်။
နေ့နေ့ညည တတွဲတွဲရှိနေသည့် ကျွန်မနှင့် မောင့်သတင်းက ရပ်ကွက်အတွင်း ပြန့်လေပြီ။ ကျွန်မရဲ့ ချစ်သူဟောင်းကလည်း စူးစမ်းသည်။ ကျွန်မရဲ့ ငရဲသား အဖေကတော့ ကျွန်မ မျက်စိပေါက်တွေ ညိုမည်း ပိတ်သွားသည်အထိ ထိုးကြိတ်၊ ထုနှက်သည်။ အမေကလည်း ဖာသည်မ ဖာလျှောက်ခံတာမှ တန်ဖိုးရှိမည်ရယ်လို့ အဖေ့အတွက် အင်အားဖြစ်စေမည့် စကားတို့ဖြင့် ဘေးတီးသည်။
အိမ်မှာ နေရသည်ထက် ပြင်ပမှာ အရှက်ကွဲရသည်က ပို၍ သက်သာသောကြောင့် ဖူးရောင်ညိုမည်း ဒဏ်ရာများဖြင့်ပင် သူမ ကျောင်းတက်သည်။ ကျောင်းဆင်းချိန် သူမ မျက်နှာကို မြင်တော့ သူမ ရိုက်နှက်ခံရသည်ကို သိပြီးဖြစ်သော်လည်း မောင် အံ့ဩတကြီး ဖြစ်ရသေးသည်။
”ဒီလောက်တောင် လုပ်ရက်ကြလေသလား မီရယ်”ဟု ဆိုကာ မောင်က ထွက်ပြေးကြရန် ပြောသည်။ ချစ်လွန်းအားကြီးရသည့် မောင့်ကိုတော့ ကျွန်မရဲ့ ငရဲညတွေကို ပေးမသိဘဲ ဘဝထဲကို မခေါ်လို။ သို့ပေသော်ငြား ကျွန်မ မည်သို့ ပြောထွက်ဝံ့ပါမည်လဲ မောင်ရယ်။
ကျွန်မနဲ့ မောင် ချစ်ကြိုက်မိကြသည့် သုံးလ ဆိုသော အချိန်အတွင်း ကျွန်မကို မောင်က တည်းခိုခန်းကို အကြိမ်ကြိမ် ခေါ်ယူ အိပ်စက်ပြီးပြီ ဖြစ်သည်ရယ်လို့ ပတ်ဝန်းကျင်က စကားတင်းဆိုကြပြီးပြီ။ ပြတ်မလိုလို၊ မပြတ်သလိုလို ဝေခွဲမရနေဆဲ ကျွန်မ ချစ်သူကောင်းကလေးဟာလည်း အဆိုပါ သတင်းစကားတွေကြောင့် ကျွန်မ နေထိုင်ရာ ပတ်ဝန်းကျင်ကို ခြေဦးမလှည့်တော့။
မောင်ကတော့ မည်သူကိုမှ ဂရုမစိုက်။ ကျွန်မ အဆင်ပြေရဲ့လား ဒီဒဏ်တွေကို ဆက်ခံနိုင်ရဲ့လားလို့ နူးညံ့ညင်သာ မေးတော့ ကျွန်မ မျက်ရည် ပေါက်ပေါက်ကျရသည်။ နှလုံးသားတစ်ခုလုံး ဆွဲဆုတ်ဖြဲခံရသလို နာကြင်ရသည်။ မောင့်ကို မည်သို့ အသိပေးရပ။
မိုးတွေ သဲသဲမဲမဲ ရွာနေခဲ့သည့် ညတစ်ညရဲ့ သန်းခေါင်ယံမှာ အဖေ့အစ်ကိုရဲ့ ဇနီးဖြစ်သူနှင့် သမီးနှစ်ယောက်တို့ ကျွန်မတို့ တဲအိမ်လေးဆီ ရောက်လာခဲ့သည်။ ထီးမပါကြ၍ သုံးယောက်လုံး ရေတုတ်တုတ်ကျသည်အထိ ရွှဲနစ်နေလေသည်။
အဲဒီညက အဖေက မူးမနေခဲ့။ အဖေ့ရဲ့ မရီးဖြစ်သူက လာရခြင်း အကြောင်းကို ပြောသည့်အခါ အဖေ့မျက်နှာ ဆိုးဆိုးရွားရွား ပျက်ယွင်းသည်။
"နင့်အစ်ကိုဟယ်။ သူ့သမီးအရင်းကြီးကို ထမီတက်လှန်တယ်။ သမီးက အော်တော့ သူ မူးလို့ ဖြစ်တာပါတဲ့။ မူးရင် ချေးစားမလား နင်တို့ စဉ်းစားပါဟယ်။ အဲဒါနဲ့ ချက်ချင်း အိမ်ကနေ ပြေးလာကြတာပဲ။ ဒီသမီးတွေ သူနဲ့ ထားလို့မဖြစ်ဘူး။ ခွေးပါအေ။ ခွေးဇာတ်ခင်းတာပါ"
ကွန်မက အစ်မဝမ်းကွဲကို တင်းနေအောင် ဖက်ထားမိပြီး မိခင် ပီသလှသည့် အဒေါ်ဝမ်းကွဲကို မျက်ရည်ကြားက ကြည့်နေမိသည်။ ငါ့အမေ ငါ့ဘက်မှာ မရှိလောက်ဘူးလို့လည်း ဘာမှဝင်မပြောဘဲ ငူငိုင်နေသည့် အမေ့ကို ကြည့်ပြီး ဆုံးဖြတ်ချက်ကျသည်။
သားမယားအဖြစ် ကြံစည်တာနေမှာပါ ဆိုသည့် အဖေ့အဖြေစကားကို ကျွန်မအဒေါ်ဖြစ်သူ ကြားတော့ ရင်ဘတ်ကို တဘုန်းဘုန်း မြည်အောင်ထုပြီး အော်ငိုသည်။
"မုဒိမ်းကျင့်ဖို့ ကြံတာပါ။ သားသမီးကို မယားအဖြစ် လုပ်လို့ရတယ်လို့ ဘယ်သူက သတ်မှတ်ခဲ့တာတုံး။ နင်တို့ ထုံးစံရှိခဲ့တာလား"
အဒေါ်၏ ဒေါသစကားအဆုံးမှာ အဖေက အဒေါ်တို့ သားအမိသုံးယောက်ကို မောင်းချလိုက်သည်အထိ အဖေ့ရဲ့ ဗီဇကို ထုတ်ပြလိုက်သည်။ အမေကလည်း တစ်စက်မှ ဝင်မတားခဲ့။ ကျွန်မမှာ ဒီအဖေ၊ ဒီအမေနှင့် အနာဂတ်ကို ရင်ဆိုင်ဖို့ သတ္တိမရှိတော့။
ကိုယ်စီ အိပ်ရာပြန်ဝင်ရင်း အဖေက အမေ့ကို "သူစိမ်းကို သားမယားအဖြစ် ပြုကျင့်ရင်သာ ဖမ်းလို့ ရတယ်လေ။ သားကို မယားလို ပြုလို့ရတယ် ဆိုတာမျိုး သားမယားပြုကျင့် ဆိုတဲ့ စကားက သက်သေပဲဟာ" ဟု ပြောနေပြီး အမေက အင်း ဆိုပြီး တစ်ခွန်းထောက်ခံသည်။ ကျွန်မ ဘာဆက်လုပ်ရပါမည်နည်း။
(၆)
ထိုနေ့ည။ ညိုမီ ဆိုသည့် ကျွန်မ ဘဝ၏ အမှောင်ဆုံးည။ နွေရာသီမှာ အိုက်စပ်၍ အပြင်ထွက်အိပ်ရပါသည် ဆိုကာ အခွင့်ကောင်းယူတတ်သည့် အဖေဖြစ်သူက မိုးရာသီမှာလည်း အမေ အိပ်မောကျချိန်ကို စောင့်၍ အိမ်သာသွားမယောင်၊ ရေချိုးမယောင်ပြုပြီး ကျွန်မတို့ ညီအစ်မ၏ အိပ်ရာဆီ လှမ်းလာတတ်သည်။
ညီမလေးကို ကျစ်ကျစ်ပါအောင် ဖက်ထားရင် အဖေ့အပြုအမူတွေကို ဆန့်ကျင်ဖို့ ကျွန်မ တွေးသည်။ ကျွန်မ အစ်မဝမ်းကွဲလို ကျွန်မ သတ္တိရှိချင်သည်။ သို့တိုင်အောင် အဖေ ကျွန်မ နောက်ကျောဘက်ကို ဝင်လှဲချသည်အထိ ကျွန်မ ဘာလုပ်ရမည်ကို မသိသေး။
"ညိုမီ... ညိုမီ နိုးနေလား။ ငါ အနောက်ကနေ နေမလို့"
အဖေ့ရဲ့ ကြမ်းတမ်း ယုတ်ညံ့သည့် စကားတွေအတွက်ရော။ ကျွန်မအပေါ် ပေါ်ပေါ်တင်တင် မယားလုပ်တော့မည်ကို ဆုံးဖြတ်လိုက်ပုံရသည့် အခြေအနေအတွက်ရော ကျွန်မ အိပ်ရာကနေ ခုန်ထလိုက်ရသည်။
"ဝုန်း"ခနဲ အသံကြောင့်ပဲ နိုးသလား။ နဂိုကတည်းက နိုးနှင့်ပြီးသားလား မသိရသည့်အမေက "ဟဲ့ ညိုမီ ဘာဖြစ်တာလဲ" အိပ်ခန်းထဲမှ လှမ်းမေးသည်။ အမေ့အသံက စူးစွာစွာ။
သူ့ကို ခြင်တွေ ဝိုင်းနေလို့ ခြင်ရိုက်ပေးနေတာကို နင့်သမီး စောက်ရူးထတာဟု အဖေက အဖြေပြန်ပေးသည်။ အမေ့ဘက်က ရဲရဲရင့်ရင့် တုံ့ပြန်မှု တစ်ခု ရလျှင် နှစ်ရှည်လများ ခံစားခဲ့ရသည့် ငရဲညကို ကျွန်မ ဖွင့်ချမည်ဆိုပြီး ကြံရွယ်မိသေးသည်။ အမေ့ရဲ့ တိတ်ဆိတ်မှုအောက်မှာ ကျွန်မ သတ္တိတွေလည်း တစ်စစီ။
တညလုံး အိပ်စက်ခဲ့ရခြင်း မရှိ၍ မျက်ကွင်းညိုနှင့် ကြောင်စီစီဖြစ်နေသည့် ကျွန်မကို မောင်က ကြည့်ရင်း သက်ပြင်းချရှာသည်။ ယခင် ဖူးရောင် ဒဏ်ရာတွေပင် မပျောက်တတ်သေးဘဲ မျက်ကွင်းများ ချိုင့်ဝင် ညိုမည်းနေသည့် ကျွန်မကို မောင် ကရုဏာသက်ပုံပင်။ ပိန်လှီနေသည့် ပြားကပ်ကပ် ခန္ဓာကိုယ်မှာ ဗိုက်ကလေးတစ်လုံးသာ စူပုံ့ပုံ့ ထွက်နေသည်ကို မောင် သတိထားမိသွားပုံရသည်။
"မီ ညီမလေး ဗိုက်ပူနေတာ ညီမလေး သိလား"
မောင်က တယုတယမေးတော့ ကျွန်မ မထိန်းနိုင်ဘဲ တရှိုက်ရှိုက် ငိုမိသည်။ အရင်ရည်းစားနဲ့လားဟု မောင် ထပ်မေးသည်။ ကျွန်မ ခေါင်းအသာယမ်းပြတော့ မောင် အံ့ဩသွားပုံက အထင်းသား။
"မောင် ဘာလုပ်ပေးရမလဲ။ မောင်နဲ့ လက်ထပ်ကြမလား။ ဒါမှမဟုတ် ကလေးအဖေ ဘယ်သူလဲ မောင့်ကို ပြောပြချင်မလား"
ပတ်ဝန်းကျင်ကိုတောင် ရင်မဆိုင်ရဲတာ မောင့်ကို ဒီအဖြစ်မှန်ပြောပြပြီး သေသည်အထိ စိတ်ဒဏ်ရာပေးသည့် လုပ်ရပ်မျိုး ကျွန်မ မည်သို့ လုပ်ရပ်နိုင်ပါမည်နည်း။ ကျွန်မကို စဉ်းစားခွင့်ပေးဖို့ ခွင့်တောင်းပြီး မောင်နှင့် ဝေးရာ၊ ကျွန်မရဲ့ သားရဲတိရစ္ဆာန်သဖွယ် မိဘတွေ၏ ဝေးရာဆီ ကျွန်မ ပြေးခဲ့ပြီ။
(၇)
"ကလေးက ဗိုက်ထဲ သေနေတာ ကြာပြီတဲ့။ အခု အပုပ်ဆန်လာတော့မှ လက်သည်က လာဆွဲထုတ်မွေးပေးရတာ။ အထဲမှာ ပုပ်ပြီး ကြွင်းကျန်နေတာတွေ ရှိသေးတယ်။ ဆေးရုံတင်ခိုင်းတာ သူက ဆေးရုံတင်ရင် သတ်သေမယ်ချည်း အော်နေလို့ မတင်ရဘူး။ အခုပုံစံက နေဝင်ချိန်ရောက်နေပါပြီ။ ကျွန်မတို့လည်း စုံစမ်းမေးမြန်းရသလောက် နောက်ဆုံး တွေ့ချင်သူကို ခေါ်ပေးဖို့ ဆုံးဖြတ်တာမှာ မီက မောင် လို့ ပြောတယ်၊ ဆက်သွယ်ရမှာတွေ သိရလို့ မောင့်ကို ခေါ်လိုက်တာပါ"
ဆေးရုံမနီး၊ ကားလမ်းမနှင့်လည်း အလှမ်းကွာသည့် သူငယ်ချင်းဖြစ်သူထံ လာခိုလှုံရင်း ဘယ်သူ့ ကြိုဆိုခြင်းနှင့်မျှ မထိုက်တန်သော၊ ချစ်ခြင်းမေတ္တာနှင့် လားလားမျှ မသက်ဆိုင်သော၊ လူ့ဂုဏ်သိက္ခာနှင့် မအပ်စပ်သော သနားစဖွယ် ကလေးငယ်လေးဟာ သူ့ကြမ္မာသူ ဖန်တီးပြီး လောကအလယ် အသက်ကင်းမဲ့စွာနှင့် ခေတ္တရောက်ရှိ ထွက်ခွာသွားချေပြီ။
အထီးလေးလား၊ အမလေးလားပင် ကျွန်မ မစပ်စုခဲ့တော့။ ကျွန်မ ဒီလောက ကနေ အမြန်ဆုံး ထွက်ခွာချင်ခဲ့ပြီ။ နောက်ဆုံးအနေနှင့် လာတွေ့ရှာသည့် မောင့်ကို သူငယ်ချင်းမလေးက အဖြစ်အပျက်ကို ရှင်းပြနေရှာသည်။ ဒီစကားတွေ ကျွန်မကိုယ်တိုင် ပြောထုတ်ချင်ခဲ့တာပါ မောင်ရယ်။
"မောင့်ကို မယုံရော့လေသလား မီရယ်"
ကျွန်မဘေးနား ဝင်ထိုင်ပြီး ပိန်လှီဝါဖျော့နေသော သူမလက်ကလေးကို မောင်က လက်ဖဝါးနှစ်ခုနှင့် ဆုပ်ညှစ်ကိုင်ကာ ဝမ်းနည်းစွာ မေးရှာသည်။ မျက်ရည်ဝေ့သီသော မျက်ဝန်းညိုအစုံဖြင့် ပိန်ခြောက်ပျက်ယွင်းနေပြီ ဖြစ်သည့် ကျွန်မကို စေ့စေ့ငုငုကြည့်ဖို့ မရဲရှာ။ မောင် အင်မတန် စိတ်ထိခိုက်နေပုံကို မြင်ရသည်မှာ ကျွန်မအသည်းကို လက်ကြမ်းနှင့် ဆွဲညှစ်နေသလိုပင်။
အပြင်မှာ အမှောင်ထုက တစတစ စိုးမိုးလာချေပြီ။ ကျွန်မ အမှောင်တွေကို ကြောက်တတ်တာ မောင် သိလိမ့်မည် မဟုတ်။ ကျွန်မမှ မပြောထားဘဲလေ။ သူငယ်ချင်းက ပါချုပ်ဆရာတော်ဘုရားကြီးရဲ့ တရားခွေကို ဖွင့်ပေးထားသည်။ ဘယ်လိုပင် တရားအသိထားသော်ငြား ကျွန်မ ကောင်းမွန်ရာကို ရောက်ရှိမည် မဟုတ်သည်ကိုလည်း သိနှင့်ပြီ။ မောင့်ရှေ့မှောက်မှာတော့ ပြင်းပြ အသက်ငင်နေသည့် ပုံနှင့်တော့ မထွက်ခွာလို။ နောက်ဆုံးအချိန် မောင့်ကို တွေ့ချင်ရခြင်းမှာ ကျွန်မ သည်လောကမှာ မရှိတော့ကြောင်း မောင် သိပြီး စိတ်အေးလက်အေး နေသွားစေချင်သည့် စေတနာက အရင်းခံပါသည်။
"ကဲ မောင် နေရစ်တော့နော်။ မီ့ကို မလွမ်းပါနဲ့။ မီ ချစ်ခြင်းတွေ အကုန်ယူသွားပြီ မောင်ရေ"
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar