Breaking News

မြန်မာ့လက်နက်ကိုင်ပဋိပက္ခနဲ့ အလွန်အကျွံ ရွှေတူးဖော်မှု

KIO က ရွှေတူးဖော်မှု တားမြစ်ထားသော်လည်း စစ်တပ်က ခွင့်ပြုသဖြင့် ဆက်တူးနေ

မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၁၉ မြင်ကွင်း

(မိုးမခ) ၊ အောက်တိုဘာ ၂၀ ၊ ၂၀၂၆  

 

မြန်မာ့လက်နက်ကိုင်ပဋိပက္ခနဲ့ အလွန်အကျွံ ရွှေတူးဖော်မှု

ကချင်ပြည်နယ်၊ ချီဖွေမြို့မှာ ရွှေတူးဖော်မှုတွေနဲ့ ပတ်သက်လို့ သဘောမတူတာရှိခဲ့ရင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို တိုင်ကြားနိုင်တယ်လို့ KIA ရဲ့ ပြောခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီမြန်မာပိုင်း သတင်းဌာနကို ပြောဆိုလိုက်ပါတယ်။ ချီဖွေမြို့ဟာ ဧရာဝတီမြစ် ဖြစ်လာမဲ့ မြစ်နှစ်သွယ်အနက်က တခုဖြစ်တဲ့ မေခမြစ်နံဘေးမှာရှိတဲ့မြို့ ဖြစ်ပါတယ်။ ချီဖွေချောင်းနဲ့ မေခမြစ်ဆုံနဲ့ နေရာအနီးမှာ ယခင်လက စက်ယန္တရားတွေ ရောက်ရှိလာပြီးနောက်မှာ ဒေသခံလူထုအနေနဲ့ ရွှေတူးဖို့ ပြင်ဆင်နေတာလို့ ယူဆကြပြီး စိုးရိမ်မှုတွေ ရှိနေတဲ့အကြောင်း သတင်းထဲမှာ ဖော်ပြထားပါတယ်။

ရွှေတူးဖော်တာကြောင့် မြစ်ချောင်းတွေ ပျက်စီးတာ၊ ရေအရင်းအမြစ်တွေ ညစ်ညမ်းတာ၊ သစ်တောပြုန်းတီးတာ၊ မြစ်ချောင်းရေတွေမှာ ပြဒါးနဲ့ အခြားသော ဓာတုအဆိပ်တွေ ပါဝင်လာပြီး ရေနေတိရစ္ဆာန်တွေ အဆိပ်သင့်တာ၊ ဒေသခံလူထု အနေနဲ့ ရေသတ္တဝါ စားသုံးမှု၊ ရေအသုံးပြုမှုတွေကနေ ကျန်းမာရေးအရ အဆိပ်သင့်တဲ့ အန္တရာယ်တွေ ဖြစ်ပေါ်လာတာ၊ ရွှေတူးဖော်ရာမြေနဲ့ ဆက်စပ်နေတဲ့ ဒေသတွေက စိုက်ပျိုးမြေ ပျက်စီးပြီး စိုက်ပျိုးရေး မလုပ်ကိုင်နိုင်တာ၊ မြစ်ချောင်းတိမ်ကောပြီး မိုးရာသီမှာ ရေကြီးဖို့ အန္တရာယ်နဲ့ ကြုံတွေ့လာကြရတာ စတဲ့ မကောင်းတဲ့ အကျိုးဆက်အများအပြားကို ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။

ရွှေတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနဲ့ အဆိပ်သင့်မှုတွေက ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းမီ ကာလတွေမှာ မရှိတဲ့သဘောတော့ မဟုတ်ပါဘူး။ အဲဒီကာလတွေတုန်းကလည်း နိုင်ငံရဲ့ ဒေသအချို့မှာ ရှိနေတာမှန်ပေမဲ့ စစ်အာဏသိမ်းပြီးနောက်မှာ ရွှေတူးဖော်မှုနဲ့ ပတ်သက်လို့ စည်းမျဥ်းစည်းကမ်းတွေ ဂရုစိုက်စရာ မလိုတော့သလို၊ ရွှေတူးမဲ့နေရာ သတ်မှတ်ခွင့်က အဲဒီနယ်မြေကို ထိန်းချုပ်ထားတဲ့ လက်နက်ကိုင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်တခုပေါ်မှာသာ တည်တာကြောင့် နိုင်ငံအနှံ့အပြားမှာ ဖြစ်ပေါ်လာတာ တွေ့နေရပါတယ်။

ရွှေတူးဖော်မှုတွေက ရတဲ့ အခွန်အကောက်၊ လုပ်ပိုင်ခွင့်အတွက် လက်နက်ကိုင်အဖွဲ့တွေကို ပေးရတဲ့ငွေကြေး၊ သို့မဟုတ် ရွှေ စတာတွေက သူ့နယ်အလိုက်သူ ဆုံးဖြတ်ကာ ပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ လိုက်နာရမဲ့ စံနှုန်းသတ်မှတ်ချက်တွေ မရှိတော့တာကြောင့် မြန်မာနိုင်ငံရဲ့ နေရာအနှံ့အပြားမှာ ရွှေထုတ်လုပ်တာ ပုံစံအမျိုးမျိုးနဲ့ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

မန္တလေးတိုင်းထဲက သပိတ်ကျဥ်းဒေသမှာလို တွင်းပုံသဏ္ဌာန် တူးဖော်တာတွေရှိသလို၊ မြစ် ချောင်းတွေမှာ ရေအသုံးပြုပြီး ရွှေမျောအဖြစ်နဲ့ တူးဖော်တာက အတွင်ကျယ်ဆုံး ဖြစ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ မြစ်တွေဖြစ်တဲ့ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်တို့လို မြစ်ကြီးတွေသာမက၊ အဆိုပါမြစ်တွေနဲ့ ဆက်စပ်နေတဲ့ မြစ်တွေ၊ ချောင်းတွေအပြင် သဖန်းဆိပ်လို ဆည်ဧရိယာထဲမှာပါ ရွှေမျောအနေနဲ့ တူးဖော်ကြတာတွေ ဖြစ်လာခဲ့ပါတယ်။

ရွှေတူးဖော်မှုကြောင့် ဒေသခံနဲ့ ပြဿနာဖြစ်တဲ့ ရှမ်းမြောက်ဒေသက တခုသော အဖြစ်အပျက်မှာ ကျေးရွာရဲ့ သောက်ရေ သုံးရေအတွက် အားထားရတဲ့ ရေထွက်ချောင်းမှာ ယန္တရားနဲ့ ရွှေလာတူးကြတာကို ဆန့်ကျင်ကန့်ကွက်ကြရာက MNDAA လက်နက်ကိုင်အဖွဲ့က ပစ်ခတ်ခဲ့ပြီး ကျေးရွာသား ၆ ဦး သေဆုံးခဲ့ရတဲ့ အဖြစ်မျိုးတောင် တွေ့ကြရတာ ဖြစ်ပါတယ်။

မကြာခဏ သတင်းတွေထဲ ကြားသိနေကြရတဲ့ ရွှေမျော၊ ရွှေတွင်းတွေနဲ့ပတ်သက်တဲ့ အငြင်းပွားမှု၊ ငွေကြေးအလွဲသုံးစားမှုတွေက စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းမြောက်ဒေသတွေမှာ ဖြစ်ပါတယ်။

မင်းကင်းဒေသမှာ ချင်းတွင်းမြစ်တကြော ရွှေမျောဖောင် လုပ်ပိုင်ခွင့်နဲ့ ပတ်သက်လို့ ခြစားမှုတွေ ရှိတယ်ဆိုတဲ့ တိုင်ကြားမှုတွေလည်း မကြာသေးခင် လပိုင်းတွေ အတွင်းထွက်ပေါ်လာတာ သတင်းဖော်ပြမှုတွေမှာ တွေ့ကြရပြီး ဖြစ်ပါတယ်။ မင်းကင်းမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ၂ ဦးကို သိန်းပေါင်း ၁ သိန်းခွဲ အလွဲသုံးစားလုပ်တယ်ဆိုတဲ့ စွပ်စွဲချက် ပေါ်ထွက်လာတာကြောင့် NUG က စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်ဆိုတဲ့သတင်း ဖြစ်ပါတယ်။

အဆိုပါ စွပ်စွဲမှုမှာ ဖော်ပြထားတဲ့ ငွေပမာဏကို ကြည့်ရင် ရွှေမျောတွေကနေ ရနေတဲ့ ဝင်ငွေပမာဏက ဘယ်လောက်များပြားသလဲဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။ ရွှေမျောလုပ်ငန်းတခုလုပ်ဖို့ အခွန်အနေနဲ့ ပေးရတဲ့ ပမာဏက သိန်း ၇၀၀၊ ၈၀၀ ဝန်းကျင်ရှိတယ်လို့ သတင်းအချို့မှာ ဖော်ပြထားပြီး ရွှေမျောလုပ်ငန်းပေါင်းများစွာ ရှိနေတာကြောင့် ရွှေမျောလုပ်ငန်းက ရရှိတဲ့ငွေပမာဏက မထင်မှတ်လောက်အောင် များပြားတယ်လို့ ဆိုနိုင်ပါတယ်။

တဖက်မှာလည်း ရွှေမျောဖောင်တွေ များရင်များသလောက် သဘာဝပတ်ဝန်းကျင်၊ မြစ်ချောင်း ထိခိုက်ပျက်စီးမှုရှိနေတာ ဖြစ်ပါတယ်။

နောက် ရွှေမျောလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်တဲ့ ဖြစ်ရပ် လတ်တလော သတင်းတွေမှာလည်း ဖော်ပြထားကြတဲ့ နေရာက သဖန်းဆိပ်ဆည် ဖြစ်ပါတယ်။ မကြာသေးတဲ့ မိုးလယ်ကာလမှာ မူးမြစ်ဝှမ်း ရေကြီးမှုရဲ့ အကြောင်းရင်းတွေအထဲမှာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ သဖန်းဆိပ်ဆည်ထဲ ရွှေမျောဖောင်တွေနဲ့ ရွှေတူးဖော်ကြတဲ့ အချက်က ဆည်ကို တိမ်ကောစေပြီး မိုးရေထိန်းသိမ်းနိုင်စွမ်း လျော့နည်းကာ မိုးများတာနဲ့ အောက်ပိုင်းမှာ ရေကြီးတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာတာလို့ ဆိုကြပါတယ်။

မန္တလေးတိုင်းမြောက်ပိုင်း သပိတ်ကျဥ်း၊ တကောင်း စတဲ့နယ်တွေကို MDY PDF က နှစ်ကာလ အပိုင်းအခြားထိ ထိန်းချုပ်ထားခဲ့ပြီး အဆိုပါကာလမှာ ရွှေတွင်းတွေက ရရှိတဲ့ အခွန်အခပမာဏက နှိုင်းယှဥ်ချက်အားဖြင့် များပြားတယ်လို့ ဆိုနိုင်ပါတယ်။ MDY PDF က နိုင်ငံရေးဦးဆောင် ကော်မတီဝင်နဲ့ နောက်ခေါင်းဆောင်တဦးတို့ကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ရာမှာ ရွှေတွင်းတွေက ရရှိတဲ့ အခွန်အခထဲက ရွှေ ၁၆ ပိဿာကို ပေးသွင်းဖို့ ပျက်ကွက်တာကြောင့်လို့ အကြောင်းပြချက်နဲ့ ဖမ်းဆီးထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ကမ္ဘာ့ရွှေဈေး မြင့်တက်လာတဲ့ အချက်ကလည်း ရွှေတူးဖော်ဖို့၊ ယန္တရားတွေ အသုံးပြုပြီး ရွှေမျောတွေနဲ့ ရွှေထုတ်လုပ်ဖို့ ပြင်းထန်တဲ့ ဆွဲဆောင်မှုတရပ် ဖြစ်လာစေပါတယ်။ ကမ္ဘာ့ရွှေဈေးဟာ ယခင်က ၁ အောင်စကို ဒေါ်လာ ၂၀၀၀ ဝန်းကျင်မှာ ရှိနေခဲ့ရာက ကမ္ဘာမှာ စစ်မီးတွေ တောက်လောင်လာချိန် ရင်းနှီးမြှုပ်နှံမှုထက် ပိုင်ဆိုင်မှုကို စုဆောင်းကြတဲ့ ရေစီးကြောင်းကြောင့် ၁ အောင်စကို ဒေါ်လာ ၄၀၀၀ ကျော်ထိ တရိပ်ရိပ် တက်လာခဲ့တာ တွေ့ကြရပါတယ်။

ဒီအချက်ကလည်း မြန်မာနိုင်ငံတွင်းမှာ ရွှေတူးဖော်၊ ရှာဖွေဖို့ တွန်းအားဖြစ်စေခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားလာတဲ့အခါ စစ်ပွဲတွေအတွက် လိုအပ်တဲ့ ရန်ပုံငွေအတွက် သယံဇာတတွေ ထုတ်လုပ်ဖို့၊ ရောင်းချဖို့၊ အခွန်အကောက် ကောက်ခံဖို့ တွန်းအားဖြစ်လာစေပြီး စစ်ပွဲကာလတွေအတွင်း သဘာဝပတ်ဝန်းကျင် မထိခိုက်စေဖို့နဲ့ ရွှေထုတ်လုပ်ရာမှာ လိုက်နာရမဲ့ စည်းမျဥ်းစည်းကမ်းတွေကို ဘယ်သူမှာ မလိုက်နာကြတော့သလို သဘာဝပတ်ဝန်းကျင် ပျက်စီးမှု အကျိုးဆက်ကို ခံစားကြရမဲ့ ဒေသခံတွေ ပြည်သူတွေ အနေနဲ့လည်း လက်နက်ကိုင်အဖွဲ့အစည်းတွေ ရပ်ခံပေးထားတဲ့ ရွှေထုတ်လုပ်သူတွေကို တားဆီးဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေ ရောက်ရှိလာခဲ့ပါတယ်။

ရွှေထုတ်လုပ်မှုကြောင့် ဆိုးဆိုးရွားရွား ပျက်စီးလာတဲ့နေရာ နောက်တနေရာက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အထက်က မြစ်ဆုံဒေသနဲ့ ဧရာဝတီမြစ်ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လတွေ၊ နှစ်တွေမှာ ဘယ်လက်နက်ကိုင်အဖွဲ့က တိတိပပ ထိန်းချုပ်ထားသလဲ မသိနိုင်တဲ့ မြစ်ဆုံဒေသမှာလည်း စက်ယန္တရားတွေနဲ့ ထုတ်လုပ်ကြတဲ့ ရွှေမျောတွေကြောင့် ပျက်စီးနေတဲ့ ဓာတ်ပုံတွေ၊ လူမှုကွန်ရက်မှာ ပေါ်ထွက်လာတာ တွေ့ ကြရပါတယ်။

သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေတဲ့ ရွှေထုတ်လုပ်မှုတွေက မြန်မာနိုင်ငံ လက်ရှိ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ပွဲတွေအတွင်း အာဏာသိမ်းစစ်တပ်လို ပြည်သူလူထုအပေါ် တာဝန်ခံမှု မရှိတဲ့ လက်နက်ကိုင်အဖွဲ့ကသာ ခွင့်ပြုနေတာမျိုး မဟုတ်ဘဲ တော်လှန်ရေးလက်နက်ကိုင် အင်အားစုတွေကပါ ရွှေထုတ်လုပ်မှုက ရရှိတဲ့ အခွန်အခတွေကို မှီခိုနေကြရတာ ဖြစ်ပါတယ်။

ဒီအချက်ကြောင့်လည်း အာဏာသိမ်းစစ်တပ်က ရွှေမျောဖောင်တွေ ရှိတဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူ၊ မင်းကင်း စတဲ့ဒေသတွေကို မကြာခဏ လေကြောင်းက တိုက်ခိုက်ဖျက်ဆီးနေတာ ဖြစ်ပါတယ်။

တော်လှန်ရေးအင်အားစုတွေ အနေနဲ့ ရွှေထုတ်လုပ်မှုက ရရှိတဲ့ အခွန်အခတွေကို လျစ်လျူရှုဖို့ သို့မဟုတ် လုံးဝပစ်ပယ်ဖို့ ခဲယဥ်းသည့်တိုင် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေက ဒေသနေ ပြည်သူလူထုကို ရေတိုရော ရေရှည်မှာပါ ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိလာမဲ့ အရေးလည်း ထည့်သွင်းစဥ်းစားဖို့ လိုအပ်တာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar