မောင်လူမွှေး - နွားကျောင်းသား
မောင်လူမွှေး - နွားကျောင်းသား
မိုးမခ ၊ အောက်တိုဘာ ၂၀ ၊ ၂၀၂၆
"မင်းတို့ စိုးကိုကို တွေ့မိကြသေးလားကွ" ဆိုပြီး ဆရာဖြစ်သူက တပည့်တွေကို မေးတယ်။ "မတွေ့ဖြစ်ဘူး ဆရာ၊ သူက တောထဲပဲ သွားနေတာ" လို့ ကလေးတွေက ပြန်ဖြေကြတယ်။
ပြီးခဲ့တဲ့ ပညာသင်နှစ် Grade 6 အတန်းမှာ ယောက်ျားလေး နှစ်ယောက်ပဲ ရှိခဲ့တာ။ နှစ်ယောက်ရှိတာမှာ စိုးကိုက စကားမပီရှာဘူး။ စာညံ့တာကျတော့ နှစ်ယောက်လုံး တူတယ်။ ဒါပေမဲ့ ခေတ်သစ်၊ စနစ်သစ် ပညာရေးမှာ စာတော်မှ ပညာတော်တာ မဟုတ်ပါဘူး။ စစ်တပ်က အာဏာသိမ်းတော့ စိုးကိုတို့တွေ Grade 1 ကျောင်းသား ရှိဦးမယ်။
"သူက လမ်းမှာတွေ့ရင်တောင် မမြင်ချင်ယောင် ဆောင်သွားတာ ဆရာ။ ခေါ်ရင်လည်း မကြားချင်ယောင် ဆောင်တတ်တယ်" လို့ တပည့်မလေး တစ်ယောက်က ဆရာဖြစ်သူကို တိုင်တောသလိုနဲ့ ပြောပြတယ်။
"သူက ကျောင်းမတက်တော့ အားငယ်မှာပေါ့ကွ။ သမီးတို့က မကြားကြားအောင် ခေါ်ပြီးသာ နှုတ်ဆက်ပါ။ သူ့ရှေ့ရပ်ပြီး နှုတ်ဆက်ပါ။ သူ မာနကြီးတာ မဟုတ်ဘူး" လို့ ဆရာဖြစ်သူက ရှင်းပြတယ်။ ကလေးတစ်ယောက် ကျောင်းပြင်ပလောက ရောက်သွားရင် ဘယ်လိုတွေဖြစ်ပြီး ဘယ်လိုတွေ ခံစားရတတ်တယ်ဆိုတာ ဆရာဖြစ်သူက သိပါတယ်။ စိုးကိုဆိုတာ နဂိုကမှ စိတ်အားငယ်တတ်တဲ့ကလေး။ ကျောင်းပြင်ပ ရောက်သွားတော့ ဘယ်လိုနေမယ်ဆိုတာ ဆရာဖြစ်သူက ခန့်မှန်းနိုင်ပါတယ်။
မိုးရာသီဝင်စ ကလေးတွေ ဖျားနာကြတော့လည်း ဆရာဖြစ်သူက အတန်းထဲက သူတပည့်တွေကို ကျန်းမာရေး ဂရုစိုက်ကြဖို့ မှာရင်း မင်းတို့သူငယ်ချင်းလည်း တောထဲမှာ နေတာဆိုတော့ တွေ့ရင် ကျန်းမာရေး ဂရုစိုက်ဖို့ ပြောပေးကြပါလို့ စိုးကိုနဲ့ ပတ်သက်ပြီး မမေ့မလျော့ မှာတယ်။ ဆရာဖြစ်သူ တကူးတက မှာရတာကလည်း အကြောင်းရှိတယ်။ မိုးအဝင်မှာ ရွာထဲက သူတို့နဲ့ရွယ်တူ ဆယ့်သုံးနှစ်အရွယ် ကလေးတစ်ယောက် တောထဲမှာ အလုပ်လုပ်နေရာက ဖျားနာပြီး ရုတ်တရက် ဆုံးသွားတယ်။ ဆုံးသွားတဲ့ ကလေးက သူတို့နဲ့ ကျောင်းနေဘက်။ Grade 5 တက်ပြီးတာနဲ့ ကျောင်းထွက်သွားတာလို့ ကလေးတွေ ပြောပြလို့ ဆရာက သိရတယ်။
အဲဒီကလေး အသုဘချတဲ့နေ့က တတန်းလုံး ငိုကြတယ်။ သူတို့တွေ KG ကနေ Grade 5 အထိ ခြောက်နှစ်တာ ခင်မင်ခဲ့တဲ့ သူငယ်ချင်းကိုး။ မြို့ကနေ ရောက်လာတဲ့ ဆရာဟာ ဒီအသက်အရွယ် ဒီအတန်းနဲ့ ကျောင်းထွက်ပြီး ဘဝဆုံးသွားရတဲ့ ကလေးကို မမြင်ဖူးလိုက်ပေမဲ့ ကြေကွဲနေတယ်။ မမြင်ဖူးဖူးဆိုတာက သူ သတိမထားမိတာ ဖြစ်ဖို့ များပါတယ်။ တကယ်တော့ သူနေတဲ့ရွာမှာ ကျောင်းပြင်ပ ရောက်သွားတဲ့ ဒီလိုကလေးတွေ တော်တော်များများ ရှိတဲ့အတွက် လမ်းတစ်နေရာရာမှာတော့ ကြုံဖူးမှာပါ။
စစ်တပ်ရဲ့ ဗုံးကြဲမှုတွေအပြင် ပညာရေးမှာ အထက်တန်းအောင်ရင်လည်း အာမခံချက် မရှိတာ၊ စားဝတ်နေရေး ကျပ်တည်းတာ၊ ပညာဆိုတာကို သဘောမပေါက်တာ၊ ပညာရဲ့ အရသာကို မခံစားဖူးတာ၊ ပညာသင်ကြားမှုကို အလုံအလောက် မရတာ စသဖြင့်... စသဖြင့် ကလေးတွေ ကျောင်းထွက်ရတဲ့ အကြောင်းကို ဆရာဖြစ်သူဟာ စဉ်းစားနေတယ်။ ဘာပဲဖြစ်ဖြစ် ဒီအရွယ်လေးနဲ့တော့ ကျောင်းမထွက်သင့်ဘူး၊ ဒီအရွယ်လေးနဲ့ ကျောင်းထွက်တာဟာ လူ့အဖွဲ့အစည်းမှာ တာဝန်ရှိတယ်လို့ ဆရာဖြစ်သူက တွေးနေမိတယ်။
ဒီနှစ် ပညာသင်နှစ်ထဲ အာဏာသိမ်းစစ်တပ်က သူတို့မြို့ပေါ်မှာ ကျောင်းလာတက်ရင် အရည်အချင်းစစ်ပြီး လက်ခံမယ်လို့ ကြေညာလိုက်တော့ ရွာတွေက ကျောင်းသူကျောင်းသား အချို့ စစ်တပ်အုပ်စိုးထားတဲ့ မြို့ပေါ်ကို ကျောင်းသွားတက်ကြတယ်။ ငွေကြေးတတ်နိုင်ပြီး စာအသင့်အတင့်ရတဲ့ ကလေးမျိုးတွေ သွားတက်ကြတာ များပါတယ်။ တော်လှန်နယ်မြေက ပညာရေးထက် စစ်တပ်ရဲ့ ပညာရေးကို ပိုယုံကြည်အားထားတဲ့သူတွေက သူတို့သားသမီးတွေကို ပို့ကြတဲ့ သဘောပါပဲ။
မြို့ပေါ်ကျောင်း သွားထားတဲ့ ကျောင်းသားတွေနဲ့ မိဘတွေကို အရေးယူမယ်ဆိုတဲ့ အသံတွေလည်း လှိုင်နေခဲ့သလို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အငြင်းပွားကြတဲ့ ကိစ္စလည်း ဖြစ်ခဲ့တယ်။ စိုးကိုရဲ့ ဆရာကတော့ စစ်တပ်အုပ်စိုးတဲ့ မြို့ပေါ်ကျောင်း ပြောင်းသွားတဲ့ တပည့်တွေထက် ကျောင်းထွက်ပြီး နွားကျောင်းနေရတဲ့ သူတပည့်ဖြစ်သူကိုသာ စိတ်ပူတတ်သူ ဖြစ်ပါတယ်။ ကိုယ့်လက်အောက်မှာ ရှိနေတဲ့ တပည့်တွေကိုသာ အစွမ်းကုန် ပညာသင်ကြားရမယ်လို့ ယုံကြည်သူ တစ်ယောက် ဖြစ်ပါတယ်။
ဆောင်းဝင်ပြီ။ မှိုင်းတွေဝေနေတဲ့ တောထဲ၊ နှင်းတွေတွဲခိုနေတဲ့ မြက်ခင်းပြင်မှာ စိုးကိုတစ်ယောက် နွားကျောင်းနေရှာရော့မယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar