Breaking News

ကိုလေအိုး - ရုပ်သံသမားတို့ရဲ့ သောကခြေရာ

 

ကိုလေအိုး - ရုပ်သံသမားတို့ရဲ့ သောကခြေရာ

မိုးမခ ၊ အောက်တိုဘာ ၁၁ ၊ ၂၀၂၆



မှတ်တမ်းမှတ်ရာတွေအရ မြန်မာပြည်မှာ ငွေစက္ကူတွေ တရားမဝင်ကြောင်း ကြေညာခဲ့တာ ၃ ကြိမ်ရှိတယ်။ ၁၉၆၄ ခုနှစ်မှာ ကျပ် ၁၀၀ တန်နဲ့ ၅၀ တန်တွေ တရားမဝင်ကြောင်း ပထမအကြိမ် ကြေညာခဲ့တယ်။ ၁၉၈၅ ခုနှစ် မှာ တော့ ကျပ် ၁၀၀တန်၊ ၁၀ တန်နဲ့ ၂၅ကျပ်တန်တွေ တရားမဝင်ကြောင်း ဒုတိယအကြိမ် ကြေညာခဲ့တယ်။ ၁၉၈၇ ခုနှစ်မှာတော့ ၇၅ ကျပ်တန်၊ ၃၅ ကျပ်တန်နဲ့ ၂၅ ကျပ်တန်တွေ တရားမဝင်ကြောင်း တတိယအကြိမ်ကြေညာခဲ့ပါတယ်။

ပထမအကြိမ်နဲ့ ဒုတိယအကြိမ်တွေမှာ အပ်တဲ့ငွေနဲ့ တရားဝင်ငွေတွေကို ပြန်လဲပေးခဲ့ပေမဲ့ တတိယအကြိမ်မှာတော့ ပြန်လဲမပေးခဲ့ဘဲ အပြီးတိုင်ဖျက်သိမ်းခဲ့တာပါ။ အခုပြောမဲ့ ငွေစက္ကူဒရာမာဇာတ်လမ်းက တတိယအကြိမ် ငွေစက္ကူတွေ တရားမဝင်ကြောင်း ကြေညာခဲ့တုန်းက တကယ့်ဖြစ်ရပ်ပါ။ ရုပ်သံမီဒီယာသမားတို့ရဲ့ သောကခြေရာတွေလို့လည်း ဆိုနိုင်တယ်။

ဦးနေဝင်း လက်ထက်က ငွေစက္ကူတွေ မကြာခဏဖျက်သိမ်းပစ်တာ အများသိကြတဲ့အတိုင်းပါပဲ။ ဒီလို ငွေစက္ကူတွေ ဖျက်သိမ်းပြီဆို အရင်ဦးဆုံး ကြေညာပေးရတာလည်း ထုံးစံအတိုင်း မြန်မာ့အသံကပဲ ဖြစ်ပါတယ်။

ဒီပိုက်ဆံ ဒီပိုက်ဆံတွေတော့ တရားမဝင်တော့ဘူး၊ သုံးလို့မရတော့ဘူးလို့ ကြေညာပေးရသူကိုယ်တိုင် သူပိုင်ငွေ စက္ကူတွေ အမြောက်အမြား ဆုံးရှုံးခဲ့ရတယ်ဆိုတဲ့ကိစ္စဟာ တော်တန်ရုံလူ မကြုံနိုင်တဲ့ကိစ္စပါ။ ဒါပေမဲ့ တကယ် ဖြစ်ပျက်ခဲ့ဖူးတယ်။

ဒီအကြောင်းတွေ မပြောခင် သတင်းဖတ်ရသူ၊ အစီအစဉ်ကြေညာရသူတွေအကြောင်း တစေ့တစောင်းပြောရဦးမယ်။ မြန်မာ့အသံမှာ အသံလွှင့်ဝန်ထမ်းလုပ်ဖို့အတွက် အလုပ်ဝင်ဝင်ချင်း ဌာနတွင်း သုံးလသင်တန်းတခု တက်ရတယ်။

ဌာနတွင်းသင်တန်း ဆိုတဲ့အတိုင်း အသံလွှင့်နဲ့ရုပ်မြင်ဌာနတွေမှာ ကိုယ့်ရှေ့က စီနီယာဝန်ထမ်း ဦးကြီး၊ ဒေါ်ကြီး၊ အစ်ကို၊ အစ်မတွေက သူတို့လုပ်ငန်းအတွေ့အကြုံတွေ ပြန်ရှယ်ကြတာပါ။ အဲဒီသင်တန်းမှာ စပြီးကြားနာရတာ ကတော့— “အသံလွှင့်ခန်းဝင်မယ့်သူဟာ အိမ်ကပါလာတဲ့ သောကတွေကို အသံလွှင့်ခန်းအဝင်ဝမှာ ချထားခဲ့ပါ”။ 

အသံလွှင့်သူဟာ ပုံမှန်အသံနဲ့ပဲ တင်ဆက်ရတာဖြစ်လေတော့ အသံလွှင့်နေချိန်မှာ ဝမ်းနည်းတဲ့အသံ ပေါက်နေလို့ မရသလို ပျော်ရွှင်တက်ကြွနေတဲ့အသံနဲ့ တင်ဆက်လို့လည်း မရပါဘူးလို့ ဆိုလိုတာပါ။

သတင်းဖတ်တဲ့သူက ပိုလိုအပ်တာပေါ့။ စောစောက အစချီထားသလို ငွေစက္ကူဖျက်သိမ်းတဲ့သတင်းကို ကြေညာတဲ့သူဟာ ဝမ်းနည်းနေတဲ့ လေသံနဲ့ ဖတ်လို့ ဘယ်ဖြစ်မလဲ။ ဒီသဘောပါ။ နောက်တခု ဆရာတယောက် မှာတာကတော့ အသံလွှင့်လုပ်ငန်း လုပ်မယ့်သူဟာ ရှက်ကြောဖြတ်ထားပါ..တဲ့။ ဒါကတော့ အသံလွှင့်ဝန်ထမ်းတွေဟာ လုပ်ငန်းသဘာဝအရ ဇာတ်လမ်းတွေမှာ ကျရာဇာတ်ရုပ်ကနေ အသံနဲ့သရုပ်ဆောင်ကြရလို့ ကြိုပြောထားတာပါ။

နောင် ကိုယ်တိုင်လုပ်ငန်းခွင်ထဲရောက်သွားတော့ ဒီစကားတွေဟာ သိပ်မှန်တဲ့စကားတွေဆိုတာ သဘောပေါက်သထက် ပေါက်လာရတာပေါ့။ အိမ်မှာ သုံးစရာ ပိုက်ဆံမရှိလည်း အသံလွှင့်ဂျူတီဝင်ရင်တော့ အဲဒါတွေ မေ့ထားပြီး အသံလွှင့်ရပါတယ်။ ကလေး နေမကောင်းလို့ စိတ်ပူနေရလည်း အသံလွှင့်ခန်းဝင်ပြီး သတင်းဖတ်ရချိန်မှာတော့ စိတ်ပူတာတွေ နောက်ပို့ထားရပါတယ်။ နာရေးလိုမျိုး ကြုံရင်တော့ ကိုယ့်အချင်းချင်း ဂျူတီချိန်းပြီး အလုပ်မပျက် ချီတက်ရတာပါပဲ။

ဒါတင်ပဲလားဆိုတော့ အသံလွှင့်ဇာတ်လမ်းတွေ အသံသွင်းတဲ့အခါ ကျရာဇာတ်ရုပ်မှာ ငိုဆို ငိုရ၊ ရယ်ဆို ရယ်ရ၊ ငိုချင်လျက်နဲ့ ဇာတ်ကွက်ကိုဆ ရယ်လိုက်ရတယ် ဆိုသလိုပေါ့။ ဒါကြောင့်ပဲ အသံလွှင့်ဝန်ထမ်းလုပ်မယ့်သူတွေကို လူတွေ့အင်တာဗျုးလုပ်ကတည်းက သီချင်းဆိုပြခိုင်းတတ်၊ ပုံပြောခိုင်းတတ်ကြတာပေါ့။

လုပ်ငန်းသဘာဝမှာ အသံအိုက်တင် လုပ်တတ်ရတာကိုး။ တချို့လည်း မဆိုတတ်၊ မပြောတတ်ကြပေမယ့် အများစုကတော့ လုပ်တတ်သွားကြတာ များပါတယ်။ သဘောသဘာဝလေးတွေပြော ပြီးတော့ တကယ့် အဖြစ်အပျက် လာပါပြီ။

၁၉၈၇ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်၊ သောကြာနေ့မှာ နိုင်ငံတော်ကောင်စီက ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်နဲ့ ၇၅ ကျပ်တန် ပိုက်ဆံတွေ တရားမဝင်တော့ဘူးလို့ ကြေညာခဲ့တယ်။

ထုံစံအတိုင်း ပြန်ကြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးတို့ ညွှန်ချုပ်အခန်းထဲ‌ ရောက်လာပြီး အထူးသတင်း ဖတ်မယ့်သူစီစဉ်ပေးဖို့ပြော၊ ညွှန်ချုပ်က ဒီသတင်းမျိုးဖတ်ဖို့ သင့်တော်တဲ့သူ ခေါ်၊ ပြန်ဝန်က သူ့လက်ထဲက သတင်းစာရွက်ကို ဖတ်မယ့်သူလက်ထဲထည့်ပြီး အသံမထွက်ဘဲ ဖတ်ဖို့ပြော။ ပြီးတော့ ရုပ်မြင်သတင်းခန်းဆီ ချီတက်ကြ။

ညွှန်ချုပ်ဖြစ်သူ ရေးထားတာက” အဲဒီသတင်းဖတ်မယ့်သူဟာ လူပုံက ခပ်နွဲ့နွဲ့ပေမယ့် အသံလုံးကကြီးပြီး တည်တည်ငြိမ်ငြိမ်ဖတ်နိုင်သူ” ဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီနေ့က ငွေစက္ကူဖျက်သိမ်းတဲ့ သတင်းဖတ်သူအသံဟာ “တုန် “နေခဲ့တယ်။ ဒါက သတင်းဖတ်သူချင်းပဲ သိကြပြီး အပြင်လူတွေ သိပ်သတိမထားမိနိုင်တဲ့ကိစ္စမျိုးပါ။

တကယ်တော့ ငွေစက္ကူဖျက်သိမ်းတဲ့သတင်း ဖတ်ကြားနိုင်ဖို့ စီစဉ်ပေးရသူ ညွှန်ချုပ်လည်း နိုင်ငံခြားက မကြာသေးမီ ပြန်လာတုန်းက ဝယ်လာတဲ့ လက်မ ၂၀ တီဗီတလုံး ပြန်ရောင်းထားတဲ့ ပိုက်ဆံတွေက အိမ်ကအဝတ်ဗီရိုထဲမှာ ဒီအတိုင်း၊ ဘဏ်မအပ်ရသေး။ ငွေစက္ကူဖျက်သိမ်းတဲ့ သတင်းဖတ်ရသူမှာလည်း မနေ့တနေ့ကမှ သူ့ကားဟောင်းလေး ရောင်းထားတဲ့ ပိုက်ဆံတွေ အိမ်မှာ ဒီအတိုင်း၊ ဘဏ်မအပ်ရသေး။

”မပေးပေးပေး ပေးပေး ငါ့ရွှေ ခွက်ပေး” ဆိုပြီး ရွှေမန်းတင်မောင် ရွဲကုန်သည် အရူးဇာတ်ကသလို ကကြရမယ့် ဒရာမာတွေပါဗျာ။

စာကိုး-မြန်မာ့အသံကျော်မင်း၏ မြန်မာ့အသံကျော်မင်း


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar