Breaking News

လှကျော်ဇော - (၂၁)ရာစု မာက်စ်ဝါဒရှာပုံတော် (၁၂) (၁၀၅)နှစ်ပြည့်သွားပြီဖြစ်တဲ့ တရုတ်ကွန်မြူနစ်ပါတီ(CPC)

(၂၁)ရာစု မာက်စ်ဝါဒရှာပုံတော် (၁၂)
(၁၀၅)နှစ်ပြည့်သွားပြီဖြစ်တဲ့ 

တရုတ်ကွန်မြူနစ်ပါတီ(CPC)
လှကျော်ဇော
(မိုးမခ) အောက်တိုဘာ ၉၊ ၂၀၂၆


.... ၁-၇-၂၀၂၆ ရက်နေ့မှာ တရုတ်ကွန်မြူနစ်ပါတီတည်ထောင်တာ (၁၀၅)နှစ်ပြည့်သွားပြီဖြစ်ပြီး၊ ၁-၁၀-၂၀၂၆ နေ့မှာတော့ တရုတ်ပြည်မှာ တရုတ်ကွန်မြူနစ်ပါတီအာဏာရထားတာ (၇၇)နှစ်ပြည့်သွားပါပြီ။
(၂၀)ရာစုမာက်စ်ဝါဒရဲ့အောင်ပွဲအဖြစ် သမိုင်းတင်ခြင်းခံခဲ့ရတဲ့ မဟာအောက်တိုဘာတော်လှန်ရေးအောင်ပွဲက ပေါ်ထွက်ခဲ့တဲ့ ဆိုဗီယက်ရုရှား ပြည်ထောင်စုနိုင်ငံကြီး ၁၉၉၁ခုနှစ်( ၂၀ရာစုအကုန်)မှာ ပြိုကွဲသွားပြီး အရှေ့ဥရောပနိုင်ငံများက အာဏာရကွန်မြူနစ်ပါတီ အများအပြား အာဏာလက်လွှတ်ဖြစ်ခဲ့ရပါတယ်။ 
တချို့နိုင်ငံတွေမှာ ကွန်မြူနစ်ပါတီများတောင် ပျောက်ကွယ်သွားရပါတယ်။ ဒီတော့ အရင်းရှင်အနောက်တိုင်းပညာရှင်များက-သမိုင်းနိ၈ုံးချုပ်သွားပြီ။ ကွန်မြူနစ်ဝါဒခေတ်ကုန်သွားပြီ။ ...ဆိုပြီး အူမြူးကုန်ကြပါတယ်။
သူတို့က ဆိုဗီယက်ပြီးရင် တရုတ်ပဲဆိုပြီး စောင့်နေကြတာ။
တရုတ်ကွန်မြူနစ်ပါတီဟာ ဆိုဗီယက်ရဲ့ အတွေ့အကြုံများကို အစောကတည်းက သင်ခန်းစာယူခဲ့ရုံမက ရဲဘော်ရဲဘက်စိတ်နဲ့ ဆိုဗီယက်ခေါင်းဆောင်များကိုလဲ အကြိမ်ကြိမ်ကြုံတိုင်း သွယ်ဝိုက်တမျိုး ဗြောင်တဖုံ သတိပေးခဲ့ကြဖူးပါတယ်။ သူတို့နားမထောင်ခဲ့ပါဘူး။
တရုတ်ကွန်မြူနစ်ပါတီဟာ အခုတော့ သူတိုင်းပြည်က ပြည်သူသန်းပေါင်း (၁၄၀၀) ကို ဆင်းရဲငတ်မွတ်မှုကကင်းဝေးတဲ့ တစုံတရာ ချမ်းသာဝပြော သာယာငြိမ်းချမ်း လုံခြုံတဲ့ဘဝကို ဖန်တီးတည် ဆောက်ပေးနိုင်ရုံမက နိုင်ငံရဲ့အဆင့်အတန်းကိုလည်း စီးပွားရေးအရ ကမ္ဘာ့ဒုတိယ အင်အားအကြီးဆုံးနိုင်ငံအဖြစ် ပေါ်ထွက်လာနိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ဘာ့ကြောင့်ဒီလိုစွမ်းဆောင်နိုင်ခဲ့သလဲ။
တကယ်တော့ လူသားများသမိုင်းတလျှောက်မှာ နိုင်ငံရေးအာဏာများဟာ တက်ပြီးရင်ကျတဲ့ သမိုင်းလည်ပတ် မှုနဲ့ ကြုံတွေ့ရတာချည်းပါပဲ။ တိုင်းပြည်ခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များ၊ ပညာရှင်သုတေသီများ အဖို့ကတော့ ဒီသမိုင်းစက်ဝိုင်းကို ဖြတ်တောက်နိုင်ဖို့ဟာ အလွန်ကြီးမားခက်ခဲတဲ့ စိန်ခေါ်မှုကြီးပါ။
တရုတ်ကွန်မြူနစ်ပါတီဟာ နှစ်ဆယ်စုနှစ် များစွာကို လေ့လာစူးစမ်းရှာဖွေပြီး လက်တွေ့ (တွေ့ရှိလာတဲ့ အမှားများကိုလည်း ပြတ်ပြတ်သားသားပြုပြင်ပြီး) လုပ်ဆောင်ကြည့်ရင်းက အလုပ်ဖြစ်နိုင်တဲ့ ဖြေရှင်းနိုင်တဲ့ နည်းလမ်းနှစ်ခုကိုတွေ့ရှိလိုက်ပါတယ်။
၁။လူထုရဲ့ကြီးကြပ်မှုခံယူခြင်း.။people”s oversight.
၂။မိမိကိုယ်မိမိပြုပြင်ခြင်း။self-reform.---တို့ဖြစ်ပါတယ်။
ပိုအရေးကြီးတာက မိမိကိုယ်မိမိ ပြုပြင်ခြင်းပါ။
အာဏာရပါတီတရပ်အနေနဲ့ တဦးချင်းအကျိုးထက် အများပြည်သူရဲ့ အကျိုးစီးပွားကို ဦးစားပေးတဲ့အခါ ဘယ်သူ့ မျက်နှာမှ ထောက်ထားစရာမလိုဘဲ ပေါ်လာတဲ့ ပြဿနာများကို မိမိတို့အတွင်းပိုင်း ပြုပြင်ပြောင်းလဲရေးများနဲ့ ဖြေရှင်းနိုင်ပါတယ်။ ဒါကို နိုင်ငံရေးပိုင်းဖြတ်ချက်များနဲ့တင် မလုံလောက်ပါဘူး။ စနစ်တကျ စစ်ဆေးကြီးကြပ်မှုများအတွက် အခြေခံအဆောက်အအုံများကို ခိုင်ခိုင်မာမာ တည်ဆောက်ပြီး တာဝန်ယူမှု အပြည့်နဲ့ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
အဓိက ကတော့ ပေါ်လစီရေးဆွဲရတဲ့ နိုင်ငံရေးသမား (အာဏာပိုင်)များဟာ ပြည်သူ့အကျိုးကိုပဲ ကြည့်ရမှာဖြစ်ပြီး ကျန်သူများ (အရင်အနှီးသမားများ အရင်းရှင်များရဲ့) အကျိုးစီးပွားများနဲ့ ကင်းရှင်းဖို့ လိုပါတယ်။
တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ မိမိတို့ပါတီဝင်များနဲ့ အစိုးရဝန်ထမ်းများ လိုက်နာရန် သတ်မှတ်ထားတဲ့ အလွန်တင်းကျပ်တဲ့ စည်းကမ်းရှစ်ချက် ရှိပါတယ်။ တချက်ချင်း အသေးစိတ် သတ်မှတ်ပေးထားပါတယ်။ ဥပမာ-စည်းကမ်းနံပတ်(၈)၊ ခြိုးခြံချွေတာရေးကို လိုက်နာရန်။ သန့်ရှင်းသော အုပ်ချုပ်ရေးဆိုင်ရာ စည်းမျဥ်းများကို တင်းကြပ်စွာလိုက်နာရမည်။ (ဒီအထဲမှာ လက်ဆောင်တွေ လက်မခံဖို့၊ မိမိအာဏာအခွင့်အရေးများကို မိမိသာမက မိမိမိသားစုဝင်များအပါ အလွဲသုံးစားမလုပ်ဖို့ အသေးစိတ် အချက်တွေ ထပ်ပါပါတယ်။
(မှတ်ချက်။ ကြုံတုန်းဖတ်လိုက်မိတဲ့ သတင်းတပုဒ်ပြော ပြချင်ပါတယ်။
ရုံးသုံးအတွက် ပေးထားတဲ့ ကားတွေထဲမှာ ရုံးလုပ်ငန်းတွေအတွက်သုံးဖို့ ရုံးသုံးဆိုတဲ့တံဆိပ်ရိုက်ပြီး ကားအချို့ချန်ထားကာ ကျန်တာတွေကို လေလံတင်ပြန်ရောင်းပေးပြီး လစဉ်ရာထူးအဆင့်နဲ့အညီ ဓာတ်ဆီဖိုး ထောက်ပံ့ပေးပါတယ်။ အရင်တုန်းကတော့ ရုံးသုံးကားဆိုရင် ရုံးချိန်အပြင် တခြားလုပ်ငန်းများ ကိုယ်ရေးကိုယ်တာ ကိစ္စများအတွက် သုံးချင်သလို သုံးတာပါ။ ဆီကလိုသလောက် ထည့်သုံးနေတာပါ။ ဒီပြုပြင်မှုကနေ ထွက်လာတဲ့ ငွေကြေးပမာဏဟာ ယုံနိုင်စရာတောင် မရှိပါဘူး။ သူတို့ ဒီလိုနည်းတွေနဲ့ ယိုပေါက်အသီးသီးကို ပိတ်ဆို့တာပါ။)
ဒီလိုစည်းကမ်းချက်များနဲ့ ယိုပေါက်အမျိုးမျိုးကို ပိတ်ပြီးနောက် လာဘ်ယူလာဘ်စား တိုက်ဖျက်ရေး လုပ်ငန်းများကိုလည်း စနစ်တကျ အဆင့်အသီးသီးက အစိုးရအရာရှိများ အတွင်းသာမက (နိုင်ငံခြားသို့ ထွက်ပြေးတဲ့ ဝရမ်းပြေးများအပါ) မိုးအောက်မြေပြင် ဘယ်သူမှ မလွတ်အောင် ဖမ်းဆီးနိုင် အရေးယူနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ ပိုင်ဆိုင်မှုအားလုံးကိုလည်း ဖော်ထုတ် သိမ်းယူနိုင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ရရှိလာတဲ့ ငွေအရင်းအမြစ်တွေကို အစိုးရက ဆင်းရဲမှုပပျောက်ရေးလုပ်ငန်းများမှာ ပုံအောသုံးနိုင်ခဲ့လို့ ၂၀၂၀ခုနှစ်မှာ တရုတ်ပြည်ဟာ သူ့နိုင်ငံတွင်းမှာကုလသမဂ္ဂက သတ်မှတ်ထားတဲ့  (၂၀၃၀) မှာ ပြည့်မီရမယ့်--စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်(၁၇)ချက်ကို ဆယ်နှစ်စောပြီး ပြီးမြောက်ခဲ့တယ်။-လို့ ကုလရဲ့ သတ်မှတ်မှုကို ခံခဲ့ရပါတယ်။
တရုတ်ရဲ့ ဒီပေါ်လစီ(၂)ရပ်-ဆင်းရဲမှုပပျောက်ရေးနဲ့ လာဘ်ယူလာဘ်စား တိုက်ဖျက်ရေး-များကို တရုတ်ပြည်သူများက အလွန်ထောက်ခံလို့ ဒါတွေကို ဘယ်သူမျက်နှာမှ မထောက် ပြတ်ပြတ်သားသားလုပ်ပြီး အောင်မြင်မှုတွေရတဲ့အတွက် တရုတ်ကွန်မြူနစ်ပါတီရဲ့ သြဇာဟာ ပိုမိုတက်လာပြီး ပါတီအာဏာရရှိထားမှုရဲ့ တရားဝင်မှုကို ပိုမိုခိုင်မာစေခဲ့ပါတယ်။
အခုအခါမှာတော့ ရရှိထားတဲ့ အောင်မြင်မှုများ ရေရှည်ခံရေးနဲ့ ခိုင်မာစေရေး နည်းလမ်းများကို ရှာဖွေလုပ်ဆောင်ပြီး အလုပ်ဖြစ်တဲ့ နည်းလမ်းများကို စနစ်တကျ ဖွဲ့စည်း ပြဋ္ဌာန်းပေးပါတယ်။ ကျေးလက်ဖွံ့ဖြိုးရေး အစီအစဉ်အမျိုးမျိုး လုပ်ဆောင်ပြီး ကျေးလက်စီးပွားရေးများ တိုးတက်အောင် လုပ်ပေးနေတာတွေ တွေ့ရပါတယ်။
လာဘ်ယူလာဘ်စားပြဿနာများအတွက်လည်း
၁။ လာဘ်မစားချင်အောင် ဝန်ထမ်းအသီးသီးရဲ့ လစာများ တိုးပေးတာ။ ခံစားခွင့်များချမှတ်ပေးတာ၊
၂။ လာဘ်မစားနိုင်အောင် အရာရှိများရဲ့ လုပ်ပိုင်ခွင့်များကို သတ်မှတ်ပေးတာ။ ကြီးကြပ်မှုများကို စနစ်တကျ အမြဲမပြတ် လုပ်ဆောင်နေ။
၃။ လာဘ်မစားရဲအောင်။ တရားဥပဒေများကို အဆင့်ရှိစွာ သတ်မှတ်ပေးပြီး အမှုတွေကို ဘယ်လောက်ကြာကြာ ဘယ်လောက်ခက်ခက် ရအောင်ဖော်ထုတ်ပြီး တရားဥပဒေရဲ့ အထက်မှာ ဘယ်သူမှမရှိရ ဆိုတဲ့မူကိုကိုင်စွဲပြီး ဖြေရှင်းတာ။ (ဥပဒေများ ပြဋ္ဌာန်းရာမှာ သတင်းပေးသူများအတွက် လုံခြုံရေးအာမခံမှုများ ပါပါတယ်။ အလွန်အသေးစိတ်ပါတယ်။)
ဗဟိုရဲ့ စည်းကမ်းထိမ်းသိမ်းရေးကော်မတီဆိုတာ အလွန်သြဇာကြီးပါတယ်။ အခု အဲဒီက ကော်မတီဝင်များဟာ သက်ဆိုင်ရာ အရပ်များကို လေ့လာစုံစမ်းဖို့ သွားတဲ့အခါ ခရီးသွား သာမန် လည်ပတ်သူများအဖြစ်သာ သွားရောက်ကြပြီး အဲဒီဒေသကလူထုရဲ့ အမြင်များကို စုဆောင်းပြီး ဗဟိုကို တင်ပြကြရတာပါ။ ထို့အတူ အရာရှိများ ရာထူးတိုးပေးဖို့ဆိုရင်လဲ ဒီနည်းအတိုင်းပဲ ကျင့်သုံးတာပါ။ လူထုအမြင်ကောင်းမှသာ ရာထူးတိုးနိုင်တာပါ၊
ဒီလိုနည်းတွေနဲ့ တရုတ်ပြည်ကြီးကို ၂၀၄၉ခုနှစ် (တရုတ်ကွန်မြူနစ်ပါတီ အာဏာရတာ အနှစ်(၁၀၀) ပြည့်ချိန်) မှာ ချမ်းသာဝပြောပြီး သာယာအေးချမ်းတဲ့ ဆိုရှယ်လစ်နိုင်ငံကြီးတရပ် ဖြစ်လာရေးအတွက် တရုတ်ကွန်မြူနစ်တွေဟာ ကြိုးပမ်းနေကြပါတယ်။ သူတို့က သူတို့ရဲ့ ကောင်းမွန်သန့်ရှင်းပြီး ထိရောက်မှုရှိတဲ့ တိုင်းပြည်အုပ်ချုပ်ရေး နည်းပညာများကို ကျန်တဲ့ နိုင်ငံများ လေ့လာနိုင်ဖို့လဲ ကြိုးစားကူညီပေးနေတာတွေ တွေ့ရပါတယ်။

လှကျော်ဇော
၇-၁၀-၂၀၂၆

 

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar