ကိုအောင်မှိုင်း - စာပေနိုဘယ်ဆုရှင် အန်နဲကာဆွန်ထံမှ သင်ယူခြင်း
ကိုအောင်မှိုင်း - စာပေနိုဘယ်ဆုရှင် အန်နဲကာဆွန်ထံမှ သင်ယူခြင်း
မိုးမခ ၊ အောက်တိုဘာ ၁၁ ၊ ၂၀၂၆
၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၈ ရက်မှာ Anne Carson ဟာ စာပေနိုဘယ်ဆု (Nobel Prize in Literature) ကို ရရှိခဲ့ပါတယ်။ သူမက ၁၉၅၀ မှာ မွေးတာဆိုတော့ အသက် ၇၆ နှစ် ရှိပြီပေါ့။ ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့မှာ မွေးဖွားသူ တယောက်ရဲ့ အတွေးအခေါ်၊ ယုံကြည်ချက်၊ ရဲရင့်မှုနဲ့ လူ့အဖွဲ့အစည်းပေါ် ကောင်းမှုပြုမှုဆိုတဲ့ စံတန်ဖိုးတွေပေါ်က ကျနော် အတော်လေးစား တန်ဖိုးထားမိပါတယ်။
ကျနော် စိတ်ဝင်စားတာက သူမကို ဘာလို့ Nobel Prize in Literature ပေးရတာလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဆုရွေးချယ်ရေးအဖွဲ့ရဲ့ အဓိက အသိအမှတ်ပြုတဲ့ စံတန်ဖိုးက သူမရဲ့ စာပေဟာ ရဲရင့်ပြီး တီထွင်ဆန်းသစ်မှု ရှိသလို ဂန္ထဝင်စာပေ အစဉ်အလာနဲ့ ဖန်တီးမှုဆိုင်ရာ ဆွေးနွေးမှုတွေကနေ ခေတ်သစ်စာပေပုံစံ အသစ်တွေကို ဖန်တီးပေးနိုင်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအချက်တွေကို သုံးသပ်မယ်ဆိုရင် အပိုင်းသုံးပိုင်းလောက် ခွဲပြီး နားလည်ယူနိုင်မှာပါ။
၁။ ဂန္ထဝင်စာပေနဲ့ ခေတ်သစ်ကို ပေါင်းစပ်ခြင်း - ရှေးဂရိ ဒဏ္ဍာရီနဲ့ စာပေဇာတ်ကောင်တွေကို ယနေ့ခေတ် လူ့ဘဝနဲ့ ဆက်စပ်ဖန်တီးတာ တွေ့ရတယ်။
၂။ စာပေအမျိုးအစားတွေကို ပေါင်းစပ်ခြင်း - ကဗျာ၊ စကားပြေ၊ စာစီစာကုံး၊ ပြဇာတ်နဲ့ ဘာသာပြန်စာပေတို့ကို တစ်ခုတည်းသော လက်ရာထဲမှာ ရောစပ်အသုံးပြုတာ တွေ့ရတယ်။
၃။ စဉ်းစားတွေးခေါ်မှုနဲ့ ခံစားမှုကို ပေါင်းစပ်ခြင်း - အချစ်၊ ဆန္ဒ၊ အထီးကျန်မှု၊ ဆုံးရှုံးမှုနဲ့ လူ့အမှတ်သညာတို့ကို ဒဿနဆန်ဆန် စူးစမ်းတင်ပြတာ တွေ့ရတယ်။
ဆရာမက ရှေးဂရိ ဒဏ္ဍာရီကို ရှေးခေတ် အကြောင်းအရာ တစ်ခုအဖြစ်သာ မထားဘဲ ယနေ့ခေတ် လူ့ဘဝ၊ အချစ်ရဲ့ သင်္ကေတတွေကို လက်တွေ့ဘဝထဲမှာ အသုံးပြုတယ်။ ဆိုလိုတာက အတိတ်ကို လက်ရှိ လက်တွေ့ဘဝတွေအတွက် ပြန်လည် အဓိပ္ပာယ်ဖော်ခြင်းလို့ ပြောနိုင်မယ်ထင်တယ်။
နောက်တစ်ခုက ကဗျာဆိုတာ ကာရန်ညီရမယ်၊ စကားပြေဆိုတာ ဇာတ်လမ်းကို တဆက်တည်း ပြောရမယ်ဆိုတဲ့ ရိုးရာ အယူအဆတွေကို ကျော်လွန်ပြီး စာပေပုံစံ အသစ်တွေ ဖန်တီးခဲ့တယ်။ ဆိုလိုတာက စာပေပုံစံကို စမ်းသပ် ပြောင်းလဲတာလို့ ပြောနိုင်မယ်ထင်တယ်။
နောက်တစ်ခု ပြောလိုတာက ဆရာမဟာ ကဗျာဆရာမ တစ်ဦးသာ မဟုတ်ပါဘူး။ ရှေးဟောင်း ဘာသာစကားနဲ့ စာပေကို ပညာရပ်ဆိုင်ရာမှာ တိကျမှုရှိရှိ လေ့လာပြီး အဲဒီ အသိပညာကို ဖန်တီးမှုဆိုင်ရာ စာပေအဖြစ် ပြောင်းလဲ အသုံးချသူလည်း ဖြစ်ပါတယ်။ ဆိုလိုတာက စာပေနဲ့ ပညာရပ်ဆိုင်ရာ သုတေသနကို အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့တာလို့ ပြောရမယ်ထင်ပါတယ်။
ဆရာမရဲ့ လူသိအများဆုံး စာအုပ်တွေထဲက ၁၉၉၈ ခုနှစ်မှာ ထုတ်တဲ့ “Autobiography of Red” (အနီရောင်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ) ဟာ ကဗျာဝတ္ထု ပုံစံဖြစ်ပါတယ်။ ရှေးဂရိ ဒဏ္ဍာရီထဲက Geryon ဆိုတဲ့ ဇာတ်ကောင်ကို ခေတ်သစ် လူငယ်တစ်ဦးလို ပြန်လည် ဖန်တီးထားတဲ့ လက်ရာ ဖြစ်ပါတယ်။ အချစ်၊ အထီးကျန်မှု၊ ကိုယ်ပိုင် အမှတ်သညာနဲ့ စိတ်ဒဏ်ရာတွေကို ဖော်ကြူးထားတာ ဖြစ်ပါတယ်။
ဆရာမရဲ့ ဒုတိယ လူသိများတဲ့ စာအုပ်က ၁၉၈၆ ခုနှစ်က ထုတ်တဲ့ “Eros the Bittersweet” (ခါးသီးချိုမြိန်သော အီရော့) ဟာ စာပေဝေဖန်ရေးနဲ့ ဒဿနဆန်တဲ့ လေ့လာမှု တစ်ခုဖြစ်ပါတယ်။ ဒီစာအုပ်ကို ရှေးဂရိ စာပေကို အခြေခံပြီး အချစ်နဲ့ တောင့်တမှုရဲ့ သဘောသဘာဝကို လေ့လာတင်ပြထားတာလို့ ယူဆကြပါတယ်။ လူတစ်ယောက်က မိမိ မရရှိနိုင်သေးတဲ့ အရာကို ဘာကြောင့် ပိုမို တောင့်တတတ်သလဲ ဆိုတဲ့ မေးခွန်းမျိုးကို စဉ်းစားစေတဲ့ စာအုပ်တစ်အုပ်လို့ ယူဆကြပါတယ်။
ကျနော် ပြောချင်တဲ့ တတိယ နာမည်ကြီး စာအုပ်က ၂၀၁၀ မှာ ထုတ်တဲ့ “Nox” (နော့်စ်) ဖြစ်ပါတယ်။ ကွယ်လွန်သွားတဲ့ သူမရဲ့ အစ်ကိုအကြောင်းကို အခြေခံထားပါတယ်။ ဝမ်းနည်းပူဆွေးမှု၊ မိသားစု အမှတ်တရနဲ့ လူတစ်ယောက်ကို အမှန်တကယ် နားလည်သိရှိနိုင်ခြင်း ရှိ/မရှိ ဆိုတဲ့ အကြောင်းတွေကို စာသားနဲ့ ရုပ်ပုံတွေ ပေါင်းစပ် တင်ပြထားပါတယ်။ သုံးသပ်သူ အများစုက ဒီစာအုပ်ကို ကဗျာ၊ မှတ်တမ်းနဲ့ အနုပညာ စာအုပ်လို့ မှတ်တမ်းတင်ကြပါတယ်။
၂၀၂၄ ခုနှစ်မှာ ထုတ်တဲ့ “Wrong Norma” ဟာ ဆရာမရဲ့ ဆန်းသစ်တဲ့ ကဗျာနဲ့ စာပေလက်ရာများ စုစည်းမှု တစ်ခုဖြစ်ပါတယ်။ New Directions မှ ထုတ်ဝေခဲ့ခြင်း ဖြစ်ပြီး စာပေဆိုင်ရာ စမ်းသပ်ဆန်းသစ်မှုများ၊ ဒဿနိကဆိုင်ရာ ရှာဖွေဆင်ခြင်မှုများ၊ ဟာသနှောတဲ့ အရေးအသားနဲ့ ရုပ်ပုံပိုင်းဆိုင်ရာ ပေါင်းစပ်ဖန်တီးမှု (visual collage) တို့ကို ပေါင်းစပ် သရုပ်ဖော်ထားခြင်း ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ National Book Critics Circle Award (ကဗျာကဏ္ဍ) အတွက် ဆုကို ဆွတ်ခူးရရှိခဲ့ပြီး ၂၀၂၄ ခုနှစ် National Book Award (ကဗျာကဏ္ဍ) အတွက် နောက်ဆုံးအဆင့် ဆန်ခါတင် စာရင်းဝင်ခဲ့ပါတယ်။
နိဂုံးအနေနဲ့ Anne Carson ဆီက လေ့လာနိုင်တဲ့ အချက်တစ်ခုက "သမိုင်းကို ပြန်လည်ပြောပြရုံ မဟုတ်ဘဲ သမိုင်းက ကနေ့ လူ့အဖွဲ့အစည်းပေါ် ဘယ်လို အဓိပ္ပာယ် သက်ရောက်နေသလဲ ဆိုတာ" ကျနော်တို့ အခိုင်အမာ သင်ယူရရှိနိုင်မယ် ဆိုတာကတော့ အသေအချာ ဖြစ်ကြောင်းပါ။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar