အာဆီယံ အစည်းအဝေးမတိုင်ခင် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးရဲ့ နေပြည်တော်ခရီးစဥ်
အာဆီယံ အစည်းအဝေးမတိုင်ခင် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးရဲ့ နေပြည်တော်ခရီးစဥ်
မြန်မာနွေဦးခရိုနီကယ်၊ နိုဝင်ဘာ ၁၁ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၂၆
ဖိလစ်ပိုင်နိုင်ငံမှာ မကြာခင် ကျင်းပမဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေ တက်ရောက်မဲ့ ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး မတိုင်ခင်မှာ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဆီဟာဆတ် ဟာ မြန်မာ စစ်အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ နေပြည်တော်ကို နိုဝင်ဘာ ၁၂ ရက်နေ့မှာ သွားရောက်ဖို့ ရှိပါတယ်။
ပြီးခဲ့တဲ့ ဧပြီလက သမ္မတရာထူး ရယူခဲ့သူ မင်းအောင်လှိုင် အနေနဲ့ အာဆီယံ အစည်းအဝေးမှာ တက်ရောက်ဖို့ ဖိတ်ကြားခံရခြင်း မရှိဘဲ နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ချုပ်အဆင့်သာ တက်ရောက်ဖို့ ဖိတ်ကြားခံထားရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လပိုင်းတွေအတွင်း သမ္မတ ရာထူးရယူထားတဲ့ မင်းအောင်လှိုင် အနေနဲ့ အာဆီယံ အဖွဲ့ဝင် နိုင်ငံအချို့ကို တရားဝင်ခရီးစဥ် ဖိတ်ကြားခံခဲ့ရကာ မလေးရှား၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား စတဲ့နိုင်ငံတွေကို သမ္မတအဖြစ် သွားရောက်ခဲ့ရတာကြောင့် အာဆီယံ အဖွဲ့အနေနဲ့ မြန်မာခေါင်းဆောင်တွေကို အာဆီယံခေါင်းဆောင်တွေ တက်ရောက်တဲ့ အစည်းအဝေးတွေမှာ ပြန်လည်ဖိတ်ကြားခံရဖို့ မျှော်လင့်ထားခဲ့တာ ဖြစ်ပါတယ်။
သို့ပေမဲ့ အဲဒီလို ပြန်လက်ခံဖို့အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ သဘောတူညီမှု လိုအပ်နေတဲ့ သဘောလို့ ယူဆရပြီး အဲဒီသဘောတူညီမှု မရရှိသေးတာကြောင့် မြန်မာစစ်ခေါင်းဆောင်တွေ တက်ရောက်ခွင့် မရှိသေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
နှစ်ကုန်ခါနီး ကျင်းပလေ့ရှိတဲ့ ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးကြမှာ ဖြစ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးအနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေဆီ သွားတွေ့ပြီး နောက်ဆုံး အခြေအနေ၊ သဘောထားလိုမျိုးကို တီးခေါက်မေးမြန်းတဲ့ ရည်ရွယ်ချက်လားလို့ ယူဆနိုင်ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက နေပြည်တော် မသွားခင် တရက် သတင်းစာရှင်းလင်းပွဲမှာတော့ နေပြည်တော် ခရီးစဥ်မှာ ဆွေးနွေးမဲ့ အကြောင်းအရာတွေကို ပြောဆိုခဲ့ရာမှာ နယ်စပ်ကုန်သွယ်ရေး၊ နယ်စပ်လုံခြုံရေး၊ မြန်မာ့ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဥ်၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူ၊ နယ်စပ်ဖြတ်ကျော်လာတဲ့ မြစ်ရေညစ်ညမ်းမှုလို ပြဿနာတွေကို ဆွေးနွေးဖို့လို့ ဆိုပါတယ်။
တကယ့်မြေပြင်မှာတော့ အထက်ပြဿနာတွေအပြင် နယ်စပ်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ ပြဿနာ၊ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ မိသားစုလွှဲငွေ၊ ဝင်ငွေခွန်နဲ့ CI အထောက်အထား ထုတ်ပေးမှု ချိတ်ဆက်ထားတဲ့ ကိစ္စတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ သို့ပေမဲ့ နိုင်ငံခြားရေးဝန်ကြီးရဲ့ တရက်တာ ခရီးစဥ်အတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ဒုသမ္မတ ညိုစော၊ သံတမန်လုပ်ထုံးလုပ်နည်းအရ မတွေ့မဖြစ် တွေ့ရမယ့် နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေ စတဲ့သူတွေနဲ့ တွေ့ဆုံမှာဖြစ်တယ် ဆိုတာကြောင့် ဆွေးနွေးစရာကိစ္စတွေကို နှစ်နိုင်ငံက သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ လုံခြုံရေးဆိုင်ရာတာဝန်ရှိသူတွေ မျက်နှာချင်းဆိုင် ဆွေးနွေးတာမျိုး မဟုတ်ဘဲ မြန်မာစစ်ခေါင်းဆောင်တွေကို ဒီအကြောင်းအရတွေနဲ့ ပတ်သက်လို့ ထိုင်းဘက်က သဘောထား၊ လုပ်ဆောင်ပေးစေချင်တဲ့ အချက်တွေ တင်ပြတဲ့ အနေအထားလို့သာ ယူဆရပါတယ်။
ထိုင်းအစိုးရ၊ စစ်တပ်နဲ့ မြန်မာစစ်အစိုးရတို့အကြား တပ်အချင်းချင်းအကြား တွေ့ဆုံမှုတွေလည်း တပြိုင်နက်ထည်းမှာ ရှိနေခဲ့တာဖြစ်ပါတယ်။ ခုရက်ပိုင်းအတွင်း မြန်မာလေတပ်ဦးစီးချုပ်နဲ့ ထိုင်းလေတပ် အကြီးအကဲတို့ တွေ့ဆုံတဲ့ သတင်းလည်း တွေ့ရှိရတာဖြစ်လို့ မကြာသေးတဲ့ ရက်ပိုင်းတွေအတွင်း နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကြီးကျည်လို မြန်မာနိုင်ငံဘက် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိုင်းနိုင်ငံဘက် အကျိုးသက်ရောက်မှု စတာတွေကို ဆွေးနွေးနေကြတဲ့ သဘောလို့ ယူဆရပါတယ်။
ထိုင်းနိုင်ငံနဲ့ မြန်မာအကြား ဆွေးနွေးစရာ ကိစ္စတွေက အများအပြားရှိနေတာဖြစ်ပြီး အချို့ကိစ္စရပ်တွေက နှစ်တွေနဲ့ချီကာ ဖြစ်ပွားနေတဲ့ ပြဿနာတွေဖြစ်ပါတယ်။ နယ်စပ်လုံခြုံရေးပြဿနာဟာ ဆယ်စုနှစ်နဲ့ချီ ရှိနေခဲ့တဲ့ ပြဿနာဖြစ်ပြီး ၊ အပစ်အခတ် ရပ်စဲထားတဲ့ ကာလတွေမှာ တိမ်မြုပ်နေခဲ့ပေမဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း လက်နက်ကိုင် တိုက်ပွဲတွေ ဘယ်တုန်းကနဲ့မှ မတူအောင် အရှိန်မြင့်လာချိန်မှာ ထိုင်းနိုင်ငံဘက်ကို ကျော်လွန်ပြီး သက်ရောက်မှုတွေ၊ လက်နက်မှောင်ခိုကိစ္စ၊ ဒုက္ခသည် ဝင်ရောက်တဲ့ ကိစ္စတွေ ပိုပြီးများပြားလာတာ ဖြစ်ပါတယ်။ အွန်လိုင်း ငွေလိမ်ဂိုဏ်းလို ပြဿနာက ပြီးခဲ့တဲ့ ၄/၅ နှစ်အတွင်း ပိုမိုကြီးမားလာတဲ့ ပြဿနာဖြစ်သလို၊ ရှမ်းအရှေ့ပိုင်းမှာ မြေရှားနဲ့ သတ္တုတူးဖော်မှုတွေ ကြောင့် မြစ်ရေညစ်ညမ်းတာ၊ အဆိပ်သင့်တာတွေက လတ်တလော ပေါ်ပေါက်လာတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရရဲ့ နိုင်ငံခြားငွေ ချွေတာရေးကြောင့် နယ်စပ်ကုန်သွယ်ရေးက ဝင်ရောက်လာတဲ့ ကုန်ပစ္စည်းတွေ ဖမ်းဆီးတာ၊ သွင်းကုန်လိုင်စင် ခက်ခဲအောင် လုပ်ဆောင်ထားတာတွေကြောင့် ဆယ်စုနှစ်များစွာ ပုံမှန်ဖြစ်ခဲ့တဲ့ နယ်စပ်ကုန်သွယ်ရေးက သိသိသာသာ ကျဆင်းလာနေတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ၄င်းတို့ကို တရားဝင် အထောက်အထားထုတ်ပေးရေး၊ မြန်မာစစ်အစိုးရရဲ့ ဝင်ငွေခွန်နဲ့ မိသားစုလွှဲငွေ အစီအမံတွေက ထိုင်းနိုင်ငံအဖို့ စိတ်မသက်မသာ ဖြစ်စရာတွေ ဖြစ်ပါတယ်။ တဖက်မှာလည်း ထိုင်းနိုင်ငံအနေနဲ့ အိမ်နီးချင်းဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ကောင်းကျိုး ရတဲ့အနေအထားတွေရော ဆိုးကျိုးသက်ရောက်မှုတွေကို စီမံထိန်းညှိရတဲ့ အနေအထားတွေပါ ရောပြွမ်းနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံကိုယ်၌က ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မဟုတ်သည့်တိုင် ထိုင်းစစ်တပ်ဟာ နိုင်ငံရေးမှာ အတိုင်းအတာတခုထိ အာဏာရှိနေတဲ့ သဘောလည်း ဖြစ်ပြီးဒေသတွင်းက စစ်တပ်အာဏာရှိတဲ့ အစိုးရတွေကို ထိုင်းစစ်တပ်အနေနဲ့ ယိုင်းပင်းကူညီ လိုတဲ့ သဘောတွေ ရှိနေတာဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးမှာ ဦးဆောင်နေကြတဲ့ ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေ အနေနဲ့ မြန်မာ့ဒီမိုကရေစီအရေးနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံရဲ့ ရပ်တည်ချက်၊ မူဝါဒ သဘောထားနဲ့ လက်တွေ့ အကောင်အထည်ဖော်လုပ်ဆောင်မှုတွေကို ရှုမြင်ရာမှာ ထိုင်းနိုင်ငံရေးရဲ့ ပကတိ အနေအထားကို နားလည်သဘောပေါက်ဖို့လည်း လိုအပ်ပါတယ်။
ထိုင်းနိုင်ငံမှာ အာဏာရလာတဲ့ အစိုးရတွေ အနေနဲ့ များသောအားဖြင့် အများဆုံး ၃/၄ နှစ် သက်တမ်းလောက်သာ ၄င်းတို့ မူဝါဒကို အကောင်အထည်ဖေါ်ခွင့် ရှိကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ် တခု ၂ ခုအတွင်း တကြိမ်မက အလှည့်ရခဲ့တဲ့ သက်ဆင်မိသားစုဝင်နဲ့ ပါတီလည်း နောက်တလှည့် ပြန်အာဏာရဖို့ မသေချာတဲ့အနေအထား ဖြစ်ပါတယ်။
ထိုင်းနယ်စပ်မှာ အခြေစိုက်ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ကတော့ ထိုင်းနိုင်ငံရေးကို ခေတ်အဆက်ဆက် အတွေ့အကြုံတွေအရ နားလည်ကြပါတယ်။
မြန်မာစစ်အာဏာရှင်စနစ်ကို တော်လှန်နေကြတဲ့ နွေဦးတော်လှန်ရေး ဦးဆောင်သူတွေ၊ အင်အားစုတွေ အနေနဲ့ ထိုင်းနိုင်ငံရေးရဲ့ ပကတိ အနေအထားကို သဘောပေါက် နားလည်မှသာ မိမိတို့ ဖြစ်စေလိုတဲ့ ရည်မှန်းချက်လမ်းကို အနှောင့်အယှက်နည်းပါးစွာနဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်မဲ့သဘောလို့ ဆိုလိုချင်တာ ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
