Breaking News

ဆောင်းဝေ(နတ်မောက်) - ဘရုတ်ကလင်က လူငယ်လေးတွေ

 

ဆောင်းဝေ(နတ်မောက်) - ဘရုတ်ကလင်က လူငယ်လေးတွေ

မိုးမခ ၊ နိုဝင်ဘာ ၆ ၊ ၂၀၂၆

 

ကိုယ်က အဲဒီနေ့က မန်ဟတ်တန်ထဲကို ရောက်နေတာ။ လူသွားလူလာများပြီး အလွန်စည်ကားလွန်းလှတဲ့ ယူနီယံစကွဲယားနားက ပန်းခြံနားမှာပေါ့။ ရာသီဥတုကလည်း ဆောင်းဦးပေါက်ဆိုတော့ မပူမအေးပဲ နေရောင်ခြည်နွေးနွေးနဲ့ နေရထိုင်ရတာ ပေါ့ပေါ့ပါးပါး ရှိလှတဲ့ အချိန်ပေါ့။ နွေရာသီတစ်ခုလုံး စိမ်းစိမ်းလန်လန်း ရှိနေခဲ့တဲ့ သစ်ပင်တွေကလည်း ဆောင်းရာသီ ရောက်မလာခင်လေးမှာ သူတို့အရွက်တွေကို အရောင်အမျိုးမျိုးပြောင်းကာ မြို့တော်ကို အလှခြယ်ပေးနေတဲ့ ရာသီပေါ့။ အဲဒီနေ့က စနေနေ့မို့ထင်ရဲ့၊ လမ်းမပေါ်မှာ လူတွေဟာ ခါတိုင်းရက်တွေထက် ပိုမိုစည်ကား ရှုပ်ထွေးနေတော့တယ်။ ပန်းခြံထဲမှာ အေးအေးလူလူ ထိုင်နေကြသူတွေ၊ ကော်ဖီဆိုင်တွေထဲကနေ အပြင်ဘက်ကိုလှမ်းကြည့်ပြီး အချင်းချင်း စကားပြောနေကြသူတွေ၊ မွေးထားတဲ့ခွေးလေးတွေကို ကြိုးနဲ့ဆွဲကာ လမ်းလျှောက်နေကြသူတွေ၊ အလုပ်နားရက်မှာ မိသားစု၊ သို့မဟုတ် မိတ်ဆွေအပေါင်းအသင်းတွေစုကာ ပျော်ပျော်ပါးပါး သွားလာနေကြသူတွေနဲ့ နယူးယောက်မြို့လယ်ဟာ လူပေါင်းများစွာနဲ့ ရှုပ်ထွေးစည်ကားနေတော့တယ်။ မြေကြီးအောက်ထဲက အဆက်မပြတ်သွားလာနေတဲ့ ရထားတွေရဲ့အသံကိုတောင် တခါတရံ မြေပြင်ပေါ်ကနေ ကြားနေရသလိုပဲ။ ဘတ်စ်ကားများ၊ မီးသတ်ကားများ၊ အရေးပေါ်လူနာတင်ယာဉ်များ၊ အငှားတက္ကစီယာဉ်များနဲ့ အဲဒီကားတွေရဲ့ ဟွန်းသံတွေနဲ့အတူ မြို့တော်ရဲ့ဝိဉာဉ်ဟာ လှုပ်ရမ်းရွေ့လျားနေတော့တယ်။

အဲဒီအချိန်မှာ မင်းတို့လူငယ်လေးယောက်ကို ကိုယ်က လာခေါ်ခဲ့တာပေါ့။ မင်းတို့လေးယောက်ကို ကိုယ်က မန်ဟတ်တန်ထဲကနေ ဘရုတ်ကလင်ဘက်ကို ပို့ပေးရမှာပေါ့။ မင်းတို့အားလုံးဟာ လူငယ်လေးတွေဖြစ်ပြီး အသက်ကတော့ ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ် ဝန်းကျင်ပဲရှိကြအုံးမယ် ထင်ပါရဲ့။ လေးယောက်လုံးဟာ အားကစားဝတ်စုံတွေ ဝတ်ထားကြပြီး လက်ထဲမှာ ဆုတံဆိပ်ကိုယ်စီ ကိုင်ထားကြလေရဲ့။ “နည်းနည်းနောက်ကျသွားလို့ စောင့်ပေးတာအတွက် ကျေးဇူးတင်ပါတယ်” 라고 မင်းတို့ထဲက အကြီးဆုံးတစ်ယောက်က ပြောလာတော့ ရပါတယ်၊ ပြဿနာမရှိပါဘူးလို့ ကိုယ်ပြန်ပြောလိုက်တယ်။ “မုန့်စားလို့ ရလား” လို့ ခွင့်တောင်းလာတော့ ရပါတယ်လို့ ကိုယ်ပြန်ပြောတဲ့အချိန် မင်းတို့ဝမ်းသာသွားပြီး လက်ထဲကိုင်လာကြတဲ့ ပီဇာတစ်ယောက်တစ်ချပ်ကို ထုတ်စားကြပါတော့တယ်။ စားနေရင်းနဲ့ ဒီနေ့ပြိုင်ပွဲဝင်လာခဲ့တဲ့ အားကစားပွဲအကြောင်းကို အားရပါးရ အချင်းချင်းပြောနေကြတော့တယ်။

ကိုယ်ဟာ လူပေါင်းများစွာနဲ့ ရှုပ်ထွေးနေတဲ့လမ်းပေါ်မှာ သတိနဲ့မောင်းနှင်နေရင်း မင်းတို့အချင်းချင်း ပြောဆိုနေတဲ့အကြောင်းတွေကို စိတ်ဝင်တစား နားစွင့်နေမိတယ်။ အားကစားအကြောင်း ကိုယ်သိပ်မသိပေမယ့် လူငယ်ဆိုတာ ဒါမျိုးတက်ကြွနေရမှာပေါ့လို့ ကိုယ်တွေးနေမိတယ်။ “မင်းတို့ ဆုတွေ ရလာခဲ့ကြတာလား” လို့ ကိုယ်က ဖြတ်မေးလာတော့ ရုတ်တရက် မင်းတို့အားလုံး ကြောင်အမ်းအမ်းဖြစ်သွားကြပုံပဲ။ မင်းတို့အပေါ် စိတ်ဝင်တစားရှိပုံ၊ ရင်းရင်းနှီးနှီး ဆက်ဆံပုံကိုတွေ့ရတော့ မင်းတို့စိတ်ထဲ သက်တောင့်သက်သာဖြစ်သွားကြပုံပဲ။ ကိုယ့်မေးခွန်းကို တစ်ယောက်ကပြန်ဖြေပြီး အချင်းချင်း စ,နောက်နေကြတော့တယ်။ အခု အအတူရှိမနေတဲ့ ကျန်တဲ့သူငယ်ချင်းတွေကို ဖုန်းခေါ်ပြီး ဆုတံဆိပ်ရတဲ့အကြောင်းတွေကို ဝမ်းသာအားရ ပြောပြနေကြတော့တယ်။ “ငါ့ဖုန်း အားကုန်နေလို့ အားသွင်းလို့ရမလား” လို့ တစ်ယောက်က ပြောလာချိန် ကိုယ်က အားသွင်းကြိုးထုတ်ပေးလိုက်တာကိုလည်း ကျေနပ်နေကြပုံပါပဲ။ ဆောင်းဦးပေါက်ရာသီလည်းဖြစ်၊ စနေနေ့ မို့ အလုပ်ပိတ်ရက်နဲ့ ကျောင်းပိတ်ရက်လည်းဖြစ်တော့ မြို့တော်ရဲ့မြင်ကွင်းဟာ စည်စည်ကားကား ပျော်ပျော်ရွှင်ရွှင်ပါပဲ။ မင်းတို့အားလုံးကလည်း အားကစားပြိုင်ပွဲကနေ ဆုတံဆိပ်တွေ အသီးအသီးရလာခဲ့ကြလေတော့ တက်တက်ကြွကြွ ရွှင်ရွင်မြူးမြူးပါပဲ။ မင်းတို့အိမ်တွေဆီရောက်ဖို့ မိနစ်လေးဆယ်လောက်မောင်းရတဲ့ခရီးမှာ ကိုယ်ဟာ မန်ဟတ်တန်ထဲက လမ်းတချို့ကို ဖြတ်ခဲ့ရ၊ ဘရုတ်ကလင်တံတားပေါ် တက်ခဲ့ရ၊ ဘရုတ်ကလင်ထဲက ရပ်ကွက်အချို့ကို ဖြတ်မောင်းခဲ့ရတာပေါ့။ လမ်းတလျှောက်မှာလည်း ရှုခင်းတွေ၊ တိုက်အမြင့်ကြီးတွေ၊ တံတားတွေ၊ မြစ်ရေတွေကို ငေးကြည့်ခဲ့၊ ကျော်ဖြတ်ခဲ့ကြတာပေါ့။

တကယ်တော့ မင်းတို့လူငယ်လေးဦးလုံးဟာ လူမည်းတွေပါ။ လူဖြူမဟုတ်တဲ့ လူမည်းတွေပါ။ တောင်အမေရိကတိုက်က လက်တီနိုမဟုတ်တဲ့ လူမည်းတွေဖြစ်သလို အာရှတိုက်ကလာတဲ့ အေးရှန့်မဟုတ်တဲ့ လူမည်းတွေပါ။ အသက်ငယ်ရွယ်သေးတဲ့ လူငယ်လေးတွေဖြစ်သလို ကျောင်းတက်နေတဲ့ ကျောင်းသားလေးတွေပေါ့။ အဲဒီလူမည်းလူငယ်လေးတွေကို ကိုယ်က အခု မန်ဟတ်တန်ထဲကနေ ဘရုတ်ကလင်က သူတို့အိမ်တွေဆီ ခေါ်လာခဲ့တာပေါ့။ မင်းတို့ဟာ လူမည်းလူငယ်လေးတွေ။ ဒါပေမယ့် မင်းတို့လက်ထဲမှာ အားကစားဆုတံဆိပ်တွေနဲ့၊ ကျောင်းသားတွေဖြစ်လေတော့ ခေါင်းထဲမှာ ပညာရပ်တွေ၊ ကျောင်းစာတွေ၊ ဗဟုသုတတွေနဲ့။ အရွယ်က ငယ်သေးတော့ စိတ်ထဲမှာ မျှော်လင့်ချက်တွေ အနာဂတ်တွေနဲ့ပေါ့။ ၁၆၀၀ ခုနှစ်ကျော်တွေတုန်းက အာဖရိကတိုက်ကနေ ခေါ်လာခဲ့တဲ့ အချိန်တုန်းကလို လူမည်းကျွန်တွေ မဟုတ်တော့ဘူး။ အမေရိကန်ရဲ့အစပိုင်း အင်္ဂလိပ်ကိုလိုနီလက်ထက်တုန်းက အာဖရိကတိုက်ထဲက အင်ဂိုလာနိုင်ငံဘက်နေ ခေါ်လာခဲ့တဲ့ ဗာဂျီးနီးယားပြည်နယ်ဘက်ကို ရောက်လာခဲ့တဲ့ ကျွန်တွေလို မဟုတ်တော့ဘူး။ မင်းတို့ဟာ ဘတ်စ်ကားပေါ်မှာ ထိုင်ခုံပေါ်အတူထိုင်ခွင့်နဲ့ ကျောင်းတက်ခွင့်မရတဲ့သူတွေ မဟုတ်တော့ဘူး။ အခု မင်းတို့လက်ထဲမှာ အားကစားဆုတံဆိပ်တွေနဲ့။ မျက်လုံးထဲမှာ ပျော်ရွှင်တက်ကြွမှုတွေနဲ့။ ရင်ထဲမှာ မျှော်လင့်ချက်တွေနဲ့။

လူမည်းတွေလို့ပြောလိုက်ရင် ကိုယ်အမြဲသတိရမိတတ်တဲ့ လူနှစ်ယောက်ရှိခဲ့တယ်။ တစ်ယောက်က အေဗရာဟင်လင်ကွန်းဖြစ်ပြီး နောက်တစ်ယောက်က မာတင်လူသာကင်း။ အမေရိကန်ရဲ့ ဆယ့်ခြောက်ယောက်မြောက်သမ္မတဖြစ်တဲ့ အေဗရာဟင်လင်ကွန်း (၁၈၀၉-၁၈၆၅) က ဆယ့်ကိုးရာစုမှာပေါ်ခဲ့ပြီး လူအခွင့်အရေးလှုပ်ရှားမှုခေါင်းဆောင်ဖြစ်တဲ့ မာတင်လူသာကင်း (၁၉၂၉-၁၉৬৮) က နှစ်ဆယ်ရာစုမှာ ပေါ်ခဲ့တာဆိုတော့ သူတို့နှစ်ယောက်ကြားမှာ နှစ်တစ်ရာလောက် ခြားခဲ့တာပေါ့။ နှစ်တစ်ရာခြားတယ်ဆိုပေမယ့် လူဖြူလူမည်းတန်းတူအခွင့်အရေးတိုက်ပွဲက နှစ်တစ်ရာမက ဆင်နွှဲခဲ့ကြရတာပါ။ ၁၈၆၃ ခုနှစ်မှာ လင်ကွန်းရဲ့ ကျွန်လွတ်မြောက်ရေးကြေညာချက်ဟာ သམိုင်းမှာ အရေးပါခဲ့တာပေါ့။ သူ့ရဲ့ အဲဒီလုပ်ရပ်ကြောင့်ပဲ အခုအချိန်ထိ ကိုယ်တို့ဟာ သူ့ကိုသတိရနေကြတာပေါ့။ အဲဒါကြောင့်ပဲ လူ့သမိုင်းမှာ လူတွေက သူ့ကို အမှတ်ရနေကြတာပေါ့။ အဲဒီနောက်ပိုင်း ၁၈၆၅ ခုနှစ်မှာ ကျွန်စနစ်ဖျက်သိမ်းနိုင်ခဲ့တာတွေ၊ ၁၈၆၈ ခုနှစ်မှာ နိုင်ငံသားအခွင့်အရေးနဲ့ ဥပဒေအောက်မှာ တန်းတူကာကွယ်မှုရအောင် လုပ်နိုင်ခဲ့တာတွေ၊ ၁၈၇၀ ခုနှစ်မှာ လူမျိုးကြောင့်ဆိုပြီး ပိတ်ပင်ထားတဲ့ မဲပေးပိုင်ခွင့်ကို တားမြစ်နိုင်ခဲ့တာတွေဟာ အရေးပါခဲ့ပေမယ့် မစ္စတာလင်ကွန်းရဲ့ ပထမဆုံးဆောင်ရွက်ခဲ့တဲ့ ကျွန်လွတ်မြောက်ရေးကို အခြေခံပြီး ဖြစ်လာကြတာလို့ ကိုယ်က ယူဆမိတယ်။ သူ့ကြောင့်သာ လူတွေကို ကျွန်တွေလို၊ ကုန်ပစ္စည်းတွေလို ရောင်းဝယ်ကြတဲ့ခေတ်ဟာ ပြီးဆုံးခဲ့တာပေါ့။ မစ္စတာလင်ကွန်းကို အလေးပြုကြပါစို့ လူငယ်လေးတွေရေ။

“ငါ့မှာ အိပ်မက်တစ်ခု ရှိတယ် (I have a dream)” ဆိုတဲ့ မာတင်လူသာကင်းရဲ့စကားကိုတော့ ကိုယ်ဟာ သိပ်ကြိုက်ခဲ့တာပေါ့။ အဲဒီစကားကို သူက မိန့်ခွန်းတစ်ခုအနေနဲ့ ပြောခဲ့တာဆိုပေမယ့် ကိုယ်ကတော့ ကဗျာစာသားလို၊ သီချင်းစာသားတစ်ခုလို ခံစားမိခဲ့တာပေါ့။ ဂျော်ဂျီယာပြည်နယ်မှာ မွေးဖွားခဲ့တဲ့ မာတင်လူသာကင်းဟာ ဘတ်စ်ကားတွေပေါ်မှာ ထိုင်ခုံတွေကို လူဖြူနဲ့လူမည်းခွဲထားတာတွေ၊ ကျောင်းတွေကို လူဖြူနဲ့လူမည်းခွဲခြားထားတာတွေ၊ စားသောက်ဆိုင်နဲ့ အများပြည်သူ သွားလာအသုံးပြုကြတဲ့နေရာတွေမှာ ခွဲခြားထားတာတွေ၊ မဲပေးခွင့်ကို ပိတ်ပင်ခံထားရတွေကို သဘောမကျခဲ့ဘူး။ သူဟာ ခရစ်ယာန်သင်းအုပ်ဆရာလည်းဖြစ်၊ လူ့အခွင့်အရေး လှုပ်ရှားသူလည်းဖြစ်လေတော့ အဲဒီအတွက် တိုက်ပွဲဝင်ခဲ့တာပေါ့။ တစ်နေ့မှာ ရိုဆာပါ့ခ်လို့ခေါ်တဲ့ လူမည်းအမျိုးသမီးတစ်ဦးက ဘတ်စ်ကားပေါ်မှာ လူဖြူတစ်ဦးကို သူ့ထိုင်ခုံကိုဖယ်မပေးလို့ အဖမ်းခံလိုက်ရတယ်ဆိုတဲ့သတင်းဟာ မာတင်လူသာကင်းကို တုန်လှုပ်ခြောက်ခြားစေခဲ့တယ်။ အဲဒီအတွက် သူဦးဆောင်ပြီး အယ်လ်ဘားမားပြည်နယ်ထဲက မောင့်ဂိုမာရီမြို့မှာ လူမည်းတွေဟာ တစ်နှစ်ကျော်ကြာအောင် ဘတ်စ်ကားမစီးပဲ သပိတ်မှောက်ခဲ့ကြတယ်။ အဲဒီသပိတ်တိုက်ပွဲဟာ အောင်မြင်ခဲ့တယ်။ အဲဒီအဖြစ်အပျက်ဟာ သམိုင်းမှာ နာမည်ကြီးခဲ့တယ်။ မစ္စတာကင်းကိုလည်း အလေးပြုကြပါစို့ ဘရုတ်ကလင်က လူငယ်လေးတွေရေ။

“ငါ့မှာ အိပ်မက်တစ်ခုရှိတယ်” ဆိုတဲ့ မာတင်လူသာကင်းရဲ့မိန့်ခွန်းဟာ ကိုယ့်အတွက်တော့ ကဗျာတစ်ပုဒ်လိုပါပဲ။ လူအချင်းချင်း တန်းတူအခွင့်အရေးရရှိရေး၊ လွတ်လပ်မှုနဲ့ ငြိမ်းချမ်းရေးအတွက် အရေးပါခဲ့တဲ့ မိန့်ခွန်းကို ကဗျာတစ်ပုဒ်လိုပဲ ကိုယ်ဟာ ခံစားခဲ့မိတယ်။ ဝါရှင်တန်ဒီစီမှာပြောခဲ့တဲ့ အဲဒီမိန့်ခွန်းထဲမှာ “ကျွန်ုပ်ရဲ့ ကလေးလေးယောက်ဟာ တစ်နေ့နေ့မှာ သူတို့ရဲ့အသားအရောင်ကိုကြည့်ပြီး အကဲဖြတ်ခံရတဲ့နိုင်ငံမျိုးမှာ မဟုတ်ပဲ သူတို့ရဲ့စိတ်ဓာတ်နဲ့ ကိုယ့်ကျင့်တရား အရည်အသွေးကိုကြည့်ပြီး အကဲဖြတ်ခံရတဲ့နိုင်ငံမျိုးမှာ နေထိုင်နိုင်ကြလိမ့်မယ်လို့ ကျွန်ုပ် မျှော်လင့်ချက်အိပ်မက် မက်ပါတယ်” ဆိုတဲ့ စကားကို သိပ်ကြိုက်ခဲ့တာပေါ့။ အခုတော့ ခွဲခြားခံရတာတချို့ရှိနေသေးပေမယ့် မစ္စတာကင်းမျှော်လင့်ခဲ့တာတွေကို မင်းတို့ ရနေကြပြီပေါ့။ သူက ပြောသေးတယ် “ကျွန်ုပ်မှာအိပ်မက်တစ်ခုရှိတယ်၊ တစ်နေ့မှာတော့ ဂျော်ဂျီယာပြည်နယ်ရဲ့ နီရဲတဲ့ တောင်ကုန်းတွေပေါ်မှာ အတိတ်က ကျွန်ဖြစ်ခဲ့သူတွေရဲ့ သားသမီးတွေနဲ့ ကျွန်ပိုင်ရှင်ဖြစ်ခဲ့သူတွေရဲ့ သားသမီးတွေဟာ ညီအကိုမောင်နှမများအဖြစ် တစ်ဝိုင်းတည်း အတူတူထိုင်ကြလိမ့်မယ်” တဲ့။ အခုတော့ စားသင်ကျောင်းတွေမှာ၊ ပန်းခြံထဲမှာ၊ စားသောက်ဆိုင်ထဲမှာ၊ ဘတ်စ်ကားပေါ်မှာ လူဖြူလူမည်း အတူတူထိုင်နေကြပြီလေ။ အစွန်းရောက်အယူအဆရှိသူအချို့ ရှိနေနိုင်သေးပေမယ့် ဥပဒေရဲ့ကာကွယ်မှုအောက်မှာတော့ လူဖြူနဲ့လူမည်းတွေဟာ အတူတကွရှိနေကြပါပြီ။ ဒါဟာ မစ္စတာကင်းရဲ့မျှော်လင့်ချက်တွေပဲ မဟုတ်လား။ ဒါဟာ မာတင်လူသာကင်းရဲ့ အိပ်မက်တွေပဲမဟုတ်လား လူငယ်လေးတွေရေ။

ကိုယ်ဟာ ကားကို ဖြေးဖြေးချင်းပဲ မောင်းလာခဲ့တယ်။ အပူချိန် ငါးဆယ်ဒီဂရီဖာရင်ဟိုက် ဝန်းကျင်ပဲရှိတဲ့နေရောင်ခြည်ဟာ မြို့ရဲ့လမ်းမတွေပေါ်မှာ ခပ်နွေးနွေးလေး ကျနေခဲ့တယ်။ ဘရုတ်ကလင်တံတားပေါ်ကနေ လှမ်းကြည့်လိုက်တဲ့အခါ အဝေးကနေလှမ်းမြင်နေရတဲ့ လေဘာတီရုပ်တုဟာ ကျွန်းလယ်မှာ ထီးထီးမားမား ဝင့်ဝင့်ကြွားကြွား ရှိနေခဲ့တယ်။ ရုပ်တုရဲ့လက်ထဲမှာရှိတဲ့ တစ်ဖက်ကမီးတုတ်၊ တစ်ဖက်ကစာအုပ်ကိုလည်း အဝေးကနေ ခပ်ဝါးဝါး လှမ်းမြင်နေရတယ်။ တံတားပေါ်မှာတော့ လူအများစုက လမ်းလျှောက်နေကြပြီး လူအချို့ကတော့ စက်ဘီးစီးနေကြတယ်။ ကားလမ်းအပြင် လူသွားလမ်းနဲ့ စက်ဘီးပြေးလမ်းပါ နှစ်ခုလုံးရှိနေတဲ့ တံတားပေါ့။ မန်ဟတ်တန်ထဲက မိုးမျှော်တိုက်တွေဟာ ဘရုတ်ကလင်တံတားပေါ်ကနေကြည့်ရင် ပိုလှသလို ခံစားရတယ်။ ၁၈၈၃ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့တာဆိုတော့ ဘရုတ်ကလင်တံတားရဲ့သက်တမ်းဟာ အခုဆိုရင် နှစ်ပေါင်း ၁၄၃ နှစ်ကျော်ခဲ့ပြီ။ နှစ်ပေါင်းတစ်ရာကျော်အတွင်းမှာ လူပေါင်းများစွာ၊ မျိုးဆက်ပေါင်းများစွာ၊ အဖြစ်အပျက်ပေါင်းများစွာကို တံတားတစ်စင်းဟာ ကျော်ဖြတ်ခဲ့၊ တွေ့ကြုံခဲ့ပြီးလောက်ပြီပေါ့။ တံတားပေါ်က ဆင်းလာတော့ ကိုယ်တို့ဟာ ဘရုတ်ကလင်ထဲ ဝင်လာခဲ့ပြီ။ အရောင်အသွေးအမျိုးမျိုးနဲ့ သစ်ပင်တွေဟာ ဘရုတ်ကလင်ရပ်ကွက်ထဲက လမ်းဘေးဝဲယာတွေမှာ အစီအရီရှိနေခဲ့ကြတယ်။ ဘရုတ်ကလင်ဟာ အချို့နေရာမှာ တိတ်တိတ်ဆိတ်ဆိတ်၊ အချို့လမ်းတွေကတော့ စည်စည်ကားကားပါပဲ။ အချို့နေရာမှာတော့ သစ်ရွက်တွေ တဖွဲဖွဲကြွေကျထားတာ တွေ့ရတယ်။ ကိုယ့်နောက်မှာ အတူပါလာတဲ့ လူငယ်လေးတွေဟာ ဘရုတ်ကလင်ထဲ ဝင်လာတာကိုတော့ သိပုံရပါတယ်။ ဘေးဝဲယာကိုတစ်ချက်လှမ်းကြည့်ပြီး ပြောလက်စ စကားကို ဆက်ပြောနေကြတယ်။

ဘရုတ်ကလင်ဟာ သာယာလှပပါတယ်။ သစ်ပင်တွေ၊ ပန်းခြံအကျယ်ကြီးတွေ၊ တိုက်အမြင့်ကြီးတွေနဲ့ သာသာယာယာပါပဲ။ လူဖြူအနေများတဲ့ရပ်ကွက်၊ အာရှသားတွေအနေများတဲ့ရပ်ကွက်၊ တောင်အမေရိကတိုက်က စပိန်စကားပြောလူမျိုးတွေအနေများတဲ့ရပ်ကွက်တွေရှိသလို လူမည်းတွေအနေများတဲ့ရပ်ကွက်တွေလည်း အများအပြားပါပဲ။ လူမျိုးစုမျိုးစုံ နေထိုင်တဲ့နိုင်ငံဆိုပေမယ့် အများအားဖြင့်တော့ လူမျိုး၊ ဘာသာစကားနဲ့ ယဉ်ကျေးမှုတူတဲ့လူမျိုးတွေ သူနေရာနဲ့သူ စုနေကြတာများမယ်လို့ ထင်မိတယ်။ ကိုယ်ဟာ ကွင်းစ်ထဲမှာ နေတာဆိုပေမယ့် အလုပ်သဘောအရ ဘရုတ်ကလင်ထဲကိုလည်း နေ့တိုင်းနီးပါး ရောက်ပါတယ်။ ကွင်းစ်၊ မန်ဟတ်တန်၊ ဘရုတ်ကလင်နဲ့ ဘရောင်းဇ် ရှုခင်းတွေဟာ တစ်ခုနဲ့တစ်ခု မတူကြဘူးလို့ ထင်မိတယ်။ တိုက်တွေ၊ အိမ်တွေ၊ ကျောင်းတွေ၊ ပန်းခြံတွေဟာ တူသယောင်ယောင်ရှိပေမယ့် တနေရာရာရောက်တဲ့အခါ ဒါဟာ မန်ဟတ်တန်၊ အခုရောက်နေတာ ကွင်းစ်၊ ဒါကတော့ ဘရုတ်ကလင် စသဖြင့် ကိုယ်ဟာ ခွဲခြားပြီး သိနေ၊ ခွဲခြားခံစားနေမိတတ်တယ်။ အချို့နေရာမှာ သစ်လွင်တောက်ပတဲ့တိုက်အမြင့်ကြီးတွေ ရှိတတ်ပေမယ့် အချို့နေရာမှာတော့ ရှေးခေတ်နှစ်ပေါင်းများစွာကတည်းက ဆောက်ထားခဲ့တဲ့ အုတ်နီနီတိုက်အမြင့်ကြီးတွေကိုလည်း နေရာအများစုမှာ တွေ့ရတတ်တယ်။

ပရိုစပတ်ပန်းခြံဘေးက ဖြတ်သွားရတဲ့အခါ ကိုယ်ဟာ အတိတ်ကို သတိရမိတတ်တယ်။ အခုတော့ အလုပ်သဘောအရ ဆင်းပြီးမလည်ပတ်နိုင်လို့ လမ်းသွားရင်း အပြင်ကနေကြည့်နေရပေမယ့် တစ်ချိန်တုန်းကတော့ သူငယ်ချင်းတွေနဲ့အတူ ပရိုစပတ်ပန်းခြံထဲကို ပျော်ပွဲစားထွက်လည်ခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က ကိုဗစ်ရောဂါတွေဖြစ်ချိန် ကိုယ်တို့အလုပ်လုပ်နေတဲ့ မန်ဟတ်တန်ထဲက ဂျပန်စားသောက်ဆိုင် ပိတ်သွားခဲ့လို့ အလုပ်မသွားခဲ့ကြရဘူး။ အိမ်တွေထဲပိတ်မိပြီး ပျင်းရိနေချိန် သူငယ်ချင်းတွေစုပြီး ပင်လယ်ထဲ ငါးမျှားထွက်ကြ၊ အပြန်မှာ ဘရုတ်ကလင်ထဲက ပရိုစပတ်ပန်းခြံထဲ ညမှောင်တဲ့အထိ သွားရောက်လည်ပတ်ခဲ့ကြဖူးတယ်။ ပန်းခြံထဲမှာ တစ်ယောက်နဲ့တစ်ယောက် စ,နောက်ကြ၊ ဂိမ်းဆော့ကြ၊ ယူလာတဲ့အစားအသောက်တွေကို စားသောက်ကြ၊ ဓာတ်ပုံလှလှလေးတွေ အတူရိုက်ခဲ့ကြတာပေါ့။ တခါတရံတော့လည်း ဘရုတ်ကလင်ထဲမှာရှိတဲ့ ကော်နေကျွန်း (Coney Island) ဆီသွားခဲ့ကြတာပေါ့။ ပင်လယ်ကမ်းစပ်မှာ ခြင်းလုံးခတ်ကြ၊ ပင်လယ်ထဲဆင်းကာ ရေကူးကြ၊ နောက်ခံမှာ ပင်လယ်ပြင်ကြီးပါအောင် ဓာတ်ပုံရိုက်ကြ၊ မွန်းကျပ်မှုတွေ ပြေလျော့သွားအောင် ပင်လယ်လေ ရှူခဲ့ကြတာပေါ့။ ပင်လယ်ဆီကအပြန် လမ်းမှာ သီချင်းကိုအကျယ်ကြီးဖွင့်ကာ ကားပေါ်မှာ အော်ဆိုခဲ့ကြတာပေါ့။

ဘရုတ်ကလင်ထဲက လမ်းအချို့၊ ရပ်ကွက်အချို့ဆီ ဖြတ်သန်းမောင်းနှင်ပြီးချိန်မှာတော့ လူငယ်လေးတွေ ခေါင်းထောင်လာကြတယ်။ ကျောပိုးအိတ်တွေ၊ ဆုတံဆိပ်တွေကို ကားပေါ်ကဆင်းတဲ့အခါ အဆင်သင့်ဖြစ်အောင် ပြင်ဆင်နေကြတယ်။ အားသွင်းထားတဲ့ဖုန်းကို ကြိုးဖြုတ်သူကဖြုတ်၊ ပြောနေတဲ့စကားသံတွေလည်း နည်းနည်းတိုးသွားခဲ့ကြတယ်။ သူတို့ကြိုက်တဲ့ ပီဇာမုန့်တွေကတော့ ကုန်သွားကြပြီထင်ပါရဲ့။ ဖုန်းထဲမှာပြထားတဲ့ လမ်းညွှန်မြေပုံအတိုင်း မောင်းလာရင်း တိုက်အမြင့်နီနီကြီးတွေ စီတန်းပြီးဆောက်ထားတဲ့လမ်းတစ်ခုထဲ ကိုယ်တို့ ရောက်လာခဲ့ကြတယ်။ ပထမတစ်နေရာမှာ အငယ်ဆုံးနှစ်ယောက်က ဆင်းနေခဲ့ပြီး မနီးမဝေးမှာရှိတဲ့ နောက်တစ်နေရာမှာ နောက်ထပ်နှစ်ယောက်က ထပ်ဆင်းတယ်။ သူတို့လေးယောက်လုံးဟာ တစ်ရပ်ကွက်တည်းသား၊ တစ်ကျောင်းတည်း ကျောင်းတက်ကြတဲ့လူငယ်တွေ ထင်ပါရဲ့။ နောက်ဆုံးနှစ်ယောက်ဆင်းပြီးချိန်မှာတော့ ဆုတံဆိပ်အချို့ ထည့်ထားတဲ့ ကားနောက်အဖုံးကို သူတို့ယူဖို့ ဆင်းဖွင့်ပေးလိုက်တယ်။ ကျေးဇူးတင်ပါတယ်လို့ သူတို့ပြောချိန်မှာ ရပါတယ်၊ ကိစ္စမရှိပါဘူးလို့ ကိုယ်ပြန်ပြောလိုက်တယ်။

“မင်းဆုတံဆိပ်ကို ငါ ဓာတ်ပုံရိုက်ချင်လို့၊ ရမလား” လို့ မေးတော့ သူတို့က ရတယ်လို့ ပြောလို့ ဓာတ်ပုံ သုံးလေးပုံလောက် တဖျပ်ဖျပ် ရိုက်ထားလိုက်တယ်။ ဆုတံဆိပ်ကို ဓာတ်ပုံရိုက်ပြီးတော့ သူတို့ပစ္စည်းတွေ အကုန်ယူဆောင်ပြီး တိုက်တစ်လုံးပေါ် အတူတက်သွားကြတယ်။ ဘရုတ်ကလင်ထဲက လမ်းမတစ်ခုပေါ်မှာ ကိုယ်ဟာ ရပ်ပြီး ကျန်ခဲ့တယ်။ ဖုန်းထဲက ဓာတ်ပုံကိုကြည့်ရင်း မစ္စတာလင်ကွန်းနဲ့ မာတင်လူသာကင်းကိုလည်း သတိရနေမိတယ်။


 

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar