Breaking News

ဖလော်ဒါဟန် - စစ်မှုထမ်းနောက်ကွယ်မှ ခိုကိုးရာမဲ့ ပြည်သူများရဲ့ မျက်ရည်

 

ဖလော်ဒါဟန် - စစ်မှုထမ်းနောက်ကွယ်မှ ခိုကိုးရာမဲ့ ပြည်သူများရဲ့ မျက်ရည်

မိုးမခ ၊ နိုဝင်ဘာ ၁၄ ၊ ၂၀၂၆


မိုးရင် ဒီကနေ့ မိုးလေကင်းလို့ ရွာဈေးတန်းလေး ရောက်ခဲ့ပါတယ်။

မိုးရင်လည်း ကိုယ့်အတွေးနဲ့ကိုယ်ပေါ့။ ကုန်ဈေးနှုန်းက ကြီးတော့ တခါ ဈေးဝယ်ရင် ၃ ရက်စာ စားလို့ရအောင် ဝယ်ရတဲ့ အနေအထားပါ။

မိုးရင် စားနေကျ ငါးသည်အရှေ့ရောက်တော့ မျက်မှန်တပ်ထားတဲ့ အသက် ၆၀ ဝန်းကျင်အရွယ် အမျိုးသမီးက မိုးရင်ကို နှုတ်ဆက်နေလေရဲ့။

မိုးရင်လည်း တရွာတည်းလည်းဖြစ်၊ တနေ့က စစ်မှုထမ်းမဲနှိုက်လို့ နံပါတ် ၁ ပေါက်ထားသည့် သားရဲ့ မိခင်လည်း ဖြစ်နေတာမို့ အပြုံးကို ရှေ့တန်းတင် နွေးထွေးစကားများနဲ့ နှုတ်ဆက်ဖြစ်ကြတယ်။

သားအတွက် ၇၅ သိန်း ပေးခဲ့ရတဲ့ မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေက လက်ထဲမှာရှိနေတဲ့ တရက်စာ ဟင်းစားက စိတ်မကောင်းဖွယ်ရာပါ။

အဲဒီအကြောင်းနဲ့ဆက်စပ်ပြီး မိုးရင်တို့အိမ်ရဲ့ တဖက်အိမ်မှာ လူစုစုနဲ့ စကားတွေ ပြောနေကြတာ ကြားလေရဲ့။

ဘာအကြောင်းတော့ မိုးရင် အတိအကျ မသိမကြားရပေမဲ့ စစ်မှုထမ်းမဲနဲ့ ငွေကြေးထည့်ရသည့် ကိစ္စတွေ ပြောနေကြတာပါ။

မိုးရင်လည်း တနေ့က လေးလေးတယောက် အိမ်အလည်လာတော့ စစ်မှုထမ်း အကျိုးအကြောင်း မေးလိုက်မိတယ်။

အခုတပတ်က ဘယ်သူ့ရဲ့သားလေးက နံပါတ် ၁ မို့ ပိုက်ဆံရှာပြီး ပေးကြရတယ် ဆိုတာရယ်၊ တစ်အိမ်ထောင် ၆၀၀၀၀ ကျပ် ထည့်ရတယ်ဆိုတာမျိုး ပြောပြလေရဲ့။

စစ်မှုထမ်း ဆိုတာ ပြည်သူတွေအတွက် ယနေ့အချိန်အထိ ဝန်ထုပ်ဝန်ပိုး ဖြစ်ရသလို အသက်နဲ့ ရင်းရတဲ့ အမိန့်တခုအောက်မှာ ကြိုးတန်းပေါ် လမ်းလျှောက်နေရတဲ့ အနေအထားပါ။ ကုန်ဈေးနှုန်းကလည်း ကြီး၊ လစဉ်ပေးရတဲ့ငွေ ဆိုတာကလည်း ၅ သောင်း အောက်ထစ်မနည်းဆိုတော့ စားရမဲ့ အာဟာရက စစ်မှုထမ်းထဲရောက်။

နံပါတ် ၁ ပေါက်သူရဲ့အိမ်က ငလျင်ဒဏ်ကြောင့် ပြိုခဲ့ရတဲ့အခြေအနေမှာ သိန်း ၄၅ သိန်းနဲ့ အိမ်တလုံးအဖြစ်တောင် မပီပြင်တဲ့အနေအထားမှာ ၇၅ သိန်းဆိုတဲ့ ငွေကြေးကို ရအောင်ရှာပေးခဲ့ကြတဲ့ မိဘရဲ့ မေတ္တာတရားနဲ့ တာဝန်ကျေပွန်မှုကြီးက အထင်အရှားပါ။

ဘဝတွေ ချို့တဲ့နေပါစေ၊ အာဟာရတွေ ချို့တဲ့နေပါစေ မိမိတို့ရဲ့ သားသမီးတွေကို အာဏာရှင်လက်အောက်မှာ အသက်မဆုံးရှုံးဖို့ နည်းလမ်းပေါင်းစုံနဲ့ ပြည်သူတွေ ကာကွယ်နေကြတာပါ။

မိုးရင်တို့ရွာဘက်မှာ စစ်မှုထမ်းနဲ့ မဲက အခုအချိန်အထိ အစဉ်အလာ မပျက်သေးပါဘူး။ အချို့လူငယ်များကလည်း သိန်းရာ ဆယ်ချီ ရသည်ကို အသက်နဲ့ရင်းပြီး လိုချင်သူတွေလည်း ရှိကြလေရဲ့။
မိဘက သဘောမတူတာကြောင့် နောက်ဆုတ်ခဲ့ရတဲ့ လူငယ်တွေလည်း ရှိပါတယ်။

ခန္ဓာကိုယ် ငွေနဲ့ရင်းပြီး အလွယ်လမ်းကို လိုက်ချင်သူ လူငယ်တွေရဲ့ သဘာဝကသည် တိုင်းပြည်ကျရှုံးခြင်းမှ လူငယ်တွေ ဘဝပျက်ကြရသည်အထိပါ။

မိုးရင်တို့ရွာဘက်မှာ လက်လုပ်လက်စားတွေ များကြတော့ စားဝတ်နေရေးဆိုတာ အလျဉ်မီရုံတမယ်ပါပဲ။

တနေ့က ငါးသည် ဒေါ်ကြီးဝင်းနဲ့ တွေ့တော့ သားတွေရော ကျန်းမာရဲ့လား၊ အဆက်အသွယ်ရလားဆိုတော့ အဖြေမရ ခေါင်းလေးငုံ့ပြီး ငါးလုပ်နေတဲ့အနေအထားက မိခင်တစ်ယောက်ရဲ့ အလွမ်းတွေ ဖုံးကွယ်ထားတာ ဝမ်းနည်းစရာပါ။

မိုးရင် စစ်မှုထမ်းအကြောင်း၊ ပေါ်တာအကြောင်းနဲ့ ပတ်သက်တဲ့ သတင်းတွေ ကြားရ၊ မြင်ရလေတိုင်း ပြည်သူတွေရဲ့ ရိုးသားမှုနဲ့ အကြောက်တရားကို အနိုင်ကျင့်လေခြင်း ဆိုသည့် ခံပြင်းစိတ်က အတိုင်းအထက်အလွန်ပါပဲ။

မိုးရင်ရဲ့ စိတ်ထဲမှာ ပြည်သူတွေရဲ့ အဆင်မပြေမှု၊ ဒုက္ခအမျိုးစုံ နောက်ကွယ်မှ ခိုကိုးရာမဲ့ မျက်ရည်တွေက မိုးရင် စာရေးမှတ်တမ်းတင်နိုင်ဖို့ အလွန်ခက်ခဲရသည့် နေ့ရက်တွေပါ။

မိုးရင် မျက်ရည်မကျချင်ပါ။

မိုးရင် ပြည်သူတွေကို ပြုံးပျော်စေချင်သည်။

အနိုင်ကျင့်ခံဘဝမှ လွတ်မြောက်စေချင်သည်။

သို့ပေမဲ့ ပြည်သူတွေ နေသားကျနေကြပြီလား ဆိုသည့် မေးခွန်းမျိုးကို မိုးရင် မမေးရက်ပါ။

ပြည်သူတွေ နေသားကျနေတာ မဟုတ်ပါ။ ပြည်သူတွေ အနေကျပ်အစားကျပ် ဘဝတွေမှာ အသက်ကို အကန့်အသတ်နဲ့ ရှူနေရတယ်လို့ပဲ ထင်မိပါတယ်။


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar