မောင်လူမွှေး - ဆုံးရှုံးရမှု အကျိုးဆက်တွေ
မောင်လူမွှေး - ဆုံးရှုံးရမှု အကျိုးဆက်တွေ
မိုးမခ ၊ နိုဝင်ဘာ ၂၅ ၊ ၂၀၂၆
သီတင်းကျွတ်ကာလ မောင်လူမွှေးရဲ့ စစ်ရှောင်တွေဆီကို သွားတဲ့ ခရီးစဉ်ကို ဒုက္ခတောလားလို့သာ ခေါင်းစဉ်တပ်ဖို့ ကောင်းတော့တယ်။ ခရီးသွားတဲ့ သုံးရက်မှာ နာရေး သုံးခုကို အကူငွေထည့်ခဲ့တယ်။ စစ်ဘေးရှောင်တွေရဲ့ နာရေး၊ ရဲဘော်တွေရဲ့ နာရေးဆို မောင်လူမွှေးဟာ ကိုယ်နဲ့ သိသိ မသိသိ တတ်နိုင်သမျှ ကူလေ့ရှိတယ်။ ဒီတပတ် ပထမဦးဆုံး ကူခဲ့တဲ့ နာရေးက ရဲဘော်တယောက်ရဲ့ နာရေးဖြစ်တယ်။ နောက်တရက် ကူခဲ့ရတဲ့ နာရေးက စစ်ရှောင်အမျိုးသမီးကြီးတယောက်ရဲ့ နာရေးဖြစ်တယ်။ သုံးရက်မြောက်နေ့ ကိုယ့်ဇာတိရွာကို ရောက်တော့ ရောက်ရောက်ချင်းပဲ “နင့်အစ်မ မနုယောက်ျား၊ နင့်ယောက်ဖ ဆုံးတယ်။ ဒီနေ့မနက် ချတာ” လို့ အစ်မတွေက ပြောပြတယ်။ နေ့လယ် ခဏနားပြီး နာရေးရှိတဲ့ တဖက်ရွာကို သွားခဲ့ရတယ်။
အခုဆုံးသွားတဲ့ ယောက်ဖနှင့် မောင်လူမွှေး အစ်မ၊ သူတို့ဇနီးမောင်နှံမှာ သားနှစ်ယောက်ရှိတယ်။ သားကြီးဖြစ်သူဟာ ဆယ်တန်းကို ဂုဏ်ထူးနှစ်ဘာသာနဲ့ အောင်ပြီး တက္ကသိုလ်မတက်ခင်မှာ အာဏာသိမ်းမှုနဲ့ ကြုံရတယ်။ စစ်တပ်က အာဏာသိမ်းပြီး လက်နက်ကိုင်တော်လှန်ရေးကို လုပ်ဆောင်ရာမှာ တူမီး၊ ခါးချိုးကိုင်ပြီး ရှေ့တန်းက ပါဝင်ခဲ့တယ်။ လက်နက်ချင်း ဘယ်လိုမှ မမျှသေးတဲ့ လက်နက်ကိုင်တော်လှန်ရေး ဗွေဆော်ဦးတိုက်ပွဲမှာ သူ ကျဆုံးခဲ့ရရှာတယ်။ စစ်သင်တန်းတွေ မရှိသေးတဲ့ တိုက်ပွဲဦးကာလမှာ သူအပါအဝင် လူငယ်လေး ဆယ့်တဦး ကျဆုံးခဲ့ရတာပါ။
သားဖြစ်သူ ကျဆုံးပြီးကတည်းက မောင်လူမွှေးရဲ့ အစ်မဝမ်းကွဲလင်မယားဟာ စိတ်ဓာတ်တွေ ကျကုန်တယ်။ ဘာကိုမှ စိတ်မဝင်စားတော့ဘဲ ဘဝကို ရေစုန်မျှောပြီး နေကြရာက ကျန်းမာရေးတွေပါ နှစ်ယောက်လုံး ထိခိုက်လာတယ်။ အခုတော့ စိတ်ရင်းကောင်းတဲ့ မောင်လူမွှေး ယောက်ဖဟာ ဆုံးရှာပြီ။ မဆုံးခင် သူ့ကို သင်္ဂြိုဟ်ဖို့ ထင်းကအစ ကြိုတင်စီစဉ်ထားခဲ့တယ်လို့ အစ်မဖြစ်သူက ပြောပြတယ်။ အစ်မဖြစ်သူကို ကြည့်တော့လည်း သူ့ကျန်းမာရေးကို အားမရလှပါ။ နှစ်သိမ့်ဖို့ ပြောစရာစကားလည်း မရှိ ဖြစ်ရတယ်။
စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ထဲ မောင်လူမွှေးတို့ အစ်မရွာက လူငယ်လေး ဆယ့်တစ်ဦး ကျဆုံးခဲ့ရတဲ့ထဲမှာ မောင်လူမွှေးရဲ့ တူဝမ်းကွဲ နှစ်ယောက် ပါတယ်။ တယောက်က အခုမှ ဆုံးသွားရှာတဲ့ မောင်လူမွှေး ယောက်ဖနဲ့ အစ်မဝမ်းကွဲရဲ့သား ဖြစ်ပြီး နောက်တယောက်ကတော့ မောင်လူမွှေး အစ်ကိုဝမ်းကွဲရဲ့သား ဖြစ်တယ်။ မောင်လူမွှေး အစ်ကိုဝမ်းကွဲကတော့ ဆယ့်ငါးနှစ်ဝန်းကျင်သာရှိတဲ့ သူ့သား သေဆုံးကတည်းက အရက်ကို ဆက်တိုက်သောက်ခဲ့တယ်။ ကယောင်ကတမ်းနဲ့ ညတွေဆို သူ့သားနဲ့ စကားတွေပြောတယ်။ ဒီလိုနဲ့ မောင်လူမွှေးရဲ့ အစ်ကိုဝမ်းကွဲဟာလည်း ဆုံးရှာတာပါ။
နွေဦးတော်လှန်ရေး တိုက်ပွဲဦးကာလမှာ ကျဆုံးခဲ့ရတဲ့ မောင်လူမွှေး ဝမ်းကွဲတူလေး နှစ်ယောက်ရဲ့ အဖေတွေဟာ သားစိတ်နဲ့ ဆုံးပါးခဲ့ကြတာပါ။ ကြီးမားတဲ့ ဆုံးရှုံးမှုတခုရဲ့ နောက်မှာ နောက်ထပ်အကျိုးဆက်တွေက ရှိစမြဲပါ။ စိတ်ဓာတ်ခံနိုင်ရည်မရှိရင်၊ ခံစားရမှုကို မထိန်းသိမ်းနိုင်ရင် အကျိုးဆက်တွေက မကောင်းနိုင်တော့ပါ။ ထပ်ပြီး ဆုံးရှုံးရမှုတွေ ကြုံကြရတော့တာပါ။ တော်လှန်ရေးကာလဦးမှာ မောင်လူမွှေး တူဝမ်းကွဲနှစ်ယောက်နှင့်အတူ လူငယ်လေး ဆယ့်တယောက် ကျဆုံးခဲ့တာပါ။ ကျန်တဲ့ ကျဆုံးလူငယ်လေးတွေရဲ့ မိဘတွေ ဘယ်လိုအကျိုးဆက် ခံစားကြရသလဲ မောင်လူမွှေး မသိနိုင်ပါ။
တော်လှန်ရေးကြောင့် ကြီးမားတဲ့ ဆုံးရှုံးမှုတခု ကြုံရပြီး ဆုံးရှုံးခဲ့ရမှုကြောင့် မိသားစုဝင် တဦးဦး စိတ်ပိုင်းဆိုင်ရာ ကြီးကြီးမားမား ထိခိုက်ခဲ့ရင် မိသားစုဝင်အားလုံး ဒုက္ခရောက်ကြရတယ်။ ကစဉ့်ကလျား ဖြစ်ကြရတယ်။ ဘေးပတ်ဝန်းကျင်ကိုလည်း ထိခိုက်တာပါပဲ။ မောင်လူမွှေးတို့ တော်လှန်နယ်မြေမှာ စိတ်ပိုင်းဆိုင်ရာ ကြီးကြီးမားမား ထိခိုက်သူတွေအတွက် ကုသပေးမဲ့ စိတ်ကုဆရာဝန်လည်း မရှိပါ။ ပတ်ဝန်းကျင်လူ့အဖွဲ့အစည်းကလည်း စိတ်ပိုင်းဆိုင်ရာ ကုသမှုဆိုတာကို ရှိမှန်းတောင် မသိကြတာ များပါတယ်။
“စိတ်ကုဆရာဝန်နဲ့ ဆေးကုတယ် ဆိုတာ ရူးမှကုရတာလို့ နားလည်ကြတာ ဆရာရဲ့။ ဒီတော့ စိတ်ကုဆရာဝန်ရှိခဲ့ရင်တောင် သွားပြပြီး ဆွေးနွေးရဲဖို့ မလွယ်လောက်ဘူး” လို့ ဘွဲ့ရ ပညာတတ် လူငယ်တစ်ယောက်က ပြောပါတယ်။ ဒီလိုဆိုရင် သားသမီး ဆုံးရှုံးလို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်တဲ့ မိဘတွေအတွက်၊ မိဘတွေဆုံးရှုံးလို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်တဲ့ ကလေးတွေအတွက် ဘယ်လိုလုပ်ကြမလဲ။ စစ်ဘေးရှောင်ရကတည်းက ညည်းတွားနေတဲ့၊ အားလုံးကို အဆိုးမြင်နေတဲ့ အမျိုးသမီးကြီးအတွက် ဘယ်လိုလုပ်ကြမလဲ။ အမြဲတမ်းလိုလို ကယောင်ကတမ်းဖြစ်နေတတ်တဲ့ အမျိုးသမီးတွေ၊ ဘဝကို သေရည်မှာပဲ နှစ်ထားသူတွေအတွက်ရော ဘယ်လိုလုပ်ကြမလဲ။
စိတ်ဒဏ်ရာရနေသူ တစ်ဦးဦးရှိတဲ့ မိသားစုမှာ ကလေးတွေရှိခဲ့ရင် ပိုမိုဆိုးရွားတဲ့ အကျိုးဆက်ကို ဖြစ်စေမယ်။ စိတ်ဒဏ်ရာကြောင့် အမြဲတမ်း အဆိုးမြင်နေတဲ့သူနဲ့၊ စိတ်ဒဏ်ရာကြောင့် အမြဲတမ်း ကြောက်လန့်နေသူနဲ့၊ စိတ်ဒဏ်ရာကြောင့် အမြဲဒေါသကြီးနေသူနဲ့၊ စိတ်ဒဏ်ရာကြောင့် အမြဲမူးယစ်နေသူနဲ့ တအိမ်တည်းနေရတဲ့ ကလေးတွေဟာ သူတို့ပါ စိတ်ဒဏ်ရာရနိုင်ခြေ များနေပါတယ်။ အရွယ်ရောက်စ ဆယ်ကျော်သက်အရွယ် ကလေးဆိုရင် ပျက်စီးမှုလမ်းကြောင်းဆီကို ဦးတည်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ဆုံးရှုံးမှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို အနီးအနားက ခင်မင်ရာ ပုဂ္ဂိုလ်တွေက တတ်မျှမှတ်သမျှ နှစ်သိမ့်ဆွေးနွေး ကူညီကြတာကလွဲလို့ အခြား ဘာအစီအစဉ်မှ မရှိသေးပါ။ ဆုံးရှုံးမှုတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို တားဆီးဖို့ မောင်လူမွှေးတို့တတွေ ဘာမှမလုပ်နိုင်သေး။ လည်စင်းခံနေကြရဆဲ ဖြစ်ပါတယ်ခင်ဗျာ...။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
