Breaking News

လွှတ်တော်မှာ ပြောတဲ့ မင်းအောင်လှိုင်ရဲ့ ၂ နာရီကျော်ကြာတဲ့ မိန့်ခွန်း

 

လွှတ်တော်မှာ ပြောတဲ့ မင်းအောင်လှိုင်ရဲ့  ၂ နာရီကျော်ကြာတဲ့ မိန့်ခွန်း 

မြန်မာနွေဦးခရိုနီကယ်၊ နိုဝင်ဘာ ၁၈ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၂၆


မြန်မာနိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ ပြည်တွင်းစစ်အတွင်း ကျင်းပတဲ့ ဒုတိယမြောက် ရွေးကောက်ပွဲလို့ဆိုရမဲ့ ၂၀၂၅ နှစ်ကုန်နဲ့ ၂၀၂၆ ဇန်နဝါရီလတွေမှာကျင်းပတဲ့ ရွေးကောက်ပွဲအပြီး ဧပြီလမှာ သမ္မတဖြစ်လာတဲ့ ၁၅နှစ်ကြာ ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လွှတ်တော် တတိယအကြိမ်အစည်းအဝေး နောက်ဆုံးနေ့မှာ ၂ နာရီကျော်ကြာတဲ့ မိန့်ခွန်းကို ပြောခဲ့ပါတယ်။

စစ်အစိုးရရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ “နိုင်ငံတော်၏ မူဝါဒများနဲ့ နိုင်ငံတော်အခြေအနေ အရပ်ရပ်တို့နှင့်စပ်လျဥ်း၍ မိန့်ခွန်းပြောကြား”လို့ ဖော်ပြထားတာ ဖြစ်ပေမဲ့ အခုတကြိမ် မိန့်ခွန်းက ယခင်မိန့်ခွန်းတွေနဲ့မတူဘဲ သမ္မတတယောက်က ပရိုတိုကောလ်တွေကို ခဏဘေးဖယ်ထားပြီး လတ်တလော ဖြစ်ပျက်နေတဲ့ စီးပွားရေးအခြေအနေ၊ စစ်ပွဲတွေ၊ နိုင်ငံတကာ ဆက်ဆံရေး၊ အာဆီယံရဲ့ အရေးယူမှုအပေါ်  စိတ်ခံစားချက် စတာတွေကို ထုတ်ဖော်လိုက်တဲ့ မိန့်ခွန်းအဖြစ်နဲ့ အကဲဖြတ်နိုင်ပါတယ်။

သံတမန်ရေးဆန်ဆန်၊ ယဥ်ကျေးတဲ့ စကားလုံးတွေထက်ကို အရပ်သားဆန်ဆန် ပြောဆိုမှုတွေပိုပြီး တွေ့မြင်ရပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ စစ်အာဏာရှင် သန်းရွှေက မင်းအောင်လှိုင်ကို စစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ် ရာထူးခန့်အပ်ခဲ့ပြီးနောက် မင်းအောင်လှိုင်ဟာ သူ့ရဲ့ အာဏာကို တဆင့်ချင်း တည်ဆောက်ခဲ့ရာမှာ ၁၅ နှစ်အကြာမှာ ရွေးကောက်ခံ သမ္မတ (ကမ္ဘာ့နိုင်ငံအချို့က အသိအမှတ်မပြုသည့်တိုင်) အဖြစ် ရရှိပြီး လွှတ်တော်မှာ နိုင်ငံအခြေပြမိန့်ခွန်း ပြောခွင့်ရတဲ့ အနေအထားရောက်လာခဲ့တာ ဖြစ်ပါတယ်။

ဧပြီလဆန်းမှာ ပြည်ထောင်စုလွှတ်တော်က မင်းအောင်လှိုင်ကို သမ္မတအဖြစ် ရွေးချယ် အတည်ပြုပေးခဲ့ပြီးနောက် လွှတ်တော်မှာ မိန့်ခွန်းပြောခဲ့ဖူးတာမို့လို့ အခု တကြိမ်ဟာ ပထမဆုံးမဟုတ်ဘဲ ပြည်ထောင်စုလွှတ်တော်မှာ တတိယအကြိမ် ပြောဆိုတာလို့ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။

၂ နာရီကျော်ကြာအောင် ပြောဆိုသွားတဲ့ မိန့်ခွန်းကိုကြည့်ရင် ပြောဆိုမဲ့ အကြောင်းအရာ အချက်အလက်တွေကို ကြိုတင်ပြင်ဆင်ထားတာ သံသယရှိစရာမလိုပေမဲ့ ရေးသားထားတဲ့ မိန့်ခွန်းကို ပြန်ဖတ်ပြတာမျိုးထက် စုဆောင်းပြင်ဆင်ထားတဲ့ အချက်အလက်တွေကို အခြေခံပြီး မိမိစကားလုံး၊ မိမိအသုံးအနှုန်းနဲ့မိမိ ပြောဆိုတဲ့ သဘောလို့ ကောက်ချက်ချရပါတယ်။ အချို့သောအချက်အလက်တွေက မိန့်ခွန်းအတွက် ပြင်ဆင်ထားတဲ့အခါ ထည့်သွင်းပြောဆိုဖို့ မရည်ရွယ်ခဲ့ဘဲ ပြောဆိုရင်း စိတ်ခံစားချက်အရ အနည်းငယ်ကျော်လွန်ပြီး ပြောဆိုခဲ့သလားလို့ ကောက်ချက်ချရပါတယ်။

ဥပမာအားဖြင့် MNDAA နဲ့ အခြားမြောက်ပိုင်းညီနောင် လက်နက်ကိုင် ၂ ဖွဲ့တို့ တပြိုင်နက်တည်း စစ်ဆင်ရေးစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ ပတ်သက်တဲ့ ကိစ္စ၊ အာဆီယံအဖွဲ့ ရဲ့ မြန်မာနိုင်ငံအပေါ် ကန့်သတ်ချက်ချမှတ်ထားတဲ့ ကိစ္စတို့ကို ပြောဆိုရာမှာ စိတ်ခံစားမှု အသွင်အပြင်၊ အသံနေအသံထားနဲ့ အချက်အလက်အချို့ကို အဖွဲ့အမည်၊ နိုင်ငံအမည် အတိအကျ မထည့်ခဲ့သည့်တိုင် သံတမန်ရေးဆန်ဆန် မဟုတ်ဘဲ တည့်ပြောတဲ့ သဘောမျိုး တွေ့ရတာပါ။

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၇ ရက်နေ့မှာ MNDAA ပါဝင်တဲ့ ရှမ်းမြောက် စစ်ဆင်ရေးမှာ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ရဲ့ စစ်ဆင်ရေးမှာ ၄င်းတို့ ၃ ဖွဲ့တင်မကဘဲ “ကျနော်တို့ တချို့ ပြောမကောင်းလို့သာ မပြောတာ။ အကူအညီတွေ ပါတယ်”ဆိုတဲ့ စကားကို ပြောဆိုခဲ့တာတွေ့ရပါတယ်။ အကူအညီတွေ ပါတယ် ဆိုတဲ့စကားလုံးရဲ့ ရည်ညွှန်းလိုတဲ့ အဖွဲ့အစည်းဟာ အပစ်ရပ်ထားတဲ့ UWSA လို လက်နက်ကိုင်တပ်လား သို့မဟုတ် အိမ်နီးချင်း တရုတ်နိုင်ငံလား ဆိုတာတော့ တိတိကျကျ မှန်းဆဖို့ ခက်ပါတယ်။ UWSA ကို ရည်ညွှန်းတာ ဖြစ်ခဲ့ရင် UWSA နဲ့ အပစ်ရပ်ထားတာကြောင့် အခုပြောဆိုမှုဟာ နှစ်ဖွဲ့အကြား ဆက်ဆံရေးကို ထိခိုက်စေနိုင်သလို အဲဒီလိုမဟုတ်ဘဲ တရုတ်နိုင်ငံက လက်နက်ခဲယမ်းနဲ့ နည်းပညာတွေ ကူညီတယ်လို့ ရည်ရွယ်လိုတာဖြစ်ခဲ့ရင် မြန်မာစစ်အစိုးရကို သံတမန်ရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးအရ ထောက်ခံပေးထားတဲ့ တရုတ်နိုင်ငံကို အမျက်ရစေမှာ ဖြစ်ပါတယ်။

၁၀၂၂၇ စစ်ဆင်ရေး ဖြစ်ပွားပြီးခါစ လတွေအတွင်း စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲတွေမှာလည်း စစ်တပ်ရဲ့ ပြောခွင့်ရသူက အခြားအကူအညီတွေပါဝင်တယ် ဆိုတဲ့ အသုံးအနှုန်း၊ ကိုးကန့်လက်နက်ကိုင်တပ်တွေဟာ ဝ အဖွဲ့ထိန်းချုပ် နယ်မြေဖြစ်တဲ့ နမ့်တစ်ကနေ ဖြတ်လာတယ်ဆိုတာမျိုး ပြောဆိုခဲ့ဖူးတာပါ။ ၁၀၂၇ စစ်ဆင်ရေးမှာ UWSA/UWSP ဝ အဖွဲ့အနေနဲ့ အကျိုးစီးပွားလည်း ပါဝင်သလို ငွေကြေး၊ လက်နက်ခဲယမ်းတွေလည်း ကူညီခဲ့တဲ့ အချက်က မြန်မာနိုင်ငံမှာ အများသိနေကြတဲ့ လျှို့ဝှက်ချက်တခုလို ဖြစ်နေတာပါ။

အဆိုပါ ၁၀၂၇ စစ်ဆင်ရေးနဲ့ ပတ်သက်လို့ မင်းအောင်လှိုင် မိန့်ခွန်းထဲက တချို့စာသားတွေကို စစ်အစိုးရပိုင် သတင်းစာတွေက ဖော်ပြရာမှာ ချန်လှပ်ထားခဲ့တယ်လို့ သိရပါတယ်။ အလားတူ ချန်လှပ်ခဲ့တဲ့ နောက်အကြောင်းအရာတခုကတော့ အာဆီယံအဖွဲ့နဲ့ပတ်သက်တဲ့ ပြောဆိုချက် ဖြစ်ပါတယ်။

အာဆီယံနဲ့ပတ်သက်တဲ့ ပြောဆိုချက်တွေမှာလည်း ပြောဆိုပုံ၊ အသံအနေအထားတွေမှာ ခံစားချက် ပါဝင်နေတာ သတိပြုမိနိုင်ပါတယ်။ အာဆီယံရဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်တဲ့ ကြေညာချက်နဲ့ပတ်သက်လို့ “လုပ်ပိုင်ခွင့်ရှိတဲ့ လူတွေ၊ လူပုဂ္ဂိုလ် သုံး လေးဦးက သူတို့ရဲ့ ပုဂ္ဂိုလ်ရေးဆန္ဒနဲ့ ဆန့်ကျင်ဆွေးနွေးခဲ့တယ်” ဆိုတဲ့ မိန့်ခွန်းထဲက စကားပိုဒ်ကို သတင်းစာတွေမှာ ချန်လှပ်ခဲ့တာ ဖြစ်ပါတယ်။

အာဆီယံနဲ့ ပတ်သက်တဲ့ အပိုင်းကို မိန့်ခွန်းရဲ့ နောက်ဆုံး မိနစ်တွေမှာမှ ပြောဆိုပေမဲ့ ဒီအကြောင်းအရာက သတင်းတွေရဲ့ ခေါင်းစီးဖြစ်စေတာ တွေ့ကြရပါတယ်။ အာဆီယံအနေနဲ့  ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းမှု နောက်ပိုင်း အကြမ်းဖက်မှု ရပ်တန့်ဖို့၊ လူသားချင်းစာနာမှုအကူအညီ လွတ်လပ်စွာ ပေးအပ်ခွင့်ပြုဖို့ စတဲ့အချက်တွေ ပါဝင်တဲ့ သဘောတူညီမူ ၅ ချက် နဲ့ အာဏာသိမ်းစစ်အစိုးရကို ဖိအားပေးပြီး ကိုယ်စားလှယ် တက်ရောက်ခွင့် အဆင့်ချ သတ်မှတ်ခဲ့တာကို အခုချိန်မှာ မြန်မာစစ်အစိုးရဘက်က ကြိုးတင်းတင်း ပြန်ဆွဲမဲ့ အနေအထားမျိုး ပြောဆိုလာတာ ဖြစ်ပါတယ်။ အာဆီယံ ဆက်ဆံရေးကို ပြန်သုံးသပ်ဖို့ စဥ်းစားနေပြီး ဆိုတာမျိုး၊ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအထဲမှာ စစ်တပ်အာဏာသိမ်းမှုတွေ ရှိခဲ့ကြတာဖြစ်ပေမဲ့ အဲဒီလို အခြေအနေတွေတုန်းက အာဆီယံအဖွဲ့အနေနဲ့ အဖွဲ့ဝင်နိုင်ငံကို ဖိအားမပေးခဲ့ပေမဲ့ မြန်မာနိုင်ငံရဲ့ စစ်တပ်အာဏာသိမ်းမှုကျမှ ဘာကြောင့် ဖိအားပေးတာလဲဆိုတဲ့ စောဒကကို မနေ့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့တာပါ။

အာဆီယံ အဖွဲ့ကို ဖွဲ့စည်းခဲ့တဲ့ ၁၉၆၇ ခုနှစ်ကာလဟာ စစ်အေးတိုက်ပွဲ အရှိန်မြင့်တုန်း၊ ဗီယက်နမ်စစ်ပွဲက အင်ဒိုချိုင်းနား ၃ နိုင်ငံလောက်ကို ဗုံးကြဲမှုတွေ ထိခိုက်ခံစားစေခဲ့တဲ့ ကာလတွေမှာ အာဆီယံအဖွဲ့ကို ကွန်မြူနစ်ဆန့်ကျင်ရေး နိုင်ငံအစုအဖွဲ့အဖြစ် ဖွဲ့စည်းခဲ့ကြတာ ဖြစ်ပါတယ်။ ဆယ်စုနှစ်၃/၄ ခု ပြောင်းလဲလာခဲ့တဲ့နောက် အာဆီယံဟာ ကွန်မြူနစ်ဆန့်ကျင်ရေး ရည်ရွယ်ချက်ထက် ဒေသတွင်းနိုင်ငံတွေရဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုရည်ရွယ်တဲ့ ဘက်ကို ပြောင်းလဲလာခဲ့တာဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေ အနက် ကနဦးပါဝင်တဲ့နိုင်ငံတွေထဲမှာ ထိုင်း၊ အင်ဒိုနီးရှားလို နိုင်ငံတွေဖြစ်ပြီး အဆိုပါနိုင်ငံတွေမှာ စစ်အာဏာရှင် အုပ်ချုပ်တာ၊ စစ်အာဏာသိမ်းမှုတွေ ဖြစ်ပွားခဲ့တာတွေကို ရည်ညွှန်းပြီး မြန်မာစစ်ခေါင်းဆောင်က ပြောဆိုတာလို့ ယူဆရပါတယ်။ နိုင်ငံက ပြည်သူလူထုတွေသာမက နိုင်ငံတကာ သံတမန်တွေလည်း စောင့်ကြည့်အကဲခတ်နေတဲ့ အနေအထားမှာ သံတမန်ရေး မဆန်တဲ့ စကား၊ ကြေးတိုက်တဲ့ စကားမျိုးကို မိန့်ခွန်းမှာ ပြောဆိုသွားတာ ဖြစ်ပါတယ်။ ဒီအနေအထားကို ကြည့်ရင် အာဆီယံရဲ့ အရေးယူထားတာကို မင်းအောင်လှိုင် အနေနဲ့ စိတ်ထဲမှာ အောင့်အည်းမရတဲ့ မကျေနပ်မှုမျိုးရှိနေတာကို ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

အချို့က အာဆီယံအဖွဲ့ကို ခေါ်ဖဲပစ်တယ်လို့လည်း ကောက်ချက်ချကြသလို နောက်ဖြစ်နိုင်ခြေ တခုကတော့ အခု ကျင်းပနေတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးကနေ မြန်မာစစ်အစိုးရကို လက်ရှိအခြေအနေအတိုင်း ဆက်ကန့်သတ်ထားခဲ့ရင် အဖွဲ့ကနေ နုတ်ထွက်ဖို့ စဥ်းစားထားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

မြန်မာစစ်အစိုးရအနေနဲ့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေထဲက ၄င်းတို့နဲ့ ရင်းနှီးတဲ့ နိုင်ငံ တနိုင်ငံချင်း ဆက်ဆံရေးကိုသာ ကောင်းမွန်အောင် လုပ်ဖို့ရည်ရွယ်ပြီး အာဆီယံကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

နိုဝင်ဘာ ၁၈ ရက်နေ့ မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းမှာ နိုင်ငံစီးပွားရေးနဲ့ ပတ်သက်လို့ အချိန်အများအပြား ပြောကြားခဲ့ပေမဲ့ စီးပွားရေးတိုးတက်တဲ့ အလားအလာ၊ တိုးတက်အောင် လုပ်မဲ့ အစီအစဥ်တွေ ရေရေရာရာ မပါရှိဘဲ၊ နယ်စပ်ကုန်သွယ်ရေး ပိတ်ပင်ထားရတဲ့ အကြောင်းရင်းက နယ်စပ်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေ စိုးမိုးထားနဲ့ နယ်မြေတွေက ဖြတ်ပြီးသယ်ယူလာတဲ့ ကုန်ပစ္စည်းတွေ ဖြစ်တာကြောင့် အဆိုပါလက်နက်ကိုင်အဖွဲ့တွေရဲ့ ဝင်ငွေရလမ်းကို ဖြတ်တောက်ဖို့ ဖမ်းဆီးရတယ်ဆိုတဲ့ ဆင်ခြေနဲ့ တိုင်းပြည်က လက်နက်ကိုင် တိုက်ခိုက်မှုတွေနဲ့ မတည်မငြိမ်ဖြစ်နေတာကြောင့်ဆိုတဲ့ ဆင်ခြေကို အဓိကပြောဆိုသွားတာ တွေ့ရမှာဖြစ်ပါတယ်။

လတ်တလော ငွေကြေးဖောင်းပွမှု အရှိန်အဟုန်နဲ့ ဖြစ်ပေါ်နေတာ၊ ကုန်စျေးနှုန်းတွေ မတန်တဆ ကြီးမြင့်နေတာ၊ ရာဇဝတ်မှု မကြုံဖူးလောက်အောင် မြင့်တက်နေတာတွေကိုတော့ ပြောဆိုသွားတာမတွေ့ရပါဘူး။

ချုံ့ဆိုရရင် မင်းအောင်လှိုင်ရဲ့ သမ္မတရာထူးရယူပြီး ၇ လ ဝန်းကျင်အကြာ ပြောဆိုတဲ့ မိန့်ခွန်းထဲမှာ တခြားသော အဖွဲ့အစည်းနဲ့ နိုင်ငံတွေကို အပြစ်တင်မှုတွေ၊ မကျေနပ်မှုတွေနဲ့ ၂ နာရီကျော် အချိန်ကြာအောင် ပြောဆိုခဲ့တာလို့သာ ဆိုရမှာဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar