Breaking News

မောင်ရစ် - လုပ်ဇာတ်သတင်း၊ အမှန်လွန်ခေတ်နဲ့ ပုံပြင်ထဲပျော်တဲ့ ကျနော်တို့လူသားတွေ (၁)

Post Truth by Harari

မောင်ရစ် - လုပ်ဇာတ်သတင်း၊ အမှန်လွန်ခေတ်နဲ့ ပုံပြင်ထဲပျော်တဲ့ ကျနော်တို့လူသားတွေ (၁)

(အတွေးအမြင်၊ ဇွန် ၂၀၁၉ ထုတ်)
မိုးမခ၊ မေ ၃၁၊ ၂၀၁၉

YUVAL NOAH HARARI (ဟာရာရီ) ဆိုသူဟာ အစ္စရေးပါမောက္ခ၊ နာမည်ကျော် – Homo Sapiens, Homo Deus, 21 Lessons for the 21st Century စတဲ့စာအုပ်တွေ ရေးတဲ့သူ။ နောက်ဆုံး စာအုပ်ထဲက အခန်းတခန်း Post-truth ကို ကောက်နုတ်ဘာသာပြန်ပါတယ်။

ခေတ်ကြီးက ပြောင်းသွားပြီ။ Fake News (လုပ်ဇာတ်သတင်း) တွေဟာ သက်ဇိုးရှည်နေဦးမတဲ့။ လူတွေဟာ Post-Truth (အမှန်လွန်၊ အမှန်မဲ့) ခေတ်ကြီးနဲ့ နေသားကျနေတာ ကြာခဲ့ပါပြီ တဲ့။ ပြီးတော့ ကျနော်တို့ လူသားတွေဟာ (Fictions) ပုံပြင်ဒဏ္ဍာရီတွေနဲ့ အသားကျပြီး အာဏာဆိုတာလည်း ဒါကိုပဲ မှီခိုနေရတာ ဖြစ်ပါသတဲ့။

ဥပမာတခုကတော့ ၂၀၁၄ ဖေဖော်ဝါရီမှာ ရုရှားစစ်တပ်က ယူကရိန်းကို ကျူးကျော်ပြီး ခရိုင်းမီးယားကို သိမ်းလိုက်တယ်။ ပူတင်နဲ့ ရုရှားအစိုးရက တောက်လျောက် ငြင်းတယ်။ ဒါရုရှားတပ်တွေ မဟုတ်ပါဘူးတဲ့။ ကိုယ်ထူကိုယ်ထ ပြည်သူ့စစ်တွေဟာ ရုရှားလုပ်ပစ္စည်းတွေ ကိုင်ဆောင်ထားကြတာသာ ဖြစ်သတဲ့။

ပူတင်နဲ့ နောက်လိုက်တွေဟာ သူတို့ကိုယ်တိုင် တမင်သက်သက် လိမ်ညာနေတာ လုပ်ဇတ်ခင်းနေတာ ကို သိကြပါတယ်။ ရုရှားမျိုးချစ်တွေကလည်း ဒီစစ်ပွဲအတွက် ပူတင်တို့ လုပ်ဇာတ်ကို လက်ခံကြပါတယ်။ ဒါဟာ တရားတဲ့စစ်၊ ဒါဟာ တရားတဲ့အရေး၊ ဒါကြောင့် လုပ်ဇာတ်ခင်းတာ အိုကေပါတယ် တဲ့။ အမျိုးသားရေးဝါဒီတွေဟာ သူတို့အတွက် ကြီးမြတ်တဲ့အရေးတော်ပုံဖြစ်တဲ့ ရုရှားပြည်ထောင်စုကြီး သက်ရှည်ဖို့ ယူကရိမ်းကို သိမ်းတာ တရားတယ်လို့ ဆုံးဖြတ်ပါတယ်။ အနှစ် ၁ထောင် အသက်ရှိတဲ့ ပြည်ထောင်စုကြီးဟာ မွန်ဂို၊ ပိုလန်၊ ဆွစ်၊ နပိုလီယန်စစ်တပ်၊ ဟစ်တလာနာဇီတွေကို တွန်းလှန်ခဲ့တယ်။ ပြီးတော့ နေတိုး၊ အမေရိကန်၊ အီးယူတို့ရဲ့ ကျူးကျော်မှုတွေကိုလည်း ကြံ့ကြံ့ခံနိုင်ခဲ့တယ်။ အမေရိကန်နဲ့ အပေါင်းအပါတွေက ရုရှားပြည်ထောင်စုကို အစိတ်စိတ်ခွဲပြီး ယူကရိမ်းလို နိုင်ငံအတုတွေ ထောင်ခဲ့တယ်။ သည်တော့ ရုရှားမျိူးချစ်တွေအတွက်ကတော့ ပူတင်ကြွေးကြော်နေတဲ့ ရုရှားပြည်ထောင်စုကြီး ပြန်လည်စုစည်းထူထောင်နိုင်ရေးဆိုတာက အမှန်တရားဖြစ်ပြီး ယူကရိမ်းနိုင်ငံဆိုတာဟာ အမှားဖြစ်တယ်၊ လုပ်ဇာတ်မျှသာ ဖြစ်ပါတယ်။

ယူကရိမ်းနိုင်ငံသားတွေ အပြင်ကမ္ဘာက ပညာတတ်တွေ သမိုင်းပညာရှင်တွေအတွက်ကတော့ ရုရှားမျိုးချစ်တွေ ပူတင်တို့ရဲ့ ဆင်ခြေတွေ လုပ်ဇာတ်တွေဟာ မုသာဝါဒဗုံးခွဲမှုအဖြစ် စိတ်ဆိုး အမျက်ထွက်ကြပါတယ်။ သူတို့ပြောသလို ရုရှားပြည်ထောင်စုကြီးက အနှစ် ၁ထောင် မရှိသလို၊ ယူကရိမ်းနဲ့ ရုရှားတို့ တွဲဆက်ထားတဲ့ ပြည်ထောင်စုဆိုတာကလည်း အနှစ် ၃၀၀ သက်တမ်းပဲ ရှိခဲ့တာဖြစ်ပါတယ်။

ယူကရိမ်းရဲ့ သီးခြားနိုင်ငံတော်ဖြစ်တည်မှုကို ငြင်းပယ်ခြင်းဆိုတာဟာ နိုင်ငံတကာက ချမှတ်ထားတဲ့ ဥပဒေတွေ သဘောတူညီချက်တွေကို ရုရှားက လက်မခံဘဲ ငြင်းပယ်လိုက်တာနဲ့ ထပ်တူဖြစ်ပါတယ်။ အရေးအကြီးဆုံးအချက်ကတော့ ယူကရိမ်းပြည်သူတွေရဲ့ သူတို့ကိုယ်ပိုင်သဘောထား ခံယူချက်တွေကို အရေးမစိုက်ဘူးလို့ စော်ကားခြင်းပါပဲ။ ယူကရိမ်းမျိူးချစ်တွေကလည်း ရုရှားမျိူးချစ်တွေလိုပဲ သဘောချင်းတူနိုင်ပါတယ်။ ကမ္ဘာမှာ နိုင်ငံအတုတွေ နိုင်ငံလိမ်တွေ ရှိနေတယ်ဆိုတဲ့ အချက်မှာ သဘောချင်း မျှနိုင်ပါလိမ့်မယ်။ သို့သော် အဲသည်အထဲမှာ သူတို့နိုင်ငံတော့ ဘယ်ပါဝင်လိမ့်မလဲ။ အဲသည်နိုင်ငံအတုအယောင်တွေဆိုတာ ရုရှားက ယူကရိမ်းကို ဝင်သိမ်းဖို့ လုပ်ကြံဖန်တီးထားတဲ့ နိုင်ငံငယ်ကလေးတွေ ဖြစ်ပါတယ်။

ဘယ်ဘယ်ကပဲ သင်က ထောက်ခံနေသည် ဖြစ်ပါစေ၊ သည်နေရာမှ သေချာတာတခုကတော့ ကျနော်တို့တွေအားလုံး Post-Truth ဆိုတဲ့ အမှန်လွန်တဲ့ခေတ်မှာ ရောက်ရှိနေထိုင်နေကြပြီ ဆိုတာပဲ။ (Post-Truth ဆိုတာ post-modern လို မော်ဒန်လွန်လို့ အလွယ်ကောက် ဘာသာပြန်တာပါ။ အမှန်လွန်ပြီဆိုတော့ အမှန်ဝိမုတ်ဖြစ်တယ်လို့ ပြောရမလိုပါ။) အခုခေတ်မှာ စစ်ပွဲတွေဆိုတာထက် သမိုင်းတွေ နိုင်ငံတွေဟာလည်း လုပ်ကြံဖန်တီးလို့ ရတယ်၊ လုပ်ဇာတ်ခင်းထားလို့ ရတဲ့ ခေတ်ကြီးထဲ ရောက်နေတာပါ။ ဒါဆိုရင် အမှန်ခေတ်ဆိုတာက ဘယ်တုန်းကလဲ။ ဘယ်တုန်းကကော မှန်တဲ့ခေတ်ထဲမှာ ကျနော်တို့ နေထိုင်ခဲ့ကြဖူးသလဲ။ ၁၉၈၀ တုန်းကလား၊ ၁၉၅၀ တုန်းကလား။ ၁၉၃၀ တုန်းကလား။

အမှန်ခေတ်ကနေ အမှန်လွန်ခေတ်ကို ဘယ်တုန်းက ပြောင်းရွှေ့ခဲ့ကြသလဲ။ ဘာက လက်သည်တရားခံဖြစ်မှာလဲ။ အင်တာနက်လား၊ ဆိုရှယ်မီဒီယာလား။ ပူတင်နဲ့ ဒေါ်နယ်ထရန့်တို့ တက်လာတာကြောင့်လား။

ပြန်ပြောင်းကြည့်ရှုမယ်ဆိုရင်တော့ ဝါဒဖြန့်ခြင်း၊ သတင်းမှားများ လုပ်ကြံဖန်တီးခြင်းတို့ဟာ သမိုင်းမှာ အသစ်အဆန်းမဟုတ်ခဲ့ပါ။ နိုင်ငံတွေ ဖြစ်တည်မှုကို ငြင်းပယ်ခြင်း၊ နိုင်ငံအတုများ ဖန်တီးခြင်း ဆိုတာ ဖြစ်ခဲ့ပြီးသားတွေပါ။ ၁၉၃၁ ခုနှစ်တုန်းက ဂျပန်တွေဟာ တရုတ်ပြည်ကို ကျူးကျော်သိမ်းပိုက်ပြီးတော့ မူချန်ကို ဆိုတဲ့ နိုင်ငံအတုတခု ထူထောင်ပြီး သူတို့အောင်မြင်မှုကို တရားဝင်အောင် လုပ်ခဲ့ကြပါတယ်။ တရုတ်ပြည်ကိုယ်တိုင်ကလည်း တိဗက်နိုင်ငံတော် တည်ရှိနေမှုကို တောက်လျောက် ငြင်းပယ်ထားခဲ့ပါတယ်။ ဗြိတိသျှကျူးကျော်သူတွေဟာလည်း “ဘယ်သူမှမရှိတဲ့ ဘယ်သူမှမနေထိုင်တဲ့” သြစတြေးလျတိုက်ကြီးကို ရှာဖွေတွေ့ရှိတယ်လို့ ပြောခဲ့ကြတာပဲ။ ပြီးတော့ အဲသည်က ဌာနေတိုင်းရင်းသား အဘိုဂျင်နယ်တွေရဲ့ နှစ်ပေါင်း ၅သောင်းကျော် သမိုင်းကို ဖျောက်ဖျက်ခဲ့ကြတာပဲ။

၂၀ ရာစု အစောပိုင်းမှာ ဂျူးမျိူးချစ်တွေရဲ့ လက်စွဲကြွေးကြော်သံတခုကတော့ ” နိုင်ငံမရှိတဲ့ဂျူးတွေဟာ လူမရှိတဲ့နိုင်ငံဆီကို ပြန်လာအခြေစိုက်ခဲ့ကြပြီ” တဲ့။ လူမရှိတဲ့နိုင်ငံဆိုတာ ပါလစ္စတိုင်းပါ။ ပါလစ္စတိုင်းလူသားတွေ တကယ်ရှိနေပါတယ်။ ဒေသခံ အာရပ်လူမျိုးတွေကို သူတို့တွေက ဥပေက္ခာပြုထားခဲ့ကြပါတယ်။ ၁၉၆၉ မှာ ဝန်ကြီးချုပ် ဂိုဒါမေယာက “ပါလစ္စတိုင်းပြည်သူတွေလို့ မရှိပါဘူး” တဲ့။ “ဘယ်တုန်းကမှလည်း မရှိခဲ့ဘူး ..” တဲ့။ အဲသလိုကို ပြောခဲ့တာပါ။ ဖောဖော်ဝါရီ ၂၀၁၆ တုန်းကလည်း အစ္စရေးပါလီမန်မှာ အမျိုးသမီးအမတ် အနက်ဘာကိုက ပြောခဲ့တယ်။ ပါလစ္စတိုင်းလူမျိူးတွေ ရှိတယ်ဆိုတာ မဖြစ်နိုင်ပါဘူးတဲ့။ ဘာကြောင့်လဲဆိုတော့ အာရပ်စကားလုံးထဲမှာ ပစောက် ဆိုတာ မပါလို့ပါတဲ့။ ပစောက်မှ မရှိတာ ပါလစ္စတိုင်းဆိုတာ ဘယ်လိုလို့ စာလုံး ပေါင်းလို့ ရမလဲတဲ့။ အမှန်တကယ်က ဖအုပ်ထုတ် ဆိုတာနဲ့ ပါလစ္စတိုင်းကို အာရပ်ဘာသာမှာ ပေါင်းပါတယ်။ ဖာလစ္စတိုင်းဆိုတာ အာရပ်အသံထွက်ပါ။

အမှန်လွန်နောက်လိုက် မျိုးနွယ်များလို့ လူတွေကို ပြောရပါမယ်။ ဟိုမိုဆေပီယန်ဆိုတဲ့ ကျောက်ခေတ်ကစတဲ့ လူသားမျိူးနွယ်တွေဟာ အမှန်လွန်နောက်လိုက်တဲ့ မျိုးနွယ်တွေပါ။ သူတို့တွေဟာ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဖန်တီးပြီး အဲဒါတွေနဲ့ အာဏာကို တည်ဆောက်ခဲ့ကြတယ်လေ။ လူတွေကို စုဝေးနေထိုင်ကြဖို့ ပုံပြင်တွေ ဇာတ်လမ်းတွေ ဖန်တီးကြတယ်။ ဟိုမိုဆေပီယန်တွေဟာ ကမ္ဘာကြီးကို စိုးမိုးဗိုလ်ကျနိုင်ခဲ့တာ လုပ်ဇာတ်ခင်းပုံပြင်တွေ ကျေးဇူးတော်ကြောင့်ပါ။ ပုံပြင်တွေ ဒဏ္ဍာရီတွေ လုပ်၊ ဖြန့်ချိ၊ လူတွေကို အဲသည်နောက်ကို လိုက်ပါအောင်စည်းရုံး၊ သည်လို ဇာတ်လမ်းတခုတည်းစီကို အသီးသီးလက်ခံသူတွေချည်းကနေ ဥပဒေကိုယ်စီတွေ နိုင်ငံတခုစီတွေ ထူထောင်ကြနဲ့ ပေါ့။

နှစ်ရာစုများစွာ လူတွေဟာ သူတို့လူမှုအသိုင်းအဝိုင်းတွေကြားထဲမှာ “သတင်း” “အချက်အလက်” ဆိုပြီးတော့ ဖြန့်ချိခဲ့ကြတဲ့ ဇာတ်လမ်းတွေဆိုတာ ဒဏ္ဍာရီတွေ၊ မှော်တွေ၊ ထူးဆန်းထွေလာ၊ နတ်၊ ဘီလူး၊ မကောင်းဆိုးဝါး၊ စုန်းကဝေတွေအကြောင်းတွေ ဖြစ်ခဲ့တယ်။ သတင်းထောက်ဆိုသူတွေကလည်း ဟိုးမြေအောက်ကမ္ဘာထဲကနေ တိုက်ရိုက် သတင်းပို့ပေးခဲ့ကြတယ် ဆိုတာမျိူးတွေ။

လူပေါင်း ၁ထောင်က လုပ်ဇာတ်တခုကို တလလောက်ကြာအောင် ယုံနေကြတယ်ဆိုတော့ fake news (လုပ်ဇာတ်သတင်း) တဲ့။ ကဲ … လူပေါင်း ၁ ဘီလျံက လုပ်ဇာတ်တခုကို နှစ်ပေါင်း ထောင်ချီပြီး ယုံနေကြပြီဆိုရင်တော့ ဒါကို fake news လို့ မစွပ်စွဲကြတော့ဘူး။ ကျနော်တို့က အဲသလိုစွပ်စွဲရင် သူတပါး၏ ယုံကြည်မှုကို စော်ကားတယ်ဆိုပြီး ပြောခံရမယ်၊ ပိုဆိုးရင် အဲသည်လူတွေရဲ့ ဒေါသဒဏ်ကို ခံသွားရနိုင်ပါတယ်။ ကျနော်ပြောချင်တာက လူမှုကိစ္စအသုံးချကိရိယာတွေထဲမှာ အထိရောက်ဆုံးလက်နက်ကတော့ ဇာတ်လမ်း ပုံပြင် ဒဏ္ဍာရီဆိုတာတွေ ဖြစ်တယ် ဆိုတာပါ။ လူတွေကို တစုတစည်းတည်းဖြစ်လာဖို့ အယူဝါဒတွေ ဆိုတာဟာ မောင်းနှင်နိုင်တယ်။ လူတွေကို အတူတကွ လက်တွဲနေထိုင်မှုကို ဖြစ်ပေါ်စေပါတယ်။ ပုံပြင်ဇာတ်လမ်းတွေက လူတွေကို ဆေးရုံတွေ ဆောက်၊ ကျောင်းတွေထောင်၊ တံတားတွေ ခင်း၊ စစ်တပ်တွေ အကျဉ်းထောင်တွေ ထူထောင်လာအောင် ဆွဲဆောင် စျန်ဝင်စေတယ် မဟုတ်လား။

လတ်တလောသမိုင်းမှာဆိုရင်လည်း နိုင်ငံတော်တွေက နိုင်ငံရဲ့ဒဏ္ဍာရီတွေ ရေးဖွဲ့ခဲ့ကြပါတယ်။ လှုပ်ရှားမှုတွေဖြစ်တဲ့ ကွန်မြူနစ်၊ ဖက်ဆစ်နဲ့ လစ်ဘရယ်လှိုင်းတွေမှာလည်း သူတို့စီးတဲ့ ယစ်မူးဖွယ်လှိုင်းလုံးကြီးတွေနဲ့ ဆွဲဆောင်ခဲ့ကြပါတယ်။ နာဇီဝါဒဖြန့်ဂုရု ဂျိူးဇက်ဂိုဘယ်က ဘာပြောခဲ့သလဲ ဆိုတော့ – “မုသားကို တခါတည်းပဲ ပြောခဲ့ရင် မုသားလို့ သမုတ်နိုင်တယ်။ မုသားကို အကြိမ် ၁ထောင် ပြောလိုက်နိုင်ပြီဆိုရင်တော့ ဒါဟာ အမှန်ဖြစ်သွားတော့တာပဲ။” တဲ့။ ဟစ်တလာ၏ ကိုယ်ရေး မိန်းကန့် (ကျန်ုပ်၏စွန့်စားမှု) စာအုပ်မှာလည်း – ” ထိရောက်တဲ့ဝါဒဖြန့်ချိမှုဆိုတာ ကိုယ့်အခြေခံသဘောတရားကို စိတ်ထဲ အကြိမ်ကြိမ်မောင်းသွင်းနေဖို့ပဲ။ သူ့မှာ ထိရောက်တဲ့ တိုတိုတုတ်တုတ် စကားလုံးတွေ ပါရမယ်၊ ခနခနလည်း ထပ်ပြောပေးနေရမယ်” ။ သည်လိုဆိုတော့ လက်ရှိမျက်မှောက် လုပ်ဇာတ်ခင်းသတင်းတွေ ဆိုတာ ဒီဟာကို ပိုပြီးကောင်းအောင် မွန်းမံထားတာတွေ မဟုတ်ပါလား။

ဆိုဗီယက်ခေတ်တုန်းကဆိုရင် ပြည်တွင်းက ဒုက္ခတွေကို ဖုံးကွယ်ထားပြီး ပြည်ပမှာလည်း ဆိုဗီယက်ပြည်တော်သာနေတယ်လို့ အစွန်းကုန် ဝါဒဖြန့်ခဲ့ကြတယ်။ ခုခေတ်ယူကရိမ်းတွေကလည်း ပူတင်တို့ရုရှားမျိူးချစ်တွေဟာ အနောက်အုပ်စုကို နည်းမျိူးစုံနဲ့ လှည့်စားနိုင်ခဲ့ကြတယ်လို့ ဝေဖန်ပြစ်တင်နေကြပါတယ်။ ဒါပေမယ့် ဟိုတုန်းက စတာလင်လက်ထက် လူတွေ သန်းချီသေကြေပျက်စီးခဲ့တာကို ဖုံးကွယ်နိုင်ခဲ့ကောင်းနိုင်ခဲ့သော်လည်း ဖေ့စ်ဘွတ်နဲ့ တွစ်တာခေတ်မှာတော့ဖြင့် ရုရှားတွေ ကျူးကျော်စစ်ကြောင့် လူတွေ သေကျေပျက်စီးတာကို ဖုံးကွယ်ထားလို့ မရတော့တာ အမှန်ပါ။

(ဆက်လက်ဖော်ပြပါမည်)