Breaking News

အေးငြိမ်း - သည်းခံခွင့်လွှတ်ခြင်း အလှတရား



အေးငြိမ်း - သည်းခံခွင့်လွှတ်ခြင်း အလှတရား 

(မိုးမခ) မေ ၃၁၊ ၂၀၁၉

(၁)

ဗုဒ္ဓ၏အဆုံးအမများတွင် အလွန်ထင်ရှားသည့် အဆုံးအမတစ်ခုသည် ရှိ၏။

၎င်းမှာ -

ခန္တီပရမံ၊ တပေါတိ တိက္ခာ၊
နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓာ။

- ဟု ဖြစ်လေသည်။ သည်းခံခြင်းတရားသည် အလွန်မြင့်မြတ်၏။ သည်းခံခြင်းတရားကိုသာ စွဲစွဲမြဲမြဲကျင့်သုံးပါက နိဗ္ဗာန်သို့ပင် ရောက်နိုင်၏ - ဟု ဆိုလိုသည်။

ခရစ်တော်ကလည်း -

သည်ဘက်ပါးကိုရိုက်လျှင် -
ဟိုဘက်ပါးကို ထိုးပေးလိုက်ပါ - မိန့်မှာခဲ့သည်။

ဤသည်တို့မှာ လူသားတို့အား သည်းခံခြင်းတရား လက်ကိုင်ထားကြရန် ဆိုဆုံးမခဲ့ကြခြင်း မဟုတ်ပါလော။

ကျွနု်ပ်တို့ ငယ်စဉ်က ကာတွန်းတစ်ပုဒ် ဖတ်ခဲ့ရ၏။

ခန္တီစ - မနိုင်၍ သည်းခံရခြင်းသည် လည်းကောင်း - ဟု ပါရှိ၏။ ကာတွန်းဆိုတော့ သရော်၍ ရေးထားတာဖြစ်၏။ မနိုင်လို့သည်းခံရခြင်းသည် သည်းခံခြင်း အစစ်မဟုတ်။ မတတ်သာ၍ အောင့်အည်း သည်းခံလိုက်ရသည်။ စိတ်ထဲကပါလို့ မဟုတ်။

အမှန်ဆိုလျှင် တစ်ဦးနှင့်တစ်ဦး အားပြိုင်ကြရာ၌ အားကြီးသူက အားနည်းသူကို သည်းခံခြင်းကသာ အမြတ်ဆုံး ဖြစ်သတည်း။

(၂)

သည်းခံခွင့်လွှတ်ခြင်းတရားနှင့် ပတ်သက်၍ ကျွနု်ပ်တို့၌ အလွန်အင်မတန် နမူနာယူစရာ၊ လေးစားအားကျစရာကောင်းသူ တစ်ဦးသည် ရှိ၏။

၎င်းသည် သူ့ကို အမျိုးမျိုး ဒုက္ခပေးခဲ့၊ ညှဉ်းပန်းနှိပ်စက်ခဲ့သူများအား မည်သည့် အာဃာတမှမထား၊ ရန်ငြိုးမဖွဲ့။ လက်စားချေဘို့ဆိုတာ ဝေလာဝေး။ အလွန်သည်းခံခွင့်လွှတ်နိုင်စွမ်း ရှိလှပေ၏။
သူ့လောက် အဆဲခံ၊ အဆိုခံ၊ အတိုက်ခိုက်ခံရတာ သည်ကမ္ဘာပေါ်တွင် ရှိကောင်းမှ ရှိပေလိမ့်မည်။
သူ့ကို သူ့တိုင်းသူပြည်သားများကလည်း တိုက်ခိုက်သည်၊ ဆဲရေးသည်၊ အမနာပပြောသည်။ အတင်းတုတ်သည်။
(နိုင်ငံဂျီးသား၊ လူဂျီးလူဂေါင်းများဟု သူတို့ကိုယ်သူတို့ ဂုဏ်ယူဝံ့ကြွားနေသူများ အပါအဝင်) ကမ္ဘာ့နိုင်ငံများကလည်း တိုက်ခိုက်သည်၊ ဆဲရေးသည်၊ ရှုတ်ချသည်၊ ကန့်ကွက်သည်၊ အမနာပပြောသည်၊ အတင်းတုတ်သည်။
(တော်ကြာဆုတွေပေးလိုက်၊ တော်ကြာပြန်ရုပ်သိမ်းလိုက်။ ဟီဟိ။ လူဂျီးလူဂေါင်းတွေ ဒဲ့။ ဖွမ်)

သို့သော် ထို ညှဉ်းပန်းနှိပ်စက်မှု၊ မတရားအလုပ်ခံရမှု၊ အတင်းတုပ်မှု၊ ဆဲရေးမှု၊ အမနာပပြောမှု၊ ရှုတ်ချမှု၊ ကန့်ကွက်မှုများကို သူသည် ဘာပြန်ပြောပါသနည်း။ အမှန်ဆို သူသည် သူ့ကို အတင်းတုပ်၊ ဆဲရေးနေသူများအား ဖုတ်လေသည့်ငါးပိ၊ ရှိသည်ဟု တောင် သဘောမထားပါ။ ထိုအခါ သူ့ကို ဆဲရေးတိုင်းထွာနေသူများသာ ငပေါကြီးများ ဖြစ်သွားလေတော့သတည်း။

အခါတစ်ပါးတွင် မြတ်စွာဘုရား ဆွမ်းခံသွားရာ၌ ပုဏ္ဏားတစ်ယောက်က ဆွမ်းလောင်းမည့်အစား ဆဲနည်း ၁၀၁ မျိုးဖြင့် အမျိုးစုံအောင် ဆဲရေးတိုင်းထွာလေ၏။ သူဆဲလို့မောတော့မှ မြတ်စွာဘုရားက မေး၏။

ပုဏ္ဏားကြီး၊ အသင်ပုဏ္ဏားကြီးက ကျွနု်ပ်ကို ဆွမ်းလောင်းပါပြီတဲ့။ အဲဒီဆွမ်းတွေကိုသာ အကျွနု်ပ်လက်မခံလျှင် အဘယ်ကဲ့သို့ ရှိမည်နည်း။

မြတ်စွာဘုရား၊ ဆွမ်းများမှာ ကျွနု်ပ်ထံတွင်ပင် ကျန်နေပါလိမ့်မည်။

ယခုလည်း ထိုအတိုင်းပင် သင့်ဆဲရေးတိုင်းထွာမှုအပေါင်းကို ကျွနု်ပ်လက်မခံ၊ ထို့ကြောင့် သင့်ဆဲရေးတိုင်းထွာမှုများသည် သင့်ထံ၌သာ ကျန်နေပေလိမ့်မည်။ - ဟု မိန့်သတတ်။

ယခုလည်း သူသည် သူ့ကိုဆဲရေးတိုင်းထွာမှုများအား လုံးဝလက်မခံချေ။ သူသည် မြတ်စွာဘုရား၏ လမ်းစဉ်ကို အပြောနှင့်မဟုတ်၊ အလုပ်နှင့်သက်သေပြသူ ဖြစ်ချေ၏။

အံ့ဘွယ်သရဲပါတကား။ အထူးချီးကျူးစရာပါပေတကား။ သာမန်လူတို့ ပြုနိုင်ခဲသော အရာပါတကား။
ဤမျှဆိုလျှင် သူဘယ်သူဆိုသည်ကို ကျွနု်ပ်ဖွင့်ဟပြောနေစရာမလို။ မိတ်ဆွေတို့ အလိုလိုသိပြီးဖြစ်တော့၏။
သည်လောကတွင် သူ့လိုပြုကျင့်နိုင်သူ သာမန်လူထဲက တစ်ယောက်လောက်ရှိလျှင် ကျွနု်ပ်အား ထောက်ပြစမ်းပါ။

အခြားသူများ အဘယ်သို့ရှိသည်ဖြစ်စေ။ သည်းခံခွင့်လွှတ်ခြင်းတရားတစ်ခုတည်းနှင့်ပင် ကျွနု်ပ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်လည်းချစ်၏။ လေးလည်းလေးစား၏။ ကြည်လည်းကြည်ညို၏။ မြတ်လည်း မြတ်နိုးမိပါသတည်း။

(၃)

ကျွနု်ပ်တို့၏ နေ့စဉ် လူနေမှုဘဝတွင် ကိစ္စပေါင်းစုံအတွက် လူပေါင်းစုံနှင့်ဆက်ဆံကြရ၏။ ထိုအခါ ကောင်းသည့်လူနှင့် တွေ့နိုင်သလို၊ ဆိုးသည့်လူနှင့်လည်း တွေ့နိုင်၏။ စကားကို ပျော့ပြောင်းငြင်သာစွာ ပြောတတ်သူနှင့် ကြုံရနိုင်သလို၊ (ကျွနု်ပ်ကဲ့သို့) စကားကို ဂွပြောတတ်သည့် လူ့ဂွစာနှင့်လည်း တွေ့ရနိုင်၏။

ထိုအခါမျိုးများတွင် မိမိစိတ်နှင့် အခန့်သင့်သည်များရှိသလို၊ မိမိစိတ်နှင့် အခန့်မသင့်သည့်အခါများသည်လည်း သေချာပေါက် ရှိပေလိမ့်မည်။ မိမိစိတ်နှင့်မတွေ့သည့်အခါ ငြိုငြင်တတ်၏။ ရန်ငြိုးဖွဲ့တတ်၏။ တစ်ယောက်နှင့်တစ်ယောက် စိတ်ဝမ်းကွဲတတ်၏။

တစ်ယောက်နှင့်တစ်ယောက် သည်းမခံ၊ ခွင့်မလွှတ်ပါက မိတ်ပျက်မည်။ အပေါင်းအသင်းပျက်မည်။ လုပ်ငန်းကိုင်ငန်းပျက်မည်။ စီးပွားပျက်မည်။

ထိုအခါ စိတ်ဆင်းရဲရမည်။ စိတ်ညစ်ညူးရမည်။ စိတ်ရှုပ်ရမည်။ စိတ်ပူပန်သောက ရောက်ရမည်။ ငိုကြွေးရမည်။ ဝမ်းနည်းရမည်။

သည်းခံခွင့်လွှတ်ခြင်းတရားကိုသာ လက်ကိုင်ထားကြပါမူ သည်ကမ္ဘာလောကကြီးသည် နေချင့်စဖွယ်ကောင်းသော လောကကြီး ဖြစ်လာမည်။ သာယာလှပသော လောကကြီးဖြစ်လာမည်။ ရယ်မောသံများ သောသောညံနေသည့် ပျော်ရွှင်ဘွယ်ကောင်းသော လောကကြီးဖြစ်လာမည်မှာ မြေကြီးလက်ခတ်မလွဲတည်း။

သည်းခံခွင့်လွှတ်နိုင်ဘို့ရာ တစ်ဦးကိုတစ်ဦး နားလည်ဘု့ိ အရေးကြီး၏။ တစ်ဦးကိုတစ်ဦး မေတ္တာထားနိုင်ရေးမှာမူ အခြေခံအကျဆုံး တရားကြီး ဖြစ်တော့၏။

အမှန်ဆို သည်းခံခွင့်လွှတ်ဘို့ဆိုသည်မှာ ခဲယဉ်းလှသော အလုပ်မဟုတ်ဟု ကျွနု်ပ်ထင်ပါသည်။
မွေးမြူယူဘို့၊ လေ့ကျင့်ပေးဘို့၊ ပြုစုပျိုးထောင်ယူဘို့တော့ လိုပေလိမ့်မည်။

သည်းခံခြင်းဟူသည်၌ အခြားသူများကို သည်းခံခြင်းနှင့် မိမိကိုယ်ကိုယ် သည်းခံခြင်းဟု နှစ်မျိုးရှိ၏။

အခြားသူများကိုသည်းခံခြင်း၌ ကဲ့ရဲ့သြင်္ဂိုဟ် အတင်းဆိုကြသည်ကို သည်းခံခြင်း၊ စော်ကားလာသည်ကို သည်းခံခြင်း၊ လာဘော၊ အလာဘော စသည့် လောကဓံတရား (၈) ပါးကို သည်းခံခြင်းတို့ ပါဝင်၏။

မိမိကိုယ်ကိုယ်သည်းခံခြင်း၌ ဆာလောင်မှုကို သည်းခံခြင်း၊ ငတ်မွတ်ခြင်းဒဏ်ကို သည်းခံခြင်း၊ ပူမှု၊ အေးမှုဒဏ်ကို သည်းခံခြင်း၊ ကိုယ်စိတ်နာကျင်မှုကို သည်းခံခြင်း စသည်တို့ပါ၏။

သည်းခံခြင်းတရား နှစ်မျိုးလုံးကို လေ့ကျင့်ယူရန် လို၏။ ရှေးကသူတော်ကောင်းများ တောထွက်တရားဓမ္မကျင့်ရာ၌ အလွန် သည်းခံရကြောင်း တွေးကြည့်ရုံနှင့် သိပါသည်။

တောထဲမှာ သစ်ပင်၊ ဝါးပင်တွေအောက်မှာနေရတာ မည်မျှ ပင်ပန်းဆင်းရဲလိုက်ပါမည်နည်း။ နေပူဒဏ်၊ မိုးရွာဒဏ်၊ ဖြုတ်ကိုက်၊ ခြင်ကိုက်သည့်ဒဏ် စသည်တို့ကိုခံရမည်။ ဆွမ်းကပ်မည့်သူ မည်သူမှမရှိ။ မိမိဘာသာ သစ်သီးသစ်ဥ၊ သစ်ဖုတို့ကို ရှာဖွေ စားသောက်ရမည်။ ဤသည်တို့ကို သည်းခံကာ ကျော်လွှားအောင်မြင်ပြီဆိုလျှင်မူ အဆုံးစွန်သော ဤလောကမှ လွတ်မြောက်ခြင်း တရားကို ရတော့သည်။ ဤကဲ့သို့သော အလွန်ထူးမြတ်လှသည့် ရတနာကိုရဘို့အတွက် သည်မျှသော ဆင်းရဲဒုက္ခတို့ကို သူတော်ကောင်းတို့သည် သည်းခံခဲ့၏။

ကျွနု်ပ်တို့မှာမူ စားစရာသောက်စရာများ အလျှံပယ်ရနေတာတောင် ဒါမစားချင်၊ ဟိုဟာမစားချင် ရှိသေး၏။ အဝတ်များ တောင်လိုပုံနေတာတောင် လှလှပပလေးတွေ့လျှင် ဝယ်လိုက်ချင်သေး၏။

ကိုယ့်ကိုမဟုတ်တာများပြောလာလျှင် ထ ထိုးလိုက်ချင်၏။ မင်းဘာကောင်လဲ၊ ငါဘာကောင်လဲ လုပ်ချင်၏။
ကိုယ်မှားနေသည့်တိုင် ကိုယ့်အမှားကိုလည်း လက်မခံတတ်။
နင်ပဲငဆ ပြောတတ်၏။ ဆဲတတ်၏။ ဆိုတတ်၏။
ကိုယ့်ဂုဏ်ကိုယ်လည်း မထောက်။ ကိုယ့်သိက္ခာကိုယ်လည်း မငဲ့ကွက်။
စိတ်ထဲရှိတာ အကုန်တုတ်ထည့်လိုက်ရမှ နေသာထိုင်သာရှိ၏။
နောက်ပြီးတော့မှ နောင်တတွေ တစ်ပုံကြီး ရလိမ့်မည်။

(၄)

ကျွနု်ပ်တို့ငယ်စဉ်က ကျောင်းစာထဲမှာ ဆရာတော်ကြီးတစ်ပါးအကြောင်း သင်ဖူးပါသည်။ မတ္တရာဆရာတော်ကြီး ထင်ပါသည်။

တစ်နေ့တွင် ကျောင်းသားကလေးများက ဆရာတော်ကြီးကို နှိပ်ပေးကြရာ ဒူးကိုကိုင်မိသည့်အခါ တွန့်တွန့်သွားသဖြင့် သင်္ကန်းကို လှန်ကြည့်ကြ၏။ ထိုအခါ ဒူး၌ အနာကြီးဖြစ်လျက် လောက်များ တဖွားဖွားတွယ်နေသည်ကို ကြက်သီးထဖွယ် တွေ့ကြရ၏။

ကျောင်းသားကလေးများက လောက်များကို သုတ်သင်၍ အနာကို ဆေးကြောပေးမည် ပြုသောအခါ၌ ဆရာတော်ကြီးက -
မလုပ်ကြပါနဲ့ကွယ်တို့။
သူတို့ အသိုက်အမြုံကို မဖျက်ဆီးကြပါနဲ့။
သူတို့မိသားစုတတွေ ပျော်ပါးစားသောက်နေတာ နေကြပါစေ - ဆိုကာ အနာကို ဆေးကုမခံခဲ့။

အနာအား လောက်များတွယ်နေသည်ကို သည်းခံနိုင်ခြင်းကား တော်ရုံတန်ရုံ သတ္တိမဟုတ်။ ဆရာတော်ကြီးမှာ ထိုအနာဖြင့်ပင် ပျံလွန်တော်မူရှာလေသည်။ လူ တိရစ္ဆာန်များကို မဆိုထားဘိ။ လောက်များအပေါ်၌ပင် မေတ္တာထားနိုင်ပေသည်။ ပီဘိ သူတော်ကောင်းကြီးပါပေတည်း။

ကျွနု်ပ်တို့သည်လည်း မိမိပတ်ဝန်းကျင်တွင် မြင်တွေ့ပြောဆိုနေကြသည်များအပေါ် သည်းခံခွင့်လွှတ်စိတ်ထားကြဘို့ရာ လိုပေလိမ့်မည်။
ကိုယ့်စိတ်နှင့် မတွေ့တာတစ်ခုတည်းနှင့် မတန်တဆ မပြောကြပါနှင့်။
ထို့ထက် တဖက်သားမခံနိုင်အောင် နင်ပဲငဆ မပြောကြပါနှင့်။
သည်းခံတတ်သည့် အလေ့အထကို မွေးမြူကြပါစို့။

ဒေါသထွက်နေချိန်တွင် စကားကိုမပြောပါနှင့်ဦး။ အောင့်အည်း မြိုသိပ်ထားလိုက်ပါဦး။
မိမိပြောလိုသည့်စကားကိုပြောရန် အနည်းဆုံး (၃) ရက်အချိန်ယူပါ။ ထိုစကားကို (၃) ရက်ကြာမှ ပြောပါ။
အသင်တို့ထင်တာထက် လောကကြီး ပိုမို သာယာလှပလာသည်ကို တွေ့ပါလိမ့်မည်။

ထို့ကြောင့် ကျွနု်ပ်ချစ်သော မိတ်ဆွေများအား -

အခြားသူများကို သည်းခံရန် -
မိမိကိုယ်ကို သည်းခံရန် -
ရာသီဥတုဒဏ်ကို သည်းခံရန် -
အစားအသောက်ကို သည်းခံရန် -
အစစအရာရာ သည်းခံတတ်ရန် -
လေ့ကျင့် မွေးမြူကြပါမည့်အကြောင်း -
အလေးအနက် တိုက်တွန်းလိုက်ရပါသတည်း။

လူအချင်းချင်း သည်းမခံခြင်း ကင်းရှင်းကြပါစေ။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၃၀ မေလ၊ ၂၀၁၉