မောင်တူး - မြန်မာ့နိုင်ငံရေးလောကထဲက အာဂ ကရင်အမျိုးသမီးတဦး
မောင်တူး - မြန်မာ့နိုင်ငံရေးလောကထဲက အာဂ ကရင်အမျိုးသမီးတဦး
မိုးမခ ၊ မေ ၂၇ ၊ ၂၀၂၆
နန်းခင်ထွေးမြင့်၊ ဒီရေမြင့်သစ်
ရဲရင့်ပြတ်သား၊ သတ္တိများဖြင့်
ခွန်အားသစ်လျက်၊ တိုက်ပွဲဆက်ဆဲ
အောင်ပွဲထိတိုင် ဆက်လျှောက်နေသူပါ။ ။
မြန်မာ့နိုင်ငံရေးလောကထဲက အာဂအမျိုးသမီးတဦးကတော့ နန်းခင်ထွေးမြင့်ပါပဲ။ "အာဂ" ဆိုတာ (သာမန်လူ မဟုတ်သော၊ ထူးခြားသော) ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ နန်းခင်ထွေးမြင့်ကိုမှာ ဘာလို့ "အာဂ" မိန်းမလို့ ခေါ်ရသလဲ။ သူက ဘယ်လို ထူးခြားတဲ့ အာဂသတ္တိရှိထားတာလဲ။ ပန်းသတင်း လေညှင်းဆောင်၊ လူသတင်းလူချင်းဆောင် ဆိုသလို အင်တာနက် ခေတ်ကြီးမှာ ကြားပြီး သိပြီးကြလည်း ဖြစ်ပါတယ်။ အခုကတော့ အာဂ ကရင်အမျိုးသမီး နန်းခင်ထွေးမြင့်ရဲ့ မွေးနေ့အလွန် ကာလမှာမှ သူ့ကို ဂုဏ်ပြုချင်လွန်းလို့ ရေးလိုက်တာပါ။
နန်းခင်ထွေးမြင့်ဟာ NLD အစိုးရ ကရင်ပြည်နယ်ဝန်ကြီးချုပ်ပါ။ သူ့ကို ၁၉၅၄ ခုနှစ် မေလ ၁၀ ရက်က မွေးဖွားခဲ့ပါတယ်။ ၂၀၂၆ ခုနှစ် မေလ ၁၀ ရက်က သူ့ အသက် ၇၂ နှစ် ပြည့်ခဲ့ပါပြီ။ ဂုဏ်ရောင်ပြောင်တဲ့ မြန်မာပြည် ဒီမိုကရေစီခေါင်းဆောင်တဦးအဖြစ် မွေးနေ့မှာ အကျဉ်းကျနေတဲ့ သူ့ရဲ့ ၇၂ နှစ်ပြည့် မွေးနေ့မင်္ဂလာကို လေးစား ဂုဏ်ပြုခဲ့ကြပြီးလည်း ဖြစ်ပါတယ်။
သူဟာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ထိပ်တန်း ခေါင်းဆောင်ကြီးလည်း ဖြစ်ပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် ထိန်းသိမ်းခံရစဉ် သူ့ကို ဖမ်းဆီးတဲ့ တပ်မှူးကို
“မဲမသမာမှုရှိတယ်လို့ စစ်တပ်ကထင်ရင်
ကျမက ရှင်နဲ့ ပြိုင်ပြီး လျှို့ဝှက်မဲ မဟုတ်ဘဲ
ဗြောင်မဲစနစ်နဲ့ မဲပေးရွေးချယ်ခံဖို့အဆင်သင့်ပဲ”လို့ ပြောဆိုပြီး ရဲရဲတောက် စိန်ခေါ်ခဲ့တယ်လို့ ဧရာဝတီသတင်းဌာနက ဖော်ပြရေးသားခဲ့ပါတယ်။ မှန်တာကို ရဲရဲဝံ့ဝံ့ ပြောရဲတဲ့ ယောက်ျားတွေကို အာဂယောက်ျားတွေလို့ ပြောခဲ့တာပါ။ ဒါဆိုရင် စစ်အာဏာစနစ်ဆိုးကြီးထဲမှာ ကျောင်းသူဘဝ၊ နိုင်ငံရေးသမားဘဝ၊ အကျဉ်းသူဘဝ စသဖြင့် ဘဝတလျှောက် ပြည်သူအတွက် မှန်ရာကို ဆိုဝံ့သူ ဆိုရဲသူ ပြောရဲသူ နန်းခင်ထွေးကလည်း အာဂမိန်းမသားပဲ ဖြစ်ပါတယ်။ ၇၂ နှစ်သက်တမ်းရှည်ကြီးမှာ စစ်အာဏာရှင်ရဲ့ အကြိမ်ကြိမ် ဖမ်းဆီးတာခံရပေမဲ့ စစ်တပ်ကို ဒူးမထောက် လက်မမြောက် အာခံခဲ့သူ အာဂအမျိုးသမီးပါ။
“နန်းစံသူ”
နန်းစံတဲ့တိုင်းရင်းသူ
ခင်မင်ရင်းနှီးဖို့ အလွန်ကောင်း
ထွေးပွေ့ခဲ့တဲ့ ပြည်သူ့အပေါ်
မြင့်မြတ်တဲ့ စိတ်ဓာတ်ပိုင်ရှင်မို့
နန်းခင်ထွေးမြင့်ဆိုတဲ့
ကရင်တိုင်းရင်းသူ
ခွပ်ဒေါင်းမျိုးစစ်စစ်
အန်တီနန်းအား
ဤကဗျာဖြင့်
ဂုဏ်ပြုဦးညွှတ်လိုက်ပါ၏။
သင့်ရဲဘော်-ကိုလေး (မန္တလေး)
(၁၇.၅.၂၀၂၆)
နန်းခင်ထွေးမြင့် ဘဝဖြစ်စဉ်
နန်းခင်ထွေးမြင့်ကို ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစောလှထွန်း၊ ဒေါ်အမာတို့က မွေးဖွားတယ်။ သူဟာ စီးပွားရေးဘွဲ့ရဖြစ်ပြီး ရန်ကုန်တက္ကသိုလ် ကျောင်းသားဆန္ဒပြမှုနဲ့ မဆလ အစိုးရက ၁၉၇၅ ခုနှစ်မှာ ဖမ်းဆီးထောင်ချခဲ့တယ်။ အဲ့သည်တုန်းက ဒုတိယနှစ်ကျောင်းသူ ဖြစ်ပြီး ၁၉၇၈ ခုနှစ်ကျမှ ထောင်ကလွတ်တယ်။
သူ့ကို မဆလ စစ်တပ်က စောင့်ကြည့်နေခဲ့ပြီး ၁၉၈၈ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က ၅၁ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတက်ဖို့ ရန်ကုန်အလာ အဖမ်းခံရပြန်တယ်။ သူ့ကို ဘားအံ အခြေစိုက် စစ်ထောက်လှမ်းရေးအရာရှိတွေက သထုံမြို့ရဲစခန်းမှာ ဖမ်းထားခဲ့တယ်။ ထောက်လှမ်းရေးက သူအိမ်က ထွက်ကတည်းက လိုက်လာခဲ့သလို သထုံရဲစခန်းအရောက် သူ့အိတ်ကို ရှာဖွေခဲ့ပြီး ပြန်ပေးခဲ့ပေမဲ့ ပစ္စည်းတချို့ ပျောက်တယ်။ ပစ္စည်းပျောက်မှုကြောင့် အရာရှိတွေနဲ့ အငြင်းပွားခဲ့ပြီး သူ့ကို ဝတ္တရားနှောက်ယှက်မှုနဲ့ မြေပေါ် လှဲချဖမ်းဆီးခဲ့တယ်။ သူဟာ စစ်ထောက်လှမ်းရေးသော ဘာသော ဂရုမစိုက်၊ မကြောက်၊ အမှန်တရားကို တောင်းဆိုခဲ့သူပါ။ သူ့ကို နောက်တနေ့မှာ သထုံတရားရုံးက ရာဇသတ်ကြီးပုဒ်မ ၃၅၃ နဲ့ ထောင်ဒဏ် ၂ နှစ် ချတယ်။
၁၉၉၀ ပြည့် ရွေးကောက်ပွဲ အနိုင်ရပုံ
သမိုင်းဝင် ၁၉၉၀ ရွေးကောက်ပွဲမှာ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ဘားအံမြို့နယ် မဲဆန္ဒနယ် အမှတ် ၃ က ဝင်ပြိုင်ခဲ့ပြီး မဲအရေအတွက် ၁၈,၄၂၃ ( ၇၄ ရာခိုင်နှုန်း) နဲ့ နိုင်ခဲ့ပေမဲ့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်မလာခဲ့ပါ။ စစ်တပ်က ကတိပျက်ခဲ့တယ်။ ၈၈၈၈ အရေးအခင်းပြီးနောက် ပြည်တွင်းအခွန်များဦးစီးဌာနကနေ အလုပ်ထွက်ခဲ့ပြီး ၁၉၉၂ ခုနှစ် ဇွန်လမှာ စတင်တဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတစစ်အစိုးရ) ရဲ့ အမျိုးသား ညီလာခံကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု တက်ရောက်ခဲ့တယ်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဖြစ်ပြီ
နန်းခင်ထွေးမြင့်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ကရင်ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ ကနေ ကိုယ်စားလှယ်အဖြစ် ဘားအံမြို့နယ် ကိုယ်စားပြု အနိုင်ရရှိခဲ့တယ်။ အဲ့သည်နောက် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဖြစ်လာတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာလည်း သူဟာ ကရင်ပြည်နယ် ဘားအံ့မြို့နယ်ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ထပ်အနိုင်ရခဲ့တယ်။
မဲအပြတ်အသတ်နိုင်သောကြောင့် ထောင်ထပ်ကျရ
ပြည်သူက အပြတ်အသတ် မဲပေး ရွေးချယ်လို့ ထောင်ထပ်ကျရတဲ့ ခေါင်းဆောင်တွေထဲမှာ အာဂအမျိုးသမီး နန်းခင်ထွေးမြင့်လည်း မတရား အဖမ်းခံခဲ့ရတယ်။ ၂၀၂ ခုနှစ် စစ်တပ် အာဏာသိမ်းတဲ့နေ့က နန်းခင်ထွေးမြင့်ဟာ တခြားဝန်ကြီးချုပ်တွေ နိုင်ငံရေးသမားတွေလိုပဲ ထိန်းသိမ်းခံခဲ့ရတာပါ။ နောက်တနေ့မှာ နေအိမ်အကျယ်ချုပ် ပြန်ထားပြီး စစ်တပ်ခိုင်းတာလုပ်ဖို့ တိုက်တွန်းခံခဲ့ရပါတယ်။ ဒါပေမဲ့ သူဟာ စစ်တပ်ဘက်မလိုက်ဘဲ အိမ်ထဲကနေ သံပုံးတွေတီး၊ ပြည်သူ့ထံ ကြေညာချက်တွေထုတ်၊ အွန်လိုင်းမိန့်ခွန်းတွေ ဟောပြောစည်းရုံးခဲ့တာတွေအပြင် စစ်တပ်ကို တခြားနည်းလမ်းမျိုးစုံနဲ့လည်း တွန်းလှန်ခဲ့တာတွေကြောင့် ဖေဖော်ဝါရီ ၈ ရက်မှာ အဖမ်းခံရပြီး ဘားအံထောင်မှာ ထောင်ဒဏ် နှစ် ၈၀ ကျသွားပါတယ်။
ရှင်နဲ့ကျမ ဗြောင်မဲစနစ်နဲ့ ပြိုင်ရဲလား
ဦးမညွတ်ခြင်း
ဖီဆန်ခြင်းနှင့်
ပွင့်လင်းပြတ်သား
အာဂ မိန်းမသား။ ။
နန်းခင်ထွေးမြင့်ဟာ ဖေဖော်ဝါရီ ၁ ရက် ထိန်းသိမ်းစတုန်းက သူ့ကို ဖမ်းတဲ့တပ်မှူးကို “မဲမသမာမှုရှိတယ်လို့ စစ်တပ်ကထင်ရင် ကျမက ရှင်နဲ့ ပြိုင်ပြီး လျှို့ဝှက်မဲမဟုတ်ဘဲ ဗြောင်မဲစနစ်နဲ့ မဲပေးရွေးချယ်ခံဖို့အဆင်သင့်ပဲ” လို့ ရဲရဲတောက် စိန်ခေါ်ခဲ့တာပါ။ အာဂ ကရင်အမျိုးသမီးပါပဲ။ တလောကတော့ သူဟာ ဘားအံဆေးရုံမှာ တက်ရောက်ကုသနေခဲ့ပါတယ်။ နောက်ပိုင်းမှာ ကောလာဟာလ သတင်းတွေ ထွက်လာပေမဲ့။ အခုတော့ အာဂမိန်းမသားဟာ ထောင်တွင်း ကျန်းမာစွာ ရှိနေပါတယ်။ လေဘာတီမမြရင်ရဲ့ သီချင်းထဲလို "တုံးကျော်မ" ဖြစ်ခဲ့ပါပြီ။
အနှစ် ၈၀ ဆိုပါလားဟေ့ ထပ်တိုးဦးမလား
နန်းခင်ထွေးမြင့်ကို နိုင်ငံတော်အကြည်ညိုပျက်အောင် လုပ်တယ်လို့စွပ်စွဲပြီး စစ်အာဏာရှင်က ၂၀၂၁ ဩဂုတ်လထဲမှာ ပုဒ်မ ၅၀၅-ခ နဲ့ ထောင် ၂ နှစ်၊ အဂတိ လိုက်စားမှုဆိုပြီး ၂၀၂၁ နိုဝင်ဘာ ၉ ရက်က ထောင် ၇၅ နှစ်၊ ၂၀၂၁ ဒီဇင်ဘာ ၂၂ ရက်က ရွေးကောက်ပွဲ မသမာမှုဆိုပြီး ၃ နှစ် စသည်ဖြင့် စုစုပေါင်း ထောင်အနှစ် ၈၀ ချမှတ်ခဲ့ပါတယ်။ အဲ့သည်တုန်းက နန်းခင်ထွေးမြင့်က " အနှစ် ၈၀ ဆို တော်ပြီလား။ နှစ်ထပ်တိုးဦးမလား" ဆိုပြီး တရားသူကြီးတွေကို ပြောလိုက်သေးတယ်လို့ ထောင်အသိုက်အဝန်း ကနေ ပြန်သိခဲ့ရပါတယ်။ အာဂ အမျိုးသမီးပါပဲ။ ဒါ့အပြင် "ကျမ မကျူးလွန်ခဲ့တဲ့ အမှုတွေအတွက် အယူခံဝင်မှာ မဟုတ်ဘူး" လို့လည်း နန်းခင်ထွေးမြင့်က ပြောခဲ့တာပါ။ "ထောင်မကြောက် တန်းမကြောက်" ဆိုတဲ့စကားဟာ အာဂ ပူရိသယောက်ျားကြီးတွေသာ အမွှန်းတင် ဂုဏ်ပြု ပြောလေ့ရှိတဲ့စကားပါ။ နန်းခင်ထွေးမြင့်ကကျမှ ထောင်မကြောက် တန်းအကြောက် အမှန်ကို ပြောရဲတဲ့ အာဂ အာဂ အမျိုးသမီးလို့ ပြောနေရပါပြီ။ ဆရာမောင်သော်က ထောင်ကျခဲ့တုန်းက "အနှစ် ၂၀ ဆိုပါလားဟေ့" လို့ ကဗျာစပ်ဆိုခဲ့ပါတယ်။ အာဂအမျိုးသမီး နန်းကတော့ "အနှစ် ၈၀ ဆိုပါလားဟေ့။ တော်ပြီလား။ နှစ်ထပ်တိုးဦးမလား" လို့ ပြောတယ်။
မြန်မာ့နိုင်ငံရေးလောကထဲက အာဂအမျိုးသမီး
အာဂယောက်ျား
တို့အကြားတွင်
ထင်ရှားပေါ်လွင်
နန်းခင်ထွေးမြင့်
ဂုဏ်ရှိန်တင့်စွ
အာဂမိန်းမသားဖြစ်ပါသည်။ ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြိုင် ခေတ်တလျှောက်လုံး အမျိုးသား၊ အမျိုးသမီး ခေါင်းဆောင်တွေ ရဲရဲတောက် ပေါ်ထွက်လာခဲ့ကြပေမဲ့ နွေဦးတော်လှန်ရေးမှာ ဖားနဲ့ငါး လယ်ပြင်ဆင်သွားသလို ထင်ရှား ကွဲပြားခဲ့ကြတယ်။ သစ္စာဖောက်သူတွေဟာ ပေါ်ပေါက်နေခဲ့ကြတယ်။ ရန်သူစစ်အာဏာရှင်နဲ့ ပလူးနေသူတွေလည်းတွေ့ရ၊ ကြောက်ပါပြီဆိုပြီး ကြောင်တောင်နေကြသူတွေလည်းရှိရဲ့။ ဒီထဲမှာ ရန်သူစစ်တပ်နဲ့ မပေါင်းပဲ ပြည်သူ့ဘက်ရပ်တည်ပြီး အကျဉ်းစံဘဝ ခံယူတဲ့ ၅ နှစ်ကျော် ၆ နှစ်တွင်း ရောက်တဲ့တိုင် ဒုက္ခခံနေကြသူတွေကတော့ ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ နန်းခင်ထွေးမြင့်တို့လို ပုဂ္ဂိုလ်တွေပါပဲ။
အာဂပုဂ္ဂိုလ်တွေထဲမှာ သူတို့ကတော့ အာဂမိန်းမသားတွေပေါ့။ စစ်တပ်က တောင်းဆိုတဲ့ အချက်ကလေး တချက် နှစ်ချက်လောက်ကိုသာ လိုက်လျောလိုက်ရုံနဲ့ ပုဝါလေးခြုံ၊ ဒေါက်ဖိနပ်လေးစီးပြီး ဇိမ်နဲ့ ချမ်းချမ်းသာသာ နေရမဲ့သူတွေပါ။ ဒါပေမဲ့ "မိုးခါးရေ မသောက်ဘူး" ဆိုတဲ့စိတ်ဓာတ်နဲ့ ကိုယ်တိုင်ရွေးခဲ့တဲ့လမ်းကို တန်းမတ်စွာ လိပ်ပြာလုံလုံ မယိုင်မလဲ လျှောက်ဆဲပေါ့။
နန်းခင်ထွေးမြင့်ကတော့ မေလ ၁၀ ရက်မှာ ၇၂ နှစ်ပြည့်ခဲ့ပြီး ၇၃ နှစ်ထဲကို ရောက်လာနေပြီ။ မြန်မာ့နိုင်ငံရေးလောကထဲက အာဂ ကရင်အမျိုးသမီးတဦးလို့ ပြောဆို ဂုဏ်ပြုနေကြပြီ။ မိန်းမသားတဦး သက်ကြီးရွယ်အို အမေကြီး အမိုးကြီး တဦးကတောင် ဒီလို ရပ်ခံပြီး တိုက်ပွဲဝင်နေတဲ့အတွက် ငါတို့တတွေက ဘာကြောင့် ဆက်မသွားနိုင်ရမှာလဲဆိုတဲ့ စိတ်ဓာတ်ကို မဆုပ်ကိုင်သင့်ဘူးလားလို့သာ မေးလိုက်ပါရစေ။ ။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar