Breaking News

တော်လှန်ရေး သီချင်းဖြစ်တဲ့ သွေးသစ္စာသီချင်း ကို ပုံဖျက်ခံရ၊ ဝါဒဖြန့်စစ်ပွဲ ရဲ့မျက်နှာစာတခု

မြန်မာနွေဦးခရိုနီကယ် - မေ ၂၅ မြင်ကွင်း

(မိုးမခ) မေ ၂၆ ၊ ၂၀၂၆


တော်လှန်ရေး သီချင်းဖြစ်တဲ့ သွေးသစ္စာသီချင်းကို ပုံဖျက်ခံရ၊ ဝါဒဖြန့်စစ်ပွဲရဲ့ မျက်နှာစာတခု 

၁၉၈၈ ခုနှစ် ၈ လေးလုံး အရေးတော်ပုံပြီးခါစ ကာလမှာ အဆိုတော် ထူးအိမ်သင် ရေးဖွဲ့ခဲ့တဲ့ သွေးသစ္စာ အမည်ရှိတဲ့ တော်လှန်ရေး သီချင်းကို အာဏာသိမ်းစစ်တပ်ဘက်က 'စစ်သားသွေးနီ.. ရှေ့သို့ချီ' ဆိုတဲ့ စစ်သီချင်းအဖြစ် စာသားအချို့ ပြောင်းလဲ ရေးဖွဲ့ပြီး စစ်တပ်ပိုင် ရုပ်မြင်သံကြားကနေ ယမန်နေ့က ထုတ်လွှင့်ခဲ့ပါတယ်။ 

ထူးအိမ်သင် ထိုင်းနယ်စပ်မှာ နေထိုင်ခဲ့စဥ် ၁၉၈၈ ခုနှစ်နှောင်းပိုင်းက ရေးဖွဲ့ခဲ့တဲ့ တေးသီချင်းကို အဆိုတော် မွန်းအောင်က ၁၉၉၁ ခုနှစ်မှာ သီဆိုအသံသွင်းပြီး ငြိမ်းချမ်းရေးတိုက်ပွဲ ဆိုတဲ့ တေးစီးရီးမှာထည့်သွင်းဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် သွေးသစ္စာသီချင်းဟာ စစ်အာဏာရှင် တော်လှန်ရေးဘက်တော်သားတွေရဲ့ တေးသီချင်း၊ တဖန် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲတွေအတွင်း မြို့တွေ နယ်တွေမှာ ဆန္ဒပြသူတွေအကြား ကျယ်ကျယ်ပြန့်ပြန့် သီဆိုဟစ်ကြွေးခဲ့ကြတဲ့ တော်လှန်ရေးသီချင်းကို အခုလို အာဏာသိမ်းစစ်တပ်ဘက်က စာသားအချို့ပြောင်းလဲပြီး စစ်တပ်ဝါဒဖြန့် သီချင်းအဖြစ် ဖန်တီးထုတ်လွှင့်လိုက်တာ ဖြစ်ပါတယ်။ 

အခု “စစ်သားသွေးနီ ရှေ့သို့ချီ”ဆိုတဲ့ တေးသီချင်းကို စီစဥ်ထုတ်လုပ်သူကတော့ ၈ လေးလုံးအရေးတော်ပုံတွေမှာ ပါဝင်လှုပ်ရှားခဲ့သူ ဂီတသမားတဦးဖြစ်တဲ့ ကိုဝင်းမော် (ရွှေသံစဥ်) ဖြစ်ပြီး သူက ပြောဆိုရာမှာတော့ “သွေးသစ္စာ”သီချင်း ကိုယ်၌က ၁၉၆၀ ခုနှစ်တွေက မြန်မာ့တပ်မတော်အတွက် ဇာနည်စစ်သွေး ဆိုသူရေးဖွဲ့ခဲ့တဲ့ စစ်သားသွေးနီ ရှေ့သို့ချီထဲက စာသားနဲ့ သံစဥ်တွေကို ယူသုံးထားတာလို့ ဆိုပါတယ်။ 

ဒီ သွေးသစ္စာသီချင်းရဲ့ မူလပထမ အရင်းခံသီချင်းဟာ မြန်မာ့တပ်မတော်ဘက်က ဝါဒဖြန့် သီချင်းတပုဒ်ဖြစ်တယ်လို့ ဆိုပြီး စစ်သားသွေးနီ ရှေ့သို့ချီအဖြစ် ဖန်တီးလိုက်ခြင်းဟာ အာဏာသိမ်းစစ်တပ်ဘက်က တော်လှန်ရေး အင်အားစုတွေနဲ့ ထောက်ခံသူတွေကို ဝါဒဖြန့်ချိရေး ထိုးစစ်တခု ဆင်နွှဲလိုက်သလို ဖြစ်ပါတယ်။ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်တဲ့ သူတွေအနေနဲ့ တန်ဖိုးထားတဲ့ တော်လှန်ရေး သီချင်းတပုဒ်ကို အခုလို စာသားအချို့ပြောင်းလဲပြီး စစ်တပ်ရဲ့ သီချင်းတပုဒ်အဖြစ် ဖန်တီးလိုက်တာဟာ မူလ သွေးသစ္စာသီချင်းရဲ့ တန်ဖိုးထားမှု၊ အလေးထားမှုတွေကို ပျက်စီးထိခိုက်စေတဲ့ ခံစားချက်မျိုး ခံစားကြရတာဖြစ်ပါတယ်။ 

သွေးသစ္စာသီချင်းနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်ဝန်းကျင်ကလည်း ကြံ့ခိုင်ရေးပါတီ USDP က ဝါဒဖြန့်သီချင်းအဖြစ် စာသားပြင်ဆင်ပြီး လုပ်ကြံဖန်တီးခဲ့ကြသေးတယ်လို့ သတင်းဖော်ပြချက်တွေ အရသိရှိရပါတယ်။ စစ်အာဏာသိမ်းပြီး ၅ နှစ်ကျော်အကြာမှာ အခုလို နောက်ထပ် တကျော့ စစ်သီချင်းအဖြစ် ဖန်တီးလုပ်ဆောင်လာတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ပြည်မှာ စစ်ပညာသင်ယူခဲ့ပြီး ဗမာ့လွတ်လပ်ရေး တပ်မတော်အဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့ကြတဲ့နောက် မြန်မာ့တပ်မတော်ရဲ့ စစ်သီချင်းတွေထဲက အချို့စစ်ချီသီချင်းတွေက ဂျပန်တပ်မတော် စစ်သီချင်းတွေရဲ့ သံစဥ်တွေကို မြန်မာစာသားထည့်သွင်း သီဆိုခဲ့ကြတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ အခု သွေးသစ္စာသီချင်းဟာ စစ်ချီသီချင်း သံစဥ်နဲ့ ၁၉၈၈ ခုနှစ် အရေးတော်ပုံအပြီး အဲဒီအချိန်က စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်သူတွေအဖို့ ခွန်အားဖြစ်စေတဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။ 

စစ်တပ်အနေနဲ့ တိုင်းပြည်ရဲ့ တန်ဖိုးရှိတဲ့ ဘယ်အရာမဆို လုယူတာ၊ ခိုးယူတာတွေ လုပ်နေကျ ဖြစ်လို့ အခုလို တော်လှန်ရေး တေးသီချင်းတပုဒ်ကို ခိုးယူတာဟာ မဆန်းဘူးလို့ အများစုက မှတ်ယူကြတာပါ။ 

အခြားတဖက်က သုံးသပ်ကြည့်ရင်တော့ အာဏာသိမ်းစစ်တပ် အနေနဲ့ ဝါဒဖြန့်ချိရေး စစ်ပွဲ၊ စိတ်ဓာတ်စစ်ဆင်ရေး စစ်ပွဲကို အစီအစဥ်ရှိရှိ တစိုက်မတ်မတ် ဝီရိယထုတ် လုပ်ဆောင်နေတယ်ဆိုတဲ့ အချက်က ထင်ရှားစေတာ ဖြစ်ပါတယ်။ 

စစ်တပ်အနေနဲ့ ၄င်းတို့ရဲ့ ဌာနခွဲတခုဖြစ်တဲ့  စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ပြည်သူ့ဆက်ဆံရေးဌာနခွဲ (ကကပြည်) ဟာ သတင်းမီဒီယာ၊ တေးဂီတ၊ ဝါဒဖြန့် ထုတ်လွှင့်ချက်၊ တဖက်ရန်သူဘက်ကို သတင်းမှားတွေ အချက်အလက်မှားတွေနဲ့ စိတ်ဓာတ်ပျက်ပြားအောင်၊ စိတ်ဓာတ်အင်အား ယုတ်လျော့အောင် လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ 

စစ်တပ်ပိုင် မြဝတီ ရုပ်မြင်သံကြား၊ မြဝတီ သတင်းစာတွေအပြင် မန္တလေးမြို့ မှာ ရတနာပုံသတင်းစာ စသဖြင့် ဝါဒဖြန့်ချိရေး ကွန်ရက်တွေ တည်ဆောက်ထားသလို၊ လူမှုကွန်ရက်မီဒီယာ ပလက်ဖောင်းတွေမှာလည်း စစ်တပ်ကို ထောက်ခံဝါဒဖြန့်ပေးမဲ့ သတင်းမီဒီယာ အမည်ခံ ချန်နယ်တွေ၊ ပေ့ချ်တွေ အများအပြားကို ရန်ပုံငွေ ထောက်ပံ့ကာ ၄င်းတို့ပျံ့နှံ့စေချင်တဲ့ ပုံဖော်ပြောဆိုမှုတွေကို အဲဒီလမ်းကြောင်းတွေကတဆင့် စစ်တပ်ထောက်ခံသူရော အခြားပြည်သူလူထုဆီပါ ပျံ့နှံ့ရောက်ရှိစေဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

နေ့စဥ် သတင်းနဲ့ အချက်အလက် ဖြန့်ဝေမှုတွေမှာ နိုင်ငံပိုင် ရုပ်မြင်သံကြား၊ စစ်တပ်ပိုင် ရုပ်မြင်သံကြားနဲ့ သတင်းစာတွေသာမက တယ်လီဂရန်၊ TikTok ၊ VK စတဲ့ လူမှုကွန်ရက်မီဒီယာတွေမှာ အချိတ်အဆက်တွေနဲ့ အချင်းချင်း မျှဝေပြီး လူအများထံရောက်ရှိအောင် လုပ်ဆောင်နေကြတာတွေ့ရပါတယ်။ 

ဒီ စစ်တပ်ကို ထောက်ခံပြောဆိုနေကြတဲ့ စစ်လော်ဘီ ချန်နယ်တွေက တော်လှန်ရေး အင်အားစုကို ထောက်ခံအားပေးသူတွေ အပေါ် သက်ရောက်မှု ကြီးကြီးမားမား မရှိစေပေမယ့် သာမန်လူထု၊ ကြားက ပရိသတ်တွေအပေါ် အတိုင်းအတာတခုထိ သက်ရောက်မှု ရှိစေနိုင်တာလည်း ဖြစ်ပါတယ်။ 

တော်လှန်ရေး အင်အားစုတွေ အနေနဲ့ စစ်တပ်ရဲ့ ဝါဒဖြန့်ချိရေး လုပ်ဆောင်မှုတွေကို တုံ့ပြန်ချေဖျက်နိုင်ဖို့ ၄င်းတို့ရဲ့ လုပ်ဆောင်မှုတွေ ထုတ်ပြန်တဲ့ ဝါဒဖြန့် သတင်းတွေ၊ အချက်အလက်တွေကို အစဥ် စောင့်ကြည့်ကာ တုံ့ပြန်ချေဖျက်နိုင်ဖို့လည်း အရေးတကြီးလိုအပ်နေတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar