Breaking News

ကိုသန်းလွင် ● နျူကလီယာစွမ်းအင်

ကိုသန်းလွင် ● နျူကလီယာစွမ်းအင်
(မိုးမခ) မေ ၂၁၊ ၂၀၁၉

(၁)
ယနေ့ လူငယ်တို့၏ တောင်းဆိုမှုတခုတွင် ရာသီဥတုပြောင်းလဲမှုကို ရပ်တန့်သွားအောင်လုပ်ပေးရန်ဆိုသော အချက်တစ်ချက် ပါဝင်ပါသည်။ သို့မဟုတ် အော်ဂဲနစ်၊ သက်ရှိများမှလာသော (ကျောက်မီးသွေးနှင့် ရေနံ Fossil Fuel) ကို ၂၀၅၀ ခုနှစ် အရောက်တွင် အသုံးပြုခြင်းမရှိတော့အောင် လုပ်ခြင်းဖြစ်ပါသည်။ လျှပ်စစ်ဓာတ်ကို ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့အား လေထုတွင်းသို့ မထုတ်လွှင့်ဘဲ ထုတ်လုပ်န်ိုင်ရပါမည်။ သို့မဟုတ် သန့်ရှင်း သော လျှပ်စစ်ဓါတ် ကိုရအောင် ထုတ်လုပ်ရပါ မည်။ ဆင်းရဲသောနိုင်ငံများနှင့် ဘီလီယံချီသောလူထုအတွက် လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် လိုအပ်ပါသည်။ ထို့ပြင်လေထုထဲသို့ ရောက်ရှိနေသော ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ကို ၂၀၅၀ မတိုင်မီ လေထုထဲမှ ဖယ်ရှားပစ်နိုင်ရပါမည်။

(၂)
ထိုကဲ့သို့ ကာဗွန်မပါသောစွမ်းအင်ကို ဘယ်နေရာကရနိုင်ပါသနည်း။ ပေါ်ပြူလာဖြစ်နေသောအဖြေမှာ Renewable Energy ဟုခေါ်သော "လေ" နှင့် “နေရောင်ခြည်” မှရသော စွမ်းအင်များဖြစ်ကြပါသည်။ သို့သော် ထိုစွမ်းအင်မှာ ၂၄ နာရီလုံးလုံး ရရှိ မည် မဟုတ်ပါ။ မိုးရွာရွာ နေပူပူ အချိန်ရှိသ၍ မြို့ရွာများကို လျှပ်စစ်ပေးနိုင်သောဘက်ထရီများမှာ စိတ်ကူးထဲမှာဘဲ ရှိပါ သေးသည်။ ယနေ့သုံးစွဲနေကြသော အသစ်ဖြစ်နိုင်သည့်စွမ်းအင်ဆိုသည်မှာ Fossil Fuel က အရံ (Back up) အဖြစ်ထားရ ပါသည်။

ဂျာမနီနိုင်ငံမှာ အသစ်ဖြစ်နိုင်သော စွမ်းအင်သုံးစွဲရာတွင် ရှေ့တန်းမှပါဝင်ပြီး ထိုနိုင်ငံ၏ကာဗွန်ထုတ်လုပ်မှုမှာ သိသိသာသာ လျော့ ကျမသွားပါ။ ယခု ဂျာမနီမှ စွမ်းအင်ကို ဂျီဒီပီနှင့် အချိုးချလျှင် ကမ္ဘာကြီးတခုလုံး ကာဗွန် ထုတ်လုပ်မှုကိုလျော့ချရေးမှာ နှစ်ပေါင်းရာချီ၍ ကြာပါလိမ့်မည်။ ဤသည်မှာ နိုင်ငံများရှိ နျူကလီယာ ပါဝါ ဓာတ်အားပေးစက်ရုံများကို အနားပေးခြင်းမပါဝင်ပါ။ အချို့ကတော့ နော်ဝေးနှင့် နယူးဇီလန်နိုင်ငံတို့တွင် ရေအားလျှပ်စစ်ရရှိနေသဖြင့် ကာဗွန်မပါသောလျှပ်စစ်ကို ထုတ်လုပ်နိုင် သည်။ ထိုကဲ့သို့ အောင်မြင်မှုသည် နေရာတိုင်းတွင်မရှိနိုင်ပါ။ ရေအားလျှပ်စစ်ဆိုသည်နှင့် ရေကိုတားဆီးသော ဆည်များကို တည်ဆောက်ရပါ သည်။ ဆည်များသည် သဘာဝဘေးအန္တာရာယ်ကို ဖိတ်ခေါ်နေသလိုရှိပါသည်။

ကာဗွန်ကို မထုတ်လုပ်သောလျှပ်စစ်အတွက် ပြင်သစ်နှင့်ဆွီဒင်တို့သည် ပုံစံပြုရမည့်နှစ်နိုင်ငံဖြစ်သည်။ သူတို့၏ လျှပ်စစ် အတွက် ကာဗွန်ကို မထုတ်လုပ်အောင် ဆယ်စုနှစ်ကျော်မျှ သက်သေပြခဲ့ပြီး ဖြစ်သည်။ သူတို့က Kilowatt-hour တခု အတွက် ကမ္ဘာ့ပျမ်းမျှထုတ်လွှတ်နှုန်းထက်ဆယ်ပုံတစ်ပုံမျှသောကာဗွန်ကို ထုတ်လွှတ်ပေးနေသည်။ ၎င်းတို့မှာ ကမ္ဘာကြီးပေါ် တွင် နေထိုင်ရန်အကောင်းဆုံးနိုင်ငံများဖြစ်ပြီး ဂျာမနီနိုင်ငံထက် လျှပ်စစ်ဓာတ်ကို ချိုသာစွာထုတ်ပေးနေပါသည်။

သူတို့ဤလိုလုပ်နိုင်စေရန်အောင် နျူကလီးယာပါဝါကို သုံးရပါသည်။ သူတို့သည် မြန်မြန်ဆန်ဆန်လုပ်ကြသည်။ ပြင်သစ် တနိုင်ငံလုံး အော်ဂဲနစ်လောင်စာ (Fossil Fuel) သုံးစက်ရုံမှ နျူကလီးယာပါဝါဖြစ်အောင် ၁၅နှစ်အတွင်း ပြောင်းလဲနိုင်ခဲ့သည်။ ဆွီဒင်က ၂၀ နှစ်မျှကြာသည်။ အကယ်စင်စစ် ဤကဲ့သို့ မြန်မြန်ဆန်ဆန်ပြောင်းလဲ ပြစ်နိုင်ခြင်းမှာ နျူကလီးယာစွမ်းအင် ကြောင့် သာလုပ်နိုင်ကြခြင်းဖြစ်ပါသည်။

လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်က အမေရိကားတွင် တည်ဆောက်ခဲ့သော နျူကလီးယားပါဝါစက်ရုံမှာ ပြင်သစ်နိုင်ငံကဲ့သို့ ဈေးနှုန်းချိုသာသော လျှပ်စစ်နှင့် သန့်ရှင်းသောလျှပ်စစ်ဓာတ်ကို ပေးနိုင်သည်ပင်ဖြစ်သည်။ ၁၉၉၈ ခုနှစ်ကတည်ဆောက် ခဲ့သော ပါဝါစက်ရုံက အမေရိကား၏ ၂၀ ရာခိုင်နှုန်းမျှသော လျှပ်စစ်ဓာတ်ကိုပေးသည်။ ဤကဲ့သို့လျှင် အမေရိကားမှာ ဤ စွမ်းအင်ကို အဘယ့်ကြောင့် ကျယ်ကျယ်ပြန့်ပြန့်မထုတ်လုပ်ပါသနည်း။ အဖြေမှာ စီးပွားရေးနှင့် အကြောက်တရားကြောင့်ဖြစ် သည်။

အမေရိကန်ပြည်တွင် ယနေ့နျူကလီယားစက်ရုံတစ်ခုတည်ဆောက်ရန် များစွာဈေးကြီးပါသည်။ သို့ပါသော်လည်း လျှပ်စစ် ထုတ်လုပ်သော စက်ရုံတခုဖြစ်ရန် ဤမျှဈေးကြီးစရာမလိုပါ။ ဈေးနှုန်းချိုသာခြင်းအတွက် အရေးကြီးဆုံးသော့ချက်မှာ အရည်အသွေးကို မှန်မှန်ထုတ်နိုင်ခြင်း (Standardization) နှင့် ပစ္စည်းတခုကို အကြိမ်ကြိမ် ထုတ်လုပ်ခြင်းတို့ ဖြစ်ပါသည်။
ပထမဆုံး (I-phone) အိုင်ဖုန်းကို ထုတ်လုပ်ရန် ဒေါ်လာသန်း ၁၅၀ မျှ သုံးရပါသည်။ သို့သော် စီးပွားဖြစ်ထုတ်လုပ်သောအခါ ဤမျှမကုန်ကျတော့ပါ။

ပြင်သစ်ပြည်တွင်နျူကလီးယား ဓါတ်အားပေးစက်ရုံ အမျိုးအစားမှာ နှစ်မျိုးသာရှိပြီး အမေရိကားနှင့် အချို့သော ဥရောပ နိုင် ငံများတွင် ဤသို့မဟုတ်ပါ။ အမျိုးအစား အမျိုးမျိုးကွဲပြားနေပြီး ပိုမိုရှုပ်ထွေးသော လုံခြုံရေး (Safety) စနစ်များနှင့် တည် ဆောက်ထားပါသည်။ လူထုက ၎င်းတို့၏လုံခြုံမှုအတွက် ကြောက်ရွှံ့ကြသောကြောင့် နည်းများကို စုံအောင်ထည့်သွင်းထား ခြင်းကြောင့် ဈေးပိုကြီးကြရခြင်း ဖြစ်ပါသည်။

စီးပွားရေး ပြဿနာများကိုမူ ပြေလျော့နိုင်ရန် နည်းများရှိပါသည်။ တရုတ်နှင့် တောင်ကိုရီးယားတွင် အမေရိကန် တို့ထက်တန် ဘိုးအားဖြင့် ၆ ဆမျှလျော့နည်းသော နျူကလီယာစက်ရုံကိုတည်ဆောက်နိုင်ပါသည်။ တရုတ်ပြည်က ကျောက်မီးသွေးကို အစားထိုးသော နျူကလီးယာစက်ရုံကို စီးပွားရေးကိုမထိခိုက်စေဘဲ တည်ဆောက်နိုင်ပါသည်။  ကာဗွန်ထုတ်လုပ်မှု ၁၀ ရာခိုင်နှုန်း မျှအထိ လျော့ချနိုင်ပါသည်။ အမေရိကန်မှ ထုတ်လုပ်သူများက ထိုစက်ရုံများကို (Fourth Generation Stations) အလုံးအရင်းဈေးချိုချိုဖြင့် ထုတ်လုပ်နိုင်ပါသည်။ ၎င်းစက်များကို ကမ္ဘာသို့ ၂၀၃၀/၂၀၄၀ ခုနှစ်ခန့်တွင် တင်ပို့ရောင်းချနိုင်ပါ လိမ့်မည်။

အမေရိကန် လွှတ်တော်မှ နျူကလီယာ (Nuclear Energy Innovation and Mrdernization Act) ဥပဒေကို ပြဌာန်းခဲ့ပါသည်။
ဤသို့ နျူကလီးယာစနစ်သို့ ပြောင်းလဲရေးအတွက် လူထု၏ကြောက်ရွံ့ထိတ်လန့်နေမှုကို ဖြေပျောက်ရန်လိုအပ်ပါသည်။ တကယ်စင်စစ်မှာ နျူကလီယားစွမ်အင်သည် လူတို့သုံးသမျှ စွမ်းအင်များတွင် စိတ်အချရဆုံးနှင့် အခိုင်လုံဆုံးသော စနစ် တစ်ခုဖြစ်ပါသည်။

မိုင်းတွင်းများတွင် မတော်တဆထိခိုက်မှု၊ ရေအားလျှပ်စစ်ဆည်များ ကျိုးပေါက်ခြင်း၊ သဘာဝဓာတ်ငွေ့ပေါက် ကွဲမှု၊ ရေနံတင် သင်္ဘောများ မတော်တဆထိခိုက်မှု၊များမှာ  လူကိုသေစေနိုင်ပါသည်။ တခါတရံ လူများစွာကို သေကြေကြရပါသည်။

နျူကလီးယာသုံး ဓာတ်အားပေးစက်ရုံများတွင် နှစ် ၆၀ မျှမည်ပတ်နေခဲ့ရာ မတော်တဆထိခိုက်မှု သုံးကြိမ်မျှသာ  ဖြစ်ပွားခဲ့ ပါသည်။ ၁၉၇၉ ခုတွင် Three Miles Island တွင် တစ်ကြိမ်၊ လူမသေခဲ့ပါ။ ဂျပန်ပြည်ဖူကူရှီးမားတွင်ဖြစ်သော မတော် တဆထိခိုက်မှုတွင် နျူကလီယာကြောင့် လူမသေခဲ့ပါ။ (ဆူနာမီကြောင့် လူအသေ အပျောက်ရှိခဲ့ပါသည်။) ဆိုဗီယက်ပြည် ထောင်စု ချာနိုဗီး (Chernovyl) တွင် ၁၉၈၆ ခုနှစ်က ဖြစ်ပွားခဲ့ရာ ဆိုဗီယက်တို့၏ ကြေညာရန်နောက်ကျခြင်းကြောင့် လူ ၃၁ ဦးမျှသေခဲ့ပါသည်။ လူထောင်ပေါင်းများစွာတို့ ကင်ဆာဖြစ်ပွားခဲ့ပါသည်။

နျူကလီးယာကြောင့် နှစ် ၆၀ အတွင်း သေခဲ့ကြရသည်မှာ ကျောက်မီးသွေးကြောင့် တလအတွင်းသေခဲ့သည့် အရေ အတွက်နှင့် ညီမျှပါသည်။

နျူကလီးယာပါဝါထုတ်သည့် စက်ရုံများမှာ နျူကလီးယားဗုံးကဲ့သို့ မပေါက်ကွဲနိုင်ပါ။ အပြည်ပြည်ဆိုင်ရာ ထိန်းချုပ်မှုများ ကြောင့် ဤစက်ရုံများမှ နျူကလီးယာ လက်နက်ပြန့်ပွားရေးကို မဖြစ်ပွားစေနိုင်ပါ။ ကမ္ဘာပေါ်တွင် နျူကလီးယာပါဝါရှိသော နိုင်ငံမှာ ၂၄ နိုင်ငံရှိပြီး ၎င်းတို့တွင် နျူကလီးယာဗုံးမရှိပါ။ အစ္စရေးနှင့် မြောက်ကိုရီးယားတို့မှာ နျူးကလီးယားဗုံးရှိပြီး ပါဝါ မရှိပါ။

နျူးကလီးယား စွန့်ပစ်ပစ္စည်း (Waste) မှာ ကျစ်ကျစ်လစ်လစ်ရှိပါသည်။ အမေရိကန်ပြည်၏ နှစ် ၆၀ အသုံးပြုခဲ့ရာမှ စွန့်ပစ် ပစ္စည်းမှာ ဂိုဒေါင်တစ်လုံး စာသာရှိပါသည်။ ၎င်းကို ကွန်ကရစ်နှင့်ပြုလုပ်ထားသော အဆောက်အဦတခုအတွင်လုံခြုံစွာ သိုလှောင်ထားနိုင်ပါသည်။ ထိုစွန့်ပစ်ပစ္စည်းများကို နျူကလီးယားဓါတ်ပေါင်းဖိုတွင် မီးရှို့ခြင်းဖြင့် ဖြစ်စေ၊ မြေအောက်တွင် လုံခြုံစွာ သိမ်းဆည်းမြှုပ်နှံခြင်းဖြင့်ဖြစ်စေ စွန့်ပစ်နိုင်ပါသည်။ ၎င်းသည် ကျောက်မီးသွေးမှ စွန့်ပစ်ပစ္စည်းများကဲ့သို့ မြို့ရွာများ နေအိမ်ပတ်ဝန်းကျင်တွင် စွန့်ပစ်ထား၍မရပါ။

နျူကလီးယာလုံခြုရေး  Safety နှင့်ပတ်သတ်၍ ဥပမာများရှိခဲ့ပါသည်။ နျူကလီးယာ ပစ္စည်းများမှထုတ်လွှင့်သော ရောင်ခြည် များကိုလည်း လူအများက ကိုင်တွယ်ရန်ခက်သည့်ပစ္စည်းအဖြစ် ကြောက်ကြပါသည်။ သို့ပါသော်လည်း လူတို့သည် သဘာ၀ ကထုတ်လွှတ်သော ရောင်ခြည်များအောက်တွင်နေထိုင်ကြ ရခြင်းဖြစ်ပါသည်။ ပျံသန်းခြင်းမှာ ကြောက်ရသော်လည်း ကား မောင်းသွားခြင်းက ပို၍အန္တရာယ်များပါသည်။

(၃)
နျူကလီယာစွမ်းအင်ကို အသုံးပြုရန် စိတ်ဆိုင်ရာအပိုင်းနှင့် နိုင်ငံရေးဆိုင်ရာအပိုင်းများပါဝင်ပါသည်။ ရာသီဥတု ပြောင်း လဲခြင်းအန္တရာယ်ကို ကြုံတွေ့ရခြင်းမှာ ကာဗွန်ကိုထုတ်လုပ်သော အော်ဂဲနစ်ဆီများကြောင့်ဖြစ်ပါသည်။ ပတ်ဝန်းကျင်ကို ကာကွယ်ခြင်းနှင့် ဆင်းရဲသားများကို ကယ်တင်ခြင်းမှာ ကောင်းမြတ်သောလုပ်ငန်းဖြစ်ပါသည်။ အမေရိကန်လူထုနှင့် နိုင်ငံ ရေးသမားများ ကအမှန်ကိုမြင်နိုင်လျင် ကျွန်တော်တို့ တွေ့ကြုံနေရသောဒုက္ခမှ ကင်းလွတ်နိုင်ပါလိမ့်မည်။ ကျွန်တော်တို့ ကလေးငယ်များ ကြီးပြင်းလာချိန်တွင်  တည်ငြိမ်သောရာသီဥတုနှင့် စွမ်းအင်အလျံပယ် ပေါများနေစေရန်အရေးကြီးလှပါသည်။

ကိုသန်းလွင်
Ref: Nuclear Power can save the world by Joshua Goldstein, New York Times April 6 2019.