Breaking News

“မစ္စတာ ထရမ့်… ဒါ အရိုးကိုက်နေရတာပါ၊ အဆီအသားတွေစားနေတာ မဟုတ်ပါဘူး”



“မစ္စတာ ထရမ့်… ဒါ အရိုးကိုက်နေရတာပါ၊ အဆီအသားတွေစားနေတာ မဟုတ်ပါဘူး”
သောမတ်စ် အယ်လ် ဖရီးဒမန်း (Thomas L. Friedman)

(မိုးမခဘာသာပြန်) ၂၀၂၆ ခုနှစ်၊ မေလ ၂၇ ရက်

(NYT သတင်းစာ ဆောင်းပါး - It’s Crow, Mr. Trump, Not Lobster)

အမေရိကန်နဲ့ အီရန်ကြား စစ်ပွဲအကြောင်းမှာ အခု မေးစရာ နှစ်ခုပဲ ကျန်တော့တယ်။
ပထမတစ်ခုက — ဒီပဋိပက္ခကို အနည်းဆုံး အောင်မြင်မှုတချို့နဲ့ အဆုံးသတ်နိုင်ဖို့ သမ္မတ ထရမ့် ဘယ်လောက်အထိ “ကျီးကန်းသားစား” (ဆိုတဲဲ့ အင်္ဂလိပ် စကားပုံအသုံး” သို့မဟုတ် မြန်မာလို ကိုယ့်တွံ့တွေး ကိုယ်မြိုရတာ၊ သို့မဟုတ် အသားမစားရဘံ အရိုးအရင်းပဲ ကိုက် လိုက်ရတာကို ဆိုလိုပါတယ်”)ရမလဲဆိုတာ။
ဒုတိယတစ်ခုကတော့ — သူ အခု အရိုးကိုက်နေရတာကို ကျွန်တော်တို့ကို “ကျောက်ပုစွန်” ဒါမှမဟုတ် “အမဲသားအကောင်းစား” စားနေတာပါလို့ ထပ်ပြီး ပြောဦးမလားဆိုတာပဲ။ (ဒါက ကျီုးကန်းသားစားနေပေမယ့် သူစားနေတာ ကျော်ပုစွန်ကြီးလို့ ပြောတဲ့ စကားပုံအသုံး)

ကျွန်တော့်အမြင်အရတော့ ထရမ့် အရိုးအရင်းပဲ ကိုက်ရလည်း ကိစ္စမရှိပါဘူး။ ဥပမာ သူပြောခဲ့သလို “အီရန် ခြွင်းချက်မရှိ လက်နက်ချမယ်” ဆိုတာ မဖြစ်လာဘဲ နောက်ဆုံး လျှော့ပေါ့သဘောတူညီချက် တခုခုနဲ့ပဲ အဆုံးသတ်ရတာမျိုး ဆိုလည်း ဖြေသာပါတယ်ပေါ့။ ဒါပေမယ့် အဲဒီအစား အီရန်က လက်နက်အဆင့်နီးပါး သန့်စင်ထားတဲ့ ယူရေနီယံ ပေါင် ၁,၀၀၀ ခန့်ကို စွန့်လွှတ်ပေးမယ်ဆိုရင်တော့ အဲဒါက ကောင်းတဲ့ရလဒ်တစ်ခု ဖြစ်ပါတယ်။ အီရန် နျူကလီးယားဗုံး ချက်ချင်းထုတ်နိုင်မယ့် အန္တရာယ်ကို လျှော့ချပေးနိုင်မှာ ဖြစ်လို့ပါ။

ဒါပေမယ့် “ထရမ့်က ပြီးပြည့်စုံပြီး အရသာရှိတဲ့ သဘောတူညီချက်ကြီး ရခဲ့တယ်” ဆိုတဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေတော့ ကျွန်တော့်ကို လာမပြောပါနဲ့။ ဘာလို့လဲဆိုတော့ အဲဒီ သန့်စင်မှုမြင့် ယူရေနီယံတွေကို ထိန်းချုပ်နိုင်ခဲ့ရင်တောင် အစ္စလာမ်မစ်သမ္မတအစိုးရကို အာဏာဆက်တည်မြဲစေမှာ ဖြစ်သလို၊ အဲဒီအစိုးရကို ပိုပြီး အင်အားတောင့်တင်းလာစေမယ့် အန္တရာယ်ပါ ရှိနေတယ်။

ထရမ့်၊ ဒုသမ္မတ JD Vance၊ ကာကွယ်ရေးဝန်ကြီး Pete Hegseth နဲ့ နိုင်ငံခြားရေးဝန်ကြီး Marco Rubio တို့ကိုတော့ (အစကတည်းက အကြပ်အတည်းဖြစ်နေတဲ့) အစ္စလာမ်မစ်အစိုးရ ပြုတ်ကျလုနီးပါး အခြေအနေမှာ အသက်ပြန်ရှင်ခွင့် ပေးခဲ့တဲ့အဖွဲ့အဖြစ် သမိုင်းမှာ မှတ်တမ်းတင်ခံရလိမ့်မယ်။

ဘာကြောင့်လဲဆိုတော့ အီရန်က သူတို့ရဲ့ ဗုံးအဆင့်နီးပါး ယူရေနီယံတွေကို စွန့်လွှတ်မယ်ဆိုရင် အဲဒါဟာ အမေရိကန်ရဲ့ ရေနံပိတ်ဆို့မှုနဲ့ စီးပွားရေးဒဏ်ခတ်မှုတွေ အရင်ဆုံး ဖြေလျှော့ပေးမယ့် သဘောတူညီချက်တစ်ခုအောက်မှာပဲ ဖြစ်နိုင်လို့ပါ။ အဲဒီလိုဖြေလျှော့ပေးလိုက်ရင် အီရန်အစိုးရဆီ ငွေအမြောက်အများ ပြန်ဝင်လာမယ်။ အဲဒီငွေတွေကို ပြည်တွင်းအတိုက်အခံတွေကို ဖိနှိပ်ဖို့၊ သိမ်းသွင်းဖို့နဲ့ လက်ဘနွန်၊ အီရတ်၊ ယီမင်က proxy အဖွဲ့တွေကို ထောက်ပံ့ဖို့ အသုံးချနိုင်မှာ ဖြစ်တယ်။

လက်နက်ထိန်းချုပ်ရေး ကျွမ်းကျင်သူ Robert Litwak ကတော့ “ထရမ့်ဟာ အစိုးရပြောင်းလဲရေးဆိုတဲ့ ကြီးမားတဲ့ ရည်မှန်းချက်နဲ့ ဒီစစ်ကို စခဲ့တာ။ ဒါပေမယ့် အခုတော့ Obama အစိုးရ ၂၀၁၅ မှာ ချုပ်ခဲ့ပြီး၊ ထရမ့်ကိုယ်တိုင် ၂၀၁၈ မှာ ပျက်သိမ်းခဲ့တဲ့ အီရန်နျူကလီးယားသဘောတူညီချက်နဲ့ ဆင်တူတဲ့ အပေးအယူတစ်ခုနဲ့ စစ်ကို အဆုံးသတ်ဖို့ ပြန်ဆုတ်သွားရပြီ” လို့ ပြောတယ်။

ထရမ့်နဲ့ သူ့အမျိုးသားလုံခြုံရေးအဖွဲ့ဟာ စစ်မစခင် ဖြစ်နိုင်ခြေအခြေအနေတွေကို သေချာမတွက်ခဲ့ကြဘူး။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုရဲ့ “ဗုံးကြဲလိုက်ရင် အီရန်အစိုးရက ဖဲအိမ်လို ပြိုကျသွားမယ်” ဆိုတဲ့ စကားကိုပဲ ယုံခဲ့ကြတာ။ ဒါကြောင့် ချောင်ပိတ်ခံရတဲ့ အီရန်က ဘယ်လိုတုံ့ပြန်နိုင်မလဲဆိုတာ မမြင်နိုင်ခဲ့ကြဘူး။

အီရန်ရဲ့ ပထမဆုံးတုံ့ပြန်မှုက ဟော်မုဇ်ရေလက်ကြားကို ပိတ်ဖို့ပဲ။ ကမ္ဘာ့ရေနံ ၂၀ ရာခိုင်နှုန်းလောက် ဖြတ်သန်းရတဲ့ အရေးကြီးရေလမ်းကြောင်းကို ဒရုန်း၊ cruise missile နဲ့ speedboat တွေသုံးပြီး ခြိမ်းခြောက်နိုင်တယ်ဆိုတာ အီရန်က သိသွားတယ်။ အဲဒီကနေ အမေရိကန်အပါအဝင် ကမ္ဘာ့စီးပွားရေးတွေကို လည်ပင်းညှစ်ထားနိုင်တယ်ဆိုတာကိုလည်း သဘောပေါက်သွားတယ်။

တနည်းပြောရရင် ထရမ့်နဲ့ နေတန်ယာဟုတို့က သူတို့ရဲ့ ဒေါ်လာဘီလီယံချီတန် လက်နက်ကြီးတွေသုံးပြီး အီရန်ကို နျူကလီးယားလက်နက်ပစ္စည်းတွေ စွန့်လွှတ်ခိုင်းနိုင်မယ်လို့ ထင်ခဲ့ကြတယ်။ ဒါပေမယ့် မမျော်လင့်တဲ့အကျိုးဆက်အနေနဲ့ အီရန်က “mass disruption weapon” — ဟော်မုဇ်ရေလက်ကြားကို ပိတ်နိုင်တဲ့ စျေးပေါတဲ့ ဒရုန်းတွေ — ကို ရှာတွေ့သွားခဲ့တယ်။

အခုကစပြီး နောင်အနာဂတ်အထိ တဟီရန်က ကမ္ဘာ့အရေးအကြီးဆုံး ရေနံလမ်းကြောင်းကို အချိန်မရွေး ပိတ်နိုင်တယ်ဆိုတာ လူတိုင်း သိသွားပြီ။ ဒီ leverage (အသာစီးရမှုက၊ ဝှက်ဖဲ) က အီရန်အစိုးရအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အားသာချက်တစ်ခု ဖြစ်လာပြီ။

ထရမ့် ဒီအချက်ကို ကြိုမမြင်နိုင်ခဲ့တာ တော်ရုံစကေးနဲ့ လွဲချော်တာ မဟုတ်ဘူး။ သူက အရာအားလုံးကို သိတယ်လို့ တလွဲ ဘဝင်လေဟတ် နေလို့ပဲ။

ပြီးခဲ့တဲ့နှစ်က Oval Office ထဲမှာ ထရမ့်နဲ့ Vance တို့က ယူကရိန်းသမ္မတ Zelensky ကို “မင်းမှာ နိုင်တဲ့ဖဲချပ် တခုမှမရှိဘူး” လို့ ဆုံးမခဲ့တာ မှတ်မိကြမှာပါ။ တကယ်လို့ သူတို့က “ရုရှားလို စူပါပါဝါကို ဘယ်လိုတောင် ခုခံနိုင်တာလဲ” လို့ စိတ်ဝင်တစား မေးခဲ့ရင် Zelensky က “ဒရုန်းတွေက ခေတ်သစ်စစ်ပွဲကို ဘယ်လိုပြောင်းလဲသွားစေသလဲ” ဆိုတာ ရှင်းပြခဲ့မှာပဲ။

အဲဒီလိုသာဆိုရင် ထရမ့်က “ကာဝန်ကြီး ဘိုPete, အီရန်က ယူကရိန်းလို ဒေါ်လာ ၃၀,၀၀၀ တန် ဒရုန်းနည်းနည်းနဲ့ ဟော်မုဇ်ကို ပိတ်လိုက်ရင် ငါတို့ ဘာလုပ်မလဲ” လို့ မေးမိကောင်း မေးမိနိုင်တယ်။

ဒါပေမယ့် အဲဒီမေးခွန်းကို မမေးခဲ့တဲ့အတွက် အခု အီရန် Revolutionary Guards အစိုးရက နျူကလီးယားလက်နက်တစ်လက်နဲ့ တူတဲ့ အသာစီးရမှုရှိသွားပြီလို့ Litwak က ဆိုတယ်။ အဲဒါက ကမ္ဘာ့စီးပွားရေးကို ရေနံလမ်းကြောင်းပိတ်ပြီး လည်ပင်းညှစ်နိုင်တဲ့ စွမ်းရည်ပဲ။

ထရမ့် မစဉ်းစားခဲ့တဲ့ နောက်တစ်ချက်ကတော့ အီရန်က အမေရိကန်ရဲ့ အာရပ်မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ UAE၊ ဆော်ဒီ၊ ကာတာ၊ ကူဝိတ်၊ ဘာရိန်းတို့ရဲ့ ရေနံအခြေခံအဆောက်အအုံတွေကို တိုက်ခိုက်လာရင် ဘာဖြစ်မလဲဆိုတာပါ။

တကယ်လည်း အီရန်က အဲဒီလို လုပ်ခဲ့တယ်။ Reuters အဆိုအရ ဒရုန်းနဲ့ missile တိုက်ခိုက်မှုတွေကြောင့် ကာတာရဲ့ LNG တင်ပို့နိုင်စွမ်း ၁၇ ရာခိုင်နှုန်း ပျက်စီးသွားပြီး နှစ်စဉ် ဒေါ်လာ ၂၀ ဘီလီယံခန့် ဆုံးရှုံးခဲ့တယ်။ ပြုပြင်ဖို့တောင် ၃ နှစ်ကနေ ၅ နှစ်အထိ ကြာနိုင်တယ်။

အဲဒါကြောင့် အာရပ်ရေနံထုတ်နိုင်ငံတွေက ထရမ့် စစ်ပြန်တိုက်မယ့်ခြေလှမ်းတွေကို လုံးဝမလိုချင်တော့တာပါ။

နောက်ထပ် အီရန်နဲ့ မဟာမိတ်နိုင်ငံတွေ မြင်နေတာကတော့ — ထရမ့်ဟာ စိတ်မှန်တဲ့ ခေါင်းဆောင်တစ်ယောက် မဟုတ်ဘူးဆိုတာပဲ။ သူနဲ့ သူ့အမေရိကန်ကို ယုံကြည်လို့မရဘူးလို့ သူတို့ မြင်နေကြတယ်။

Truth Social မှာ ထရမ့်က “နိုင်ငံအားလုံး Abraham Accords (အစ္စရေးကို လက်ခံမှု) ကို ချက်ချင်းလက်မှတ်ထိုးရမယ်” လို့ ရေးခဲ့တာကတော့ အဓိပ္ပာယ်မရှိလွန်းတယ်။ တူရကီ၊ ပါကစ္စတန်၊ ဂျော်ဒန်၊ အီဂျစ်၊ ဆော်ဒီတို့ကိုပါ ထည့်ပြောပြီး အီရန်တောင် ပါဝင်သင့်တယ်လို့ ပြောခဲ့သေးတယ်။

အစ္စရေးကို မုန်းတီးမှုအပေါ် တည်ဆောက်ထားတဲ့ တဟီရန်အစိုးရက ဒီစစ်ပြီးတာနဲ့ ရုတ်တရက် ငြိမ်းချမ်းရေးလုပ်မယ်ဆိုတာ ဘယ်လို အတွေးမျိုးလဲ။

ဒီအရာအားလုံးက အမေရိကန်ရဲ့ အစ္စရေးနဲ့ အာရပ်မဟာမိတ်တွေကို “ငါတို့ကို ကာကွယ်ပေးနေတဲ့ နိုင်ငံရဲ့ ခေါင်းဆောင်က တကယ် စိတ်ပုံမှန်မဟုတ်တဲ့လူတစ်ယောက်ပဲ” လို့ စိုးရိမ်သွားစေခဲ့တယ်။

ဒါကြောင့် ထရမ့်နဲ့ နေတန်ယာဟု ဒီစစ်ကို စတင်ခဲ့တဲ့နေ့က ကျွန်တော်ပြောခဲ့သလိုပဲ — တဟီရန်က ဒီဆိုးရွားတဲ့ အစိုးရ ပြုတ်ကျပြီး နျူကလီးယားရည်မှန်းချက် ပျောက်သွားရင် အရှေ့အလယ်ပိုင်းအနာဂတ်အတွက် အကောင်းဆုံးအရာ ဖြစ်မယ်။

ဒါပေမယ့် အဲဒီလိုဖြစ်ဖို့ဆိုရင် အလွန်နက်နဲတဲ့ စီမံချက်၊ ဖြစ်နိုင်ခြေအခြေအနေအားလုံးကို ကြိုတွက်ထားမှု၊ မဟာမိတ်တွေနဲ့ ကမ္ဘာလုံးဆိုင်ရာ ထောက်ခံမှုတွေ လိုတယ်။ ထရမ့်နဲ့ သူ့ “သမ္မတလူကြမ်း လူပြက်အဖွဲ့” ကတော့ အဲဒီအရာတစ်ခုမှ မလုပ်ခဲ့ဘူး။

ဟုတ်ပါတယ် — သူတို့က အီရန်ရဲ့ နျူကလီးယားနဲ့ စစ်ရေးစွမ်းရည်တွေကို ထိခိုက်စေခဲ့တယ်။ အဲဒါက ကောင်းတဲ့အရာပါ။ နောက်ပြီး လက်နက်အဆင့်နီးပါး ယူရေနီယံတွေကို ဖယ်ရှားနိုင်မယ်ဆိုရင် ပိုကောင်းတာပေါ့။

ဒါပေမယ့် ထရမ့်ထောက်ခံသူတွေက ကိုယ့်ကိုယ်ကိုယ်လည်း မလှည့်စားသင့်သလို မဟာမိတ်တွေကိုလည်း မလှည့်စားသင့်ဘူး။

အဲဒီအောင်မြင်မှုတွေရခဲ့ရင်တောင် အကျိုးဆက်အနေနဲ့ —
ကမ္ဘာ့အဆိုးရွားဆုံး အစိုးရတစ်ခုကို အသက်ပြန်ပေးလိုက်ရမယ်၊
ကမ္ဘာ့ရေနံထောက်ပံ့မှုအပေါ် အမြဲတမ်း လည်ပင်းညှစ်နိုင်တဲ့ အာဏာတစ်ခု ပေးလိုက်ရမယ်၊
နောက်ပြီး ဒေသတွင်း မတည်ငြိမ်မှုတွေ ဆက်လုပ်နိုင်ဖို့ အရင်းအမြစ်တွေ ပေးလိုက်ရမယ်။

ဒါကြောင့် ကျွန်တော့်ကို “ဒါက ကျောက်ပုစွန်ဟင်းကြီး” ဒါမှမဟုတ် “အမဲသားဟင်းအကောင်းစားတွေ” လို့ မပြောပါနဲ့။

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar