Breaking News

ဂျော်ဒီး ● မေမေနိုင်မှဖြစ်မယ်

ဂျော်ဒီး ● မေမေနိုင်မှဖြစ်မယ်
(မိုးမခ) မေ ၂၁၊ ၂၀၁၉

“ဗျိုး..ဂျီးဒေါ်..လာမယ့် ရွေးကောက်ပွဲအတွက် မဲထည့်ဖို့ စဉ်းစားပြီးပြီလား”

တူတော်မောင်သာဂိက လက်ထဲမှာစာရွက်တွေ တပွေ့တပိုက်ကြီးကိုင်ပြီး အော်ကြီးဟစ်ကျယ်ဝင်လာသည်။

“ဟဲ့…ရွေးကောက်ပွဲက လာပြန်ပြီလား..။ ဟိုတလောကပဲ တို့မေမေပါတီကို မဲထည့်လိုက်ရတာ လပိုင်းလောက်ရှိသေးတယ်မဟုတ်လား..”

“ခက်လိုက်တာ ဂျီးဒေါ်ရယ်..။ အဲဒါက စည်ပင်သာယာရွေးကောက်ပွဲဗျ”

“ဟင်..သိပါဘူး..။ တို့မေမေ ပါတီအလံတွေနဲ့ဆိုတော့..ဟိုရွေးကောက်ပွဲပဲလားလို့”

“ကဲ..ထားတော့။ ဒီမှာ မြို့ကပြန်လာလို့ လာမယ့်နှစ် ရွေးကောက်ပွဲအတွက် စိတ်ဝင်စားစရာကောင်းတဲ့ နိုင်ငံရေးပါတီအသစ် တွေရဲ့ လက်ကမ်းကြော်ညာတွေ ပါလာတယ်..။ အကျိုးအကြောင်းသိရအောင် ဖတ်ကြည့်ကြတာပေါ့ဗျာ”

တူတော်မောင်သာဂိက ပြောပြောဆိုဆို ပါတီစည်းရုံးရေး လက်ကမ်းစာစောင်များကို ဂျီးဒေါ်ရှေ့ကစားပွဲပေါ် ဖြန့်ခင်းလိုက် လေသည်။

“ဟဲ့ ... ဟဲ့ ... ဒါက အချိုရည်ကြော်ညာကြီးပါဟဲ့..။ ပါတီစည်းရုံးရေးလက်ကမ်းစာစောင်ဟုတ်လို့လား ..”

“ဖတ်ကြည့်ပါဦး ဂျီးဒေါ်ရယ်..။ အချိုရည်နဲ့တံဆိပ်ခြင်းတူတာပါ..။ မိသားစုကောင်းကျိုးဆောင်ပါတီတဲ့..။ ကဲကဲ.သူ့ပါတီရဲ့ မူဝါဒနဲ့ရည်ရွယ်ချက်တွေ ဖတ်ကြည့်ဦးမှ”

တူအရီးနှစ်ယောက်သား ခေါင်းချင်းဆိုင်ကာ မိသားစုကောင်းကျိုးဆောင်ပါတီရဲ့ မူဝါဒတွေကို ဖတ်ကြည့်ကြသည်။ ဂျီးဒေါ်က စာလုံးပေါင်းနေတုန်း.. သာဂိက သူ့ထုံးစံအတိုင်း ကျယ်လောင်ကျယ်လောင်အော်ဟစ်ဖတ်ပြီးနေလေပြီ။

“တောင်သူလယ်သမားများအား ပိုမိုထူးခြားသော ဘဝသစ်သို့ ကူးပြောင်းပေးမည်ဆိုပါလားဗျ”

“ငါတို့တောင်သူလယ်သမားတွေကို ဘယ်လို ဘဝသစ်ကို ကူးပြောင်းပေးမှာပါလိမ့်။ ဟဲ့ ... နေပါဦး ... ဒီမိသားစုကောင်းကျိုး ဆောင် ပါတီဥက္ကဌကြီးမျက်နှာကြီး ငါမြင်ဖူးပါတယ်။ ဘယ်မှာ မြင်ဖူးတာပါလိမ့်”

“ဟာ…ဥက္ကဌက ရိုးရိုးဖြောင့်ဖြောင့်ဗိုလ်ချုပ်ကြီး သူရဓါတ်တိုင်ပဲ။ သူအာဏာရှိတုန်းက ကျနော်တို့ရွာနားတဝိုက်ကလယ် တွေကို ဧကသိန်းသောင်းချီသိမ်းပြီး သူ့သားတွေနာမည်နဲ့ ကုမ္မဏီထောင်ထားတဲ့သူကြီးပဲ။ သူ့ပါတီနာမည်နဲ့ သူ့လုပ်ရပ်က လိုက်ဖက်ပါပေတယ်ဗျာ”

“ဟာ.. ဒါဆို… တော်ပါကွယ်။ သူ့ပါတီအကြောင်းတွေ ဆက်ဖတ်မနေပါနဲ့။ သူ့ပါတီတော့ မဲထည့်လို့မဖြစ်သေးပါဘူး။ သူ့ပါတီ သာ အာဏာရသွားရင် ငါတို့ လယ်သမားတွေ လယ်မဲ့ ယာမဲ့ လယ်ကူလီဘဝသစ်ကို ရောက်မှာထင်ပါရဲ့”

“ဟုတ်ပ..။ ပါတီမူဝါဒတွေ လမ်းစဉ်တွေ ရည်ရွယ်ချက်တွေကတော့ညွန့်နေတာပဲ..။ အပြောကတော့ရွှေမန်းပဲဗျာ။ ကဲ..ကဲ.. နောက်တပါတီကြည့်ရအောင်။ အမယ် .. ဒီပါတီတံဆိပ်ကတော့ထမင်းနဲ့ဟင်းပန်းကန်လေးပါလား..။ အခြေခံလူတန်း စား တွေ ကို ထမင်း၀၀ကျွေးနိုင်မယ့် ပါတီများဖြစ်မလား”

“ဟုတ်လား..။ ဒါဆို မြန်မြန် ဖတ်စမ်းပါဟဲ့။ ငါတို့မှာ ထမင်းရည်သောက်နေရတာကြာပြီ။ ပါတီနာမည်က ဘာတဲ့လဲ..”

“ပါတီနာမည်က… မှန်းစမ်း။ “အမျိုးသားနိုင်ငံရေးသမားများ အဝစား.. ၅၀၀၀ ကျပ်” ဆိုပါလား..။ ဂျီးဒေါ်ရေ..ထမင်း၀၀က အလကားစားရမယ့် ပုံမပေါ်ဘူးဗျ..။ တောက်ကျိုးနဲ.. ဈေးကြီးရတဲ့ကြားထဲ မူဝါဒက အဘချုပ်မှူးကြီးလမ်းညွှန်ချက်အတိုင်းအဘငယ်ကျွန်ကြီးများ စီမံချက်ပြုတ်မည်ဆိုတာ ပါလိုက်သေးတယ်”

“တော်.. တော်.. တော်ဟေ့ ဆက်မဖတ်နဲ့တော့။ အဘဆိုတာကြီးတွေ ဦးဆောင်လမ်းညွှန်ခဲ့လို့ ငါတို့နိုင်ငံ ဓါးမနောက်ပိတ် ခွေးဖြစ်နေတာမဟုတ်လား။ နောက်ပြီး.. အမျိုးသားဆိုကတည်းက ငါတို့ အမျိုးသမီးထုအခွင့်အရေး ဆုံးရှုံးတော့မယ်ပါတီပဲ။ မဲထည့်ဖို့ စိတ်မဝင်စားတော့ဘူး”

“ကဲပါဗျာ.. တခြားဘာပါတီတွေများ ရှိဦးမလဲ..။ အချိုရည်နဲ့ ထမင်းဟင်းပါတီတွေ ပြီးတော့မုန့်ဟင်းခါးတို့ နွားနို့တို့များ ပါတီ ထောင်နေဦးမလား ကြည့်လိုက်ဦးမယ်”

“ဒါနဲ့ အရင်က အဘတို့လက်စွဲ ဖွတ်ငမွဲပါတီကြီးကရော.. လှုပ်လှုပ်ရှားရှားမရှိဘူးလား”

“လှုပ်ရှားတာပေါ့ဗျာ..။ ဒါပေမယ့် ဘယ်လိုမှ နလန်မထူတော့ဘူး..။သူခိုးအရစ်ကျငွေချေစနစ်တို့ သံလမ်းမဲ့ မိုးပျံဘူတာ စီမံကိန်းတို့ဆိုတဲ့ စီးပွါးရေးစီမံကိန်းတွေကြောင့် တိုင်းပြည်ဖွတ်မွဲပြာစုဖြစ်ရတာမို့ လူထုက ဒိုးဆလံ တင်းဆလံပဲဗျ..။ ဒါ ကြောင့်လည်း အဘချုပ်မှူးကြီးက စိတ်ပူပြီး သူ့အရံလူတွေကို သွေးပူလေ့ကျင့်ခန်းလုပ်ခိုင်းနေပြီ။ တော်ကြာ လူလဲချင်လဲ ပစ်မှာ။ ထည့်မတွက်ပါနဲ့ဗျာ။ သူတို့ ဘာပြောပြော လူတွေက ဟာသပျက်လုံးတွေလို တဝါးဝါး ပွဲကျနေကြတာ။ သူတို့လက် ထက်ကျ တိုင်းပြည်တိုးတက်စေရမယ်တဲ့ တိုင်းပြည်ဖျက်တဲ့လူတွေက ပြောရဲလိုက်တာဗျာ”

“ကဲပါလေ… အဘမျိုးနွယ်ပါတီတွေကတော့ ပိုက်ဆံတွေပေါလို့ ဝင်ဖြုန်းချင် ဖြုန်းကြပါစေ..။ တို့ဘက်တော်သားတွေထဲက ရော.. ဒီခြေစမ်းပွဲမှာ ဝင်ကန်ဖို့ ဘယ်သူတွေ ပြင်နေကြပြီလဲ။ ဖတ်ပါဦး”

“ရှိတယ်..ရှိတယ်..။ ဒီမှာ ဒီပါတီတံဆိပ်က ပေါက်စိန် ၁၀ လက် အချင်းချင်းနှက်နေတဲ့ပုံနဲ့.။ နာမည်က စွန့်ပစ်ခံသစ်ခုတ် သမားများပါတီ..မြန်မာပြည်” တဲ့။ ဂဏန်းလေးလုံး ပြည်သူ့ပါတီတဲ့။ တပတ်ရစ်လူ့ဘောင် ရှေ့ဆောင်ပါတီ..တဲ့..။ အများကြီး ပဲဗျ။ ကိုယ့်ဒီမိုကရေစီ အင်အားစုတွေဆိုတော့ အားတော့ပေးချင်သားဗျာ”

“အေး.. ဟုတ်ပါရဲ့။ ဒါပေမယ့် သူတို့ထက် လက်စောင်းထက်တဲ့ တို့မေမေပါတီတောင် စာအုပ်စိမ်း နာဂစ်အခြေခံဥပဒေကြီး ကြောင့် ဘာမှ မထိနိုင် မတို့နိုင်သေးတာ။ ရွေးကောက်ပွဲကတိတွေလည်း သက်တမ်းတဝက်ကျော်လာတဲ့အထိ ထိထိရောက် ရောက် အကောင်ထည်မဖော်နိုင်သေးဘူး။ ငါတို့မှာ စီးပွါးရေးတွေကြပ်တည်း ကုန်ဈေးနှုန်းတွေကြီး လျှပ်စစ်မီးကမမှန်နဲ့ စင်ကာပူမပြောနဲ့ ကိုယ့်အိမ်ရှေ့ခါးပန်းတောင် ခြေထောက်လွတ်အောင် မနည်းကျော်နေရတယ်...”

“ဒါတွေက…အဘတို့လက်ငုတ်လက်ရင်း တပည့်သားမြေး လက်ပါးစေတွေရဲ့အဖျက်အမှောင့်မျိုးစုံတွေဗျ။ သင်္ဃန်းခြုံလိုက် လက်ပတ်နီဝတ်လိုက်နဲ့ တနေ့တမျိုး မရိုးရအောင် တင်ဆက်နေတာတွေကလည်း ရှိသေးတယ်ဆိုတော့ ဒီတခါလည်း မေမေနိုင်မှ ဖြစ်မှာပါဗျာ”

“တို့မေမေပါတီလည်း ပြည်သူ့အသံကို ကြားအောင် နားထောင်ပြီး ပြန်သုံးသပ်သင့်တာတွေ သုံးသပ်ပြီး ပြင်ဆင်သင့်တာတွေ မွမ်းမံသင့်တာတွေ လုပ်နိုင်ရင်တော့ ပိုကောင်းတာပေါ့ကွယ်”

“ဟာ..ဂျီးဒေါ်ပြောတာနဲ့အကိုက်ပဲ။ ဒီမှာ တို့မေမေပါတီက သူ့ပါတီအမတ်တွေကို မွမ်းမံဖို့ စွမ်းရည်မြှင့်သင်တန်းတွေပေးနေပါပြီဗျ”

“ဟေ..ဟုတ်လား..။ တို့မေမေပါတီက အားကောင်းမောင်သန် ပြည်သူ့အကျိုးတွေဆောင်ဖိုတို့ နာဂစ်အခြေခံဥပဒေ ပြင်ဖို့တို့ တရားဥပဒေစိုးမိုးအောင်ဆောင်ရွက်ဖို့တို့ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးတို့အတွက် ပါတီအမတ်တွေကို စွမ်းရည်မြှင့်နေတာ တဲ့လား”

“အဲဒါတွေ ခဏထားလိုက်ပါဦး ဂျီးဒေါ်ရာ။ ခုရေတွင်းတူး ခုရေကြည်သောက်ချင်လို့ ဘယ်ရဦးမလဲ။ သည်းခံစိတ်ထားပြီး ဇွဲနဲ့ နဘဲနဲ့ “တို့မေမေပါတီ” ကို ထောက်ခံနေကြရှာတဲ့ ပြည်သူတွေစိတ်နှလုံး ညှိုးနွမ်းနေတာတွေကို တို့မေမေကသိတယ်။ ကိုယ်မဲပေးရွယ်ချယ်ထားတဲ့အမတ်တွေဟာ ဘာမှထိထိရောက်ရောက်မလုပ်နိုင်သေးပဲ အောက်ကလိအာ လေလုံးမိုးလုံးထွား နေမယ့်အစား မော်ဒယ်လေးတွေလို လှပကြွရွနေရင် အမေပြောတဲ့ အမောပြေလေးတွေပေါ့ဗျာ။ ဒါကြောင့် တို့မေမေပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေအတွက် မော်ဒယ်အေဂျင်စီက မမတယောက်ကို ပင့်ဖိတ်ပြီး ဖက်ရှင်ကျကျ ဝတ်ကြ မယ် သင်တန်းပေးနေပြီတဲ့ဗျာ။ ကျနော်တော့ အဘပုတ်သိုးမောင် ရုပ်ဆိုးတို့ကို မဲပေးမယ့်အစား တို့မေမေပါတီက ဖက်ရှင် ကျတဲ့အမတ်မင်းတွေကိုပဲ မဲပေးတော့မယ်ဗျား။ ဂျီးဒေါ်လည်း စိတ်ကူးမလွဲနဲ့နော်”

“သာဓု..သာဓု..တို့မေမေအကွက်တွေကတော့ဖြင့် လှပဆန်းကြယ်ပတော်”