Breaking News

မာန်သီဟထွန်း – ဆေပီယန်စ် – နှစ်ပေါင်း ၂သောင်း၄ထောင်




မာန်သီဟထွန်း – ဆေပီယန်စ် – နှစ်ပေါင်း ၂သောင်း၄ထောင်

Sapiens – A Brief History of Humankind by Yuval Noah Harari
(မိုးမခ) မေ ၂၅ ၊ ၂၀၁၉ 
စာရေးသူ၏ ဖေ့စ်ဘွတ်မှ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်။

အပိုင်း  -၂၄ - ၂၅ 

ရှေးဟောင်းသုတေသန ပညာရှင်တွေအနေနဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၄,၀၀၀ အကြာက တံငါရွာတွေ၊ လှော်တက်တွေ၊ ဖောင်တွေကို ဖော်ထုတ်ရဦးမှာ မှန်ပါတယ်။ (မြင့်တက်လာတဲ့ ပင်လယ်ရေကြောင့် ရှေးအင်ဒိုနီးရှားကမ်းခြေတလျှောက်ဟာ ပင်လယ်ရေအောက် မီတာ ၁၀၀ အထိမြုပ်နေမှာ ဖြစ်တဲ့အတွက် အဲဒီအရာတွေကို ရှာဖွေတွေ့ရှိဖို့ ခက်ခဲမှာပါ။) ဘယ်လိုပဲဖြစ်စေ ခိုင်မာမှုရှိပြီး လက်ဆုပ်လက်ကိုင် သက်သေပြနိုင်တဲ့ အထောက်အထားတွေက ဒီသီအိုရီကို ထောက်ခံကြပါတယ်။ အထူးသဖြင့် သြစတေးလျမှာ အခြေချနေထိုင်ပြီးနောက် နှစ်ပေါင်းထောင်နဲ့ချီကြာတဲ့အချိန်မှာ ဆေပီယန်စ်တို့ဟာ သြစတေးလျမြောက်ပိုင်းဘက်က သေးငယ်ပြီးအလှမ်းဝေးတဲ့ကျွန်းတွေကို နယ်ချဲ့ခဲ့ကြတယ်ဆိုတဲ့အချက်ပါ။ ဘူကာကျွန်း၊ မေးနက်စ်ကျွန်း စတဲ့ကျွန်းတွေနှင့် သူတို့ရဲ့အနီးဆုံးကုန်းမြေကြားမှာ ရေမျက်နှာပြင် ကီလိုမီတာ ၂၀၀ အကွာအဝေးရှိပါတယ်။ တစ်စုံတစ်ယောက်ဟာ ခေတ်မီဆန်းပြားတဲ့ ရွက်လွှင့်စွမ်းရည်၊ ရေယဉ်တို့မရှိဘဲ မေးနက်စ်ကျွန်းကို ရောက်ရှိနယ်ချဲ့နိုင်ခဲ့တယ်ဆိုတာ ယုံကြည်ဖို့ခက်ခဲလှပါတယ်။ ဒါပေမယ့်လည်း အစောပိုင်းကပြောခဲ့သလိုပဲ နယူးအိုင်ယာလန်၊ နယူးဗြိတိန် လိုမျိုးကျွန်းတွေအကြား ပုံမှန်ပင်လယ်ကုန်သွယ်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားတွေလည်း ရှိနေပြန်ပါတယ်။

သြစတေးလျတိုက်ကို ရောက်အောင်သွားခဲ့တဲ့ ပထမဆုံးသောလူသားတွေရဲ့ခရီးဟာ သမိုင်းတလျှောက် အရေးကြီးဆုံးသောအဖြစ်အပျက်တွေထဲက တစ်ခုဖြစ်ပါတယ်။ အနည်းဆုံးတော့ ကိုလံဘတ်စ်က အမေရိကတိုက်ကိုရှာတွေ့တဲ့ခရီး၊ အပိုလို ၁၁ ရဲ့ လပေါ်သွားရောက်တဲ့ခရီးတွေ လိုပါပဲ။ အဲဒီလိုရောက်သွားတာဟာ လူသားတွေအနေနဲ့ အာရှ-အာဖရိက ပတ်ဝန်းကျင်ဂေဟစနစ်ကြီးကို ပထမဆုံးအကြိမ် နောက်မှာချန်ထားခဲ့နိုင်တာပဲ ဖြစ်တယ်။ အဲဒါဟာ ကုန်းနေနို့တိုက်သတ္တဝါတစ်ကောင်က အာရှ-အာဖရိက ကနေ သြစတေးလျတိုက်ကို ပထမဆုံးအကြိမ် ဖြတ်ကူးနိုင်ခြင်းပဲဖြစ်တယ်။ ဒါထက်ပိုအရေးပါတာက အဲဒီကမ္ဘာသစ်မှာ အဲဒီရှေ့ဆောင်လူသားတွေ ဘာတွေလုပ်ခဲ့ကြသလဲဆိုတာပဲ ဖြစ်တယ်။ သြစတေးလျကမ်းခြေပေါ်ကို ပထမဆုံးသောအမဲလိုက်ရှာဖွေသူတစ်ယောက် ခြေချလိုက်တဲ့အခိုက်အတန့်ဟာ အဲဒီဒေသရဲ့အစာကွင်းဆက်ထိပ်ဆုံးပေါ်ကို ဟိုမိုဆေပီယန်စ်တို့ တက်သွားတာပဲဖြစ်တယ်။ အဲဒီကနေတဆင့် လူသားတွေဟာ ကမ္ဘာဂြိုဟ်ရဲ့သမိုင်းမှတ်တမ်းမှာ ကြောက်စရာအကောင်းဆုံး တိရိစ္ဆာန်မျိုးစိတ် ဖြစ်လာခဲ့ပါတယ်။

အဲဒီအခိုက်အတန့်အထိတော့ လူသားတွေဟာ အသစ်သောလိုက်လျောညီထွေနေထိုင်မှုတွေ၊ အပြုအမူတွေကို ပြသခဲ့ပေမယ့် ပတ်ဝန်းကျင်အပေါ် သူတို့ရဲ့သက်ရောက်မှုဟာ ဘာမှမပြောပလောက်ပါဘူး။ လူသားတွေအနေနဲ့ နယ်မြေသစ်အမျိုးမျိုးကို ပြောင်းရွှေ့ပြီးအသားကျအောင်နေတဲ့အခါ အံ့သြဖွယ် အောင်မြင်ခဲ့ကြတယ်။ ဒါပေမယ့် အဲဒီလို အသားကျအောင်နေထိုင်တဲ့အခါမှာလည်း သူတို့နေထိုင်ကျက်စားရာဒေသကို အကြီးအကျယ်မပြောင်းလဲစေခဲ့ပါဘူး။ သြစတေးလျတိုက်ကို အခြေချသူများ ပိုတိကျအောင်ပြောရရင် သြစတေးလျတိုက်ကိုအောင်နိုင်သူတွေဟာ နေရာဒေသသစ်မှာ အသားကျအောင်နေထိုင်ရုံမက သြစတေးလျတိုက်ရဲ့ ပတ်ဝန်းကျင်ဂေဟစနစ်ကို လုံးဝမမှတ်မိနိုင်လောက်အောင် ပြောင်းလဲပစ်ခဲ့ကြတယ်။

သြစတေးလျသောင်ပြင်ကမ်းခြေပေါ်က ပထမဆုံးသောလူသားရဲ့ခြေရာကို လှိုင်းတွေက ချက်ချင်းပဲ ဖျက်ပစ်မှာပါ။ ဒါပေမယ့် ဒီကျူးကျော်သူတွေ ကုန်းတွင်းပိုင်းကို ဝင်ရောက်သွားတာနဲ့အမျှ စောစာကနဲ့မတူတဲ့ ဘယ်တော့မှပျောက်ကွယ်မသွားမယ့် ခြေရာမျိုးကို ချန်ထားခဲ့ကြတယ်။ သူတို့ရှေ့ဆက်တိုးသွားတာနဲ့အမျှ သူတို့လုံးဝ မသိဖူး၊ မကြားဖူး၊ သတ္တဝါတွေနဲ့ ပြည့်နှက်နေတဲ့ ထူးဆန်းအံ့သြဖွယ်ကမ္ဘာသစ်ကြီးတစ်ခုကို မြင်တွေ့ခဲ့ကြမှာပါ။ ကီလို၂၀၀ အလေးချိန်ရှိပြီး ၂ မီတာရှည်တဲ့ သားပိုက်ကောင်တွေ၊ အဲဒီကျွန်းပေါ်မှာ အကြီးမားဆုံး သားရဲတိရိစ္ဆာန်ဖြစ်ပြီး ဒီနေ့ခေတ်ကျားတစ်ကောင်အရွယ်ရှိတဲ့ မာဆူပီယယ်လ်ခြင်္သေ့ စတဲ့သတ္တဝါအမျိုးမျိုး ရှိခဲ့တယ်။ ချစ်စရာကောင်းပေမယ့် ပွေ့ဖက်မနိုင်အောင်ကြီးလွန်းတဲ့ ကိုလာဝက်ဝံတွေ သစ်ပင်တွေပေါ်မှာ တရှဲရှဲမြည်နေပြီး ငှက်ကလားအုတ်တွေထက် ၂ ဆပိုကြီးပြီး မပျံသန်းနိုင်သည့်ငှက်တွေကလည်း မြေပြန့်လွင်ပြင်မှာ ပြေးလွှားနေခဲ့ကြတယ်။ ၅ မီတာကျော်ရှည်ပြီး နဂါးနဲ့တူတဲ့ပုတက်ကြီးတွေ၊ မြွေတွေဟာလည်း မြေပြင်ပေါ်တွင်တွားသွားနေခဲ့ကြတယ်။ ၂ တန်ခွဲ အလေးချိန်ရှိပြီး သားပိုက်အိတ်ပါတဲ့ ဝက်ဝံတူ ဒိုင်ပရိုတိုတွန်ကောင်ကြီးတွေလည်း တောတောင်ထဲ လှည့်လည်သွားလာနေခဲ့ကြတယ်။ ငှက်တွေ၊ တွားသွားသတ္တဝါတွေကလွဲပြီး ကျန်တဲ့တိရိစ္ဆာန်များအားလုံးဟာ မာဆူပီယယ်လ်တွေ ဖြစ်ပါတယ်။ သူတို့ဟာ သားပိုက်ကောင်တွေလိုပဲ သေးငယ်ပြီးကယ်ရာမဲ့တဲ့အကောင်ပေါက်လေးတွေမွေးပြီး အဲဒီသားငယ်လေးတွေကြီးပြင်းလာတဲ့အထိ သူတို့ရဲ့ဝမ်ဗိုက်ကအိတ်ထဲမှာ စောင့်ရှောက်ကြတယ်။ မာဆူပီယယ်လ် နို့တိုက်သတ္တဝါဆိုတာကို အာရှနှင့်အာဖရိကမှာ မသိကြသလောက်ဖြစ်ပေမယ့် သြစတေးလျတိုက်ကိုတော့ ပြိုင်ဘက်မရှိအရှင်သခင်အဖြစ် သူတို့အုပ်စိုးခဲ့ကြတာပါ။

နောက်ထောင်စုနှစ်အနည်းငယ်အတွင်းမှာပဲ ဒီဧရာမသတ္တဝါကြီးတွေအားလုံး ပျောက်ကွယ်လုနီးပါး ဖြစ်သွားပါတယ်။ အလေးချိန် ၅၀ကီလိုအထက် ရှိတဲ့ သြစတေးလျတိရိစ္ဆာန်မျိုးစိတ် ၂၄မျိုးထဲက ၂၃မျိုး မျိုးတုန်းသွားခဲ့တယ်။ သေးငယ်တဲ့ မျိုးစိတ်တော်တော်များများလည်း ပျောက်ကွယ်သွားခဲ့တယ်။ သြစတေးလျတိုက်ရဲ့ ပတ်ဝန်းကျင်ဂေဟစနစ်တစ်ခုလုံးက အစာကွင်းဆက်ဟာ ပျက်စီးသွားပြီး အသစ်ပြန်ဖြစ်လာခဲ့တယ်။ အဲဒါဟာ နှစ်သန်းပေါင်းများစွာတည်ရှိခဲ့တဲ့ သြစတေးလျတိုက် ပတ်ဝန်းကျင်ဂေဟစနစ်ရဲ့ အရေးအကြီးဆုံးသော ပြောင်လဲမှုကြီးဖြစ်ပါတယ်။ အခုလို ဖြစ်ပျက်ခဲ့တာတွေအားလုံးဟာ ဆေပီယန်စ်တွေရဲ့ အပြစ်တွေ သက်သက်ပဲလား။

စွပ်စွဲသည်နှင့်အမျှ အပြစ်ရှိသည်
ပညာရှင်တစ်ချို့က ကျွန်တော်တို့လူသားတွေမှာ အပြစ်မရှိကြောင်း ကာကွယ်ဖို့ကြိုးစားပြီး ရာသီဥတုပြောင်းလဲခြင်း အပေါ်သာ အပြစ်ဖို့ကြပါတယ် (ဒီလိုကိစ္စမျိုးမှာ ရာသီဥတုကိုပြောင်းလဲခြင်းဆိုတာကို အပြစ်ပုံနေကျပါ)။ သို့ပေမယ့် ဟိုမိုဆေပီယန်စ်တွေမှာ လုံးဝအပြစ်မရှိဘူးဆိုတာ ယုံကြည်ဖို့ ခက်ခဲပါတယ်။ ရာသီဥတုပြောင်းလဲခြင်းကို အလီဘိုင်ယူခြင်းဟာ ခိုင်လုံမှုမရှိပါဘူး။ သြစတေးလျတိုက်ရဲ့ ဒေသတွင်းတိရိစ္ဆာန်ကြီးတွေ မျိုးတုန်းပျောက်ကွယ်သွားတာဟာ ကျွန်တော်တို့ရဲ့ဘိုးဘေးတွေကြောင့်ဖြစ်တယ်ဆိုတာ ထောက်ပြတဲ့ အထောက်အထား ၃ခု ရှိပါတယ်။

ပထမ အထောက်အထားအရ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၅,၀၀၀ အကြာက သြစတေးလျရာသီဥတုဟာ ပြောင်းလဲခဲ့တယ်ဆိုတာ မှန်ပေမယ့် အကြီးအကျယ်ဗြောင်းဆန်အောင် ပြောင်းလဲခဲ့တာမဟုတ်ပါဘူး။ ဒါပေမယ့် အခုလို ရာသီဥတုပုံစံသစ် တစ်ခုတည်းက ဒီလောက်မျိုးတုန်းမှုကို ဖြစ်စေခဲ့တယ်ဆိုတာ နားလည်ဖို့ခက်ခဲလှပါတယ်။ ဒီနေ့ခေတ်မှာတော့ ဘာပဲဖြစ်ဖြစ် ရာသီဥတုပြောင်းလဲခြင်းကြောင့် ဖြစ်ရတာလို့ ရှင်းပြကြပေမယ့် တကယ်ဆို ကမ္ဘာ့ရာသီဥတုဟာ ဘယ်တုန်းကမှ တသမတ်တည်း ရှိမနေခဲ့ပါဘူး။ အမြဲတမ်း အတက်အကျနဲ့ ပြောင်းလဲနေခဲ့တာပါ။ သမိုင်းတစ်လျှောက် ဖြစ်ပျက်ခဲ့သမျှအရာအားလုံးဟာလည်း ဒီရာသီဥတုပြောင်းလဲခြင်းကို နောက်ခံထားပြီး ဖြစ်ပျက်ခဲ့တာပါ။


အထူးသဖြင့် ကျွန်တော်တို့ရဲ့ ကမ္ဘာဂြိုဟ်ဟာ အေးခဲသွားလိုက်၊ ပူနွေးသွားလိုက်ဖြစ်တာကို အကြိမ်များစွာ ဖြတ်သန်းခဲ့ပြီး ဖြစ်တယ်။ လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာကတည်းက နှစ်တစ်သိန်းပြည့်တိုင်း ပျမ်းမျှအားဖြင့် ရေခဲခေတ်တစ်ကြိမ် ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးကြုံရတဲ့ ရေခဲခေတ်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၇၅,၀၀၀ ကနေ ၁၅,၀၀၀ အထိပါ။ အဲဒီရေခဲခေတ်ဟာ တခြားရေခဲခေတ်တွေနှင့်မတူဘဲ ပြင်းထန်ခဲ့ပြီး အအေးခဲဆုံးအကြိမ် ၂ ကြိမ်ရှိခဲ့တယ်။ ပထမအကြိမ်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀,၀၀၀ မှာဖြစ်ပြီး ဒုတိယအကြိမ်က လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀,၀၀၀ မှာ ပါ။ ဒိုင်ပရိုတိုတွန်ကောင်ကြီးတွေဟာ သြစတေးလျတိုက်မှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁.၅ သန်းကျော်က ပေါ်လာခဲ့ပြီး အနည်းဆုံး ရေခဲခေတ် ၁၀ ခေတ်ကို အောင်မြင်စွာဖြတ်သန်းခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀,၀၀၀ က ပထမအကြိမ် အအေးခဲဆုံးရေခဲခေတ်ကိုလည်း အသက်ရှင်လျက် ဖြတ်သန်းနိုင်ခဲ့တယ်။ ဒါပေမယ့် ဒီအကောင်ကြီးတွေ ဘာ့ကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၅,၀၀၀ ကျမှ ပျောက်ကွယ်သွားခဲ့ပါသလဲ။ တကယ်လို့ အဲဒီအချိန်က ပျေက်ကွယ်သွားခဲ့တဲ့ အကောင်ကြီးတွေထဲမှာ ဒိုင်ပရိုတိုတွန်ကောင်ကြီးတစ်မျိုးတည်းပဲ ဆိုရင် အဲဒါ ကြက်ကန်းဆန်အိုးတိုးတာပဲ ဖြစ်မှာပါ။ ဒါပေမယ့် အဲဒီအချိန်ကာလမှာပဲ ဒိုင်ပရိုတိုတွန်ကောင်ကြီးတွေနဲ့အတူ ၉၀ ရာခိုင်နှုန်းသော သြစတေးလျ ဒေသတွင်းတိရိစ္ဆာန်ကြီးတွေလည်း ပျောက်ကွယ်သွားခဲ့တယ်။ ဒီအထောက်အထားကို လက်ဆုပ်လက်ကိုင် သက်သေမပြနိုင်ပေမယ့်လည်း သြစတေးလျတိုက်ပေါ်က ရှိရှိသမျှသတ္တဝါတွေဟာ အေးခဲလို့ လဲသေကြကုန်တဲ့ အချိန်ကိုက်မှာ အဲဒီတိုက်ပေါ်ကို ဆေပီယန်စ်တွေ တိုက်တိုက်ဆိုင်ဆိုင် ရောက်လာတယ်လို့ စိတ်ကူးယဉ်ကြည့်ဖို့ ခက်ခဲလွန်းပါတယ်။

ဒုတိယ အထောက်အထားအရ ရာသီဥတုပြောင်းလဲတာကြောင့် အစုလိုက်အပြုံလိုက် မျိုးတုန်းခြင်းဖြစ်တယ်ဆိုရင် ကုန်းနေသတ္တဝါတွေလိုပဲ ရေနေသတ္တဝါတွေလည်း သေကျေပျက်စီးကြပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်း ၄၅,၀၀၀ မှာ သြစတေးလျတိုက်နားက ပင်လယ်နေတိရိစ္ဆာန်ကြီးတွေ အထူးတလည်ပျောက်ကွယ်သွားတဲ့ အထောက်အထားမျိုး မတွေ့ရပါဘူး။ သြစတေးလျတိုက်အနီးနားက ရေနေသတ္တဝါတွေ အသက်ချမ်းသာရာရပေမယ့် တိုက်ပေါ်က ကုန်းနေဒေသတွင်းတိရိစ္ဆာန်ကြီးတွေ လှိုင်းလုံးတွေလို မျိုးတုန်းပျောက်ကွယ်သွားတာဟာ လူသားတွေကြောင့်သာဖြစ်တယ်လို့ အလွယ်တကူရှင်းပြလို့ ရပါတယ်။ လူသားတွေရဲ့ ရေကြောင်းသွာလာမှုစွမ်းရည် အလျင်အမြန်ဖွံ့ဖြိုးလာနေခဲ့ပေမယ့် ဟိုမိုဆေပီယန်စ်တွေဟာ ကုန်းပေါ်မှာပဲ အန္တရာယ်အရှိဆုံးသတ္တဝါ ဖြစ်နေခဲ့သေးတာပါ။

တတိယ အထောက်အထားအရ နောင်လာတဲ့ထောင်စုနှစ်အတွင်းမှာ လူသားတို့အခြေချတဲ့ ပြင်ပကမ္ဘာကနေရာတိုင်းမှာ သြစတေးလျမျိုးတုန်းမှုနဲ့တူတဲ့ သတ္တဝါတွေအကြီးအကျယ် မျိုးတုန်းမှုကို ထပ်ဖန်တလဲလဲ တွေ့ရပါတယ်။ ဒီလိုကိစ္စတွေကျေတော့ ဆေပီယန်စ်တို့ရဲ့ အပြစ်ဆိုတာ ငြင်းလို့မရတော့ပါဘူး။ 

ဥပမာအားဖြင့် စောစောက ပညာရှင်တစ်ချို့စွပ်စွဲခဲ့တဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၅,၀၀၀ က ရာသီဥတုပြောင်းလဲမှုမှာ နယးဇီလန်က ဒေသတွင်းတိရိစ္ဆာန်ကြီးတွေဟာ ဘာခြစ်ရာလေးမှမဖြစ်ဘဲ ရှင်သန်ခဲ့ကြပါတယ်။ သို့ပေမယ့် နယူးဇီလန်ကျွန်းပေါ်ကို လူသားတို့ ပထမဆုံးခြေချလိုက်တဲ့ခဏမှာပဲ အဲဒီဒေသက တိရိစ္ဆာန်တွေ အကြီးအကျယ် သေကျေပျက်စီးတော့တာပဲ။ နယူးဇီလန်ကျွန်းရဲ့ ပထမဆုံး ဆေပီယန်စ်နယ်ချဲ့သူ၊ မာအိုရီလူမျိုးတွေဟာ လွန်ခဲ့တဲ့နှစ် ၈၀၀ လောက်က ကျွန်းပေါ်ရောက်ခဲ့ကြတာပါ။ ရာစုနှစ် ၂ခုအတွင်းမှာပဲ အဲဒီက ဒေသတွင်းတိရိစ္ဆာန်ကြီးတွေဟာ အခြား ၆၀ ရာခိုင်နှုန်းသော ငှက်မျိုးစိတ်အားလုံးနဲ့အတူ မျိုးတုန်းသွားခဲ့ပါတယ်။

အာတိတ်သမုဒ္ဒရာ ရန်ဂီကျွန်း (ဆိုက်ဘေးရီးယား မြောက်ဘက်ကမ်းရိုးတန်းမှ ကီလိုမီတာ ၂၀၀ခန့်) ပေါ်က အမွှေးရှည်ဆင်ကြီးတွေလည်း အလားတူကံကြမ္မာမျိုး ကြုံခဲ့ရပါတယ်။ အမွှေးရှည်ဆင်ကြီးတွေဟာ ကမ္ဘာ့မြောက်ဘက်ခြမ်းမှာ နှစ်သန်းပေါင်းများစွာ ကြီးထွားရှင်သန်ခဲ့တယ်။ ဒါပေမယ့် ဟိုမိုဆေပီယန်စ်တို့ အာရှ-ဥရောပကနေ စပြီး မြောက်အမေရိကထိ ပြန့်ပွားလာတာနဲ့အမျှ အမွှေးရှည်ဆင်ကြီးတွေ နောက်ဆုတ်သွားခဲ့ကြတယ်။ အထူးသဖြင့် ရန်ဂီကျွန်းလို ဝေးလံတဲ့ အာတိတ်ကျွန်းတစ်ချို့ကလွဲလို့ လွန်ခဲ့တဲ့နှစ်တစ်သောင်းကစပြီး ကမ္ဘာပေါ်မှာ အမွှေးရှည်ဆင်ကြီးတစ်ကောင်မှ မတွေ့ရတော့ပါဘူး။ ရန်ဂီကျွန်းပေါ်က အမွှေးရှည်ဆင်ကြီးတွေကတော့ နောက်ထပ်နှစ်ထောင်ပေါင်း အနည်းအငယ်အထိ ရှင်သန်နေတုန်းပါ။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀၀ လောက်မှာတော့ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ကြတယ်။ အဲဒီအချိန်မှာပဲ လူသားတွေ အဲဒီကျွန်းပေါ်ကို ပထမဆုံးရောက်လာခဲ့ကြတာပါ။

သြစတေးလျမျိုးတုန်းမှုဟာ သီးသန့်အဖြစ်တစ်ခုပဲလား။ လူသားတွေကြောင့် ဟုတ်မဟုတ်ဆိုတာ ကျွန်တော်တို့ သံသယ ဝင်နိုင်ပါတယ်။ ဒါပေမယ့် သမိုင်းမှတ်တမ်းကိုပြန်ကြည့်မယ်ဆိုရင် ဟိုမို ဆေပီယန်စ်တွေဟာ ဂေဟပတ်ဝန်းကျင်စိတ္တဇလူသတ်သမားနဲ့ တူပါတယ်။

သြစတေးလျတိုက်ကို သွားရောက်အခြေချခဲ့တဲ့ လူတွေမှာ ကျောက်ခေတ်နည်းပညာပဲ ရှိတာ။ သူတို့အနေနဲ့ ဘယ်လိုလုပ် ဂေဟပတ်ဝန်းကျင်ပျက်စီးမှုကြီးဖြစ်အောင် လုပ်နိုင်မှာလဲလို့ မေးခွန်းထုတ်နိုင်ပါတယ်။ ဒီအရာကို ကောင်းစွာချိတ်ဆက် ရှင်းပြမယ့် ရှင်းလင်းချက် ၃ ခု ရှိပါတယ်။

သြစတေးလျမျိုးတုန်းမှုမှာ မူလဓားစာခံတွေဖြစ်တဲ့ဖြစ်တဲ့ သားကောင်ကြီးတွေဟာ မွေးဖွားမှု နှေးကွေးပါတယ်။ ပြီးတော့လည်း ကိုယ်ဝန်ဆောင်ချိန်ကြာမြင့်ပြီး တစ်ကောင်တစ်ယောက်မွေးတာ နည်းတယ်။ ကိုယ်ဝန်ဆောင်တာ တစ်ခုနှင့်တစ်ခုကြားလည်း ခြားနားချိန်လည်း ကြာပါတယ်။ ရလဒ်အနေနဲ့ လူသားတွေက ဒိုင်ပရိုတိုတွန်တစ်ကောင် လအနည်းငယ်ကြာမှ တစ်ကောင်ပဲသတ်တယ်ထားဦး ဒိုင်ပရိုတိုတွန်တွေရဲ့ သေဆုံးမှုဟာ သူတို့ရဲ့မွေးဖွားနှုန်းကို ကျော်သွားဖို့လုံလောက်ပါတယ်။ ထောင်စုနှစ်အနည်းငယ် အတွင်းမှာပဲ အထီးကျန်နောက်ဆုံးဒိုင်ပရိုတိုတွန် သေသွားပါလိမ့်မယ်။ သူနဲ့အတူ သူတို့မျိုးစိတ်တစ်ခုလုံး ပါသွားတာပါပဲ။

တကယ်တော့ ဒိုင်ပရိုတိုတွန်နှင့်အခြားသြစတေးလျသတ္တဝါကြီးတွေဟာ အကောင်ကြီးပေမယ့် အမဲလိုက်ဖို့ ခက်ခဲခဲ့မှာ မဟုတ်ပါဘူး။ ခြေနှစ်ချောင်းတိုက်ခိုက်သူ(လူသား)တွေရဲ့ အမဲလိုက်တာ လုံးဝ တအံ့တသြနဲ့ပဲ ခံခဲ့ရမှာပါ။ အာရှ-အာဖရိကမှာ လူသားမျိုးစိတ်အမျိုးမျိုးဟာ သွားလာရင်းဆင့်ကဲပြောင်းလဲခဲ့တာ နှစ် ၂သန်းရှိပါပြီ။ သူတို့တွေရဲ့ အမဲလိုက်စွမ်းရည် တဖြည်းဖြည်းတိုးတက်လာလိုက်တာ လွန်ခဲ့တဲ့ နှစ် ၄၀၀,၀၀၀ ကစပြီး ကြီးမားတဲ့သတ္တဝါကြီးတွေကို စတင်အမဲလိုက်လာခဲ့တာပဲ။ အာရှနှင့်အာဖရိက က သားကောင်ကြီးတွေကလည်း လူသားတွေနဲ့တွေ့ရင် ရှောင်ရမှန်း သိလာခဲ့တယ်။ ဒါကြောင့် ဟိုမို ဆေပီယန်စ်တွေ အာရှ-အာဖရိကမြေပြင်မှာ မဟာအမဲလိုက်သူအသစ်အဖြစ် ပေါ်လာတော့ သားကောင်ကြီးတွေလည်း လူနဲ့တူတဲ့သတ္တဝါမှန်သမျှကနေ ဝေးသထက်ဝေးအောင် နေခဲ့ကြတယ်။ သို့ပေမယ့် သြစတေးလျတိုက်က သတ္တဝါကြီးတွေကတော့ ဝေးဝေးပြေးရမယ်လို့ သဘောပေါက်ဖို့ အချိန်မရခဲ့ဘူး။ လူသားတွေကိုကြည့်ရတာ အန္တရာယ်ရှိပုံလည်း မပေါက်ဘူး။ သူတို့မှာ ရှည်လျားချွန်မြတဲ့အစွယ်တွေ၊ ကြွက်သားတွေနဲ့ ပျော့ပျောင်းတဲ့ ခန္ဓာကိုယ်ကြီးတွေလည်း မရှိဘူး။ ဒါကြောင့် ကမ္ဘာ့ပေါ်မှာ အကြီးဆုံးမာဆူပီယယ်အဖြစ် သွားလာနေထိုင်ခဲ့တဲ့ ဒိုပရိုတိုတွန်တစ်ကောင်ဟာ လူဝံနဲ့တူတဲ့ပိန်ပိန်ပါးပါး သတ္တဝါတစ်ကောင်ကိုတွေ့တယ်။ တွေ့တော့လည်း တစ်ကြိမ်လောက်ပဲကြည့်ပြီး သူ့ဟာသူ အရွက်တွေဆက်စားနေခဲ့မှာပဲ။ ဒီအကောင်ကြီးတွေအနေနဲ့ လူသားတွေကိုကြေက်ရွံ့တတ်ဖို့ ဆင့်ကဲပြောင်းလဲရဦးမှာ။ ခုတော့လည်း အဲ့လိုမလုပ်နိုင်ခင် ပျောက်ကွယ်သွားခဲ့ကြတာ။

ဘာသာပြန် - မာန်သီဟထွန်း

ပုံတွေကို အောက်ပါလင့်တွေကနေ ယူပါတယ်။

https://prehistoric-fauna.com/Diprotodon
https://www.abc.net.au/…/australian-diprotodon-may-…/8988510
https://phys.org/…/2017-03-woolly-mammoths-experienced-geno…
https://newsroom.unsw.edu.au/…/climate-change-likely-killer…