Breaking News

သန်းဝင်းလှိုင် - ကင်းဝန်မင်းကြီးဦးကောင်း




သန်းဝင်းလှိုင် - ကင်းဝန်မင်းကြီးဦးကောင်း

(မိုးမခစာအုပ်စင်ကောက်နှုတ်ချက်) မေ ၃၀၊ ၂၀၁၉

နိဒါန်း
မြန်မာမင်းတို့၏ သက်ဦးဆံပိုင် အုပ်ချုပ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲကာ အနောက်ဥရောပနိုင်ငံများကဲ့သို့ အစိုးရ ဝန်ကြီးအဖွဲ့ဖြင့် အုပ်ချုပ်သော စည်းမျဉ်းခံဘုရင်စနစ်ကို ကျင့်သုံးလိုသော တိုင်းပြုပြည်ပြုသုခမိန် ကင်းဝန်မင်းကြီး ဦးကောင်းသည် မြန်မာ့သမိုင်းတွင်သာမက မြန်မာစာပေ သမိုင်း၌လည်း အထူးထင်ရှားသော စာပေပညာရှင်သက်တော် ရှည် အမတ်ကြီးတစ်ပါး ဖြစ်ပေသည်။

ကင်းဝန်မင်းကြီးသည် ကုန်းဘောင်ခေတ်နှောင်းပိုင်းတွင် ခေတ်မမီဘဲ ကျန်ရစ်ခဲ့သည့် မြန်မာနိုင်ငံကို ခေတ်မီဖွံ့ဖြိုး တိုးတက်သော အခြားနိုင်ငံတို့နှင့် ရင်ပေါင်တန်းလိုက်နိုင်အောင် အုပ်ချုပ်ရေး၊ တရားရေး၊ နိုင်ငံခြားဆက်ဆံရေး၊ ပြုပြင်ပြောင်း လဲရေးတို့ကို ကြိုးပမ်းဆောင်ရွက်ခဲ့သည့်ပုဂ္ဂိုလ် ဖြစ်သည်။

အခန်း (၁) - ငယ်စဉ်ဘဝ
မင်းကြီးသတိုး သုဓမ္မမဟာ သက်တော်ရှည်ဟူသော မင်းပေးဘွဲ့ဖြင့် ချီးမြှင့် မြှောက်စားခြင်း ခံယူရရှိခဲ့သည့် ဝန့်ရှင်တော်၊ ကင်းဝန်၊ သေနတ်ဝန်၊ လယ်ကိုင်းမြို့စားမင်းကြီး ဦးကောင်းကို ရတနာပူရ စကုတ္တ မြို့တည်၊ နန်းတည် မဟာဝိဇယရံသီစေတီတော် ဒါယကာ စစ်ကိုင်းမင်းတရားကြီးလက် ထက် မုံရွာမြို့အနောက်ဘက် သလ္လာဝတီမည်သော ချင်းတွင်းမြစ်၏ လကျာ်ဘက်ကမ်း ဗန့်ကျီတိုက်နယ် ဆင်ရှင်မြို့နယ်၊ မုန်တိုင်ပင်ရွာ (နောင် မင်းတိုင်ပင်ရွာ) (ယခု စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ပုလဲမြို့နယ် မင်းတိုင် ပင်စံပြကျေးရွာ)တွင် အဖအတွင်းခြောက်စု နတ်သျှင်ရွေးသေနတ်အစု အမှုထမ်းတပ်၌ အမှုထမ်းရွက်နေသော သွေးသောက်ကြီး ဦးမှိုနှင့် အမိ ဒေါ်နှင်းဆီ (ဒေါ်မယ်မင်းစီ)တို့မှ မြန်မာသက္ကရာဇ် ၁၁၈၃ ခုနှစ်၊ တပို့တွဲ လဆန်း ၁၂ ရက် (ခရစ်နှစ် ၁၈၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်) တနင်္ဂနွေ နေ့တွင် ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်ချင်းဖြစ်၍ မွေးချင်းခုနစ်ယောက် တွင် ဒုတိယမြောက်ဖြစ်သည်။ မွေးချင်းများမှာ ဒေါ်အိမ်ကြွယ်၊ ဦးချင်း (ကင်းဝန်မင်းကြီး)၊ ဦးချောင်၊ မဗူး၊ ဦးရွှေ၊ ဦးသာ၊ မထူးတို့ ဖြစ်ကြသည်။

ကင်းဝန်မင်းကြီး၏ ဆွေစဉ်မျိုးဆက်ဇယားမှာ အောက်ပါအတိုင်း ဖြစ်သည်။


ကင်းဝန်မင်းကြီး၏ဖခင် ဦးမှိုသည် ပုလဲမြို့နယ်၏ အနောက်ဘက်တွင် ရှိသည့် မုန်တိုင်ပင်နယ်သားဖြစ်ပြီး နတ်သျှင်ရွှေး သေနတ်အမှုထမ်း ဖြစ်သည်။ ပုလဲနှင့် ဆားလင်းကြီးမြို့နယ်တွင် ပါဝင်သော ဗန့်ကျီဒေသသည် အပြင်ခြောက်စို့ နတ်သျှင်ရွေး သေနတ်အစု အမှုထမ်းအတွက် စစ်သည်အများ ဆုံး စုဆောင်းပေးရသောနယ် ဖြစ်သည်။ သွေးသောက်ကြီး ရာထူးအထိ တိုးမြှင့်ခြင်းခံရသော ဦးမှိုသည် အငြိမ်းစားယူပြီးနောက် ဇာတိရပ်ရွာ၌ ပြန်လည်နေထိုင်ပြီး ဆေးဆရာအဖြစ် အသက်မွေးဝမ်းကျောင်းပြုသည်။ သို့ရာတွင် ဦးမှို၏ အလုပ်အကိုင်နှင့် ပတ်သက်၍ ကိုလိုနီခေတ် ဖျာပုံမြို့ အရေးပိုင် မစ္စတာ ဘာရက်တိုက စစ်သည်ဟုသာ ဆိုသည်။ အချို့က ဆေးဆရာလည်းဖြစ်သည်ဟု ဆိုသည်။ သို့သော် တော်စိန်ခို၏ ““Burmese Sketches’’ စာအုပ်တွင်မူ ဦးမှိုအား စစ်သည်တစ်ဦးသာဖြစ်သည်ဟု ဆိုသည်။

ကင်းဝန်မင်းကြီးမိခင် ဒေါ်နှင်းဆီကို ရပ်ရွာက မမင်းစီဟု ခေါ်ကြ သည်။ ၁၉၃၆ ခုနှစ်တွင် ဦးမောင်မောင်တင် (K.S.M, A.T.M) ပြုစုသည့် 'ကင်းဝန်မင်းကြီးသမိုင်း' စာအုပ်တွင်မူ ကင်းဝန်မင်းကြီး၏ မိခင်ကို 'မယ်စီ' ဟု သုံးနှုန်းထားသည်။ မင်းတုန်းမင်းလက်ထက်တွင် ဦးမှိုသည် သားဖြစ်သူ ကင်းဝန်မငး်ကြီးထံ အလည်အပတ်သွားရောက်စဉ် ကွယ်လွန်ခဲ့ သည်။ ထိုအချိန်မှစ၍ ကင်းဝန်မင်းကြီးသည် မိခင်ဖြစ်သူအား လစဉ် ရူပီးငွေ (၁၀ဝ) လစဉ် ထောက်ပံ့သည်။ ထို့ပြင် ကင်းဝန်မင်းကြီးသည် မိခင်ဖြစ်သူ ဒေါ်နှင်းဆီအား ဘုရားတည်၊ ကျောင်းဆောက် လှူဒါန်းရန်အတွက် ရူပီးငွေ (၃၀ဝ) ထောက်ပံ့ခဲ့သေးသည်။ ယခုအခါ ဒေါ်နှင်းဆီ ဆောက်လုပ် လှူဒါန်းခဲ့သော ဘုန်းကြီးကျောင်းမှာ မရှိတော့သော်လည်း စေတီမှာမူ ဘုန်းကြီးပရဝဏ်အတွင်း၌ တည်ရှိနေသေးသည်။ ယင်းမုန်တိုင်ပင်ရွာ၌ပင် မိခင် ဒေါ်နှင်းဆီသည် ၁၈၉၁ ခုနှစ်တွင် ကွယ်လွန်ခဲ့ရာ ပုလဲမြို့၏ အနောက် ဘက် (၈) မိုင်အကွာရှိ ရွာသင်္ချိုင်း၌ ဂူသွင်းမြှုပ်နှံထားသည်။ အုတ်ဂူတွင် ကင်းဝန်မင်းကြီးကိုယ်တိုင် ရေးထိုးခဲ့သော ကမ္ပည်းကျောက်စာ ရှိသေးသည်။

ဦးမှို၏ တတိယသား မောင်ချောင်သည် စစ်ကဲကြီးဖြစ်ပြီး ဗန့်ကျီ တပ်သားအားလုံးကို ကြီးမှူးရသည်။ မောင်ချောင်ကို မင်းတုန်းမင်းက ရွှေဘယက်တစ်ခု ချီးမြှင့်ခဲ့သည်။ ၎င်းသည် သီပေါမင်းလက်ထက်တွင် ကွယ်လွန်သွားသည်။ ဦးမှို၏ စတုတ္ထမြောက်သမီးမှာ မဗူးဖြစ်၍ သမီးမစော နှင့် မပုံတို့နှစ်ဦး ထွန်းကားသည်။ ၎င်းတို့နှစ်ဦးစလုံးသည် ဆားလင်းကြီးမှ ဗန့်ကျီတိုက်စာရေး ဦးကြွားနှင့် လက်ထပ်ခဲ့ကြသည်။ ဦးကြွားနှင့် မစောတို့ မှ သား ဦးဖိုးဖြူ (ခရိုင်မြေတိုင်းစာရေး) ထွန်းကားသည်။ ဦးဖိုးဖြူသည် နောက်ပိုင်းတွင် ဗန့်ကျီတိုက်နယ် အနောက်ပိုင်းမြို့အုပ် ဖြစ်လာခဲ့သည်။ သူသည် နောင်တွင် မြေတိုင်းဌာန၌ပင် အင်စပိတ်တော် ဖြစ်လာသည်။ ဤ ရာထူးဖြင့်ပင် အငြိမ်းစားယူခဲ့သည်။ ပထမကမ္ဘာစစ်အတွင်းက ဦးဖိုးဖြူသည် စစ်သားစုဆောင်းရေး အရာရှိအဖြစ် ကောင်းစွာ အမှုထမ်းခဲ့သောကြောင့် ၁၉၂၀ ပြည့်နှစ်တွင် ဂုဏ်ထူးဆောင်လက်မှတ်နှင့် ရွှေလက်ပတ်နာရီ ဆုချီး မြှင့်ခြင်း ခံရသည်။ နောက်ပိုင်းတွင် ရှေ့နေအဖြစ် အသက်မွေးခဲ့ပြီး အောက် ချင်းတွင်းနယ်တွင် ဥပဒေပြုကောင်စီ အမတ်တစ်ဦး ဖြစ်လာသည်။ သူဇနီး အမည်မှာ မမြင့် ဖြစ်သည်။ သူနှင့် သူ့ဇနီးတို့၏ ဂူသင်္ချိုင်းကို မိသားစုမြှုပ်နှံသည့် နေရာ၌ပင် မြှုပ်နှံထားသည်။

ဦးမှို၏ ပဉ္စမမြောက်သားမှာ ဦးရွှေ ဖြစ်သည်။ ဦးမှို၏ ဆဋ္ဌမမြောက် သားမှာ ဦးထာ ဖြစ်သည်။ ဦးထာသည် ကင်းတပ်စာရေးဖြစ်ပြီး ကင်းတပ် တွင်ပင် ကွယ်လွန်သည်။

ဦးမှို၏ နောက်ဆုံးသမီးမှာ မထူး ဖြစ်သည်။ မထူးမှာ ဦးကံတော်နှင့် အိမ်ထောင်ကျ၍ သား ဦးဖိုးသာ၊ ဦးသာမိုး၊ ဦးဖိုးဦး (မုန်တိုင်ပင်ရွာသူကြီး)၊ ဦးတောက်ထွန်း၊ ဦးရေချမ်း (မိုင်းကိုင်မြို့နယ်)၊ ဦးရွှေဝန်နှင့် သမီးနှစ်ဦး ထွန်းကားခဲ့သည်။ သမီး၏ အမည်များကိုမူ မသိရချေ။


ကင်းဝန်မင်းကြီးနှမ မထူး၏သမီးမှ ဦးရွှန်းမြိုင်+ဒေါ်မြမေ၏သား မောင်ကျော်ဆန်း (နောင် ပြန်ကြားရေးဝန်ကြီးနှင့် သမဝါယဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း) ဆင်းသက်သောကြောင့် ကင်းဝန်မင်းကြီးတူမ မှ မွေးသော မြေးဖြစ်သည်။