Breaking News

စိုးမြင့်စိုး ● မိုးရွာမည်ကို စိုးရိမ်သော ဣတ္ထိယ အလုပ်ကြမ်းသမား

 စိုးမြင့်စိုး ● မိုးရွာမည်ကို စိုးရိမ်သော ဣတ္ထိယ အလုပ်ကြမ်းသမား
(မိုးမခ) မေ ၂၉၊ ၂၀၁၉

ကဆုန်လ နွေပူပူအောက်တွင် အုတ်ခဲတင်လှည်း တွန်းနေသည့် မနွဲ့ဌေး၏ခန္ဓာကိုယ် အရေပြားပေါ်သို့ ကျရောက်နေသော အပူဒဏ်ထက် ရင်ထဲမှ သောကအပူတို့က မနွဲ့ဌေးကိုပို၍ လောင်မြိုက်နေသည်။

မကြာမီကာလမှာ မိုးကျပေတော့မည်။ မိုးနှင့်အတူ ပါလာမည့် မုတ်သုံလေနှင့်အတူ ကန်ကြီးထောင့်မြို့၊ ချောင်းကန့်လန့် ကျေးရွာမှ မနွဲ့ဌေးတို့ မိသားစု ဘဝများလည်း လွင့်မျောရတော့မည်ပင်။

မိုး ဦးမကျမီအချိန်အထိ ဒီလုပ်ငန်းလေးကို ဆက်၍လုပ်ကိုင်နိုင်မည်ဖြစ်သောကြောင့်ပင် ကြိုးစားလုပ်ထားနိုင်ပါမှ ငွေပိုငွေလျှံလေးစုဆောင်းနိုင်ပြီး မိုးတွင်းမှာ စားရေးသောက်ရေး အဆင်ပြေနိုင်မည်ဖြစ်သည်။

နာမည်တွင်သာ  "နွဲ့"  ပါဝင်သော်လည်း အလုပ်နှင့်ပတ်သက်လျှင် မနွဲ့ဌေး မနွဲ့တတ်ပါ။ ရွှံ့လုံးရမည်လား၊ လှည်းထိုးရမည် လား၊ ကျရာနေရာမှာလုပ်နိုင်သလို ယောကျ်ားသားတွေနှင့်ယှဉ်ပြီး အုတ်ပေါက်ရမည်လား၊ မနွဲ့ဌေး လုပ်နိုင်၏။

''လူလိုတဲ့နေရာ ဝင်ပြီးလုပ်လိုက်တာပဲ၊ ဘယ်နေရာလို့ ရွေးမနေပါဘူး၊ အလုပ်လုပ်မှ ပိုက်ဆံရမှာ" ဟု အသက် ၃ဝ ဝန်း ကျင်ရှိပြီဖြစ်သည့် မနွဲ့ဌေးက ပြောသည်။

ဒေသအသီးသီးတွင် အပူရှိန်မြင့်မားနေရာ မနွဲ့ဌေးတို့ မြစ်ဝကျွန်းပေါ်ဒေသသည်လည်း ပူပြင်းလှသည်။


အုတ်လုပ်ငန်းကို ပွင့်လင်းရာသီချိန် တန်ဆောင်းမုန်းလမှစ၍ လုပ်ကိုင်ကြပြီး မိုးဦးကျတွင် လုပ်ငန်းသိမ်းကြသည်။ ပူပြင်း သည့် နေရောင်ကိုအားကိုးရသည့်လုပ်ငန်းဖြစ်သည့်အတွက် နေပူရှိန်ပြင်းပြင်းအောက် ချွေးပေါက်ပေါက်ကျသော်လည်း မနွဲ့ဌေးတို့က နေပူလျှင်လည်း ပျော်ရသည်။

 ယခုကဲ့သို့ မိုးဦးကျတော့မည်ဆိုလျှင် ရင်ထဲမှ သောကအပူက၊ နွေနေထက် ပိုပူပြင်းသည်ဟု ပြောရသည်မှာ မိုးတွင်းကာလ တလျှောက်လုံး အလုပ်မရှိ ကြုံရာကျပန်း လုပ်ကိုင်စားသောက်ရမည့်ဖြစ်စဉ်ကို မနွဲ့ဌေးတို့ စဉ်းစားမိကြသောကြောင့် ဖြစ် လေသည်။

● ရရစားစား
မနွဲ့ဌေးတို့အုတ်ရိုက်ခုံတွင် လုပ်ကိုင်ကြသည့် ၅ ဦးမှာ ဆွေမျိုးသားချင်းမောင်နှမတွေချည်းသာဖြစ်သည့်အတွက်   ရရှိသည့် ငွေကို အညီအမျှခွဲဝေယူကြရာ  တနေ့ ဝင်ငွေ ၆,၀၀၀ ကျော်စီ ရှိကြသည်။

မနွဲ့ဌေးတို့မှာ ငွေပိုငွေလျှံ မရှိပေ။ ယမန်နှစ်က အုတ်ခဲဖိုပိုင်ရှင်ထံမှ ယူထားသည့်အကြွေးကိုလည်း ဖဲ့ဆပ်ရသေးသည်။ ဝိုင်း လုပ်ကြသည့်ထဲမှ တယောက်ကျန်းမာရေးမကောင်းပါက  အားလုံးအလုပ်ပျက်ရသည်။ ၄ ဦး အနည်းဆုံးရှိမှ လုပ်ငန်း လုပ် ကိုင်နိုင်သည်၊  လူစားထိုးရန် အသင့်မရှိပါက အလုပ်ရပ်ရမည်။

ပုသိမ်မြို့နှင့် သုံးမိုင်ခန့်အကွာ ပေါက်တောရွာလေး၏အစွန် လယ်ကွင်းများအကြားတွင် မနွဲ့ဌေးတို့ မွေးချင်းတစု  ရောက်ရှိခဲ့ သည်မှာ ၆ လခန့် ရှိတော့မည်။  နေဖြစ်သည်ဆိုရုံ တဲလေးထိုး၍ ဝမ်းဝရုံ စားသောက်ကာ နေပူကျဲကျဲအောက်  ရွှံ့နှင့်ရုန်းခဲ့ သော်လည်း  အုတ်လုပ်ငန်းရာသီချိန်သာ ကုန်ဆုံးတော့မည်။ ငွေစအနည်းငယ်သာ စုဆောင်းမိသေးသည်ဟု  မနွဲ့ဌေးက သောကမအေးသည့်မျက်နှာနှင့် ဆိုသည်။


"ငွေကတော့ များများမစုမိဘူးပေါ့၊ ကလေးနှစ်ယောက်ကို ကျောင်းထားနိုင်တာပဲ အဖတ်တင်ပါတယ်။ သားကြီးက (၉)တန်း၊ သမီးငယ်က (၇) တန်း၊ သူတို့ကို ကျောင်းထားနိုင်တာပေါ့။ ရွာပြန်ရမယ့်စရိတ်၊ ရွာပြန်ရောက်ရင် အိမ်ပြန်ပြင်ရမှာနဲ့၊ မိုးတွင်းစာ မကျန်တော့ဘူး၊ အဲဒီတော့လည်း အလုပ်ရှင်ဆီက နောင်နှစ်အတွက် ငွေကြိုယူရတာပေါ့။ နောင်နှစ်အလုပ်လုပ် ရင်းနဲ့ ပြန်ဆပ်၊ ဒီလိုပဲ ဘဝက သံသရာလည်နေတာပါပဲ" ဟု မနွဲ့ဌေးက ဘဝအမောကို ဖောက်သည်ချသည်။

နေပူထဲမှ သူတို့၏အလုပ်ချိန်သည် အခြားသူများနှင့် မတူကွဲပြားသည်။

မနက်လေးနာရီခန့် အိပ်ယာ ထပြီး မနွဲ့ဌေးက ထမင်းအိုး၊ ရေနွေးအိုးတည်သည်။ မနက်ငါးနာရီခန့် လုပ်ငန်းခွင်ဝင်ပြီး ခြောက်နာရီခွဲခန့်တွင် မနက်စာ၊ ဆယ့်တနာရီခန့်တွင် နေ့လယ်စာစားကြသည်။ ယင်းနောက်  နေ့လယ်ဘက် နေပြင်းလွန်း သဖြင့် အနားယူကြကာ ညနေလေးနာရီခန့်တွင် အလုပ်ပြန်ဝင်ကြသည်။  ညရှစ်နာရီ၊ ကိုးနာ ရီခန့်အထိ အလုပ်လုပ်ကြသည်။  ညစာအတွက် ထမင်းအိုးကိုတော့ ကြုံသည့်သူက တည်ပြီး ဟင်းကိုဖြစ်သလို စားလိုက်ကြခြင်းသည် သူတို့၏ တနေ့စာ အချိန်ဇယားဖြစ်သည်။

ကလေးများလည်း လုပ်ငန်းခွင်တွင် ဝင်ရောက် ကူညီကြသည်ဟု ကလေးမိဘတဦးက  ဆိုသည်။

"အခု ကျောင်းပိတ်တဲ့ရက်တွေမှာ သားကနောက်ကျင်းမှာ အလုပ်ဆင်းတယ်။ သမီးက ရွှံ့လုံးတော့ ဝင်ငွေလေးပိုတာပေါ့။ သူတို့ရတဲ့ လုပ်အားခလေးနဲ့ သားကိုဖုန်းတလုံး တသိန်းကျော်နဲ့ ဝယ်ပေးလိုက်တယ်။ သမီးကိုတော့ နားဆွဲလေးလုပ်ပေး နိုင်တာကိုပဲ စိတ်ချမ်းသာရတယ်ဗျာ" ဟု ထိုသူက  ပီတိမျက်နှာဖြင့် စကားဆိုသည်။

အုတ်လုပ်ငန်းများ အများဆုံးလုပ်ကိုင်ကြသည်မှာ မြောင်းမြခရိုင်နှင့် ပုသိမ်ခရိုင်ဖြစ်ကြောင်း တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ထံမှ သိရသည်။  လပွတ္တာ၊ ဟင်္သာတ၊ ပန်းတနော်ခရိုင်တို့တွင်လည်း လုပ်ကိုင်ကြပြီး  ဖျာပုံခရိုင်တွင်မူ အုတ်လုပ်ငန်း လုံးဝမရှိဟု ဆိုသည်။

အုတ်လုပ်ငန်းရှင် ၇ဝ ကျော်ရှိသည်ဟူသော အိမ်မဲမြို့နယ်တွင် ဝန်ကြီးချုပ်အသစ်လက်ထက် ကွင်းဆင်း စာရင်းပြုစုရာ ၈၀ ကျော် ရှိနေသည်ကိုတွေ့ရကြောင်း အိမ်မဲမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီ ထွန်းက  ပြောသည်။


"အိမ်မဲမြို့နယ်မှာ အုတ်လုပ်ငန်းရှင် ၈၄ ဦးဆီက အုတ်တချပ်ကို တကျပ်နှုန်းနဲ့ အခွန်ငွေ (၁၆၇) သိန်း ရရှိထားတယ်။ အရင် နှစ်တွေကတော့ ဒီလိုစနစ်တကျမရှိခဲ့ဘူး" ဟု ဒေါ်ရီရီထွန်းက ပြောသည်။

● အစိုးရ ကိုင်တွယ်မှု
အခွန်တိတိကျကျ သတ်သတ်မှတ်မှတ် ကောက်ခံရန် ခက်ခဲနေသည်။ အုတ်လုပ်ငန်းဖြစ်သောကြောင့် လိုအပ်သည့် မြေ သားအတွက် နေရာအများအပြားတွင် တူးပြီးလုပ်ကိုင်သောကြောင့် ကျင်း၊  ချိုင့် များလာသည်။    အုတ်လုပ်ငန်းရှင်များအတွက် နေရာသတ်မှတ်မပေးနိုင်သလို စည်းမဲ့ကမ်းမဲ့လုပ်နေသည်များကို အရေးယူနိုင်ခြင်း မရှိသေးပေ။

သာပေါင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေ သကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်အောင်ဦးက ၎င်းတို့မြို့နယ်တွင် အုပ်လုပ်ငန်းလုပ်ကိုင်သူ များပြားလာသည်ဟု ဆိုသည်။

"အုတ်ဖုတ်မည့်မြေကို အခြားနည်းသုံးစွဲခွင့် တင်ပြီး ခွင့်ပြုချက်မရခင်ကတည်းက လုပ်ငန်းစလုပ်နေကြပြီး အဲဒီမြေဟာ ခွင့်ပြုပေးသင့်တဲ့မြေ ဟုတ်ဟုတ်/မဟုတ်ဟုတ်၊ လုပ်ငန်းစတင်ပြီးတာကြောင့် ခွင့်မပြုသင့်တဲ့မြေဖြစ်နေရင် လယ်ယာမြေ ကောင်းတွေ ပျက်စီးဆုံးရှုံးနိုင်တယ်၊ ဒီလိုအခြေအနေကို အောက်ခြေ တာဝန်ရှိသူတွေ အနေနဲ့ အထက်အဆင့်ဆင့်အထိ စနစ်တကျ ကြပ်မတ်စီစစ်ပြီး ခွင့်ပြုပေးသင့်တယ်" ဟု ဦးအောင်အောင်ဦးက ပြောသည်။

သာပေါင်းမြို့နယ်အတွင်း ငဝန်မြစ်ရိုးနှင့် တောင်ကလေး၊ ဆောင်ပုံလမ်းနှစ်ခုအကြားတွင် လုပ်ကိုင်နေကြသော အုတ်လုပ် ငန်းများကြောင့် ချိုင့်ကြီး၊ ကျင်းကြီးများ ဖြစ်နေပြီး ကားလမ်းနယ်နိမိတ်နှင့် အလွန်နီးကပ်စွာ တူးဖော်လုပ်ကိုင်နေခြင်းများကြောင့် လာမည့်နှစ်များအတွင်း ၎င်းလမ်းပိုင်း ပျက်စီးနိုင်သလို ကမ်းပါးပြိုနိုင်ကြောင်း၊ အခွန်ငွေရရှိမှု တခုတည်းသာကြည့်ပြီး လိုင်စင်ချထားပေးခြင်းမျိုးကို စနစ်တကျ ကြပ်မတ်ပေးရန် လိုကြောင်း သာပေါင်းမြို့နယ်ဒေသခံများက ပြောဆိုသည်။

ဝါးခယ်မမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းက ၎င်းတို့ထံတွင်လည်း အလားတူ အခြေအနေ ဖြစ်ပေါ်နေသည်ဟု ဆိုသည်။

"ကျမတို့ ဝါးခယ်မမြိ့နယ်မှ အုတ်၊ သဲ၊ ကျောက်ရောင်းဝယ်ရေးလုပ်ငန်းတွေ မှိုလိုပေါက်နေတယ်။ တရားဝင် လုပ်ငန်းတွေ စာရင်းတောင်းပေမဲ့ သက်ဆိုင်ရာဌာနတွေက မပေးဘူးဆိုတော့ တရားမဝင်လုပ်ငန်းတွေ ရှိနေတယ်ဆိုတာ သေချာပါတယ်။ အုတ်၊ သဲ၊ ကျောက် ထုတ်လုပ်သူ လုပ်ငန်းရှင်စာရင်းကလည်း ပွင့်လင်းမြင်သာ မရှိတော့ ဖြတ်ပိုင်းမပါတဲ့ ငွေစီးဆင်းမှုတွေနဲ့ လည်ပတ်နေတယ်လို့ ယူဆရင် မမှားနိုင်ပါဘူး" ဟု ဒေါ်မြင့်မြင့်စန်းက ဝေဖန်သည်။

တိုင်းဒေသကြီး အစိုးရစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းက အုတ်လုပ်ငန်းနှင့်ပတ်သက်ပြီး ဂရုတစိုက် ကိုင်တွယ်နေ သည်ဟု ဆိုသည်။

"အုတ်လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိရေးအတွက် လယ်ယာမြေစီမံခန့်ခွဲမှုအရ အခြားနည်းအသုံးပြုခွင့်အား စီမံခန့်ခွဲရေး အဖွဲ့များ က လုပ်ထုံးလုပ်နည်းများနှင့်အညီ လျင်မြန်စွာ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အုတ်လုပ်ငန်းနှင့်ပတ်သက်၍ လယ်ယာ မြေ အခြားနည်း အသုံးပြုခွင့်အား လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြဆောင်ရွက်ရပြီး ဥယျာဉ်ခြံမြေနှင့် ပတ်သက်၍ လယ်ယာမြေ အခြားအသုံးပြုခွင့်အား တိုင်းအစိုးရအဖွဲ့က ခွင့်ပြုပေးပါတယ်။ တနှစ်တရာသီ ခွင့်ပြုဆောင်ရွက်လျက်ရှိပြီး သီးနှံစိုက်ပျိုးဖြစ်ထွန်းမှုမရှိသော လယ်ယာမြေများပေါ်တွင်သာ ဆောင်ရွက်စေပြီး လယ်ယာမြေကောင်းများ မထိခိုက်စေရေး အတွက် အထူးဂရုပြု ဆောင်ရွက်လျက်ရှိပါတယ်" ဟု ဝန်ကြီး ဦးဌေးဝင်းက ပြောသည်။

● ဘဝသံသရာ
လုပ်သားငါးဦးပါဝင်သည့် အုတ်ရိုက်ခုံတခုံသည် တနေ့လျှင် အနည်းဆုံးအုတ်ချပ်ရေ ၂,၀၀၀ခန့် ထွက်ရှိနိုင်ပြီး တနှစ်တရာသီ အတွက် တခုံစာလျှင် လယ်မြေကို မြေငှားခ ကျပ်ငါးသိန်းဖြင့် အုတ်လုပ်ငန်းရှင်များက ငှားရမ်းလုပ်ကိုင်ကြကြောင်း တရား ဝင်လိုင်စင်လျှောက်ထားလုပ်ကိုင်ကြခြင်းထက် နားလည်မှုဖြင့် လုပ်ကိုင်နေကြသူများသာများကြောင်း၊ အုတ်ဖိုလုပ်ငန်းရှင် များနှင့် ဒေသခံများထံမှ သိရသည်။

တိုင်းအစိုးရအနေဖြင့် လုပ်ငန်းလိုင်စင်လျှောက်ထားစဉ်ကတည်းက အုတ်လုပ်ငန်းရှင်တဦးလျှင် အုတ်ရိုက်ခုံ ဘယ်နှစ်ခုံလုပ် ကိုင်သည်ကို သိရှိပါက တနေ့အုတ်ချပ်ရေမည်မျှ ထွက်ရှိမည်ကိုသိနိုင်မည်ဖြစ်ကြောင်း ပုသိမ်မြို့အခြေစိုက် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများအဖွဲ့ (Association of Human Rights Activists) မှ ဒါရိုက်တာ ဦးထွန်းထွန်းဦးက ထောက်ပြသည်။  တိုင်းဒေသကြီးအတွင်း အုတ်လုပ်သားမည်မျှ လုပ်ကိုင်နေသည်ကိုပါ အကြမ်းဖျင်းအနီးစပ်ဆုံး သိရှိနိုင်မည်ဖြစ်ကြောင်း အခွန်ဘဏ္ဍာငွေမည်မျှ ရရှိမည်ကိုလည်း တွက်ချက်ခန့်မှန်းနိုင်မည် ဖြစ်ကြောင်း ဦးထွန်းထွန်းဦးက ဆက်ပြောသည်။

"အုတ်လုပ်သားတွေရဲ့ဘဝက ကြမ်းတမ်းပါတယ်၊ အဓိကက ကျန်းမာရေးစောင့်ရှောက်မှုလိုတယ်၊ များသောအားဖြင့် ဖျား နာကြတာ များတယ်။ ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်ပြီး အုတ်လုပ်သားတဦးကို ကျန်းမာရေးစောင့်ရှောက်မှု ဘယ်လောက် ဆိုတာမျိုး သတ်မှတ်ပြီး တိုင်းအစိုးရအနေနဲ့ ထောက်ပံ့မှုများ လုပ်ပေးနိုင်ရင် သိပ်ကောင်းမယ်။ ခုတော့ သူတို့ဘဝတွေက တရာသီသာ ကုန်သွားတယ်။ ဒုံရင်းဘဝနဲ့ လုပ်ငန်းရှင်တွေဆီက ကြိုတင်ငွေယူပြီး ပြန်၊ နောက်နှစ်လာလုပ်၊ ဒီလိုသံသရာ လည်နေရတာ" ဟု  ဦးထွန်းထွန်းဦးက ပြောသည်။

သူပြောသလိုပင် ကန်ကြီးထောင့်မြို့မှ   ဣတ္ထိယ အလုပ်ကြမ်းသမား မနွဲ့ဌေးတို့၏ဘဝမှာ အလုပ်နှင့်အကြွေး သံသရာလည် နေသည်။

သံသရာလည်နေသည့် သူတို့ဘဝကြမ်းကြမ်းကို နွေအပူက နွမ်းအောင်၊ ပန်းအောင် အစွမ်းရှိသမျှ နှိပ်စက်နေသလို ဖြစ် သည်။ သို့သော်လည်း အနောက်တောင်အရပ်ဆီမှ မိုးသားတိမ်ရိပ်ညိုညိုတို့ တလိပ်လိပ်တက်၍လာနေသည်ကို မြင်တွေ့ နေရသည့် မနွဲ့ဌေးနှင့် အုတ်လုပ်သားတို့၏ ရင်ထဲတွင်မူ " မိုးမင်းကြီးရယ် … မရွာပါနဲ့ဦး" ဟု ပြောနေမည် ဖြစ်သည်။