Breaking News

မောင်လူပေ - အိမ်ခြံမြေဘူဘောင်း၊ ဂျပန်ပြီးတော့ တရုတ်လာမည်



မောင်လူပေ - အိမ်ခြံမြေဘူဘောင်း၊ ဂျပန်ပြီးတော့ တရုတ်လာမည်

(မိုးမခ) မေ ၃၀၊ ၂၀၁၉

၁၉၈၀ခန့်က ဂျပန်ဟာ ကမ္ဘာ့  စီးပွားရေးနံပါတ်တစ် အမေရိကန်ပြည်ထောင်စုကို ကျော်ဖြတ်ပြီး နံပါတ်တစ်နေရာ ရယူဖို့အတော်နီးစပ်ခဲ့တယ်။ ဒါပေမဲ့ ထင်သလိုဖြစ်မလာပါ။ ဂျပန်မှာ ကိုးရိုးကားရားအခြေအနေတွေဖြစ်လာပြီး စီးပွားရေးဟာ ထပ်တိုးမလာတော့ပဲ နှစ်သုံးဆယ်နီးပါးလောက် ရပ်တန့်သွားခဲ့ရတယ်။ အဓိကကျတဲ့ ဂျပန်ကျရှုံးမှုကတော့ အိမ်ခြံမြေစျေးကွက် ပြိုလဲခြင်းပါပဲ။ တရုတ်ပြည်မှာလည်း ဂျပန်လိုဖြစ်မဲ့ အိမ်ခြံမြေဘူဘောင်းကြီးအခြေအနေေတွ မြင်တွေ့နေရတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် အင်စတီကျုက အကြီးအကဲနဲ့ စီအီးအို နာအိုယူကီ ယိုချီနိုက ဆိုလိုက်တယ်။

တရုတ်ပြည်ဟာ ၂၀၀၈ ကမ္ဘာ့့စီးပွားပျက်ကပ်ကြီးကို ခုခံဖို့အတွက် ငွေကြေးလုပ်ငန်းက အာမခံငွေတွေကို ထုတ်ယူပြီး အိမ်ခြံမြေစျေးကွက်ထဲထည့်လိုက်မှုက စလာတဲ့ အိမ်ခြံမြေဘူဘောင်းကြီးပို၍ ကြီးထွားလာခဲ့တယ်။ ဂျပန်လည်း ၁၉၈၀က ထိုနည်းလည်းကောင်း ဖြစ်ခဲ့ပါတယ်။

ကျွန်တော်အရမ်းစိတ်ပူတာကတော့ မြေစျေးတွေဆက်တက်နေတယ်၊ လူဦးရေက တိုးမလာပဲ လျှော့သွားနေတယ်။ ဝယ်လိုအားက လျှော့ကျလာရင် တရုတ်ပြည်ဟာ ဂျပန်ဖြစ်သလိုပုံစံတူအခြေအနေ ဖြစ်လာမှာပဲ။ အိမ်ခြံမြေဘူဘောင်းရဲ့အရိပ်မည်းကြီးက တွေ့နေရပြီလေ။ စျေးတွေထိုးတက်နေတုန်းပဲလို့ သူကဆိုပါတယ်။

တရုတ်ပြည်မှာ စီးပွားရေးအခြေအနေတိုးတက်ဖို့နည်းတစ်ခုက အိမ်ခြံမြေလုပ်ငန်းမှာ ရင်းနှီးမှုပေါ့။ ၂၀၀၀ခုနှစ်အစပိုင်းမှာ တစ်စတုရန်းပေကို အမေရိကန်ဒေါ်လာနဲ့ ၅၅ဒေါ်လာလောက်ပဲရှိခဲ့ရာက အခုဆိုရင် ၈၁၃ဒေါ်လာအထိ ထိုးတက်ခဲ့တယ်။

ဂလိုဘယ်တိုင်းသတင်းစာကြီးအဆိုအရ သင့်တင့်တဲ့ အိမ်ခြံမြေစျေးဆိုတာ မိသားစုတစ်နှစ်ဝင်ငွေရဲ့ သုံးဆကနေ ခြောက်ဆအထိသာရှိသင့်ပါသတဲ့။ တရုတ်ပြည်ရဲ့ နံပါတ်တစ်နေရာတွေဖြစ်တဲ့ ပီကင်း၊ ရှန်ဟိုင်းစတဲ့နေရာတွေမှာ အခုဆိုရင် အိမ်ခြံမြေပျမ်းမျှစျေးဟာ သာမန်တရုတ်မိသားစုရဲ့ တစ်နှစ်ဝင်ငွေရဲ့ အဆငါးဆယ်ခန့် ဖြစ်နေပြီ။ (မြန်မာပြည်မှာ ပျမ်းမျှ အိမ်ခန်းစျေးဟာ သာမန်မိသားစုတစ်နှစ်ဝင်ငွေရဲ့ ဆယ့်ငါးဆလောက် ရှိပါတယ်။)

တရုတ်ငွေကြေးစျေးကွက်မှာ အိမ်ခြံမြေလုပ်ငန်းအတွက် ချေးယူမှုက ဂျပန်ထက် ပိုများတယ်။ နိုင်ငံရဲ့ဂျီဒီပီနဲ့ အိမ်ခြံမြေချေးငွေအချိုးမှာလည်း ဂျပန်ထက် သုံးဆပိုများနေတယ်။ ဒါတွေဟာ အလွန်စိတ်ပူစရာပါ။ ပီကင်းအခြေစိုက် think tank အဖွဲ့ရဲ့အဆိုအရ အိမ်ခြံမြေစျေးကွက်ရဲ့တန်ဖိုးဟာ တရုတ်ဂျီဒီပီရဲ့ ငါးပုံတစ်ပုံ ( တချို့က လေးပုံတစ်ပုံဟုဆိုကြ၏။) အထိ ရှိနေတာမို့ စီးပွားပျက်ပြီဆိုရင် ထိမ်းဖို့အရမ်းခက်မယ်ဖြစ်လို့ အခုထဲက အရမ်းတက်နေတဲ့စျေးကွက်ကို ထိန်းချုပ်ထားသင့်ပါသတဲ့။ (တရုတ်အစိုးရရဲ့ သတ်မှတ်တဲ့ ဂျီဒီပီကို ပြည့်မှီအောင် အိမ်ခြံမြေနဲ့ ဖြည့်နေတာလည်း စိတ်ပူစရာအချက်။)

တရုတ်ပြည်က အိမ်ခြံမြေသူဌေးကြီးတွေဟာ အိမ်စျေးမြင့်နေတာကိုအကြောင်းြပုပြီး ဘဏ်ကငွေထေပ်ချေး၊ မြေထပ်ဝယ်၊ အိမ်သစ်တွေ ထပ်ဆောက်နဲ့ လုပ်နေကြတဲ့အတွက် လိုအပ်သည်ထက်ပိုများလာတဲ့ အိမ်ခန်းတွေဟာ အသက်ကြီးသူများလာပြီး အလုပ်လုပ်နိုင်သူနည်းလာတဲ့ အချိန်မှာ ဂျပန်မှာလို ဝယ်သူမရှိပဲ ဒုက္ခတွေ့မှာ စိတ်ပူစရာပါ။ အခုတောင် တရုတ်မြို့ကြီးအချို့ဟာ အိမ်ခန်းအားလုံးရောင်းပြီးဖြစ်ေပမဲ့ နေသူမရှိတဲ့ မြို့ကြီးတွေ ဖြစ်နေကြတယ်။ ဝယ်နိုင်သူက နေဖို့မဟုတ်ပဲ စျေးတက်ရင်ပြန်ရောင်းဖို့ ဝယ်ထားကြတာ ဖြစ်တယ်။

မိသားတစ်စု ကလေးတစ်ယောက်ပေါ်လစီကို နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့တဲ့ရလာဒ်ကတော့ အသက်ကြီးသူတွေ ပိုမိုများလာတဲ့အဖြစ်ပါပဲ။ ပင်စင်စားအသက်ကို တဖြေးဖြေးတိုးလာခဲ့တာ အခုအခါမှာ ၆၅နှစ်မှ ပင်စင်ယူခွင့်ရှိတယ်။ အစိုးရရဲ့ ပင်စင်စုငွေတွေဟာ ၂၀၂၇မှာ အမေရိကန်ဒေါ်လာ တစ်ထရီလီယံအထိ တိုးလာမှာဖြစ်ပေမဲ့ လူအိုတွေများလာတဲ့အတွက် ၂၀၃၇မှာ ပင်စင်စုငွေတွေ ကုန်သွားမယ်လို့ တွက်ထားတဲ့အတွက် အစိုးရပိုင် ကော်ပိုရေးရှင်းကြီးတွေက သူတို့ရဲ့ပိုင်ဆိုင်မှုအချို့ကို ဗဟိုအစိုးရ ပင်စင်စုငွေအဖြစ် လွှဲပြောင်းပေးနေရတယ်။

အမေရိကန် တရုတ် ကုန်သွယ်ရေးစစ်ပွဲကြောင့် တရုတ်ပြည်ရဲ့ ဂျီဒီပီတိုးနှုန်းကို တစ်ရာနှုန်းလျှော့ကျစေမှာဖြစ်တာကလည်း အိမ်ခြံမြေစျေးကွက်ကို စိတ်ပူစရာ။

မြန်မာပြည်မှာတော့ အိမ်ခြံမြေစျေးကွက် အေးစက်နေသတဲ့။ ဘူဘောင်းကြီးဖြစ်နေရာက မပေါက်ကွဲသွားပဲ အေးစက်သွားတာ ကောင်းတဲ့လက္ခဏာမို့ ကြိုဆိုရပါတယ်။ မြန်မာ့အိမ်ခြံမြေစျေးကွက် အကျနဲ့ တည်ငြိမ်နေတယ်။

သူငယ်ချင်းမိတ်ဆွေများလည်း အိမ်ခြံမြေတွေများစွာ ပိုင်ဆိုင်ကြရင်း ရတနာစိန်ကျောက် ဇယ်တောက်တမ်း ကစားနိုင်ကြပါစေ။

ချစ်တဲ့
မောင်လူပေ
ကိုးကား
https://www.scmp.com/economy/china-economy/article/3011960/china-showing-signs-similar-japanese-housing-bubble-led-its