Breaking News

ကိုသန်းလွင် ● တရုတ်တို့၏ ဝူစီ စိတ်ဓါတ်

ကိုသန်းလွင် ● တရုတ်တို့၏ ဝူစီ စိတ်ဓါတ်
(မိုးမခ) ဇွန် ၃၊ ၂၀၁၉

(၁)
လွန်ခဲ့သော ၁၉၁၉ ခုမေလ ၄ ရက်နေ့က ဘေဂျင်းတက္ကသိုလ်မှ ကျောင်းသား ၃၀၀၀ ကျော်ခန့်သည် အထွေထွေမကျေနပ် မှုများကိုအကြောင်းပြု၍ အစိုးရကို ဆန္ဒပြခဲ့ကြပါသည်။  ဤဆန္ဒပြမှုအရှိန်အဟုန်မှာ လျော့နည်းမသွားဘဲ တရုတ်မြို့ကြီး များတွင် အနှံ့အပြားပြန့်နှံ့သွားခဲ့ပါသည်။ ရှန်ဟိုင်းမြို့အထိဖြစ်ပါသည်။ ရှန်ဟိုင်းမှာ တရုတ်ပြည်၏  ထိုစဉ်က စက်မှုလက်မှုမြို့ တော်ဖြစ်ခဲ့ပါသည်။ ကမ္ဘာပေါ်တွင် ၆ ကြိမ်မြောက်အလုပ် အရှုပ်ဆုံး ဆိပ်ကမ်းမြို့ဖြစ်ခဲ့ပြီး နိုင်ငံခြားသားအများစုက ကြီးစိုး ထား ခဲ့ပါသည်။ မေလ ၄ ရက်ကို ဝူစီ (Wusi) ဟု နားလည်ကြပြီး ဆန္ဒပြကြသောစိတ်ဓါတ်ကို ဝူစီစိတ်ဓါတ်ဟုခေါ်ပါသည်။

ထိုမေလ ၄ ရက်နေ့က ကျောင်းသားထောင်ပေါင်းများစွာတို့သည် တင်ရန်မင် (Tiananmen) ရင်ပြင် (သို့) (The Gate of Heavenly Peace) သူတို့ခေါင်းဆောင်များ စုနေထိုင်ရာမြို့တော် (Forbidden City) အဝင်ဝတွင် စုဝေးခဲ့ကြပါသည်။ ထိုမြို့တော်မှာ ၁၉၁၁ ခုနှစ် “ချင်” မင်းဆက်၏ နောက်ဆုံးမင်း နေထိုင်ခဲ့ရာမြို့တော်လည်း ဖြစ်ပါသည်။

(၂)
ဆန္ဒပြသူများက မကျေမနပ်တောင်းဆိုခဲ့ကြသည်မှာ ပြင်သစ်ပြည် ပဲရစ်မြို့အပြင်ဖက် ဗာဆိုင်း (Versaille) ၌ ပထမကမ္ဘာ စစ်ကြီးအပြီးတွင် ဂျာမန်ကိုလိုနီဖြစ်ခဲ့သော တရုတ်ပြည်၏ (Shandong) နယ်ကို တရုတ်အစိုးသို့မဟုတ်ပါဘဲ ဂျပန်စစ်ဗိုလ် ချုပ်များသို့ အပ်နှံလိုက်ခြင်းကို မကျေနပ်၍ ဆန္ဒပြကြခြင်းဖြစ်ပါသည်။

ဂျပန်တို့သည် စစ်နိုင်သည့်ဘက်က ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့သော် တရုတ်တို့သည်လည်း (Allies) တို့နှင့် ဘက်တ ဘက်တည်း ဖြစ်ခဲ့ပါသည်။ ၁၉၁၈ ခုနှစ်တွင် အမေရိကန်သမ္မတ ဝီလဆင် (Woodrow Wilson) က နိုင်ငံတို့ကို ကိုယ်ပိုင် ဆုံးဖြတ်ခွင့် (Self Detemination) ပေးရမည်ဟု ပြောခဲ့ပါသည်။ ထိုအချိန်က ပထမဘိန်းစစ်ပွဲအပြီးတွင် တရုတ်ပြည်ကို အတင်းအဓမ္မ (bully) လုပ်ပြီး ၁၈၄၂ ခု တွင် ဗြိတိသျှတို့က ဟောင်ကောင်ကို ကိုလိုနီအဖြစ် သိမ်းပိုက်ခဲ့ပါသည်။ ထိုကဲ့ သို့သော အလားအလာရှိခဲ့သဖြင့် ယခုအခါရှိလည်း ဂျပန်တို့ကိုဦးစားပေးရသကဲ့သို့ဖြစ်နေပါသည်။

ဆန္ဒပြသူများက ဘယ်လိုပင်ဆန္ဒရှိစေ ကမ္ဘာတဘက်ခြားနေသည့်နေရာမှ စီစဉ်သူတို့က တရုတ်ပြည်တပ်မတော်သည် “ပြည်သူတို့၏ဆန္ဒကို အကာအကွယ်မပေးနိုင်ပါ” ဟု ယူဆနေချိန်ဖြစ်ပါသည်။ ၁၉၁၅ ခုနှစ်ကလည်း ကျောင်းသားများက ဆန္ဒပြခဲ့ကြပါသေးသည်။ တရုတ်ခေါင်းဆောင် (Yuan Shikai)  သူ့ကိုယ်သူ အင်ပါယာကဲ့သို့ကြေညာပြီး ဂျပန်တို့ကို တရုတ် ပြည် အရှေ့မြောက်မှာရှိသည့် မန်ချူးရီးယားနယ်သို့ သွားလာခွင့်ပြုခဲ့ပါသည်။ စစ်ခေါင်းဆောင် (warlords) တို့၏အပြု အမူဖြစ်ပါသည်။ သူတို့သည် “ငါလုပ်ချင် ရာလုပ်မည်” ဆိုသော စိတ်ဓါတ်ဖြစ်ပါသည်။

၁၉၁၅ ခုနှစ်က လူငယ်ခေါင်းဆောင် (Chen Duxin) က “လူငယ်အသစ်” (New Youth) စာစောင်ကိုထုတ်ဝေပြီးနောက် စစ်ခေါင်းဆောင်များကို ဝေဖန်သောဆောင်းပါးများ တရုတ်တို့၏အုပ်ချုပ်မှုနှင့် ယဉ်ကျေးမှုကိုကာကွယ်သော စာစီစာကုံး များကို ရေးသားထုတ်ဝေခဲ့ပါသည်။

ချန်နှင့် လီဒေဇို (Li Dazhao) တို့က အဓိက ဝူစီဆန္ဒပြသူများ၏ကြေညာချက်မှာ အဓိက ရှမ်းဒေါင်းနယ်နှင့် ပတ်သက် ၍ဖြစ်သော်လည်း သူတို့က အခြားမကျေနပ်မှုများကိုပါ ထုတ်ဖော်ခဲ့ကြပါသည်။ တရုတ်ပြည်၏ သံတမန်ရေးရာ ပျော့ကွက် များကို အဓိက ထောက်ပြခဲ့သည်။  ၁၉၁၁ ခုနှစ်က ခေတ်နောက်ကျနေပြီဖြစ်သော တရုတ်အင်ပိုင်ယာစနစ်ကြီးတခုလုံးမှာ ထောက်ပြစရာတွေရှိခဲ့ပါသည်။ တိုးတက်သူတို့သည် ကွန်ဖြူးရှပ် ထုံးတမ်းစဉ်လာများကိုပယ်ဖျက်၍ ရိုးရာအလေ့အထ အများအပြားကိုလည်း ပစ်ပယ်ရမည်ဖြစ်ကြောင်းပြော ခဲ့ကြသည်။ အစဉ်အလာ ယောကျ်ားလေးများက အသက်အရွယ်ကြီး သူတို့ကိုလည်းကောင်း၊ မိန်းမများက ယောကျ်ားများကိုလည်းကောင်း ဦးစားပေးရမည်ဆိုသော်လည်း အဓိက တရုတ်လူမျိုး များသည် သိပ္ပံနှင့် (Science) နှင့် ဒီမိုကရေစီတို့ကို ဦးစားပေးရန်ဖြစ်သည်။

၁၉၁၉ မေလ ၄ ရက်နေ့တွင် တင်ရန်မင်ရင်ပြင်၌ စည်းဝေးခဲ့ကြခြင်းအပြင် ကျောင်းသားများက သူတို့အယူအဆတွင် ဂျပန် အလိုတော်ရိ အရာရှိများ၏အိမ်များကို တိုက်ခိုက်ခဲ့သည်။ တာဝန်ရှိသူများက ကျောင်းသားများကိုရိုက်နှက်ကြရာတွင် လူငယ်တဦးမှာ ဒဏ်ရာဒဏ်ချက်များဖြင့် သေဆုံးသွားသည်။

တရုတ်ပြည်တွင် အုပ်ချုပ်ရေးညံ့ဖျင်းမှုကို ပညာတတ်များက ထုတ်ဖော်ပြောသင့်သည်ဟူသော အယူအဆ ရှိသည်။ ထိုကဲ့ သို့ ပညာတတ်တယောက် အများကောင်းကျိုးကိုလုပ်ဆောင်ရင်း ကျရှုံးသွားရသည့်အတွက် ဝူစီ ဆန္ဒပြသမားများမှာ ထောက်ခံမှု ပိုမိုရရှိလာသည်။ သူတို့သည် အတူတူချီတက်မှုများ၊ ဂျပန်လုပ်ပစ္စည်းများကို သပိတ်မှောက်မှုများကို  ပြုလုပ် နေကြသဖြင့် ဇွန်လအထိ ဆန္ဒပြမှုများဖြစ်ပေါ်လျက်ရှိရာ နောက်ဆုံးတွင် အစိုးရက သူတို့၏ အဓိကတောင်းဆိုချက် အချက် ၃ ချက်ကို လိုက်လျောရသည်။

၎င်း၏ပြင်သစ်တွင်ရှိသော သူ၏ကိုယ်စားလှယ်ကို ဗာဆိုင်းစာချုပ်ကို လက်မှတ်မထိုးရန် ညွှန်ကြားလိုက်သည်။ ဆန္ဒပြသူ များက ခြစားသည်ဟုယုံကြည်နေကြသည့် အရာရှိ ၃ ဦးကို ဖြုတ်ပစ်လိုက်သည်။ ဖမ်းဆီးထားသော ကျောင်းသားများအားလုံး ကို ပြန်လွှတ်ပေးသည်။

သို့ပါသော်လည်း ဆန္ဒပြသူများ၏ အဓိက တောင်းဆိုချက်များ မအောင်မြင်ခဲ့ပေ။ ၁၉၂၀ ခုနှစ် ဇန်နဝါရီလတွင် ဗာဆိုင်းစာချုပ် အကျိုးသက်ရောက်ချိန်တွင် ဂျာမနီက သူတို့ပိုင်သောနယ်ကို ဂျပန်တို့အား ပေးလိုက်သည်။ သို့ပါသော်လည်း သပိတ်အရှိန် ကို တော့မမေ့ကြပေ။ ဆယ်စုနှစ်ပေါင်းများစွာ ဆန္ဒပြပွဲများကို သတိရနေကြသည်။ ဝူစီဟုဆိုလိုက်သည်နှင့် တရုတ် တပြည် လုံး၏အရေးကို သွားပြီးအမှတ်ရခဲ့ကြသည်။

သတင်းစာ စာစောင်များ၊ နိုင်ငံရေးကိုလေ့လာသူများ၊ နိုင်ငံရေးအသင်းအဖွဲ့များ ဖွဲ့စည်းခဲ့ကြသည်။ ဂျာနယ်များက အစိုးရကို ဝေဖန်သော ဆောင်ပါးများရေးခဲ့ကြသည်။ ရိုးရာဓလေ့ထုံးတမ်းများကို ပစ်တင်ရှုံ့ချသောစာတမ်း များရေးခဲ့ကြသည်။ အနောက်တိုင်းပညာရှင်များ ဂျပန်များနှင့် ရုရှားတွေးခေါ်ပညာရှင်များ၏ အရေးအသားများကို ဘာသာပြန်ခဲ့ကြသည်။ လေ့လာရေးအဖွဲ့များက အနောက်တိုင်းက သီအိုရီများကို အထူးသဖြင့် လစ်ဘရယ်ဝါဒနှင့် ဒီဝီ (John Dewey) ၏သီအိုရီများ ကို သာဘာပြန်ကြသည်။ ဘာထရန်ရပ်ဆဲလ်နှင့် ဒီဝီက ၁၉၁၉ခုနှစ် မတိုင်မီက တရုတ်တပြည်လုံး လှည့်လည်၍ လက်ချာ များပေးခဲ့သည်။ ဒီဝီမှာ ကိုလမ်ဘီယာအက္ကသိုလ်မှ ခွင့်ကို တစ်နှစ်ယူခဲ့ရာမှ ကျောင်းသားများအရေးတွင် ပါဝင်မိသဖြင့် နှစ် နှစ်ကြာသွားသည်။ မင်းမဲ့စရိုက်၊ ဒီမိုကရေစီနှင့် ဆိုရှယ်လစ်စနစ်အကြောင်း စသည်တို့ကို ဟောပြောသည်။

လီဒေဇို ကဗော်ရှီဗစ်ဝါဒကို အစောဆုံး နှင့်စိတ်ပါဝင်းစားစွာ ထုတ်ဖော်ခဲ့ပြီး နယ်ချဲ့ဝါဒနှင့် အရင်းရှင်ဝါဒတို့ကို တိုက်ခိုက် ခဲ့သည်။ ၁၉၂၁ ခုနှစ်တွင် တရုတ်ပြည်ကွန်မြူနစ်ပါတီကို စတင်ထူထောင်ခဲ့ကြသည်။ သူတို့ထဲတွင် ဝူစီအဖွဲ့၏ တယောက်ဖြစ် သည့် မော်စီတုံးလည်းပါဝင်ခဲ့ပြီး ၎င်းက ကွန်ဖြူးရှပ်၏ လက်ထပ်ရေးပေါ်လစီများသည် မိန်းကလေးများအတွက် မကောင်း ကြောင်းကို ရေးသားခဲ့သည်။

၁၉၃၀ ခုနှစ်များတွင် ကျောင်းသားများက (ထိုစဉ်က တရားဝင်မဟုတ်သေးသော ကွန်မြူနစ်ပါတီ၏) ထောက်ခံမှုဖြင့် ချန် ကေရှိတ်အစိုးရကို တရုတ်ပြည်အား ဂျပန်တို့မှအကာကွယ်ပေးရန် တောင်းဆိုခဲ့သည်။ မေလ ၄ ရက်နေ့စိတ်ဓာတ်ကို လူ တိုင်း၏ရင်ထဲတွင် ထားကြရမည့်စိတ်ဓာတ်အဖြစ်သဘောထားကြရန် အမျိုးသားရေးပါတီ (Nationalist Party) က လှုံ့ဆော် ခဲ့သည်။

၁၉၈၉ ခုနှစ်ရောက်လာသောအခါ ကွန်မြူနစ်ခေါင်းဆောင်များကိုယ်တိုင် အဝေဖန်ခံရပြီး ထိုဖြစ်ရပ်မှာလည်း မေ ၄ ရက်နေ့ အသိစိတ်ဓာတ်တွင် အခြေခံသည်။

ယခုအခါ၌လည်း တင်ရန်မင်လွင်ပြင်သည် ဆန္ဒပြပွဲများအတွက် နေရာဖြစ်လာခဲ့ပြန်ပါသည်။ ၁၉၅၀ ခုနှစ်များက  မြို့တော် ကြီးဝင်ပေါက် (Gate)  နေရာကို အမှတ်တရပစ္စည်းများဖြင့် ကြီးမားသောရင်ပြင်ကြီးအဖြစ် ပြောင်းလဲပစ်ခဲ့ကြပါသည်။ အလယ်ခေါင်တွင် တရုတ်ပြည်၏ တော်လှန်ရေးခေါင်းဆောင်များအတွက် ဂုဏ်ပြုနေရာများ (Monuments) ထားရှိခဲ့ကြပါ သည်။ ထိုအဆောက်အဦး၏ ခေါင်းစည်းနေရာ (Frieze) ကို ၁၉၁၉ ခုနှစ်ကဆန္ဒပြခဲ့ကြသော လူငယ်လူရွယ်များ၏ ပုံများကို ဖော်ပြထားပါသည်။ ထိုနေရာတွင်ပင် ၁၉၈၉ ခုနှစ်ကဆန္ဒပြခဲ့သော ကျောင်းသားလူငယ်များကလည်း သူတို့၏ ဌာနချုပ်အဖြစ် ဖွင့်လှစ် အသုံးပြုခဲ့ကြပါသည်။

ဤနှစ်ကမေလ၄ရက်နေ့တွင် ဝူစီ ၇၀ နှစ်ပြည့်မြောက်သောအခမ်းအနားကို ဂရိတ်ဟော (Great Hall of the people) အတွင်းတွင်ကျင်းပနေခိုက် တင်ရန်မင်စကွဲယားတွင်လည်း ဆန္ဒပြသူများက တချိန်တည်းကျင်းပခဲ့ကြပါသည်။ တချိန်တည်း လိုလို ဘက်နှစ်ဘက် မတူညီသောနိုင်ငံရေးအဖွဲ့များက ၁၉၁၉ ခုနှစ် ဝူစီဆန္ဒပြပွဲ၏ အစဉ်အလာကို ထိမ်းသိမ်းမည်ဟု ကြွေး ကြော်ခဲ့ကြပါသည်။ သို့ပါသော်လည်း ထိုရက်မှ တလတိတိပြည့်ချိန် ဇွန်လ ၄ ရက်၌ စစ်တပ်တင့်ကားများဖြင့် တင်ရင်မင် စကွဲယားကိုသိမ်းပိုက်ရာတွင် လူများစွာသေဆုံးခဲ့ရပါသည်။

သမ္မတရှီဂျင်ပင်း လက်ထက်မှာလည်း ဝူစီဆန္ဒပြပွဲများ၏လွှမ်းမိုးမှုမှာ ရှိနေဆဲပင်ဖြစ်ပါသည်။ အစိုးရ တရားဝင် အရေးအသား များတွင် တရုတ်ပြည်၏ ကံကြမ္မာသည် မေလ ၄ ရက်နေ့တွင် ခေတ်သစ်ကို ရောက်ရှိခဲ့သည်ဟု ဖေါ်ပြနေဆဲဖြစ်ပါသည်။ ပါတီအနေဖြင့် ၁၉၁၉ ခုနှစ်ကအဖြစ်အပျက်များမှာ ဂုဏ်ယူဘွယ် အမှတ်တရဖြစ်ဖွယ် အဖြစ်အပျက်များဖြစ်ခဲ့ပြီး ယနေ့ ကမ္ဘာကြီးကိုဦးဆောင်နေသည့်စိတ်ဓါတ်မှာလည်း ဤစိတ်ဓါတ်များပင်ဖြစ်ပါသည်။

ကွန်မြူနစ်ပါတီက ဝူစီစိတ်ဓါတ်နှင့် ဆန့်ကျင်သောအပြုအမူများကိုလည်း ပြုမူခဲ့ပါသည်။ သမ္မတ၏သက်တမ်းကို နှစ်ကြိမ် သာ ထမ်းဆောင်ခွင့်ရှိသည်ဟူသော ကန့်သတ်သည့်စနစ်ကို ပယ်ဖျက်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သမ္မတ၏အတွေး အခေါ်များကို လွှမ်းမိုးစေခဲ့ပါသည်။ ၎င်းတို့ကို ကန့်ကွက်သူများကို ခေတ်နောက်ပြန်ဆွဲသူများအဖြစ် သတ်မှတ်ခဲ့ပါသည်။ မိန်းခလေးတို့ တန်းတူအခွင့်အရေးနှင့် ဆန္ဒပြတောင်းဆိုသူများကို နှိမ်နင်းခဲ့ပါသည်။ ဟောင်ကောင်တွင် ဒီမိုကရေစီအတွက်ဆန္ဒပြသူများကိုနှိမ်နင်းပြန်ရာဝူစီစိတ်ဓါတ် ကိုနှိမ်နင်းသကဲ့သို့ ဖြစ်နေပေသည်။

Umbrella လှုတ်ယှားမှုကို ဦးဆောင်သူ ဝေါင်း (Joshua Wong) ကမူ သူ၏တွစ်တာအကောင့်မှနေ၍ ၂၀၁၄၊ ၁၉၈၉၊ ၁၉၁၉ ခုနှစ်များကဖြစ်ပွားခဲ့သော ဆန္ဒပြမှုများကို အမှတ်ရစေသောငှာ ဓါတ်ပုံများနှင့်ဖေါ်ပြခဲ့ပြီး ဝူစီစိတ်ဓါတ်ကို အမှတ်ရစေခဲ့ပါ သည်။

(၃)
မကြာသေးမှီက မစ္စတာရှီက ဝူစီစိတ်ဓါတ် အထိမ်းအမှတ်ပွဲတစ်ခုတွင်” ကျောင်းသားထုသည် ပါတီ၏ဦးဆောင်မှုကိုခံယူ၍ ပါတီကခိုင်းစေသည့်အတိုင်း လိုက်နာရမည်” ဟု ပြောကြားခဲ့သည်။ အာဏာရှင်စနစ် (Warlords) ခေတ်ကို ပြန်လည်အမှတ်ရ စေပါသည်။

ကိုသန်းလွင်
Ref: May Fourth, the day that changed China, by Jeffery Wasserstrom New York Times May 3 2019