အင်အားထောင်ချီသုံးပြီးတက်လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ချင်းပြည်နယ် ထိုးစစ်ရဲ့ ရည်ရွယ်ချက်
မြန်မာနွေဦးခရိုနီကယ် - မေ ၂၃ မြင်ကွင်း
(မိုးမခ) မေ ၂၄ ၊ ၂၀၂၆
အင်အားထောင်ချီသုံးပြီးတက်လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ချင်းပြည်နယ် ထိုးစစ်ရဲ့ ရည်ရွယ်ချက်
ပြီးခဲ့တဲ့ နှစ်ကုန်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲမတိုင်ခင် ကာလကရော ရွေးကောက်ပွဲပြီးနောက်မှာပါ အာဏသိမ်းစစ်တပ် ရဲ့ ထိုးစစ်တွေက မြန်မာနိုင်ငံ အရှေ့မြောက်၊ မြန်မာနိုင်ငံ အလယ်ပိုင်းကနေ အခုလတွေ သီတင်းပတ်တွေမှာ အနောက်ဘက်အရပ်ဆီ ဦးတည်လာနေတာ ထင်ထင်ရှားရှားတွေ့လာနေရပါတယ်။
ယမန်နှစ်လယ် နှစ်ကုန်ပိုင်းတွေမှာ မြန်မာနိုင်ငံ အရှေ့မြောက်ဒေသ ဖြစ်တဲ့ ရှမ်းမြောက်က မြို့တွေကို ပြန်ရဖို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်ကြိုးပမ်းနေခဲ့ပြီး မြို့အချို့ကို ပြန်သိမ်းယူနိုင်ခဲ့သလို မြို့ ၂ မြို့ကိုတော့ အပစ်ရပ်သဘောတူ စာချုပ်အရ ပြန်လက်ခံရရှိခဲ့ပါတယ်။
မြို့တွေ ပြန်သိမ်းယူနိုင်ခဲ့တာထက် အပစ်ရပ်သဘောတူညီချက်က အာဏာသိမ်းစစ်တပ်အဖို့ အသက်ရှူချောင် စေခဲ့တာတွေ့ရပါတယ်။ အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း မှာ ကိုးကန့်လက်နက်ကိုင် အဖွဲ့နဲ့ တအာင်းလက်နက်ကိုင် အဖွဲ့တို့နဲ့ အပစ်ရပ်သဘောတူညီချက်က မြန်မာနိုင်ငံ အလယ်ပိုင်း၊ မြောက်ပိုင်းဒေသတွေမှာ အာဏာသိမ်းစစ်တပ် အနေနဲ့ ပိုမို အင်အားစုစည်းမှုရစေခဲ့တာလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ ဖိအားကြောင့်ပဲဖြစ်စေ အခြားသောအကြောင်းအချက်ကြောင့်ဖြစ်စေ အာဏာသိမ်းစစ်တပ် အနေနဲ့ ရှမ်းမြောက်ဒေသအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့နဲ့ အပစ်ရပ် သဘောတူညီမှုရခဲ့ခြင်းဟာ မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ မြောက်ပိုင်းတွေကို အာရုံစိုက်လာနိုင်ခဲ့စေတာ ဖြစ်ပါတယ်။
မန်း-ရှမ်းစစ်ဆင်ရေးမှာ စစ်ရေးအရ အောင်မြင်မှုရခဲ့တဲ့ MDY-PDF အဖွဲ့အနေနဲ့လည်း ပူးပေါင်းလှုပ်ရှားတဲ့ TNLA တပ်ဖွဲ့က အာဏာသိမ်းစစ်တပ်နဲ့ အပစ်ရပ်ခဲ့တဲ့နောက်မှာ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ဆက်လက်ထိန်းသိမ်းထားဖို့ စိမ်ခေါ်မှုတွေနဲ့ ရင်ဆိုင်လာရသလို အဖွဲ့ခေါင်းဆောင်ပိုင်း အချင်းချင်းအကြားမှာ သဘောထားကွဲလွဲမှုတွေ ထွက်ပေါ်ခဲ့ပြီး ခေါင်းဆောင်အချို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့တာတွေဖြစ်ပွားပြီး စစ်ရေးအရ ဆုံးရှုံးမှုတွေ ဆက်တိုက်ရင်ဆိုင်လာခဲ့ရတာ တွေ့ရပါတယ်။
ဧရာဝတီမြစ် အရှေ့ခြမ်းက မန္တလေး-မိုးကုတ် ကားလမ်းတကြောမှာ ရှိတဲ့ မြို့အများအပြား လက်လွှတ်ဆုံးရှုံးခဲ့ရပြီးနောက်မှာ အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းတိုင်းနဲ့ မြန်မာနိုင်ငံ အနောက်ဘက်ဒေသတွေ ဖြစ်တဲ့ ချင်းပြည်နယ်ထဲက ဖလမ်းကို ထိုးစစ်ဆင်ဖို့ ကလေးမြို့ကနေ စစ်ကြောင်းတွေခွဲပြီး ဖလမ်းကို သိမ်းယူနိုင်ဖို့ ထိုးစစ်ဆင်ခဲ့သလို အဲဒီနောက်မှာ ချင်းပြည်နယ်တောင်ပိုင်းနဲ့ ထိစပ်နေတဲ့ ယော၊ ဆော၊ တို့ဆီ ဦးတည်လာခဲ့တာတွေ့ကြရပါတယ်။
ချင်းပြည်နယ် မြောက်ပိုင်းမြို့အချို့၊ အိန္ဒိယနယ်စပ်ကုန်သွယ်ရေး စခန်းမြို့တွေကို ပြန်ပြီးသိမ်းယူဖို့ တာစူနေသလို ချင်းပြည်နယ် တောင်ပိုင်းကတဆင့် ရခိုင်ပြည်နယ် မြောက်ပိုင်းကိုအထိ ထိုးဖောက်ဖို့ ရည်ရွယ်ချက်ရှိနေတဲ့ လက္ခဏာတွေ ခုရက်ပိုင်းမှာ လှုပ်ရှားနေတဲ့ စစ်တပ်ရဲ့ စစ်ကြောင်းတွေကို ကြည့်ပြီး မှန်းဆလာနိုင်တဲ့ အနေအထားဖြစ်ပါတယ်။
ယမန်နေ့က DVB သတင်းဌာနက ဖော်ပြခဲ့တဲ့ သတင်းတပုဒ်မှာ အာဏာသိမ်းစစ်တပ်က ချင်းပြည်နယ်ကို စစ်အင်အား ၆၀၀၀ ထက်မနည်းသုံးပြီး ထိုးစစ်ဆင်လာနေတဲ့အကြောင်း ချင်းအမျိုးသားတပ်ဦး CNF ရဲ့ တာဝန်ရှိသူတယောက်က ပြောဆိုထားတာ တွေ့ရှိရပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့ကနေ ချင်းပြည်နယ် မြောက်ပိုင်းကို ဦးတည်တဲ့ စစ်ကြောင်းတွေရဲ့ အင်အားက စုစုပေါင်း ၃၀၀၀ ဝန်းကျင်ရှိပြီး ယော၊ ဆောတို့ကနေ ချင်းပြည်နယ်တောင်ပိုင်းကို ဦးတည်ဝင်ရောက်လာနေတဲ့ စစ်တပ်ရဲ့ စစ်ကြောင်းနဲ့ အဲဒီနယ်ခံ အင်အားတွေပေါင်းရင် အဲဒီဘက်မှာလည်း ၃၀၀၀ ဝန်းကျင်ရှိတာကြောင့် စုစုပေါင်း ၆၀၀၀ ထက်မနည်းတဲ့ အင်အားနဲ့ ချင်းပြည်နယ်မြောက်ပိုင်းရော တောင်ပိုင်းကို ထိုးစစ်ဆင်လာနေတဲ့ သဘောလို့ CNF ရဲ့ပြောခွင့်ရှိသူက သတင်းမီဒီယာကို ပြောဆိုထားပါတယ်။
ချင်းပြည်နယ်ဟာ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့လို သယံဇာတနဲ့ နယ်စပ်ကုန်သွယ်ရေး အခွန်အကောက် ရရှိမယ့်ဝင်ငွေ များများစားစား မရှိသလို ပထဝီမြေ အနေအထားက မြင့်မားတဲ့တောင်တန်းတွေ တခုထည်းသော ကားလမ်းတွေကြောင့် အာဏာသိမ်းစစ်တပ်အဖို့ စိန်ခေါ်မှုတွေ ရှိနေသည့်တိုင် မြန်မာနိုင်ငံ အလယ်ပိုင်းမှာ အတိုင်းအတာတခုထိ ထိန်းချုပ်လာနိုင်တဲ့ စစ်တပ်အနေနဲ့ ချင်းပြည်နယ်နဲ့ ၄င်းနဲ့ ထိစပ်နေတဲ့ ရခိုင်ပြည်နယ်ကို မြောက်ဘက်က ထိုးဖောက်ဖို့ ကြိုးစားလာတဲ့ အနေအထားဆိုတာ ရိပ်စားမိနိုင်ပြီ ဖြစ်ပါတယ်။
လေကြောင်းတိုက်ခိုက်မှု အကူအညီ၊ ဒရုန်းလက်နက်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုကာ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီး အလှည့်ကျရော အဓမ္မပါ စုဆောင်းထားတဲ့ တပ်သားသစ် စစ်မှုထမ်းတွေကို အင်အားအများအပြားသုံးပြီး ထိုးစစ်ဆင်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ဗျူဟာက ခုလပိုင်းတွေအထိ ထိရောက်မှုအတိုင်းအတာတခု ရှိနေတာတွေ့ကြရပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေဟာ မကွေးတိုင်း ယော၊ ဆောနယ်တွေကနေ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်ကို ဦးတည်နေကာ ချင်းပြည်နယ် တောင်ပိုင်းကနေ ရခိုင်ပြည်နယ်မြောက်ပိုင်းဆီ ဦးတည်လိမ့်မယ်လို့ ယူဆနေကြတာလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် ကျောက်ဖြူ၊ စစ်တွေမှာ ခံစစ် အနေနဲ့ ခုခံတိုက်ခိုက်နေရပြီး ဧရာဝတီတိုင်း လေးမျက်နှာ၊ ရေကြည်မှာလည်း ခံစစ်အနေနဲ့ တိုက်နေရကာ ၊ ပဲခူးတိုင်း ဥသျှစ်ပင် ၊ မကွေးတိုင်း နတ်ရေကန်တို့မှာပါ ခံစစ်နဲ့ လနဲ့ချီတိုက်ခိုက်နေရတဲ့ စစ်တပ်အနေနဲ့ AA ကို ချင်းပြည်နယ်တောင်ပိုင်းကတဆင့် ရခိုင်မြောက်ပိုင်းမှာ သွားရောက်ထိုးစစ်ဆင်မလားဆိုတဲ့ ယူဆမှုလည်း ရှိနေတာ ဖြစ်ပါတယ်။
AA လက်နက်ကိုင်တပ်ဖွဲ့အနေနဲ့ ဧရာဝတီ၊ ပဲခူးတိုင်း အနောက်ခြမ်းနဲ့ မကွေးတိုင်းတွေမှာ နှစ်နဲ့ချီကြာမြင့်တဲ့ ထိုးစစ်နဲ့ ရင်ဆိုင်စစ်ပွဲတွေကို တိုက်ခိုက်နေတာဖြစ်ပြီး အာဏာသိမ်းစစ်တပ်အနေနဲ့ အဆိုပါ စစ်မြေပြင်တွေအပြင် ရခိုင်ပြည်နယ် မြောက်ပိုင်းကို ထိုးစစ်ထိုးပြီး AA လက်နက်ကိုင်အဖွဲ့ကို ဒုက္ခပေးဖို့ ရည်ရွယ်တာဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
ချင်းပြည်နယ်တောင်ပိုင်းကို ဝင်ရောက်လာနေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ထိုးစစ်တွေကို ချင်းတော်လှန်ရေးတပ်တွေနဲ့ အတူ ချင်းပြည်နယ်တောင်ပိုင်းမှာ ချင်းညီနောင်နဲ့ လက်တွဲ လှုပ်ရှားနေတဲ့ AA ရဲ့ တပ်တွေပူးပေါင်းပြီး ခုခံတိုက်ခိုက်ကြမယ့် အနေအထားဖြစ်ပါတယ်။
လေကြောင်းတိုက်ခိုက်မှု အကူအညီနဲ့ ချင်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းတို့ကို ဦးတည်လာနေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ထိုးစစ်တွေကို တော်လှန်ရေး လက်နက်ကိုင်တပ်တွေ ဘယ်လို ခုခံတိုက်ခိုက်ကြမလဲ၊ ထိုးစစ်ဦးကျိုးအောင် ဘယ်လို ဗျူဟာတွေနဲ့ တိုက်ခိုက်ကြမလဲဆိုတာတော့ စောင့်ကြည့်ကြရမဲ့ အနေအထားလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar