Breaking News

ကျော်စိုး (ဇရပ်ဆိပ်) ● ငါးမျှားသူများ

ကျော်စိုး (ဇရပ်ဆိပ်) ● ငါးမျှားသူများ
(မိုးမခ) ဇွန် ၉၊ ၂၀၁၉

‌နေ့စဉ်‌ ဖြတ်‌သန်း‌နေရတဲ့ လူမှု ဘဝ‌တွေမှာ၊ မွန်းကြပ်‌ရှုပ်‌‌ထွေးမှုတွေကလည်း ဒုနဲ့‌ဒေးပါပဲ။ လုပ်‌ငန်းခွင်‌ အဆင်‌မ‌ပြေမှု‌တွေ၊ မိသားစု အ‌ရေး၊ စီးပွား‌ရေး စသဖြင့် ‌နေ့စဉ်‌ နိစ္စဒူဝ ဖြစ်‌ရပ်‌‌တွေက‌နေ ဘယ်‌လို စိတ်‌ထွက်‌‌ပေါက်‌ကို ရှာ‌ဖွေ ရပါ့မလဲ။

မြို့ပြဖွံ့ဖြိုးမှု‌တွေ၊ ရုပ်‌ဝတ္ထုအဆင့်အတန်း မြင့်မားလာကြ‌လေ လူ‌တွေရဲ့ စိတ်‌‌တွေမှာ တော့ ပိတ်‌‌လှောင်‌မှုတွေ ပိုမို တိုးလာ‌ လေပါ။ စား‌သောက်‌ဆိုင်‌ကြီး‌တွေ၊ ကာရာအို‌ကေ  ခန်းမ‌တွေ၊ သည့်နောက်‌ပိုင်း ဘား‌တွေ ကလပ်‌‌တွေ ထိ  လူမှုဝန်းကျင်‌က စိတ်‌ထွက်‌‌ပေါက်‌‌ဖြေစရာ ‌နေရာ‌တွေက တိုးတိုးလာ‌နေပါတယ်‌။

ဘားအံမြို့ ကန်‌သာယာ ကန်‌နံ‌ဘေးရဲ့ ‌နေ့လည်‌ခင်း‌နေပူပူမှာ‌တော့ အရိပ်‌ရသစ်‌ပင်‌‌တွေ‌အောက်‌ လဲ‌လှောင်း‌နေသူ ထိုင်‌‌နေ သူ တချို့ကလဲ မတ်‌တပ်‌ရပ်‌လျှက်‌ ကန်‌‌ရေပြင်‌ကို တည်‌တည်‌ငြိမ်‌ငြိမ်‌ ကြည့်နေကြတယ်‌။ အဲ့သည့် အချိန်‌မှာပဲ ‌ကန်‌တစ်‌ဖက်‌ ခြမ်း က ‌ဟေးခနဲ ‌အော်‌သံက သည်‌ဘက်‌ခြမ်းက တည်‌ငြိမ်‌‌နေသူ‌တွေကို လှုပ်‌လှုပ်‌ ခပ်‌ခပ်‌ ဖြစ်‌သွား‌စေပါတယ်‌။

“သူတို့ငါးရသွားပြီကွ။ သည်‌‌နေ့မှ သည်‌ဘက်‌ခြမ်းက သိပ်‌မတက်‌ဘူး။ ထိုင်‌‌နေတာ ၁ နာရီ‌ ကျော်‌‌နေပြီ” လို့ အစိုးရဝန်‌ကြီးဌာန တစ်‌ခုမှာ အဆင့်မြင့်ရာထူးနဲ့ တာဝန်‌ထမ်း‌ဆောင်‌‌နေတဲ့ ဦးမြင့်ကျော်‌က သူ့ ငါးမျှား‌ဖော်‌ မိတ်‌‌ဆွေကို လှမ်း‌ပြောလိုက်‌တယ်‌။

ဘာငါးရရ ဘယ်လောက်ပဲရရ သူတို့တွေဟာ ပျော်နေတတ်တာပါပဲ။ အဓိက အမျိုးသားတွေ မျှားတယ် ဆိုပေမယ့် ကရင် အမျိုးသမီးတွေ ငါးမျှားတံကိုယ်စီနဲ့ ပလိုင်းလွယ်ပြီး သွားနေ ငါးမျှားနေတာတွေ ရေကန်နဲ့ မြစ်ချောင်းနဘေးတွေမှာ ‌တွေ့ရလေ့ရှိပါတယ်‌။

အပျော်တမ်းငါးမျှားသူတွေရဲ့ အဓိကရည်ရွယ်ချက်က စိတ်‌ အပမ်း‌ပြေချင်‌တာ၊ စိတ်‌ထွက်‌‌ပေါက်‌ တစ်‌ခု အ‌နေနဲ့ လို့ ဆိုပါတယ်‌။

ဦးမြင့်ကျော်‌က “ကျွန်‌‌တော်‌က ဝါသနာ ပါတယ်‌၊ ငါးမျှားတာက စိတ်‌ငြိမ်‌တယ်‌၊ ‌နောက်‌ပြီး သည်‌အလုပ်‌က သူ့ ဉာဏ်‌ ကိုယ့်ဉာဏ်‌ အပြိုင်‌ကစားပြီး ညံ့သူ ခံရတယ်‌၊ ‌တော်‌သူ‌အောင်‌ပွဲခံတယ်‌။ ကျွန်‌‌တော်‌ သည်‌လို ယူဆတယ်‌။ လုပ်‌ငန်းခွင်‌ထဲက မွန်းကြပ်‌မှုတွေ ပွတ်‌တိုက်‌မှုတွေကို သည်‌နည်းနဲ့ ‌ဖြေ‌ဖျောက်‌‌နေတာ” လို့ သူ့ ခံစားချက်‌ကို ‌ပြောပြတယ်‌။

မိုးဦးရာသီ အစ ဖြစ်‌တဲ့ ဇွန်လနဲ့နယုန်လ နောက်ဆုံးပတ် ငါးမျှားသူ‌တွေ ပိုများတယ်‌။ စီးပွားဖြစ်‌ ငါးမျှားကြသူ‌တွေက ငါးရစ်‌ ငါးသန်‌်‌တက်‌ချိန်‌‌တွေမှာ ကန်‌အတွင်း မျှား‌လေ့ရှိတာ‌ကြောင့် ‌ဂေဟစနစ်‌ ထိန်းသိမ်း‌ရေး တစ်‌ဖက်‌တစ်‌လမ်းက‌နေ ပညာ‌ပေးမှု တွေကို ဘားအံမြို့လယ်‌က ကန်‌သာယာ ကန်‌‌ဘောင်‌နံ‌ဘေးမှာ စိုက်‌ထူထားတဲ့ သစ်‌သား ဆိုင်းဘုတ်‌ပြား‌လေး‌တွေက‌နေ ‌တွေ့နိုင်‌ပါတယ်‌။

“ငါကတော့ ငါလေးပဲမျှားတာ။ နင့်ဦးလေးကတော့ ငါးရံ့နီမျှားတယ်။ အသက်ကလဲကြီးပြီ ကလေးတွေလဲ အလုပ်ကိုယ်စီနဲ့ဝင်ငွေရှာနိုင်ပြီဆိုတော့ ငါတို့လင်မယားကို ဈေးမရောင်းခိုင်းတော့ဘူး” လို့ ယခင်တောထမင်းဆိုင်ရောင်းသူ ဒေါ်လုံးလုံးက ပြောပါတယ်‌။

ငါးလေးမျှားသူများအနေဖြင့် ချိတ်ငါးမျှားတံကို အသုံးပြုကာ တီကောင် ဘီစကစ်မုန့်တို့ဖြင့် ငါးစာလုပ်ကာ အဓိကအားဖြင့် ရေကန် ချောင်းငယ်တူးမြောင်းတို့တွင် ငါးမျှားလေ့ရှိပြီး ငါးခုံးမ ငါးပြေမ ငါးဘေးကြား ငါးဇင်ဆက်တို့ကို ဖမ်းလေ့ရှိကြတယ်‌။

ကန်‌သာယာ ကန်‌‌ဘောင်‌မှာ ‌တွေ့မြင်‌ရတတ်‌တဲ့ ငါးမျှားသူ အများစုက‌တော့   စီးပွားဖြစ် ပြန်လည်ရောင်းစားရန်အတွက် မဟုတ်ကြပါဘူး။ တချို့ကလဲ ဖမ်းမိတဲ့ ငါးကို ‌အောင်‌ပွဲခံတဲ့ အ‌နေနဲ့ စားသုံးတာ‌တွေ ရှိသလို၊ တချို့က ငါးမျှားသော်လည်း
ငါးမစားသောသူများ ပါဝင်ကြပြီး အပျော်တမ်းငါးမျှားကြသူများသာ ဖြစ်‌ကြပါတယ်‌။

“မြန်မာပြည်ပြန်ရောက်ချိန်တွေမှာ နှစ်တိုင်း ငါးမျှားဖြစ်တယ်။ ၂၀၁၃ ခုနှစ်လောက်တုန်းက ကျွန်တော်အလုပ်အတွက် အရက်ဖြတ်ဖို့ ဆုံးဖြတ်ပြီး ငါးစပြီးမျှားတာ တယောက်တည်းပဲ မျှားဖြစ်တယ်။ ကျွန်တော်က ငါးကြင်းမျှားမယ်လို့ ဆုံးဖြတ်ပြီး စက်သီးပါတဲ့ ငါးမျှားတံကို ရှာဝယ်တယ်။ ငါးကြီးမျှားတာဆိုတော့ နေ့တိုင်း ရချင်မှ ရမယ်။ မျှားတိုင်းလဲရချင်မှ ရမယ် ဆိုတာ ကျွန်တော် သိပါတယ်‌။ ဒါပေမယ့် အဲဒီမှာ အာရုံရောက်နေတော့ အရက်သောက်ချင်စိတ်ကို မေ့ထားနိုင်ခဲ့တယ်ဗျ။ နောက်ပိုင်း ငါးမျှားတာကို သင်္ဘောပြန်ဆင်းတိုင်း  လုပ်ဖြစ်တယ်။ မှတ်မှတ်ရရစကားကတော့ အဲဒီငါးမျှားတံနဲ့မျှားမှ ငါးရမှာလားလို့ ပြောခံထိဖူးတာပါပဲ” လို့ စိတ်တည်ငြိမ်မူရရန် ငါးမျှားတဲ့ သင်္ဘောသား ကိုဘိုဘိုလေးက ‌ပြောပါတယ်‌။

မိသော ငါးကိုမောသည်အထိ ကစားပေးနိုင်ရန်အတွက် ကြိုးရှည်ရှည် လိုအပ်ပြီး စက်သီးပါသောငါးမျှားတံ သို့မဟုတ် ရေ သန့်ဗူးဟောင်း မှုတ်ဆေးဗူးဟောင်းတို့တွင် ကြိုးအရှည် ၃၀ မီတာ၊ ပေ ၉၀ ခန့် ရစ်ချည်ထားသည့် လက်ထွန်ဟုခေါ်သော ကိရိယာဖြင့် ငါးမျှားလေ့ ရှိကြပါတယ်‌။

ငါးကြီးမျှားရာမှာ မိမိမျှားလိုသော ငါးအမျိုးအစားပေါ် မူတည်ပြီး ငါးမျှားချိတ် ဆင်တဲ့‌နေရာမှာလဲ ပုံစံနှင့် အရွယ်အစား ကွဲပြားမှုများလဲ ရှိပါတယ်‌။

အစာ အနေဖြင့် ဖွဲနု မုန့်တီဖက် ဘီစကစ်တို့ကို ဂျုံလုံးကဲ့သို့ စေးပိုင်အောင် နယ်ပြီး၊ ငါးမျှားချိတ်ကို မပေါ်စေဘဲ လက်သီးလုံး အရွယ်ခန့် အစာကို တပ်ရပါတယ်။ အစာလုံးအတွင်း မတူညီသော နေရာများကို ချိတ်ထိုးသွင်းပြီး အစာလုံး ချောမွေ့အောင် လုပ်ရပါတယ်။ ယင်းနောက် မိမိငါးမျှားတဲ့ ကမ်းနဲ့ ပေ ၆၀ အဝေး  ရောက်ရှိသည့်တိုင်အောင် စက်သီးပါတဲ့ ငါးမျှားတံဖြင့် သော်လည်းကောင်း လက်ထွန်ဖြင့် သော်လည်းကောင်း လွဲပစ်ရပါတယ်။

"တချို့က မေးကြတယ်… နင့်ငါးစာက လက်ပစ်ဗုံးလောက် ရှိတာ ငါးက ဘယ်လိုစားမလဲပေါ့။ ငါးကြင်းက အကောင်ကြီး ပေမယ့် ပါးစပ်က သေးတယ်။ အသားစားငါး မဟုတ်တော့ အစာကို ဟပ်ပြီး စားလေ့မရှိဘဲ စုပ်ယူပြီး စားတယ်။ အဲဒီမှာ ဖွဲနုနဲ့မုန်တီ ရောနယ်ထားတဲ့အစာက ပဲ့ပြီး မြုပ်ထားတဲ့ ငါးစာမှာ  ချိတ်က ပါးစပ်ထဲဝင်သွားမယ်လေ” လို့ ဘားအံမြို့ ကန်သာယာတွင် ငါးမျှားသူ ကိုစည်သူအောင်က ဆိုပါတယ်။

ငါးကြီးများကို အဓိကထား မျှားလေ့ရှိပြီး မြစ်ချောင်း ရေစီးအားကို မူတည်၍ ခဲစေ့ကို ၃ ကျပ်သားမှ ၁၀ ကျပ်သားအထိ အသုံးပြုလေ့ရှိကြတယ်။ အစာအားဖြင့် ငါးမျှားချိတ်ကြီးကြီးတွင် ပေါင်မုန့်ထည့်၍ လည်းကောင်း ညှီစော်အနံ့ရှိ ကြက်အူ၊ အဆုပ်များကို အသုံးပြု၍လည်းကောင်း တီကောင်များဖြင့်ချိတ်၍ ငါးမျှားကြသည်။

"ငါးက တခါတလေ ကံကောင်းရင် ငါးကြီးမိတာမျိုး ရှိတယ်။ တခါတလေ ငါးမရဘူး။ ဒီလိုပဲ စိတ်ရှည်ပြီး မျှားရတယ်” လို့ ငါးမျှား ဝါသနာရှင် ဦးဝင်း‌မောင်‌က ချောင်းအတွင်း ငါးမျှားတဲ့ အတွေ့အကြုံကို ပြောပြတယ်။ ငါးမျှားသူတွေက အလွှာစုံမှ လူအမျိုးမျိုး ပါဝင်ကြပါတယ်။

အချို့မှာ ပန်းရံ၊ လက်သမားများဖြစ်ပြီး အချို့မှာ ဌာနဆိုင်ရာ ရုံးဝန်ထမ်းများ၊ တည်းခိုခန်း ပိုင်ရှင်များ၊ စားသောက်ဆိုင်လုပ်ငန်း ပိုင်ရှင်များ စသည်တို့ ပါဝင်ကြပါတယ်‌။ ငါးလုံးဝမရဘဲ အိမ်ကို ငါးမျှားတံထမ်းပြီး ပြန်သွားခဲ့ရသော နေ့ရက်များမှာလည်း ရေတွက်၍ မကုန်နိုင်အောင်ပါပဲ။ သို့သော် မည်သူမျှ မညည်းညူ မည်သူမှ စိတ်မပျက် အချိန်တန်လျှင် ငါးမျှားကြစမြဲပင် ဖြစ်ပါတော့တယ်‌။