Breaking News

မောင်လူပေ - အရှေ့တောင်အာရှသားတွေက တရုတ်အလုပ်သမားတွေကို မုန်းသတဲ့လား


မောင်လူပေ - အရှေ့တောင်အာရှသားတွေက တရုတ်အလုပ်သမားတွေကို မုန်းသတဲ့လား

(မိုးမခ) ဇွန် ၂၊ ၂၀၁၉


လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကိုပြန်ကြည့်ရင် တရူတ်ပြည်မကြီးက တရုတ်လူမျိုးတွေဟာ ၁၉၄၉ တရုတ်ကွန်မြူနစ်တော်လှန်ရေးမှာ တရုတ်ပြည်ကို စွန့်ခွာ၊ နန်ယန်လို့ သူတို့ခေါ်တဲ့ အရှေ့တောင်အာရှနိုင်ငံတွေကို ပြောင်းရွှေ့ရင်း ဘဝသစ်တွေ တည်ဆောက်ခဲ့ကြတယ်။ အဲဒီနိုင်ငံတွေက ဒေသခံတွေနဲ့ တသားထဲနေထိုင်ခဲ့ကြတယ်။ ရင်းနှီးချစ်ခင်စွာ နေလာခဲ့ကြတယ်။ အခုအခါမှာတော့ အရှေ့တောင်အာရှမှာ တရုတ်မုန်းတီးရေးတွေ ကြီးထွားလို့လာပါပြီ။ အထူးသဖြင့် တရုတ်ပြည်မကြီးကရောက်လာကြတဲ့ တရုတ်လုပ်သားတွေကိုပါပဲ။

အရှေ့တောင်အာရှ နိုင်ငံတွေမှာ နေထိုင်ကြတဲ့ တရုတ်အသိုင်းအဝိုင်းကမနည်းလှပါ။ ကြီးထွားလာတဲ့ လူဦးရေနဲ့အတူ စီးပွားရေးအင်ပါယာဟာလည်း မနည်းလှ။ နိုင်ငံစီးပွားရေးကို ချုပ်ကိုင်ထားနိုင်လောက်အောင် များပြားလာခဲ့တယ်။ ဒါလည်းအကြောင်းမဟုတ်ပါ။ သူတို့တွေဟာ တရုတ်သွေးပါတဲ့ ဌာနေနိုင်ငံသားတွေ ဖြစ်နေကြပြီ။ နိုင်ငံကို ချစ်သူတွေဖြစ်​​နေပီီ။ ပြသနာက အခုဆယ်စုနှစ်အတွင်းမှာ တရုတ်ပြည်မကြီးက ချမ်းသာလာတယ်။ သူတို့တွေ စီးပွားချဲ့ထွင်ရာက ဝင်ရောက်လာတဲ့ တရုတ်လုပ်သားတွေကြောင့် ဖြစ်တယ်။

ဒါ့အပြင် တရုတ်ပြည်မကြီးမှာ စီးပွားရေးနှေးကွေးလာတဲ့အခါလည်း ပြည်မကြီးက တရုတ်လုပ်သားတွေ အရှေ့တောင်အာရှကို အုံနဲ့ကျင်းနဲ့ ရောက်လာတတ်တယ်။ တရားဝင်ရော၊ တရားမဝင်ရော နည်းမျိုးစုံပေါ့။ အဲဒီနိုင်ငံအချို့ရဲ့ အကျင့်ပျက်ခြစားတဲ့ ဝန်ထမ်းတွေက ငွေယူပြီး မသိချင်ယောင်ဆောင်ပေးကြတယ်။ တရုတ်အလုပ်သမားတွေဟာ တရုတ်ပြည်မကြီးရဲ့ ရင်းနှီးမြှုတ်နှံမှု မှန်သမျှမှာ မပါမဖြစ်။ ဒီတော့ ဌာနေအလုပ်သမားတွေနဲ့ ပြသနာ ထိပ်တိုက်တိုးကြပါတယ်။

အင်ဒိုနီးရှားမှာဆိုရင် ၁၉၉၈ခုနှစ် တရုတ်ဆန့်ကျင်ရေး အရေးအခင်းမှာ တရုတ်စီးပွားရေးလုပ်ငန်းတွေဖျက်ဆီးခံရ၊ လူတွေအသတ်ခံရ ဖြစ်ခဲ့တယ်။ (အဲဒီအချိန်မှာ တရုတ်ပြည်မကြီးက မသိချင်ယောင်ဆောင်နေခဲ့ပါတယ်။) အဲဒီနောက်မှာ တရုတ်ပြည်နဲ့ စီးပွားကုန်သွယ်ရေးကို အစိုးရက အလွန်သတိကြီးစွာထားပြီး ဆောင်ရွက်နေတဲ့ကြားက အင်ဒိုနီးရှားဌာနေအလုပ်သမား သမဂ္ဂများနဲ့ လာရောက်ရင်းနှီးကြတဲ့ တရုတ်ကုမ္ပဏီတွေ အချင်းများကြတယ်။ တရုတ်တွေက သူတို့လူတွေကို ခေါ်လာပြီး လာရောက်လုပ်ကိုင်စေတဲ့အတွက်ပါ။ ဌာနေတွေကို ခေါ်သုံးရတာ အလုပ်မတွင်ဘူးလို့ တရုတ်လုပ်ငန်းရှင်တွေက အကြောင်းပြပြောဆိုသလို၊ အင်ဒိုအစိုးရရဲ့ သတ်မှတ်ချက်တွေ မလိုက်နာဘူးလို့ တဖက်က ပြန်စွတ်စွဲခဲ့တယ်။ လောလောဆယ်မှာပဲ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဂျကာတာမြို့တော်မှာ ရင်ဆိုင်နေရတယ်။

ကမေ႓ာဒီးယားလည်း အတူတူပဲ။ ပင်လယ်ကမ်းခြေက သီဟာနုဗေးမြို့ဟာ ဌာနေစတိုးဆိုင်လေးတွေပျောက်သွားပြီး လောင်းကစားရုံတွေ၊ တရုတ်စားသောက်ဆိုင်တွေနဲ့ ပြည့်လျှံသွားခဲ့တယ်။ ဌာနေတွေနဲ့ မကြာခဏ ခိုက်ရန်ဖြစ်ကြရတယ်။ အဲဒီတရုတ်လူမျိုးနှစ်သိန်းမှာ နှစ်သောင်းကသာ အလုပ်လုပ်ခွင့်ပါမစ်နဲ့ လာသူတွေဖြစ်ကြတယ်။ ရာဇဝတ်မှုနဲ့အရေးယူရတဲ့နိုင်ငံခြားသားသုံးရာကျော်မှာ နှစ်ရာကျော်လောက်ဟာ တရုတ်တွေ ဖြစ်နေတယ်။

ဖိလစ်ပိုင်က ပိုဆိုးပါတယ်။ အခုနှစ်အနည်းငယ်အတွင်း တရုတ်လုပ်သားတွေအများကြီးရောက်လာကြတယ်။ အစိုးရက တရားမဝင်အလုပ်သမားတွေကို ဖမ်းဆီးတယ်ဆိုပေမဲ့ အကျင့်ပျက်ဝန်ထမ်းတွေရှိတဲ့ လဝကနဲ့ အလုပ်သမားရေးရာဌာနတို့ကြောင့် အလုပ်မဖြစ်။ တရုတ်အလုပ်သမား နှစ်သိန်း၊ သုံးသိန်းဆီက လာဘ်ငွေ ဘယ်လောက်ရမယ်ဆိုတာ ခန့်မှန်းနိုင်တယ်။ မိုင်းတူးဖေါ်ရေးတွေေ၊ ဆောက်လုပ်ရေးတွေမှာ အလုပ်သမားအများစုဟာ တရုတ်တွေပါပဲ။ လောင်းကစား၊ မိန်းမကိစ္စ တွေ ပါလာတယ်။ ဒီတော့ ဌာနေအလုပ်သမားတွေနဲ့ ဌာနေပြည်သူတွေနဲ့ ပြသနာတက်ကြပါတော့တယ်။

နောက်ထပ်ပြသနာက ရိုးရာယဉ်ကျေးမှုမတူတာပဲ။ ဥပမာအားဖြင့် ဖိလစ်ပိုင်အလုပ်သမားတွေဟာ တရုတ်အလုပ်သမားခေါင်းတွေက အများရှေ့မှာ အရေးယူတာ၊ ဆူပူဆဲဆိုတာ မကြိုက်ဘူး။ အလွန်ရိုင်းတယ်။ တရုတ်တွေအတွက်တော့ ဒါဟာ သာမန်ကိစ္စ။ ခေါင်းဆောင်ကဆဲဆိုရုံမကလို့ ဆွဲထိုးခံရလည်း အရေးမကြီးလှ။ တရုတ်တွေအတွက် တစုံတရာကို ခြေထောက်နဲ့ထိုးပြတာ မဆန်းပေမဲ့ အရှေ့တောင်အာရှသားတွေအတွက်ေတာ့ ဒါဟာ ရိုင်းပြတဲ့ အပြုအမူပါ။ ဒီလိုကွာခြားမှုတွေကြောင့် တရုတ်မုန်းတည်းရေးတွေ ကြီးထွားလာခဲ့တယ်။

အရှေ့တောင်အာရှကို အရင်အခါက ပြောင်းရွှေ့လာတဲ့ တရုတ်လူမျိုးတွေဟာ ဆင်းရဲသူတွေများပါတယ်။ သူတို့ရောက်ရှိရာဒေသမှာ ပျော်စရာကောင်းအောင်နေတတ်ကြတယ်။ ဒေသခံအဖြစ် အလွယ်တကူပြောင်းလဲနိုင်ကြတယ်။ အခုဆယ်စုနှစ်တွေမှာ ပြောင်းရွှေ့လာတဲ့ တရုတ်လူမျိုးတွေနဲ့မတူပါဘူး။ အခုတရုတ်လူမျိုးတွေက ကွန်မြူနစ်ပါတီရဲ့ လက်အောက်မှာ ကြီးပြင်းခဲ့သူတွေ၊ ငွေထုတ်ပိုက်ပြီး စီးပွားရှာကြသူတွေ ဖြစ်ကြတယ်။ ဆင်းရဲတဲ့ ဌာနေတွေကို ငွေတန်ခိုးပြပြီး နှိမ်ကြတယ်၊ ဌာနေယဉ်ကျေးမှုတွေ ဂရုမစိုက်ကြဘူး။ တရုတ်ဗဟိုအစိုးရက ငွေကြေးထောက်ပံ့ထားတဲ့ တရုတ်လုပ်ငန်းရှင်ကြီးတွေက လုပ်ငန်းကရတဲ့သီးနှံတွေ၊ သယံဇာတတွေကို ဒေသခံတွေအား မဝေမျှပဲ တရုတ်ပြည်ကိုသာ ပြန်သယ်ယူသွားခြင်းကလည်း ဒေသခံတွေအတွက် ဒေါသထွက်စရာ ဖြစ်စေပါတယ်။

တရုတ်ပြည်မကြီးမှာ အစိုးရပိုင်ထီလုပ်ငန်းကလွဲရင် လောင်းကစားဟာ တရားမဝင်လုပ်ငန်းဖြစ်တယ်။ ဒီတော့ အရှေ့တောင်အာရှကိုရောက်လာကြတဲ့ တရုတ်တွေဟာ အဲဒီလုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်လာကြတယ်။ ဖိလစ်ပိုင်မှာဆိုရင် ဌာနေအကျင့်ပျက်ရဲတွေကြောင့် ဒီလုပ်ငန်းတွေကြီးထွားလာကြတယ်။ ဒီလုပ်ငန်းက ဝင်ငွေကောင်းတဲ့လုပ်ငန်းကြီးမို့ လုပ်ငန်းရှင်တွေက ယုံကြည်ရတဲ့ သူတို့တရုတ်လူယုံကိုသာခန့်ထားလိုကြတယ်။ တစ်လကိုယွမ်ငွေ ခြောက်ထောင် (အမေရိကန်ဒေါ်လာကိုးရာကျော်) ၊ လစဉ်တိုးငွေ ယွမ်ငါးရာ (၇၅ဒေါ်လာခန့်) လစာပေးတဲ့အတွက် တရုတ်ပြည်တွင်းမှာ ရနိုင်တဲ့လစာ ၃၈၀၀ယွမ် (ဒေါ်လာ ၅၅၀ခန့်) ထက် အများကြီးသာတယ်။ ဒါကြောင့်တရုတ်လုပ်သားတွေ လာရောက်လုပ်ကိုင်နေကြတယ်။ ရပ်ကွက်တွေမှာ တရုတ်လူသစ်တွေနဲ့ ပြည့်လျှံသွားတယ်။ စျေးဆိုင်တွေမှာလည်း အလီပေးတို့ ဝီချပ်တို့စတဲ့ တရုတ်ရဲ့ငွေပေးရေးစနစ်တွေလက်ခံလာကြတယ်။

တရုတ်ဆန့်ကျင်ရေးတွေ များလာတဲ့ ဖိလစ်ပိုင်ဟာ လူမျိုးရေးခွဲခြားတဲ့နိုင်ငံတော့မဟုတ်ပါ။ လူမျိုးခြားတွေကို နွေးထွေးစွာ ကြိုဆိုတတ်တယ်။ နိုင်ငံရပ်ခြားမှာအလုပ်လုပ်နေတဲ့ သူတို့လူမျိုးတွေလည်း အများကြီးပဲ။ ဖိလစ်ပိုင်မှာ ဂျပန်၊ ကိုးရီးယားတွေလည်းအများကြီးရှိတယ်။ ဒီလူတွေနဲ့ ပြသနာမရှိ။ ဒီနိုင်ငံဟာ အလုပ်လက်မဲ့များတဲ့နိုင််ငံံ ဖြစ်တဲ့အတွက် သူတို့ရဲ့အလုပ်တွေကို တရုတ်တွေက လုယူနေတယ်လို့ ခံစားရလို့ဖြစ်တယ်။ အစိုးရက လာဘ်တွေယူပြီး တရုတ်အလုပ်ရှင်တွေကေို ကောဇောနီခင်းပြီးကြိုဆိုပြ၊ တရုတ်အားကိုး လုပ်ပြနေပေမဲ့ ဌာနေဖိလစ်ပိုင်လူမျိုးတွေကေတာ့ ဆောက်လုပ်ရေးတို့၊ ကျောက်မီးသွေးမိုင်းတို့လို အလုပ်ကြမ်းတွေကိုတောင် တရုတ်အလုပ်သမားတွေက ဝင်ရောက်လုပ်ကိုင်နေကြတဲ့အတွက် မကြေနပ်ကြဘူး။

မနီလာမြို့ပေါ်မှာပဲ ဆောက်လုပ်ရေးလုပ်နေကြတဲ့ တရုတ်တွေ တစ်သောင်းခွဲလောက်ရှိနေတယ်။ ဒါဟာ ဖိလစ်ပိုင်လူမျိုးတွေလုပ်နိုင်တဲ့ လုပ်ငန်းတွေပါ။ တရုတ်ဆောက်လုပ်ရေးလုပ်ငန်းေတွက လောင်းကစားပါ တွဲဖက်ကြတဲ့အတွက် ၂၀၁၇မှာ အမြတ်ငွေ ၃၃% အထိ ရခဲ့ကြတယ်။ အဲဒီလုပ်ငန်းတွေကြောင့် အမြတ်ထက် အရှုံးပေါ်ခဲ့ရတာကတော့ ဖိလစ်ပိုင်နိုင်ငံပေါ့။ နိုင်ငံခြားမှာ အခြေခံအလုပ်တွေလုပ်နေတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေပြန်ပို့တဲ့ ဝင်ငွေနဲ့ အသက်ဆက်နေတဲ့ ဒီနိုင်ငံဟာ သူ့နိုင်ငံသားတွေ လောင်းကစားမှာနွံနစ်ပြီးအရံှုးပေါ်သွားရတယ်။ တရုတ်ပြည်က ငွေတွေ တရားမဝင် စီးဝင်လာတဲ့အတွက် အိမ်ခြံမြေစျေးတွေထိုးတက်သွားပြီး ဒေသခံတွေ ဆင်းရဲတွင်းပိုနက်လာစေတယ်။

မြန်မာပြည်ကတော့ အိမ်နီးချင်းပီပီ တရုတ်ပြုသမျှ နုနေရတာ ကြာပါပြီ။ အာဏာရှင်အစိုးရအဆက်ဆက်က တရုတ်အားထား၊ တရားအားထုတ်နဲ့ အသက်ဆက်ခဲ့ကြတော့ တရုတ်ကို ရှိသမျှသယံဇာတတွေ စျေးပေါပေါနဲ့ ရောက်သွားတာ သစ်တောတွေပြောင်သလောက်၊ ကျောက်စိမ်းတွေ မရှိသလောက် ဖြစ်သွားပါပြီ။ နောက်ရောက်လာတဲ့တရုတ်တွေကို ဒေသခံတွေက မုန်းတည်းဆန့်ကျင်လာကြတဲ့အခါ အရင်ရောက်နေပြီးဖြစ်တဲ့ တရုတ်သွေးပါတဲ့ ဒေသခံတွေအတွက် အနေခက်စရာတွေ ဖြစ်ခဲ့ရတယ်။

နယ်စပ်ကုန်သွယ်ရေးကနေ အားထားရတဲ့ တောင်သူလယ်သမားတွေ၊ ကုန်သည်တွေ၊ ကားသမားတွေမှာလည်း နယ်စပ်ကို တရုတ်ဖက်က ပိတ်လိုက်တိုင်း အလူးအလဲခံရမြဲ။ စီးပွားရေးအခြေအနေအရ နယ်စပ်ကို ပိတ်ဖွင့်ကစားတတ်တဲ့ တရုတ်အစိုးရကို တောင်းပန်ပြီး ပြန်ဖွင့်ပေးဖို့ အသနားခံနေရတဲ့ မြန်မာတို့ဘဝပါ။ လက်ရှိအစိုးရက တရုတ်အားကိုးရမှုကိုလျှော့ချဖို့ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးမြှင့်ခဲ့ပေမဲ့ တရုတ်အားကိုးစစ်တပ်ကို ထိမ်းချုပ်ဖို့ အာဏာမရှိတဲ့အတွက် အရာမထင်။

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ။ တရုတ်ပြည်ဆိုတာ အရှေ့တောင်အာရှနိုင်ငံတွေအတွက် အိမ်နီးချင်းနိုင်ငံမို့ အရင်ကဆက်ဆံခဲ့သလို အခုလည်း ဆက်လက်ဆက်ဆံနေရမှာပါပဲ။ နိုင်ငံခြင်း ဆက်ဆံရတဲ့အခါ အားကြီးသူကို အားနည်းသူက အလျှော့ပေး ဆက်ဆံရမြဲပေမဲ့ တဖက်သတ်အားကိုးနေရတာကို လျှော့ချပြီး ချိန်ခွင်လျှာညှိနိုင်မှသာ သက်သာမယ်ဖြစ်ပါတယ်လို့ တင်ပြပါတယ်။

ချစ်ခြင်းအားဖြင့်

မောင်လူပေ

(တိုက်ရိုက်ဘာသာပြန်ခြင်းမဟုတ်််ပါ။)

ကိုးကား

https://www.scmp.com/week-asia/politics/article/3012674/why-are-chinese-workers-so-unpopular-southeast-asia