Breaking News

မောင်သာနိုး - ပျဉ်းမနားက ဂန္ဓဗ္ဗ နတ်သား



မောင်သာနိုး - ပျဉ်းမနားက ဂန္ဓဗ္ဗ နတ်သား

(မိုးမခ) ဖေဖော်ဝါရီ ၁၅၊ ၂၀၂၀

မနှစ်က သီတင်းကျွတ်က ပျဉ်းမနားကိုရောက်ခဲ့ရာမှာ၊ လူငယ်စာပေသမားတွေနဲ့ တွေ့ခဲ့၊ ဟိုအကြောင်း ဒီအကြောင်း စကားစမြည်တွေ ပြောခဲ့ရပါတယ်။ လက်ဖက်ရည်ဆိုင်မှာ ၊ ဘုရားတန်ဆောင်းထဲမှာ ၊ ကန်ပေါင် ရိုးပေါ်မှာ တောရောက်တောင်ရောက်ပြောခဲ့ကြတဲ့အထဲက ကဗျာအကြောင်းဟာ အဓိကပေါ့။ ကဗျာအကြောင်း ဆိုတော့လည်း ကဗျာရဲ့အဓိကအပိုင်းတပိုင်းဖြစ်တဲ့ သဒ္ဒါလင်္ကာရအကြောင်း၊ အသံအကြောင်း ပြောဖြစ်ကြ တယ်။ အခြားတပိုင်းဖြစ်တဲ့ အတ္ထာလင်္ကာရအကြောင်းလည်း ပါတော့ပါပေရဲ့။

အစဉ်အလာက သဒ္ဒါလင်္ကာရဆိုရင် သုတိသာယာတာ၊ အသံပြေပြစ်တာ၊ ချိုတာကိုပဲ နားလည်ခဲ့ကြ တော့ အသံက ကြမ်းတာ၊ ပြင်းထန်တာ၊ ရုန့်ရင်းဆန်ခတ်ဖြစ်တာ၊ နှေးတာ၊ သွက်တာ စတာတွေကို ပြောလာ ရင် နားမလည်တတ်ကြဘူး။ ဒီသဘောကိုဖေါ်ပြဖို့ မြန်မာစကားလုံးတောင်မရှိသမို့ သိုးဆောင်းစကားလုံး “ရစ်သမ်” ကိုယူပြီး သုံးနှုန်းနေရလေတော့ ပိုပြီးနားဝေးရပြန်ရော။

တချို့က “နရီ” လို့ သုံးချင်ကြတယ်။မြန်မာစကားမှာ နရီက စည်းဝါးကို ပြောတာပဲ။ မြန်မာအဘိဓါန်က “စည်းသုံးချက်၊ ဝါးတချက်ပါဝင်သော စည်းဝါးတမျိုး”လို့ နရီစည်းကို အဓိပ္ပာယ်ဖွင့်တယ်။ရစ်သမ်နဲ့ တခြားစီ။

မြန်မာပြည်အရပ်ရပ်လိုပါပဲ။ ပျဉ်းမနားက လူငယ်တွေလည်း စာဖတ်အားကောင်းသမို့ ဗဟုသုတရှိနေ သူကျတော့ ရစ်သမ်အကြောင်း ရေးကြပြောကြတာတွေ၊ ဖတ်ရကြားရဖန်များလို့ နားရည်ဝနေပုံရပြီး၊ တချို့ကျ တော့လည်း ရစ်သမ်ဆိုတာ ဘာမှန်းကို မသိဘဲ ဖြစ်နေတော့တယ်။ အဲသလိုပုဂ္ဂိုလ်မျိုးကျတော့လည်း ဆွေးနွေး ရတာ အင်မတန်လက်ဝင်ပါတယ်။ ရစ်သမ်ဆိုတာ အသံစီးဆင်းပုံ a follow of sounds ဆိုတာကနေ အင်္ဂလိပ် ဥပမာ မြန်မာဥပမာတွေနဲ့ ရှင်းပြရတော့တယ်။

လူငယ်တွေတင်လားဆိုတော့ မဟုတ်ပါ။ လူကြီးတွေထဲမှာလည်း ရစ်သမ်ဆိုတာကို ဘဝင်မကျသူတွေ ရန်ကုန်မှာ မြန်မာပြည်အရပ်ရပ်မှာ တွေ့ဖူးပါတယ် ။ ဆွေးနွေးရလှ ၊ ရှင်းပြရလှ ၊ ငြင်းခုံရလှပါပြီ။ သူတို့ပြောပုံ က ပညာရှင်လေသံနဲ့၊ ရစ်သမ်ဆိုတာ အင်္ဂလိပ်စကားမှာသာ ရှိတာပဲ၊ အင်္ဂလိပ်က accented language ကိုး။ အသံအနိမ့်အမြင့်ရှိတာကိုး။ မြန်မာစကားမှာက အဲသလို accent မှ မရှိတာ ၊ဘယ်ရစ်သမ်ရှိမလဲ တဲ့။ အဲသလို ပြောတဲ့ဆရာကြီးတွေကို ပြန်မေးရမယ့်မေးခွန်းကတော့ --ဟုတ်ကဲ့ ၊ ပန်းချီကားတချပ်မှာကော accent ဆိုတဲ့ ဂရုသံ ရှိပါသလားခင်ဗျာ လို့ ဖြစ်ပါတယ်။

မြန်မာစကားမှာ accent ခေါ် stress ဆိုတာမရှိသလောက်ဖြစ်ပေမဲ့ (လုံးဝမရှိဘူးတော့ မဟုတ်ဘူး) အ၊ အာ၊ အား၊ အတ်၊ အိ၊ အီ၊ အီး အစ် စတဲ့ တုန်း tone တွေရှိကြတယ်။ အသံချခြင်း အသံမြင့်ခြင်းဆိုတဲ့ နိမ့်မြင့်သံ intonation ရှိတယ်။ ရပ်တန့်တာ၊ ဆက်ပြောတာတွေ ရှိတယ်။ ဒီလိုနဲ့စကားပြောရာမှာ အသံဟာ တပြေးထဲ ဖြစ်မနေဘဲ နားထောင်လို့ ကောင်းနေတယ်။ ပန်းချီကားမှာ မျဉ်းတွေ၊ အရောင်တွေ ၊ တုန်းတွေနဲ့ ရစ်သမ်ဖေါ်သလို မြန်မာစကားမှာလည်း တုန်းတွေ၊ အသံအနိမ့်အမြင့်တွေ၊ ရပ်တာတွေနဲ့ ရစ်သမ်ကို ဖေါ်ကျူး တာပေါ့။ ဒီလိုနဲ့ သူစကားပြောတာ နားထောင်လို့ ကောင်းတယ်၊ သူစကားပြောတာ ပျင်းစရာကြီးဆိုတာ မြန်မာ စကားပြောသူတို့ကြားမှာ ဖြစ်ပေါ်လာတယ်။

ဒီအက်ဆေးမှာ ရစ်သမ်အကြောင်း အကျယ်တဝင့် မဆွေးနွေးလိုပါဘူး။ ဆွေးနွေးဖို့ နေရာလည်း မရဘူး။ တာဝန်က ဇော်(ပျဉ်းမနား)ရဲ့ ကဗျာအကြောင်း မိတ်ဆက်ပေးဖို့ ဖြစ်တယ်။ ဒါပေမဲ့ အကြောင်းသင့်လို့ အနည်းငယ်ပြောရရင်တော့ မြန်မာကဗျာဖတ်သူများ၊ ကဗျာရေးလေ့ကျင့်သူများဟာ ကဗျာကိုဖတ်ရင် အဓိပ္ပာယ် ကိုတင် ကြံဆမနေဘဲ အသံရဲ့အကျိုးပြုပုံ၊ မပြုပုံကိုပါ ဆင်ခြင်တဲ့အလေ့အကျင့်လုပ်ကြရင် ကောင်းမယ်။ဥပမာ-

ဖြူဖြူပြာပြာ
ပြုံးလျက်သာသည်
မျက်နှာငွေလဝန်းနှယ်တကား
ဆိုတဲ့ကဗျာအပိုဒ်နဲ့…

“ဖုထစ်ရွတ်တွ
ငှက်လင်းတသို့
ပျဉ်းမငုတ်တို
သက်ကျားအိုသည်
ကုန်းမိုထက်တွင် တပင်တည်း”

ဆိုတဲ့ကဗျာအပိုဒ် ၊ တဦးထဲက ရေးထားတာချင်းတူပါလျက် ၊ အသံသွားအသံလာ ဘယ်လိုကွာခြားနေသလဲ။ အဲသလို ကွာခြားလို့ ဘယ်လိုအကျိုးသက်ရောက်ပုံထူးခြားသွားသလဲ။ ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်ဖို့ ကောင်း တယ်။ အဲဒီအခါမှာ အဖြေက “မထူးပေါင်ဗျာ၊ လေးလုံးစပ်ချည်းပဲဟာ ၊ ဒီတိုင်းပဲ အသံထွက်တာပေါ့။ကျုပ်က ရွှေမန်းတင်မောင်မှ မဟုတ်တာ၊ ဟဲလည်းမဟဲတတ်ဘူးဗျ” လို့ ထွက်ရင်တော့ မိတ်ဆွေ ကဗျာကို ဆက်လက် စိတ်မဝင်စားတာပဲ ကောင်းပါတယ်။

အဲဒီ စိတ်ကူးထဲက မိတ်ဆွေကြီးပြောတဲ့စကားထဲက “ဟဲ” တယ်ဆိုတာကို သတိပြုအပ်တယ်။ ကျနော်တို့ဆီမှာ ကဗျာရွတ်တယ်ဆိုတာကို သီချင်းလို ဆိုတာနဲ့ ရောနေလေ့ရှိတယ်။ အဲဒါ ကဗျာရဲ့အရသာကို ခံစားရာမှာ လမ်းမှားရောက်စေတတ်ပါတယ်။ ရုပ်ရှင်ကားတကားထဲက ဇာတ်ကောင်ပြောသလိုပဲ “သီချင်းဆို တာ ဆိုရတယ်၊ စကားဆိုတာ ပြောရတယ်” ၊ ကဗျာဆိုတာရွတ်ရတယ်။ ကဗျာကို သီချင်းလို မဆိုရဘူး။ဆိုရင် ပျက်ကရောပါပဲ။ ရိုးရိုးစကားပြောသလို အသံနေအသံထားနဲ့ဖတ်သွားမှ ကဗျာဖတ်တယ်၊ ကဗျာရွတ်တယ် ခေါ်ရပါတယ်။ အဲသလို သီချင်းသံ ၊ အတီးအမှုတ်သံ မနှောဘဲ၊စာဖတ်သလို စကားပြောသလို ဖတ်ပါ ၊ ရွတ်ပါ မှ လည်း ကဗျာရဲ့အသံစီးဆင်းမှု၊ ကဗျာရဲ့ရစ်သမ်ရဲ့ စွမ်းပကားကို ခံစားနိုင်မှာဖြစ်တယ်။

မြန်မာစကားရဲ့ရစ်သမ်ကို လေ့လာချင်တဲ့သူဟာ မြန်မာလူမျိုးတွေ စကားပြောတာကို နားထောင် အပ်တယ်။ နားထောင်နေတာပါပဲဗျာလို့ မပြောနဲ့၊ လေ့လေ့လာလာ ဂရုတစိုက် နားထောင်တတ်ဖို့ကို ပြောနေ တာဖြစ်တယ်။ သူလိုကိုယ်လို လက်ဖက်ရည်ဆိုင်ထဲကျိတ်ပြောနေကြတာကို နားထောင်လို့တော့ မထူးဘူးပေါ့။ သားရေးသမီးရေး(ဝါ) လင်ရေးသားရေး အဆင်မပြေဖြစ်နေတဲ့ အဒေါ်ကြီးတယောက်ကို စကြည့်၊ တို့ကြည့် ၊ ပြောပါလိမ့်မယ်။ ပြောရင်းက သူ့အသံဟာ ကျယ်လိုက်တိုးလိုက်၊ ရပ်တဲ့အခါရပ်ထားလိုက်၊ သွက်တဲ့အခါ သွက်လိုက်ဖြစ်လာလိမ့်မယ်။ ဒါကို ရစ်သမ္မိက rhythmic ဖြစ်လာတယ်လို့ ခေါ်တယ် ။ တနည်း ကဗျာဖြစ်လာ တယ်။

ဒါ့အပြင် ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း၊ တက်ကြွခြင်း၊ စိတ်အားပျက်ခြင်း စတဲ့စိတ်အခြေအနေ အမျိုးမျိုး အလိုက် မြန်မာလူမျိုးတွေ စကားပြောရာမှာသုံးလေ့ရှိတဲ့ ပုံသေကားကျ စကားခွန်းလေးတွေကိုလည်း သေသေ ချာချာ နားထောင်၊ မှတ်တေးထားသင့်တယ်။ “ဟုတ်ပ၊ ဟုတ်ပ၊ အံ့ရော။ သေလိုက်စမ်းပါ။ ဒုက္ခပါပဲ။ မသိရင် မှတ်ထား ။ ဖြစ်မှ ဖြစ်ရလေ ။ သိတယ်မို့လား။ မသိရင်ခက်မယ် ။ မပြောလိုက်ချင်ဘူး တကတဲပါမှပဲ၊ လွယ် မှတ်လို့ ။ မှတ်ကရော”..စသဖြင့် ။ ဒါလေးတွေကို နားရည်ဝသွားတဲ့အခါမှာလည်း မြန်မာစကားရဲ့အခြေအနေ ကိုလိုက်ပြီး အသံစီးဆင်းပုံသဘောကို သဘောပေါက်နားလည်နိုင်လာပါလိမ့်မယ်။

စကားပြောရစ်သမ်လို့ ကြွေးကြော်လာကြတာနဲ့အတူ၊ ရှေးဂန္ထဝင်ဟန် ၊ စာဟန်ပေဟန်တွေ စွန့်ပြီး ခေတ်ပေါ်စကားရဲ့အသံသွား အသံလာကိုပဲယူကာ ကဗျာစပ်လာကြသူတွေ တော်တော်များလာခဲ့ပါပြီ။ ဒါပေမဲ့ စကားပြောတာတော့ဟုတ်ပါရဲ့ ၊ ထူးခြားတဲ့စကားပြောသံဖြစ်လာသူက ရှားနေတယ်။ စကားပြောတိုင်းလည်း စကားပြောကောင်းသူမှ မဟုတ်ကြတာကိုး။ ပါရမီရှင်အနည်းငယ်ပဲ ပေါက်ပေါက်မြောက်မြောက်ဖြစ်လာတယ်။ အဲဒီရှာရှားပါးပါး အနည်းငယ်ထဲမှာ ဇော်( ပျဉ်းမနား) လည်းပါတယ်။

ဇော်ရဲ့ကဗျာကို ဖတ်လိုက်ရင် ပထမဆုံးသတိပြုမိမှာက ကဗျာရဲ့အကြောင်းအရာကို စကားပြေလို မပြောတာဖြစ်ပြီး၊ နောက် မှတ်သားမိမှာက အဲဒီအကြောင်းအရာကိုလိုက်ပြီး ညီညွတ်ထောက်ကူပေးနေတဲ့ ရစ်သမ်ဖြစ်တယ်။ ပါဒတိုင်း ပါဒတိုင်းရဲ့အသံဟာ ကောင်းမွန်သလို ၊ ပါဒတခုက ခံလိုက်တာကို နောက်တခုက အုပ်ပေးလိုက်တာ၊ ဒီပါဒတွေ ပေါင်းပြီး အသံအဆင်အကွက်လေး sound pattern တခုဖြစ်သွားတာတို့ဟာ အံ့ဖွယ်သရဲဖြစ်တယ်။
မှတ်မှတ်ရရ
သံဝေဂဆိပ် တမာပင်ရိပ်မှာ
အသံတိတ်နေခို လူတွေကိုကြည့်ရင်း
‘ဘယ်လောက်ခင်ခင်
တမာပင်ပါပဲကွာ’ တဲ့
တခါက တစပြင်မှာ
ဖခင်ပြောလို့မှ မကြာသေး
မြတ်စွာဘုရား
‘အဖေ ဆုံးပြီ’တဲ့…….။

ကဗျာဆရာပြောနေတဲ့အကြောင်းအရာကို စကားလုံးအဓိပ္ပာယ်ကတင် ပြောပြနေတာမဟုတ်၊ အေးအေးဆေး ဆေးအခြေအနေ၊ လေးလေးပင်ပင်အတွေးစကား၊ ရုတ်တရက် ထိတ်လန့်တကြား ခံစားမှုအသွယ်သွယ်ကို အသံကပါ ဖေါ်ကျူးနေတာကို တွေ့ရလိမ့်မယ်။ ပြီးတော့မှ…..

ဟိုထောက် သည်ကော်
ဟိုကော် သည်ခက်
‘ဟေ့လူလေး
သည်မှာ ရပ်’တဲ့
ဖျတ်ခနဲလာပြော
ကျောသပ်နေယောင် သေးတော့…..။

စကားသံတွေရဲ့အဖြတ်အတောက် ၊ အကူးအပြောင်း၊ အမြန်အနှေးတို့ဟာ ပြောင်းလဲနေတဲ့ခံစားမှုနဲ့ လိုက်ဖက် နေကြတယ်။ ရုပ်ရှင်ဇာတ်ကားရဲ့လှုပ်ရှားပုံအတိုင်း ဆီလျော်အောင်တီးမှုတ်ပေးနေတဲ့ တီးဝိုင်းလက်ရာနှယ်ပါပဲ။

တခါတလေ ဂန္ထဝင်မြန်မာစာ မြေခံက ပေါက်ဖွားဖွံ့ဖြိုးလာတဲ့ သူ့အသံသွား အသံလာဟာ ငိုအားထက် ရယ်အားကို သန်စေတော့တယ်။

တခုတော့ ရှိတယ်
ဇနီးသည်ကြောင့်
အားနာရတယ် တကယ်ပါ
စိန်ချဉ်ပေါင် မြကန်စွန်း
ကျုပ်ဘယ်ပုံ ညွှန်းပေမဲ့
(တနေ့လာ ချဉ်ပေါင်
တနေ့လာ ကန်စွန်း
ဦးပုည သူလာညွှန်းပစေ
မလွမ်းပါဘူးတဲ့ ကွယ်ရို့။

တခါတလေတော့ အာဝဇ္ဇန်းမရွှင်လှဘဲနဲ့၊ စကားလုံးနည်းနည်းပဲ ၊ အဖြတ်အတောက်အင်အားနဲ့ ၊ စဉ်းစားဟန် ၊ ဒွိဟဟန်၊ စိုးရိမ်ဟန်တို့ကို ဖေါ်ကျူးပြနိုင်တာ တွေ့ရတယ်။

အဝေးက ကြည့်
သွေးကတော့ သိသလိုလို
ည အကြည့်ရယ်
ငါ့အသိထဲက ‘ကြွေ’
‘ကြွေ’ များလား………

နောက်ပိုင်းမှာ နဘေထပ်ကို သုံးလာတဲ့ကဗျာဆရာတွေထဲမှာ ဇော်(ပျဉ်းမနား)လည်း ပါဝင်တာကို တွေ့ရတယ်။ ရိုးရိုးကာရန်ဖြစ်ဖြစ် ၊ နဘေကာရန်ဖြစ်ဖြစ်၊ သင့်တော်အောင် သုံးတတ်ရင် ကောင်းပါတယ်။

ကျုပ်အိမ်မိုးအောက်မှာ
“ဘူး” ဆိုတာမရှိ
ထွေလာ ကေလာ ဖြေစရာမရှိ
ဒေဝတာ ငါ၊ ဝေဒနာ မရှိ
ပကတိ ချမ်းသာစွ။

ဒါပေမဲ့ တမင်လုပ်ယူရသလိုပုံမျိုး ပေါ်နေရင် ၊ အဓိပ္ပာယ်အစီအစဉ်ပျက်သွားရင်တော့ နဘေထပ်ဟာ အကျိုးမရှိ လှဘူး။

ကျားကြိုက်တဲ့ အလှလား
မှားမိုက်တဲ့ ‘ဇ’ လား
အလျားလိုက်ဘဝနဲ့ ‘ကြွေ’ ရယ်။

နိုင်ငံခြားအမည်သုံးတာနဲ့ ပတ်သက်ပြီး ကျနော်တို့ အရင်က ရေးဖူးပါပြီ။ သဘောကတော့ လိုအပ်ရင် နိုင်ငံခြားအမည်သုံးရမယ်။ လက်တွန့်နေစရာ မလိုဘူး။ ဒါပေမဲ့ အရမ်းများလွန်းရင်တော့ မကောင်းဘူး။ ဒါပါပဲ။ အခု ဇော်ရဲ့ကဗျာတချို့မှာ နည်းနည်းများလွန်းသလားပဲ။ ဥပမာ--

အာဒံနံရိုးမှသည် ရိုမီယို အထိ
အက်စသာနဲ့ ပေါတို့အထိ
မောင့် ဂူစတီနာရေ
ပရာ့ဂ်မြို့မှာ
ဒီကဗျာမှာ နိုင်ငံခြားအမည်နဲ့ အသုံးအနှုန်း ၁၄ ခုတောင် ပါနေပါတယ်။

နိုင်ငံခြားအမည်များတွေ့ရသလို တိုင်းရင်းအမည်များလည်း တော်တော်များများ တွေ့ရလေရဲ့။ ဒီမှာလည်း အတူတူပါပဲ။ လိုအပ်လို့ အမည်ကိုထည့်ပြောရတာ ရှိနိုင်ပေမဲ့၊ နာမည်တွေ တန်းစီရေရွတ်နေတာမျိုး ကို ဖက်ရှင် လုပ်နေတာမျိုး မဖြစ်သင့်ဘူး။ ဇော်ရဲ့ ကဗျာတပုဒ်ထဲမှာ ကိုမြတ်လေး၊ မောင်သင်းခိုင်၊ မောင်လေးအောင်၊ သော်တာဆွေတို့ကို အိုမာခိုင်ယမ်း၊ ဗိုလ်အောင်ဒင်တို့ရဲ့ အမည်များနဲ့ တန်းစီပြထားတာကို တွေ့ရတယ်။ တခါတခါ ‘သမီးခက်မာရေ ’ ‘ သမီး ခက်ပန်ရေ ’၊ ‘မောင်ဆွေတင့် ဘောလယ်’ စသဖြင့် ထည့်ရေးထားတာမျိုးလည်း တွေ့ရတယ် ။ တချို့ဟာ လိုအပ်ပေမဲ့ တချို့က ကဗျာအပေါ်မှာ အကျိုးမထူးလှဘူး ထင်မိတယ်။

အထက်နားမှာ ထောက်ပြခဲ့တဲ့အတိုင်း ဇော်(ပျဉ်းမနား)ရဲ့ကဗျာဟာ အကြောင်းအရာကို စကားပြေလို မပြောဘူး။ ဒါလောက်ဆိုရင် အတ္ထာလင်္ကာရနဲ့ပတ်သက်လို့ ပြောစရာရှိတာ တော်လောက်ပါပြီ။ သဒ္ဒါလင်္ကာရနဲ့ ပတ်သက်လို့လည်း ခုတော်တော်လေး ပြောခဲ့ရပြီမို့ ၊ သင့်တင့်မျှတလောက်ပြီလို့ ထင်မိပါတယ်။

ကဗျာရဲ့ရစ်သမ်လို ကဗျာရဲ့ music ကို မြန်မာလိုပြောစရာ မရှိပြန်ဘူး။ အနီးစပ်ဆုံးကတော့ ‘အတီး အမှုတ်’ပါပဲ။ ဒါလည်း အလုပ်ကိုပဲဆိုလိုနေတယ်။ တီးတဲ့ မှုတ်တဲ့အလုပ်။ အသံကို မပြောနိုင်ချေဘူး။ ပါဠိက ငှားယူရရင်တော့ “ဂန္ဓဗ္ဗာ” ဖြစ်တယ် ။ တီးမှုတ်သူ musician ကို “ဂန္ဓဗ္ဗ” လို့ ခေါ်တယ်။ ကျနော်တို့ မြန်မာတွေ က “ဂန္ဓဗ္ဗ” လို့ဆိုရင် ၊ ကျမ်းဂန်များမှာပါတဲ့ အတီးအမှုတ်သမား နတ်တွေကိုပဲ နားလည်နေကြတော့တယ်။ မတတ်နိုင်ဘူး။ အဲဒီပါဠိဝေါဟာရကို ယူလိုက်ရတော့မယ်။ ကဗျာမှာ အသံကို ကျွမ်းကျွမ်းကျင်ကျင်ဖေါ်ထုတ် အသုံးချနိုင်တဲ့ ဇော်(ပျဉ်းမနား) ဟာဖြင့် ကာရန်ညီစာလုံးတွေ တန်းစီသမား မဟုတ်၊ စကားလုံးတို့ရဲ့ဂန္ဓဗ္ဗာ ကို ပိုင်နိုင်တဲ့ ဂန္ဓဗ္ဗ နတ်သားတဦး။ ။
မောင်သာနိုး
၁၆ ၊ ဖေဖေါ်ဝါရီ၊ ၁၉၉၄ ။

*ဇော်(ပျဉ်းမနား) ရဲ့ မနာလိုစရာကောင်းတဲ့ဦးခေါင်း-ကဗျာစာအုပ် ၊ ၂၀ဝ၂ ၊ ရန်ကုန်၊ မုံရွေးစာအုပ်တိုက်။
မှ ဆရာမောင်သာနိုးရဲ့အမှာစာအက်ဆေးကို ပြန်လည်ဖေါ်ပြတာဖြစ်ပါတယ်။