Breaking News

သက်ထားဆိုသောမိန်းမချောနှင့် မောင်မိုးသူ

ကိုမျိုးညွန့်၊ မောင်ကိုယု၊ မောင်သော်က၊ ဦးဝင်းတင်၊ ဦးထွန်းဝေ၊ မောင်မိုးသူ၊ ပန်းချီစိုးမိုး (၁၉၈၈ အရေးတော်ပုံ)

သက်ထားဆိုသောမိန်းမချောနှင့် မောင်မိုးသူ

( မိုးမခ) ဇူလိုင် ၁၃၊ ၂၀၁၉
(ပုံနှိပ်ပြီးဆောင်းပါးများကနေ ကူးယူဖော်ပြပါတယ်)
မှုန်နံ့သာ၊ ကျော်ကျော် ဇာတ်ကားနှစ်ကားကို မောင်မိုးသူ ဒါရိုက်တာအဖြစ် ရိုက်ကူးနေတဲ့ အ ချိန်မှာ တကယ်တန်း စတဲချနေတဲ့နေရာကတော့ လေးလေး(ဦးထွန်းဝေ)ရုံးခန်းက ရန်ကင်းရုပ်ရှင်ရုံ မှာဖြစ်ပါတယ်၊ ရန်ကင်းရုပ်ရှင်ရုံရုံးခန်းမှာ ပေါ်ဦးသက်တို့ မြန်မာ့ရိုးရာကိုအေးမြင့်တို့ နေပါတယ်၊ မောင် မိုးသူ လာနေတော့ ရန်ကင်းရုပ်ရှင်ရုံရုံးခန်းမှာ တဝုန်းဝုန်း တရုန်းရုန်းပေါ့၊ ပန်းချီမောင်ညိုဝင်းကလည်း ရုပ်ရှင်ပိုစတာရေးဖို့ဖြစ်စေ၊ တခြားအပ်ထည်ပစ္စည်းတခုခုရေးဖို့ဖြစ်စေ ရန်ကင်းရုပ်ရှင်ရုံကိုလာပါတယ်၊ ထိုနည်းတူ ပန်းချီတင်မောင်မျင့်တို့ ငှက်ပျောသီးဇော်ဝင်းတို့လည်းလာပါတယ်၊ပြီးတော့ ဒါရိုက်တာ မောင်ဝဏလည်းလာပါတယ်။

 နေ့လယ် လူစုံစုံမှာ လက်ဖက်ရည်သောက်ဖို့ ၃၇လမ်းဘက်ကို လျှောက် သွားချိန်မှာ လွစ္စလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်က အီကိုနောမစ်ဘားကိုဖြတ်ရတာ အလွန်ခက် ခဲပါတယ်၊ ဒီကြားထဲ အတွက်အချက်ကောင်းလှတဲ့ မောင်ဝဏ္ဏက ငါးပြားဆယ်ပြား ကြည့်မနေပါနဲ့ အကိုရာလို့ ဆိုပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ မောင်မိုးသူတို့ သွားသောက် ရမယ့် ၃၇လမ်းက လက် ဖက်ရည်ဆိုင်က လက်ဖက်ရည်တစ်ခွက်ကို တစ်ကျပ်နဲ့ ၁၅ပြားရောင်းနေချိန်မှာ အီကို နောမစ်ဘားမှာ တင်းလဲဖြူတစ်ခွက်က တစ်ကျပ်နှင့်ဆယ်ပြား ရောင်းတယ်၊ ပြီးတော့ ဟုတ်သားပဲဆိုပြီး အဖွဲ့ သားတွေ အီကိုနောမစ်ဘားထဲပဲ ဝင်ဖြစ်ကြတာများပါတယ်၊ မှုန်နံ့သာချယ်ကာသပါလို့ ရုပ်ရှင်ဇာတ်ကားရိုက် ကူး တဲ့ ဒဂုန်ရုပ်ရှင် ကုမဏီဟာ အီကိုနောမစ်ဘားနဲ့ မျက်နှာချင်းဆိုင်လောက်ရှိပြီး ရန်ကင်းရုပ်ရှင်ရဲ့ ရှေ့ တည့် တည့်မှာ ပန်းချီစိုးမိုးရှိတယ်လေ၊ အဲဒီလို လူကသာဒဂုန်ရုပ်ရှင်အတွက် မှုန်နံ့သာရိုက်၊ စိုးမိုးအ တွက် ကျော်ကျော် ရိုက် နေပေမယ့် စတဲချနေထိုင်တာကတော့ ရန်ကင်းရုပ်ရှင်မှာပဲဖြစ်ပါတယ်၊ သူ ငယ်ချင်းအပေါင်းအသင်းတွေ များတာကိုး။

တနေ့တော့ လေးလေး(ဦးထွန်းဝေ)က မောင်မိုးသူကို ကိုရင်မိုး ကျုပ်တို့ရန်ကင်းရုပ်ရှင်အ တွက်လည်း တစ်ကား လောက်ရိုက်အုံးလေလို့ဆိုပါတယ်၊ ဒီမှာတင် ဆရာဦးကြည်မြ ရေးသားဖူးတဲ့ သက်ထားဆိုတဲ့ဝတ္ထုကို သတိ ရသွားမိတယ်။ အဲဒီဝတ္ထုကိုပဲ သက်ထားဆိုသောမချော ဇာတ်ကားနာ မည်နဲ့ ရုပ်ရှင်ရိုက်ကူးဖြစ်ပါတယ်၊ မင်းသား မင်းသမီးကတော့ လေးလေးနဲ့ မြတ်မွန်တို့အတွဲပါပဲ၊ ရုပ်ရှင် လောကမှာ ကကြီးရေက ဇာတ်ကားနှင့် ထွန်းဝေ မြတ်မွန် တွဲပြီး ရုပ်ရှင်ရိုက်ဖူးခဲ့တာကို သတိရလို့ပါပဲ၊ လေးလေးကတော့ ပါဆိုလဲပါရတာပေါ့လေ၊ အေး အေး ဆေးဆေးပဲပြောပါတယ်၊ ဒါနဲ့ မင်းသမီး မြတ်မွန်(မတင်အုန်း)ကိုငှားပြီး “သက်ထားဆိုသောမိန်း မချော” ဇာတ် ကားကို ကန်တော့်ပွဲပေးဖြစ် ရိုက်ကူးဖြစ်ပါတယ်၊ သက်ထားဆိုသောမိန်းမချော မူလဝတ္ထု ကတော့ ဆ ရာဦးကြည်မြရေးတဲ့ ဝတ္ထု ပဲဖြစ်ပါတယ်၊ ဝတ္ထုမှာ စက်ရုံရဲ့သူဌေးမကြီးရဲ့သမီးက ပါတီပွဲတက်ရင်း အံ့ကျော်နှင့် မှားယွင်း လာမိတဲ့အတွက် လင်ကောင်ဖော်ဖို့အရေး စက်ရုံမန်နေဂျာဖြစ်တဲ့ ထွန်းဝေနဲ့ ပေးစားရကြ တဲ့ဇာတ် လမ်းဖြစ်ပါတယ်၊ စက်ရုံသူဌေးမကြီးအဖြစ် အမေထွေး(သီတာခင်ထွေး)က ပါဝင်သရုပ်ဆောင်ပြီး လေးလေး ကတော့ အမေထွေးစက်ရုံရဲ့မန်နေဂျာပေါ့။

 အမေထွေးက သူ့သမီး မမြတ်မွန် လင်ကောင် ဖော်ဖို့အ ရေး လေး လေးနှင့် စကားပြောကြတဲ့အခန်း ရိုက်ရာမှာ မောင်မိုးသူအလွန်ပျော်စရာကောင်း ပါတယ်၊ သူတို့ နှစ်ယောက် စကားပြောပုံ သမီးကို လင်ပေးစားဖို့ စကားပြောကြရာမှာ သမီးကို စက်ရုံ မန်နေဂျာဖြစ်တဲ့ လေးလေးနဲ့ ပေးစားဖို့အရေးမှာ ပြောကြဆိုကြပုံ ငပိငခြောက် အရောင်းအဝယ်လုပ် နေကြပုံလို ရိုက်ကူးဖြစ်ပါတယ်၊ လေးလေးကလည်း ဈေးပိုတောင်း အမေထွေးကလည်း ဈေးလျော့ ဖို့ဆစ် အဲဒီ အဲဒီလိုမျိုးပေါ့လေ။

 အကြောင်းတိုက်ဆိုင်မှုတစ်ခုက အမေထွေးတို့ဇနီးမောင်နှံတို့အိမ်မှာ အိမ်မွေးခွေးစုတ်ဖွား နှစ်ကောင်ရှိပါတယ်။ အမေထွေးရဲ့ခင်ပွန်းက ယခင်က ရုပ်ရှင်မင်းသားကြီး ဦးတင်ငွေဖြစ်ပါတယ်၊ အမေထွေးက သူ့ခွေးလေးနှစ်ကောင်ကို တကယ်သားနဲ့သမီးနဲ့ခေါ်ပြီးချစ်တာ အဲဒီလိုမွေးထားတာ၊ ဒါကြောင့် သက်ထားဆိုသောဇာတ်ကားထဲမှာ စက်ရုံပိုင်ရှင်အမေထွေးက သူ့ သားခွေးကလေးက အိမ်ဖော်မိန်းမက ကောက်ညင်းပေါင်းကျွေးလို့ ဝမ်းချုပ်တဲ့အရေး ဆေးကုဖို့ ဆ ရာဝန်ခေါ်ဖို့ ပြာပြာသလဲဖြစ်နေချိန်မှာ စက်ရုံက အလုပ်သမားတစ်ဦး နာမကျမ်းဖြစ်လို့ ဆေးရုံ ဆေး ခန်းပို့ဖို့ ဝန်လေးနေတာကို နှိုင်းယှဉ်ရိုက်ဖြစ်ပါတယ်၊ မောင်မိုးသူ အဲဒီခွေးကလေးရဲ့ မွေးနေ့ပါတီပွဲ ရိုက်ကူးမိတဲ့အတွက် ဆင်ဆာအဖွဲ့က ထုချေလွှာတောင်းလို့ ထုချေခဲ့ရသေးတယ်ခင်ဗျ။

 နောက်ပြီး မမြတ်မွန် ပါတီပွဲတက်ပြီး ကကြခုန်ကြတဲ့အခန်းကို ရိုက်ကူးရာမှာ အဲဒီခေတ် အဲဒီလိုပါတီပွဲတက် လေ့ရှိတဲ့ မိန်းကလေးများကိုခေါ်ပြီး တီးဝိုင်းအဖွဲ့နဲ့ဘာနဲ့ ရိုက်ကူးဖြစ်ပါတယ်၊ ရိုက်ကူးရာမှာ ပါတီပွဲ အကအခုန်ရိုက်ကွက်များကို အပီအပြင်ရိုက်ကူးဖြစ်ပြီး ကားဆက်တဲ့ ကိုလေးကလည်း လက်စွမ်းပြ ဆက်လေတော့ ဆင်ဆာမှာ အတော်ထိပါတယ်၊ သို့သော် ကျန်မိကျန်ရာတော့ ကျန်သေးတာပေါ့လေ၊ ကားဆက်တဲ့ကိုလေးက လေးလေးဦးထွန်းဝေရဲ့ တူဖြစ်ပြီး သူကလည်း ဒါရိုက်တာပဲခင်ဗျ၊ ကားဆက် ရာမှာ နာမည်ကြီးပါပဲ၊ သူ့ရဲ့ ကက်ကြေးအစွမ်းပြချက်ကြောင့် ပါတီကပွဲဇာတ်လမ်းတစ်ခုအဖြတ်ခံရပြီး အမေထွေးနဲ့ လေးလေးတို့ သမီးလင်ပေးစားမယ့်အခန်း ရိုက်ကူးရာမှာလည်း အမေထွေးနဲ့ လေးလေး တို့ရဲ့မျက်နှာပေး မျက်နှာထားများကို ပီပြင်အောင် ရိုက်ကူး တင်ဆက်နိုင်ခဲ့ပါတယ်။

 သူဌေးသမီး ကိုယ် ဝန်ဆောင်ဖြစ်တဲ့ မမြတ်မွန်ဟာ လေးလေးနဲ့ အိမ်ထောင်ပြုပြီးတဲ့နောက် ကိုယ်ဝန်ဆောင်မိခင်တစ် ယောက်ရဲ့ ထိန်းသိမ်းနေထိုင်ရမယ့် အနေအထိုင်များကို ယောင်္ကျားကြီးဖြစ်တဲ့ လေးလေးဦးထွန်း ဝေက ညွှန်ပြကြရတဲ့အခန်းလည်း ရိုက်ကူးရာမှာ အတော်ပီပြင်ပါတယ်၊ အမျိုးသမီးတစ်ယောက် ကိုယ်ဝန်စရှိလာစဉ် ယောကျာ်းကြီးဖြစ်တဲ့ လေးလေးက မြန်မာ့ရိုးရာစကားစုများဖြစ်တဲ့ နားထင်ဟောက်စ ရင်ခြောက်တာ၊ ပျို့အန် ကျို့လန် ဝေဒနာများဖြစ်တတ်ပုံများကို လေးလေးက ရှင်ပြ ပြောပြရတဲ့အခန်းများကိုလည်း ရိုက်ကူးဖြစ်ပါတယ်၊ သက်ထားဆိုသောမိန်းမချော ဇာတ်ဝင်ခန်းတော် တော်များများကို အဲဒီအချိန်မှာ နိုင်ငံတော်အတိုင်ပင်ခံ ဥက္ကဌတာဝန်ယူထားရတဲ့ ဆရာဦးကြည်မြရဲ့ အိမ်ခန်းမှာပဲ ရိုက်ဖြစ်ပါတယ်၊ ရန်ကင်းရုပ်ရှင်ရဲ့ ကုမဏီပိုင်ရှင် ကြီး ဦးထွန်းဝေက သူပါဝင်ရတဲ့အခန်း ကို ရိုက်ကူးချိန်ကလွဲပြီးတော့ ဘယ်တော့မှ ရိုက်ကွင်းကိုတက်လာလေ့မရှိပါဘူး၊ စက်တစ်ဖွဲ့လုံးနဲ့ ရုပ်ရှင်အဖွဲ့သားအားလုံးအတွက် ထမင်းကျွေးဖို့စီစဉ်ပေးပြီး သူကိိုယ်တိုင်က တနေရာမှာ သွားအိပ် လေ့ရှိပါတယ်။

 မမြတ်မွန်ကို မောင်မိုးသူ ပထမဆုံးအကြိမ်ရိုက်ကူးဖြစ်တာဖြစ်ပေမယ့် မမြမွန်ဟာ လှ တုန်း ပတုန်းပါပဲ၊ မမြတ်မွန်ကိုတော့ ဆရာသာဓုရဲ့ ဇနီးအဖြစ်နဲ့ တွေ့ဖူးပါတယ်။ မမြတ်မွန်တို့က သင်္ကန်းကျွန်းက သာဓုခြံထဲမှာပဲ မမြတ်မွန်ကနေတာပါ၊ မောင်မိုးသူကတော့ သင်္ကန်းကျွန်း သာဓုခြံ မှာနေတဲ့ ဝဏ္ဏတို့ညီအကို သုံးယောက်နဲ့ အတူနေ အတူအိပ် အတူစားပေါ့၊ ဝဏ္ဏတို့ ညီအကိုလေး ယောက်ဆိုတာ မောင်ဝဏ္ဏ၊ သုမောင်နဲ့၊ မင်းလူတို့ဖြစ်ပါတယ်၊ အငယ်ဆုံးမောင်ရူပကတော့ အားက စားသမားဆိုတော့ မောင်မိုးသူနဲ့ သိပ်မတွဲဖြစ်ဖူး၊ အတွဲဖြစ်ဆုံးက မောင်မိုးသူနဲ့ မောင်ဝဏ္ဏပါပဲ၊ အဲဒီ တုန်းကတော့ အာရုက ငယ်သေးတော့မပေါင်းဖြစ်ခဲ့ပါဘူး၊အခုတော့ သူတို့ ညီအကိုငါးယောက်စလုံး ထဲမှာ အားကစားသမား ရူပက ကျန်ရစ်ပြီးကျန်တဲ့ သုံးယောက် ရှေ့ဆင့် နောက်ဆင့် ကွယ်လွန်အနိ စ္စရောက်ကြပါတယ်၊ မောင်မိုးသူ စိတ်အထင်တော့ သူတို့ရဲ့ဖခင်ကြီး ဆရာသာဓုဆီကရတဲ့ ဆေးလိပ် သောက်ခြင်းအမွေကြောင့်ပဲဖြစ်နိုင်ပါတယ်။

 ဆရာသာဓုက ရုပ်ရှင်ကောင်စီမှာ မောင်မိုးသူနဲ့တွဲပြီးတော့ အတော်များများအလုပ်တွေတွဲလုပ်ရပါတယ်၊ မောင်မိုးသူကိုယ်တိုင်လည်း ဆရာသာဓုနဲ့ သုမောင်တို့ နေကြတဲ့ ဝင်ဒါမီယာခြံထဲမှာလည်းမကြာခဏရုပ်ရှင်သွားရိုက်ဖြစ်ပါတယ်၊ ဆရာသာဓုက စီကရက်သံ ဗူးကိုအမြဲတန်းဆောင်ပြီး တွေ့တဲ့လူတိုင်းကိုလည်း အမြဲတိုက်ပါတယ်၊ မောင်မိုးသူကိုလည်း စောင်း မြောင်းပြီး စီးကရက်တိုက်ရင်း သူ့သားတွေနဲ့မပေါင်းနဲ့ အဲ့ကောင်တွေကအရက်သမားတွေလို့ စပါ တယ်၊ တကယ်တန်းမောင်မိုးသူက မောင်ဝဏ္ဏနဲ့တွဲပြီးတော့ အမြဲသောက်နေတာကိုသိလို့ သူကစ တာဖြစ်ပါတယ်၊ ဆရာသာဓုကသာ စီးကရက်သောက်ပေမယ့် ဝဏ္ဏနဲ့ မင်းလူတို့ အာယုတို့ကတော့ ဆေးပေါလိပ်ပဲချတာများပါတယ်၊။

ဘာပဲပြောပြောလေ ရန်ကင်းရုပ်ရှင်ဦးထွန်းဝေအတွက် မောင်မိုး သူက သက်ထားဆိုသောမိန်းမချော ဇာတ်ကားကို ထွန်းဝေ မြတ်မွန်တို့အတွဲကိုပြန်လည်ဖော်ထုတ် ရိုက်ကူးဖြစ်ပါခဲ့ပါကြောင်း။