Breaking News

မာန်သီဟထွန်း – စိုက်ပျိုးရေးပြောင်းလဲမှုကြီး နောက်ဆက်


မာန်သီဟထွန်း –  စိုက်ပျိုးရေးပြောင်းလဲမှုကြီး  နောက်ဆက်

Sapiens – A Brief History of Humankind by Yuval Noah Harari
(မိုးမခ) ဇူလိုင် ၁၃ ၊ ၂၀၁၉ 
စာရေးသူ၏ ဖေ့စ်ဘွတ်မှ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်။
၃၈
ပိရမစ်များ တည်ဆောက်ခြင်း

စိုက်ပျိုးရေးပြောင်းလဲမှုကြီးဟာ လူ့သမိုင်းမှာ အငြင်းပွားဖွယ်အများဆုံးအရာတွေထဲက တစ်ခုပါ။ ဒီပြောင်းလဲမှုကြီးကို ထောက်ခံသူတွေကတော့ စိုက်ပျိုးရေးက လူသားထုကြီးကို တိုးတက်ခြင်းနှင့်အစာရေစာပေါများခြင်း ဆိုတဲ့လမ်းမပေါ်ကို တင်ပေးလိုက်တာလို့ ကြွေးကြော်ကြတယ်။ တစ်ချို့ကတော့ စိုက်ပျိုးရေးက ကျွန်တော်တို့ကို ထာဝရငရဲဒဏ်ခံရဖို့ကိုသာ တွန်းပို့ခဲ့တာလို့ အခိုင်အမာပြောကြတယ်။ ဒီအရာကြောင့် သဘာဝမိခင်ကြီးနှင့် တသားတည်းဆက်စပ်နေတဲ့အရာတွေကို ဆေပီယန်စ်တွေက ဖြတ်ချလိုက်ပြီး မတော်လောဘ နှင့် ခြားနားကင်းကွာခြင်း နောက်ကို ကောက်ကောက်ပါအောင် လိုက်တော့တာပဲ။ ဒါကြောင့် စိုက်ပျိုးရေးပြောင်းလဲမှုကြီးဟာ အလှည့်အပြောင်း လမ်းဆုံပါပဲလို့ ပြောကြတယ်။ ဒါပေမယ့် ဒီလမ်းဟာ ဘယ်အရပ်ကို ဦးတည်နေတာပဲဖြစ်ဖြစ် ပြန်လမ်းမရှိတာတော့ သေချာပါတယ်။ စိုက်ပျိုးရေးဟာ လူဦးရေကို လျင်လျင်မြန်မြန် နဲ့ အကြီးအကျယ် ပွားများစေတာကြောင့် ရှုပ်ထွေးသိမ်မွေ့လာတဲ့ စိုက်ပျိုးရေးလူ့အဖွဲ့အစည်းတွေဟာ ဟိုးအရင်က အမဲလိုက်ရှာဖွေစားသောက်သူဘဝကို ပြန်သွားဖို့ မဖြစ်နိုင်တော့ပါဘူး။ လွန်ခဲ့တဲ့ ဘီစီ တစ်သောင်း (ဘီစီ ၁၀,၀၀၀) ဝန်းကျင်.. စိုက်ပျိုးရေးကို မကူးပြောင်းခင်ကာလက ကမ္ဘာပေါ်မှာ လှည့်လည်သွားလာပြီး ရှာဖွေစားသောက်သူ ၅ သန်းကနေ ၈သန်းအထိ ရှိခဲ့ပါတယ်။ အေဒီ ၁ရာစု ရောက်တော့ ရှာဖွေစားသောက်သူ ၁ သန်း ကနေ ၂သန်းကြားပဲ ရှိပါတော့တယ် (အဓိကအားဖြင့် သြစတေးလျတိုက်၊ အမေရိကတိုက် နှင့် အာဖရိကတိုက် တို့မှာပါ)။ ဒါပေမယ့် သူတို့ရဲ့အရေအတွက်ဟာ သန်း ၂၅၀ ရှိတဲ့ စိုက်ပျိုးရေးသမားတွေရဲ့အောက်မှာ သေးသိမ်လို့သာ နေပါတော့တယ်။

စိုက်ပျိုးရေးသမားတော်တော်များများဟာ အတည်တကျ နေထိုင်ကြတယ်။ သူတို့ထဲက အနည်းငယ်သာ လှည့်လည်သွားလာတဲ့ တိရိစ္ဆာန်ထိန်းကျောင်း သူတွေပါ။ အတည်တကျ နေထိုင်ခြင်းကြောင့် လူအများစု ကျက်စားသွားလာတဲ့နယ်မြေတွေဟာ ကျဉ်းရှုံ့သွားပါတယ်။ ရှေးခေတ်ရှာဖွေစားသောက်သူတွေဟာ စတုရန်းကီလိုမီတာ ဒါဇင်နဲ့ချီ၊ ရာနဲ့ချီ ကျယ်ဝန်းတဲ့နယ်မြေထဲမှာ သွားလာနေထိုင်ခဲ့ကြတယ်။ သူတို့အတွက် ‘အိမ်’ ဆိုတာ တောင်ကုန်း၊ စမ်ချောင်း၊ တောအုပ်၊ ကောင်းကင်ဟင်းလင်းပြင် စတာတွေ အားလုံးပါ ပါတယ်။ တောင်သူလယ်သမားတွေကတော့ သူတို့ရဲ့နေ့တာတွေကို လယ်ကွင်း၊ စိုက်ခင်း ကျဉ်းကျဉ်းလေးမှာ ကုန်ဆုံးကြရတယ်။ သူတို့ရဲ့ စိုက်ပျိုးမွေမြူရေးဘဝဟာလည်း မီတာ အနည်းငယ်သာကျယ်ပြီး သစ်၊ ကျောက် သို့မဟုတ် ရွှံ့နဲ့ဆောက်ထားတဲ့ ကျဉ်းကျပ်တဲ့ ‘အိမ်’ မှာသာ အခြေပြုပါတယ်။ သာမန်လယ်သမားတစ်ယောက် အနေနဲ့လည်း အခုလိုပုံစံကို တဖြည်းဖြည်း အလွန်မက်မောတွယ်တာလာတာကို တွေ့ရတယ်။ ဒါဟာ အတော်တာသွားတဲ့ ပြောင်းလဲမှုကြီးတစ်ခုပါ။ ဒါဟာ လူတွေရဲ့စိတ်ခံစားမှုဆိုင်ရာကိုသာမက ဗိသုကာဆိုင်ရာတွေအပေါ်ပါ အကျိုးသက်ရောက်မှုရှိလာပါတယ်။ ဒီလိုနဲ့ ‘ငါ့အိမ်’ လို့တွယ်တာပြီး အိမ်နီးချင်းတွေနဲ့ခွဲခွာနေလာတာဟာ လူတွေရဲ့ ကိုယ်ကျိုးအတ္တသာဂရုစိုက်တဲ့သတ္တဝါတွေ ဖြစ်လာခြင်းရဲ့ စိတ်ပိုင်းဆိုင်ရာအမှတ်လက္ခဏာကြီး ဖြစ်လာတာပါပဲ။

စိုက်ပျိုးရေးနယ်မြေအသစ်တွေဟာ ရှေးခေတ်ရှာဖွေစားသောက်သူတွေရဲ့ နယ်မြေထက် အများကြီးပိုသေးငယ်တဲ့အပြင် အတုယောင်လည်းအများကြီး ပိုဆန်ပါတယ်။ မီးကိုအသုံးပြုတာကလွဲလို့ အမဲလိုက်ရှာဖွေစားသောက်သူတွေဟာ သူတို့လှည့်လည်သွားလာခဲ့တဲ့နယ်မြေတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ပြုပြင်ပြောင်းလဲခဲ့တာ နည်းနည်းပဲရှိပါတယ်။ တစ်ဘက်ကနေကြည့်မယ်ဆိုရင် စိုက်ပျိုးရေးသမားတွေဟာ သူတို့အနီးဝန်းကျင်မှာရှိတဲ့မြေလွတ်မြေရိုင်းတွေကို တပင်တပန်းပဲ သူတို့လိုချင်တဲ့ပုံစံအတိုင်းဖြစ်လာအောင် လုပ်အားနဲ့လုပ်ယူပြီး နေထိုင်ကြပါတယ်။ တောအုပ်တွေ ခုတ်၊ ဆည်မြောင်းတွေတူး၊ လယ်ကွင်းတွေရှင်း၊ အိမ်တွေဆောက်၊ မြောင်းတွေဖော်ပြီး သီးနှံပင်တွေကို အတန်းလိုက် စိုက်ကြတယ်။ အဲဒီလိုနဲ့ ရလာတဲ့ စားကျက်နယ်မြေအတုတွေဟာ လူသားတွေနဲ့ သူတို့ရဲ့အပင်တွေ၊ တိရိစ္ဆာန်တွေအတွက်သာဖြစ်ပြီး ဒါတွေကို တံတိုင်းတွေ၊ ခြံစည်းရိုးတွေနဲ့ ကာကွယ်ထားလေ့ရှိပါတယ်။ တကယ်လို့ တိရိစ္ဆာန်အချို့ ကျူးကျော်ဝင်ရောက်လာခဲ့ရင်လည်း သူတို့ကို မောင်းထုတ်ပစ်လိုက်ကြတယ်။ ထွက်မသွားဘဲ ပေခံနေမယ်ဆိုရင် သူတို့ရန်ဘက်ဖြစ်လာတဲ့လူသားတွေက အဲဒီတိရိစ္ဆာန်တွေကို နှိမ်နင်းမယ့်နည်းလမ်းတွေ ရှာကြပါတယ်။ အထူးသဖြင့် နေအိမ်ဝန်းကျင်တွေမှာ ခိုင်ခံ့တဲ့အကာအရံတွေ စိုက်ထူကြတယ်။ စိုက်ပျိုးရေးခေတ်ဦးကနေ ဒီနေ့အထိ သန်းထောင်ချီတဲ့လူသားတွေဟာ သစ်ကိုင်းတွေ၊ ရိုက်တံတွေ၊ ရှုးဖိနပ်တွေ၊ အဆိပ်ဖျန်းဆေးဗူး စတဲ့လက်နက်တွေ ကိုင်ဆောင်ပြီး သူတို့ရဲ့ပိုင်နက်ထဲကို အမြဲမပြတ်ထိုးဖောက်ဝင်ရောက်နေတဲ့ ခေါင်းမာတဲ့ ပုရွက်ဆိတ်တွေ၊ ခိုးကြောင်ခိုးဝှက် ပိုးဟပ်တွေ၊ အတင့်ရဲတဲ့ ပင့်ကူတွေ၊ လမ်းမှားရောက်လာတဲ့ ကျိုင်းကောင်တွေ စတဲ့အရာတွေနဲ့ မနားတမ်း စစ်ဖြစ်နေကြတာပါ။


လူ့သမိုင်း အများပိုင်းမှာတော့ ခုလိုလူသားတွေဖန်တီးပြောင်းလဲလိုက်တဲ့ နယ်မြေတွေဟာ အလွန်သေးငယ်ပြီး အရိုင်းအတိုင်းရှိနေတဲ့သဘာဝကြီးကသာ ကြီးမားကျယ်ပြန့်စွာနဲ့ ဖုံးလွှမ်းထားတာပါ။ ကမ္ဘာ့မျက်နှာပြင်ဟာ စတုရန်းကီလိုမီတာပေါင်း သန်း ၅၁၀ ဝန်းကျင်လောက်ကျယ်တယ်။ အဲဒီအထဲက ကုန်းမြေမျက်နှာပြင်ကတော့ ၁၅၅ သန်းပဲရှိပါတယ်။ အေဒီ ၁၄၀၀ လောက်အထိ များပြားလှတဲ့စိုက်ပျိုးရေးသမားတွေကို သူတို့ရဲ့အပင်တွေ၊ တိရိစ္ဆာန်တွေနဲ့ အကုန်ပေါင်းလိုက်ရင်တောင်မှ စတုရန်း ကီလိုမီတာ ၁၁ သန်းသာ ရှိတာပါ။ အဲဒါဟာ ကမ္ဘာ့မျက်နှာပြင်ရဲ့ ၂ ရာခိုင်နှုန်းပဲ ရှိပါတယ်။
လူသားတွေဟာ သူတို့ဖန်တီးပြောင်းလဲလိုက်တဲ့နယ်မြေကို စွန့်ခွာဖို့ ခက်ပါတယ်။ တကယ့်သေဘေးမကြုံရဘဲနဲ့ သူတို့ရဲ့အိမ်တွေ၊ လယ်ကွင်းတွေ၊ စပါးကျီတွေကို မစွန့်ခွာနိုင်ကြပါဘူး။ ဒါ့အပြင် အချိန်ကြာလာတာနဲ့အမျှ လူသားတွေဟာ ဝတ္ထုပစ္စည်းတွေ စုသထက် စုမိလာပါတယ်။ ဒီလိုနဲ့ ရွှေ့ပြောင်းသယ်ယူဖို့မလွယ်ကူတဲ့ ပစ္စည်းတွေက သူတို့ကို ချည်နှောင်လိုက်တယ်။ ရှေးခေတ် လယ်သမားတစ်ယောက်ဟာ ကျွန်တော်တို့အမြင်မှာသာ မွဲပြာကျဆင်းရဲနေတာပါ။ ဒါပေမယ့် ရှာဖွေစားသောက်သူ မျိုးနွယ်စုတစ်ခုလုံးထက် ရိုးရိုးလယ်သမားမိသားစုတစ်စုက ပိုများပြားတဲ့ လူ့အသုံးအဆောင်ပစ္စည်းတွေ ပိုင်ဆိုင်ပါတယ်။

နောင်အနာဂတ် ဖြစ်တည်လာခြင်း

စိုက်ပျိုးရေးနယ်မြေတွေ ကျဉ်မြောင်းနေသေးပေမယ့်လည်း စိုက်ပျိုးရေးကာလကတော့ ကျယ်ပြန့့်လာခဲ့တယ်။ ရှာဖွေစားသောက်သူတွေဟာ နောက်တစ်ပတ် သို့မဟုတ် နောက်လ အကြောင်းစဉ်းစားရင်း အချိန်ဖြုန်းလေ့မရှိခဲ့ဘူး။ စိုက်ပျိုးရေးသမားတွေကတော့ နောက်နှစ်တွေ၊ နောက်ဆယ်စုနှစ်တွေဆီကို သူတို့ရဲ့စိတ်ကူးတွေနဲ့ ရွက်လွှင့်ကြပါတယ်။

ရှာဖွေစားသောက်သူတွေ အနာဂတ်အကြောင်း မစဉ်းစားခဲ့ကြဘူးဆိုတာက သူတို့ဟာ တစ်နေ့စာ တစ်နေ့လုပ်စားရပြီး အစားအစာတွေကို နောင်အတွက် ချန်ထားဖို့၊ ပစ္စည်းဥစ္စာတွေစုဆောင်းဖို့ဆိုတာ သူတို့အတွက် ခက်ခဲခဲ့လို့ပါ။ သို့ပေမယ့် သူတို့မှာလည်း ရှေ့ရေးကိုကြိုတွေးခဲ့တာမျိုး ရှိခဲ့ပါတယ်။ ရှုဗေးဂူ၊ လက်စ်ကော့ဂူ နှင့် အယ်လ်တာမီရာဂူ တွေက နံရံပန်းချီတွေကို ဖန်တီးခဲ့တဲ့လူတွေဟာ အဲဒီပုံတွေ နောင်မျိုးဆက်များစွာအထိခံဖို့ ရည်စူးခဲ့ကြတယ်ဆိုတာ သေချာသလောက်ပါပဲ။ မျိုးနွယ်စုချင်း မိတ်ဖွဲ့တယ်၊ နိုင်ငံရေးအရ ယှဉ်ပြိုင်တယ်ဆိုတာမျိုးဟာ ရေရှည်ကိစ္စတွေပါ။ အဲဒီအချိန်တုန်းကဆို မှားယွင်းခဲ့တဲ့အရာတစ်ခုကို ပြန်တရားအောင်လုပ်ဖို့၊ တစ်ယောက်ယောက်ကို ကျေးဇူးပြန်ဆပ်ဖို့ဆိုတာတောင် နှစ်ပေါင်းများစွာ ကြာခဲ့တာပါ။ ဒါပေမယ့်လည်း အမဲလိုက်ရင်း၊ ရှာဖွေစားသောက်ရင်း ဝမ်းရေးဖူလုံရုံသာရှိခဲ့တဲ့လူတွေအတွက် ရေရှည်စီမံကိန်းချတယ်ဆိုတာ အများကြီး အကန့်အသတ်ရှိပါတယ်။ ဖြစ်ချင်တော့ အဲဒါကြောင့်ပဲ ရှာဖွေစားသောက်သူတွေမှာ စိုးရိမ်စရာတွေ သိပ်မရှိခဲ့တာပါ။ ကိုယ်ဘာမှလည်းမတတ်နိုင်တဲ့ အရာတွေနဲ့ပတ်သက်လို့ စိတ်ပူတယ်ဆိုတာ အဓိပ္ပါယ်လည်းမရှိဘူးလေ။



Sapiens - 39
စိုက်ပျိုးရေးပြောင်းလဲမှုကြီးကြောင့် အနာဂတ်ဆိုတာ အရင်ကထက်စာရင် အများကြီး ပိုအရေးကြီးလာခဲ့တယ်။ စိုက်ပျိုးရေးသမားတွေဟာ အနာဂတ်ဆိုတာကို အမြဲခေါင်းထဲထည့်ထားရပြီး အနာဂတ်မှာအဆင်ပြေဖို့အတွက် အမြဲအလုပ်လုပ်ရတယ်။ စိုက်ပျိုးရေးဆိုတဲ့ စီးပွားရေးဟာ ရာသီလိုက်စိုက်ပျိုးထုတ်လုပ်မှုအပေါ် အခြေခံတယ်။ အဲဒါဟာ လပေါင်းများစွာကြာအောင် စိုက်ပျိုးလုပ်ကိုင်ရတာကို တခဏသာကြာတဲ့ ရိတ်သိမ်းမှုနဲ့ အဆုံးသတ်ပါတယ်။ သီးနှံတွေ အများကြီးရိတ်သိမ်းလို့ပြီးတဲ့ညကစပြီး လယ်သမားတွေဟာ သူတို့ရရှိသမျှတွေအတွက် ပျော်ပွဲရွှင်ပွဲကျင်းပကြတယ်။ ဒါပေမယ့် နောက်တစ်ပတ်အတွင်းမှာပဲ သူတို့ဟာ မိုးလင်းကနေ မိုးချုပ်အထိ လယ်ထဲ၊ ယာထဲပဲ အချိန်တွေကုန်ရပြန်တာပဲ။ ဒီနေ့၊ ဒီအပတ်၊ ဒီလအတွက် အစားအစာတွေ အလုံအလောက်ရှိပေမယ့် သူတို့ဟာ နောက်နှစ်၊ နောက်နှစ်တွေအတွက် ပူပန်ကြရတယ်။

အနာဂတ်အတွက်ပူပန်ရတယ်ဆိုတာ ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်မှုတွေမှာမှ မဟုတ်ပါဘူး စိုက်ပျိုးရေးရဲ့ အခြေခံမရေရာမှုအပေါ်မှာကို ပူပန်ကြရတာပါ။ ရွာတွေတော်တော်များများဟာ အကန့်အသတ်ရှိတဲ့ အပင်တွေ၊ တိရိစ္ဆာန်တွေကိုသာ စိုက်ပျိုးမွေးမြူပြီး နေထိုင်ခဲ့ကြတဲ့အတွက် မိုးခေါင်တာ၊ ရေကြီးတာ၊ သီးနှံပိုးကျတာတွေကို အမြဲကြောက်ရွံ့နေခဲ့ရတယ်။ လယ်သမားတွေဟာ သူတို့စားသုံးတာထက် ပိုလျှံအောင် မစိုက်ပျိုးလို့မဖြစ်ဘူး။ ဒါမှသာ ပိုလျှံတာတွေကို နောင်အတွက် ဖယ်ထားရမှာပါ။ ကျီထဲ စပါးတွေမရှိ၊ မြေအောက်ခန်းထဲကစဉ့်အိုးတွေမှာ သံလွင်ဆီတွေမရှိ၊ ကြောင်အိမ်ထဲ ဒိန်ခဲတွေမရှိ၊ ကျပ်ခိုးစင်မှာ အသားအူတောင့်တွေမရှိဘူးဆိုရင်.. သီးနှံအထွက်မကောင်းတဲ့နှစ်တွေမှာ သူတို့ငတ်ပြတ်ကြရမှာပါ။ အထွက်မကောင်းတဲ့နှစ်ဆိုတာ စောရင်၊ နောက်ကျရင် သာရှိမယ် လာကိုလာပါတယ်။ အထွက်မကောင်းတဲ့နှစ် ရောက်မလာပါဘူးလို့ ယူဆပြီးနေတဲ့ လယ်သမားတစ်ယောက်ဟာ သက်ဆိုးမရှည်တတ်ပါဘူး။

ရလဒ်အနေနဲ့ အစောဆုံးစိုက်ပျိုးရေးခေတ်ကစပြီး လူသားတို့ရဲ့ စိတ်စင်မြင့်မှာ အနာဂတ်အတွက် စိုးရိမ်ပူပန်ခြင်းဆိုတာဟာ အဓိကနေရာ ရလာပါတော့တယ်။ လယ်သမားတွေက သူတို့လယ်ခင်းကိုရေလောင်းမယ့် မိုးကို မှီခိုရတယ်။ ဆိုတော့ လယ်သမားတွေဟာ အဝေးက မိုးကုပ်စက်ဝိုင်းကို မျက်လုံးတွေအာရုံစိုက်ပြီးငေး၊ လေထဲကမိုးနံ့ကိုရှုပြီး မိုးရာသီရောက်လာဖို့ မျှော်ကြတယ်။ ဟော..ဟိုမှာမြင်နေရတာ တိမ်တွေလား။ မိုးအချိန်မီရွာပါ့မလား။ မိုးရွာတာ လောက်ပါ့မလား။ မိုးလေပြင်းလို့ လယ်ထဲယာထဲက မျိုးစေ့တွေ၊ ပျိုးပင်လေးတွေ မျောပါသွားမလား။ ဒီလိုအချိန်တွေမှာ ယူဖရေးတီးစ်မြစ်၊ အိန္ဒုမြစ် နှင့် မြစ်ဝါမြစ် မှာတော့ စိုးရိမ်တကြီးနဲ့ပဲ ရေကြီးတာကိုထိန်းချုပ်ဖို့ လယ်သမားတွေ စတင်ကြိုးစားနေကြပါပြီ။ တောင်တန်းတွေဆီကနေ စီးလာတဲ့ မြေသြဇာကောင်းတဲ့မြေဆီလွှာတွေ လယ်ခင်းအားလုံးဆီပျံ့နှံ့သွားစေဖို့ မြစ်ရေကြီးလာအောင် လုပ်ခဲ့ကြပါတယ်။ ဒါမှလည်း သူတို့ရဲ့ဆည်မြောင်းတွေမှာ ရေတွေပြည့်မှာပါ။ ဒါပေမယ့် ရေလွှမ်းတာလွန်သွားတာ သို့မဟုတ် အချိန်အခါမဟုတ် ရေကြီးတာတွေဟာ မိုးခေါင်လို့ပျက်စီးသလိုမျိုး သူတို့ရဲ့လယ်ကွက်တွေ ပျက်စီးသွားနိုင်ပါတယ်။

စိုက်ပျိုးရေးသမားတွေ အနာဂတ်အတွက် ပူပန်ရတယ်ဆိုတာ စိုးရိမ်ပူပန်စရာတွေ အရင်ကထက်ပိုများလာလို့ဖြစ်သလို သူတို့ပူပန်ရတာနဲ့ပတ်သက်ပြီး သူတို့လုပ်နိုင်တာ တစ်ခုခုရှိလာလို့ပါ။ သူတို့အနေနဲ့ နောက်လယ်ခင်းတစ်ခုဖြစ်လာအောင် ရှင်းလင်းတာ၊ ဆည်မြောင်းနောက်တစ်ခု ထပ်တူးပြီး ကောက်ပဲသီးနှံ ပိုစိုက်တာတွေ လုပ်နိုင်ပါတယ်။ အနာဂတ်ကိုပူပန်နေတဲ့ လယ်သမားတစ်ယောက်ဟာ နွေရာသီမှာ အစာစုတဲ့ပုရွက်ဆိတ်တစ်ကောင်လိုပဲ အသည်းအသန် သံလွင်ပင်တွေ ကြိုးစားပမ်းစား စိုက်မှာပါ။ အဲဒီအပင်တွေကို သူ့သားမြေးတွေကျရင် သံလွင်ဆီတွေရအောင် ကြိတ်ကြမယ်။ သူကတော့ ဒီကနေ့ သူစားချင်တဲ့အရာတွေကို ဘေးဖယ်ထားပြီး လာမယ့်ဆောင်းအတွက်၊ နောက်နှစ်အတွက်ဆိုပြီး သိမ်းထားမှာပါ။
စိုက်ပျိုးရေးကြောင့်ရလာတဲ့ စိတ်ဖိစီးမှုတွေဟာ အတိုင်းအတာကျယ်ပြန့်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိခဲ့တယ်။ အဲဒါတွေက ကြီးမားတဲ့ လူမှုရေး၊ နိုင်ငံရေးစနစ်တွေရဲ့ အခြေခံအုတ်မြစ် ဖြစ်လာတယ်။ စိတ်မကောင်းစရာကတော့ အဲဒီတုန်းက အလုပ်ကြိုးစားလုပ်ခဲ့တဲ့ လယ်သမားတွေဟာ သူတို့အရမ်းလိုချင်ခဲ့တဲ့ အနာဂတ်မှာစီးပွားရေးလုံခြုံမှုရှိခြင်း ဆိုတာကို ရမသွားခဲ့ကြပါဘူး။ နေရာတိုင်းမှာပဲ အုပ်ချုပ်သူတွေ၊ ခွင့်ထူးခံတွေပေါ်လာပြီး လယ်သမားတွေရှာထားတဲ့ အစာအပိုအလျှံတွေကို စားသုံးပြီးတော့ လယ်သမားတွေကို ဗိုက်ဝတယ်ဆိုရုံသာ ကျွေးမွေးခဲ့ကြပါတယ်။

အဲဒီလို လယ်သမားတွေ လက်လွှတ်လိုက်ရတဲ့ ပိုလျှံအစားအစာတွေဟာ နိုင်ငံရေး၊ စစ်ပွဲ၊ အနုပညာ၊ ဒဿနိက စတဲ့အရာတွေရဲ့ လောင်စာဖြစ်လာပါတယ်။ လူတွေဟာ နန်းတော်တွေ၊ ခံတပ်တွေ၊ သမိုင်းဝင်အဆောက်အအုံတွေ၊ ဘုရားကျောင်းတွေ ဆောက်လုပ်လာခဲ့ကြတယ်။ ဒီနေ့ခေတ်နှောင်းပိုင်းအထိ ၉၀ ရာခိုင်နှုန်းသောလူသားတွေဟာ မနက်တိုင်းစောစောထပြီး နဖူးကချွေး မြေကျအောင် လယ်ထွန်ကြတာပါ။ သူတို့ထုတ်လုပ်ကြတဲ့ ပိုလျှံတဲ့အစားအစာတွေကို လူနည်းစုအခွင့်ထူးခံတွေဖြစ်တဲ့ ဘုရင်တွေ၊ အုပ်ချုပ်သူအရာရှိတွေ၊ စစ်သားတွေ၊ ပုရောဟိတ်တွေ၊ အနုပညာရှင်တွေ၊ တွေးခေါ်ပညာရှင်တွေက စားသုံးကြတယ်။ သမိုင်းစာအုပ်တွေဆိုတာ ဒီလူတွေနဲ့ပဲ ပြည့်နေတာပဲလေ။ တကယ်တော့ သမိုင်းဆိုတာ လူတိုင်းနီးပါးက လယ်ထွန်၊ ရေခပ် အလုပ်တွေလုပ်နေတဲ့အချိန်မှာ ကျန်တဲ့လူနည်းစုတွေ ဘာလုပ်နေသလဲဆိုတာကို ရေးထားတာပါပဲ။

စိတ်ကူးယဉ် အဖွဲ့အစည်း

လယ်သမားတွေ ထုတ်လုပ်တဲ့ ပိုလျှံတဲ့အစားအစာတွေကို သယ်ယူပို့ဆောင်ရေး နည်းပညာအသစ်တစ်ချို့နဲ့ပေါင်းလိုက်မယ်။ ဒီလိုနဲ့ နောက်ဆုံးတော့ များသထက်များလာတဲ့လူတွေ စုဝေးလာပြီး အစပိုင်းမှာတော့ ရွာကြီးတွေတည်ခဲ့ကြတယ်။ နောက်ပိုင်းမှာ မြို့တွေတည်လာကြပြီး နောက်ဆုံးတော့ မြို့ပြကြီးတွေ တည်ထောင်လာခဲ့ကြတယ်။ ဒါတွေအားလုံးကို နိုင်ငံသစ်တွေအဖြစ် စုစည်းလိုက်ပြီး ကုန်သွယ်မှုလမ်းကြောင်းတွေနဲ့ ချိတ်ဆက်ခဲ့ကြတယ်။

ဒါပေမယ့် ခုလိုရရှိလာတဲ့အခွင့်အလမ်းသစ်တွေကို ကောင်းကောင်းအသုံးချဖို့ဆိုတာ ပိုလျှံတဲ့အစားအစာ၊ တိုးတက်လာတဲ့ သယ်ယူပို့ဆောင်ရေးသက်သက်နဲ့ မလုံလောက်ပါဘူး။ လူတစ်ယောက်က တမြို့တည်းအတူနေတဲ့ လူတစ်ထောင် သို့မဟုတ် တနိုင်ငံတည်းအတူနေတဲ့ လူတစ်သန်းကို ကျွေးမွေးထားနိုင်တယ်ဆိုတာနဲ့ မြေယာတွေ၊ ရေအရင်းမြစ်တွေကို ဘယ်လိုခွဲဝေကြမယ် ဆိုတာနဲ့ပတ်သက်ပြီး သဘောတူကြမယ်လို့ အာမ မခံနိုင်ပါဘူး။ သူတို့အငြင်းပွားတာ၊ ပြဿနာတက်ကြတာကို ဘယ်လိုဖြေရှင်းကြမလဲ။ စစ်ဖြစ်ချိန်၊ မိုးခေါင်ချိန်ကာလတွေမှာ ဘာလုပ်ကြမယ်ဆိုတာနဲ့ပတ်သက်ပြီး ဘာသဘောတူအာမခံချက်မှ မရှိဘူး။ တကယ်လို့ ဘယ်လိုသဘောတူညီမှုမျိုးမှ မရကြဘူးဆိုရင် စပါးကျီတွေမှာ ပိုလျှံနေတယ်ဆိုရင်တောင်မှ ပဋိပက္ခပြဿနာတွေ ပျံ့နှံ့သွားတတ်ပါတယ်။ သမိုင်းတလျှောက် စစ်ပွဲတွေ၊ တော်လှန်ရေးတွေဖြစ်ရတာဟာ အစာရိက္ခာတွေ ပြတ်လပ်သွားလို့မဟုတ်ပါဘူး။ ပြင်သစ်တော်လှန်ရေးကို ချမ်းသာကြွယ်ဝတဲ့ရှေ့နေတွေက ဦးဆောင်ခဲ့တာပါ။ ငတ်ပြတ်နေတဲ့ တောင်သူလယ်သမားတွေ မဟုတ်ပါဘူး။ ဘီစီ ၁ရာစုမှာ ရောမအင်ပါယာဟာ သူတို့ရဲ့အာဏာအထွတ်အထိပ်ကိုရောက်ခဲ့တယ်။ မြေထဲပင်လယ်ဒေသ တလျှောက်က ရတနာသင်္ဘောတွေကြောင့် ရောမသားတွေဟာ သူတို့ဘိုးဘွားတွေ ဘယ်လိုမှစိတ်ကူးမယဉ်နိုင်တဲ့ ချမ်းသာခြင်းမျိုးနဲ့ ကြွယ်ဝခဲ့ကြတယ်။ ဒါပေမယ့်လည်း သူတို့ ချမ်းသာကြွယ်ဝမှုတွေ အထွတ်အထိပ်ရောက်တဲ့ အခိုက်အတန့်မှာပဲ သွေးချောင်းစီးပြည်တွင်းစစ်တွေ တစ်ခုပြီးတစ်ခုကြားမှာ ရောမနိုင်ငံရေးစနစ်ဟာ ပြိုလဲသွားခဲ့တယ်။ ၁၉၉၁ ခုနှစ်က ယူဂိုစလားဗီးယားနိုင်ငံဆိုရင်လည်း သူ့နိုင်ငံတွင်းမှာနေထိုင်တဲ့လူတွေအားလုံးကို အလုံအလောက် ကျွေးမွေးနိုင်တာထက်ပိုတဲ့ အရင်းအမြစ်တွေ ရှိခဲ့တယ်။ ဒါတောင်မှပဲ ဆိုးရွားလှတဲ့ သွေးချောင်းစီး လူသတ်ပွဲတွေကြားမှာ နိုင်ငံပြိုကွဲသွားခဲ့ပါတယ်။

ခုလိုမျိုး ဘေးဒုက္ခဆိုးကြီးတွေရဲ့ ပြဿနာအရင်းမြစ်ကတော့ လူသားတွေဟာ အဖွဲ့ဝင် ဒါဇင်အနည်းငယ်သာရှိတဲ့ အုပ်စုငယ်လေးတွေအဖြစ်နဲ့ပဲ နှစ်သန်းပေါင်းများစွာကြာအောင် ဆင့်ကဲပြောင်းလဲခဲ့ကြလို့ပါ။ စိုက်ပျိုးရေးပြောင်းလဲမှုကြီးဖြစ်ပြီး ထောင်စုနှစ် အနည်းငယ်ခြားတာနဲ့ မြို့ပြတွေ၊ နိုင်ငံတွေ၊ အင်ပါယာတွေ ပေါ်ပေါက်လာခဲ့တယ်။ ဒီလို ခဏတာအချိန်လေးဟာ များပြားတဲ့လူဦးရေပမာဏနဲ့ လူသားတွေ အတူစုပေါင်းလုပ်ဆောင်တတ်အောင် ဆင့်ကဲပြောင်းလဲဖို့လုံလောက်တဲ့အချိန် မဟုတ်ခဲ့ဘူး။

အများနဲ့အတူ စုပေါင်းလုပ်ဆောင်နိုင်တဲ့ မွေးရာပါ ဇီဝဗီဇစိတ်တွေ မရှိပေမယ့်လည်း ရှာဖွေစားသောက်တဲ့ခေတ်တုန်းက အတူလက်ခံယုံကြည်တဲ့ စိတ်ကူးယဉ်အယူအဆတွေကြောင့် ရာနဲ့ချီတဲ့တစိမ်းတွေဟာ အတူစုပေါင်းလုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အဲဒီလိုမျိုး စုပေါင်းလုပ်ဆောင်မှုဟာ အရေအတွက် အကန့်သတ်ရှိသလို လျော့တိလျော့ရဲလည်း ဖြစ်ခဲ့တယ်။ ဆေပီယန်စ်တွေဟာ ကိုယ့်အုပ်စုနဲ့ကိုယ် လွတ်လွတ်လပ်လပ် ဘဝကို ရှင်သန်ခဲ့ကြပြီး သူတို့လိုအပ်တာတွေကိုလည်း ကိုယ့်ဟာကိုယ် ရှာဖွေစားသောက်နေထိုင်ခဲ့ကြတယ်။ စိုက်ပျိုးရေးပြောင်းလဲမှုကြီးနောက်ပိုင်း ဘာတွေဖြစ်လာမယ်မှန်းမသိတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀,၀၀၀ က ရှေးခေတ်လူမှုဗေဒပညာရှင် တစ်ယောက်ကတော့ အဲဒီခေတ်လူတွေရဲ့စိတ်ကူးယဉ်နိုင်စွမ်းဟာ တော်တော် အကန့်အသတ်ရှိတယ်လို့ပဲ ကောက်ချက်ချခဲ့မှာပါ။ ဘိုးဘေးတွေရဲ့ဝိဉာဉ်တွေ၊ မျိုးနွယ်စုရုပ်တုတွေ စတဲ့အကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ စိတ်ကူးယဉ်မှုယုံကြည်မှုတွေက ဦးရေ ၅၀၀ ခန့်ရှိတဲ့လူတွေကို ပင်လယ်ခရုခွံတွေနဲ့ ကုန်သွယ်လို့ရအောင်၊ ထူးဆန်းတဲ့ ပွဲတော်တွေကျင်းပလို့ရအောင်၊ နီယန်ဒါသာလ်အုပ်စုတစ်ခုကို အတူရှင်းပစ်လို့ရအောင် ပူးပေါင်းတာမျိုး ဆိုတာလောက်တော့ ဖြစ်စေနိုင်မှာပါ။ ဒါပေမယ့် ဒီ့ထက်မပိုနိုင်ပါဘူး။ စိတ်ကူးယဉ်ယုံကြည်မှုဆိုတာ သန်းနဲ့ချီတဲ့တစိမ်းတရံတွေကို နေ့စဉ်နဲ့အမျှ အတူပူးပေါင်းအလုပ်လုပ်ဖြစ်အောင်တော့ စွမ်းနိုင်မှာမဟုတ်ဘူးလို့ အဲဒီရှေးခေတ်လူမှုဗေဒပညာရှင်က ယူဆခဲ့မှာ အသေအချာပါပဲ။

ဒါပေမယ့် အဲဒီလိုထင်ထားတာ မှားနေတယ်ဆိုတာ နောင်တော့ သိလာရတာပါပဲ။ ကျွန်တော်တို့ သိလာရတာက စိတ်ကူးယဉ်ယုံကြည်မှုဆိုတဲ့အရာမှာ ဘယ်သူမှထင်မှတ်မထားတဲ့ စွမ်းအားတွေရှိနေတယ်ဆိုတာပါ။ စိုက်ပျိုးရေးပြောင်းလဲမှုကြီးက လူနေထူထပ်တဲ့ မြို့ကြီးတွေ၊ အင်အားကြီး အင်ပါယာတွေ ဖြစ်လာနိုင်တဲ့ အခွင့်အလမ်းတွေ ဖွင့်ပေးခဲ့တယ်။ လူတွေကလည်း ခမ်းနားတဲ့နတ်ဘုရားတွေ၊ အမိနိုင်ငံတော်၊ လူမှုရေးချိတ်ဆက်မှုတွေလုပ်ဖို့လိုအပ်တဲ့ အစုရှယ်ယာကုမ္ပဏီ စတဲ့ကြောင်းအရာတွေကို စိတ်ကူးဖန်တီးလာခဲ့ကြတယ်။ လူတွေရဲ့ ခန္ဓာကိုယ်ဆင့်ကဲပြောင်းလဲခြင်းဟာ ပက်ကျိတစ်ကောင်လို ထုံးစံအတိုင်း နှေးနှေးကွေးကွေးသွားနေပေမယ့် လူတွေရဲ့ စိတ်ကူးယဉ်ယုံကြည်နိုင်စွမ်းဟာ ကမ္ဘာပေါ်မှာ ဘယ်သူမှမမြင်ဖူးတဲ့ ကြီးမားခမ်းနားပြီး အံ့သြစရာကောင်းတဲ့ စုပေါင်းကွန်ယက်ကြီးတွေကို တည်ဆောက်နေခဲ့ပါတယ်။

ဘီစီ ၈၅၀၀ ဝန်းကျင်က ကမ္ဘာပေါ်မှာ လူတွေအများဆုံးအခြေချနေထိုင်တဲ့ နေရာတွေဟာ လူဦးရေ ၂၀၀၊ ၃၀၀ ရှိတဲ့ ဂျယ်ရီခို တို့လို ရွာတွေပါ။ ဘီစီ ၇၀၀၀ လောက်ရောက်တော့ အနာတိုးလိယ (ယနေ့ခေတ် တူရကီ) က ချတာလ်ဟူးရစ်မြို့မှာ နေထိုင်သူတွေဟာ အယောက် ၅၀၀၀ ကနေ့ ၁၀,၀၀၀ အထိ ရှိခဲ့တယ်။ အဲဒီအချိန်တုန်းက အဲဒါဟာ ကမ္ဘာမှာအခြေချနေထိုင်သူ အများဆုံးရှိတဲ့နေရာ ဖြစ်ခဲ့မှာပါ။ ဘီစီ ၅၀၀၀ နှင့် ၄၀၀၀ ကြားမှာတော့ နေထိုင်သူသောင်းနဲ့ချီတဲ့ မြို့ပြတွေ လခြမ်းရပ်ဝန်းဒေသ (Fertile Crescent) မှာ ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီမြို့တွေ တစ်မြို့ချင်းစီကို အနီးဝန်းကျင်က ရွာပေါင်းများစွာက ဝန်းရံထားတယ်။ ဘီစီ ၃၁၀၀ ရောက်တော့ နိုင်းမြစ်ဝှမ်းအောက်ပိုင်းဒေသတစ်ခုလုံးကို ပထမအီဂျစ်နိုင်ငံအဖြစ် စုစည်းခဲ့တယ်။ ဖာရိုးဘုရင်တွေဟာ လူဦးရေသောင်းနဲ့ချီရှိပြီး ကီလိုမီတာ ထောင်နဲ့ချီကျယ်ဝန်းတဲ့ဒေသကို အုပ်ချုပ်ခဲ့ကြတယ်။ ဘီစီ ၂၂၅၀ ဝန်းကျင်မှာ မဟာဆာဂုန်ဘုရင်က ပထမဆုံးအင်ပါယာဖြစ်တဲ့ အခေးဒီယန်းအင်ပါယာကို ထူထောင်ခဲ့တယ်။ နိုင်ငံသား တစ်သန်းကျော်ကို အုပ်ချုပ်ခဲ့ပြီး စစ်သည်တော် ၅၄၀၀ ရှိတဲ့ အမြဲတမ်းစစ်တပ်တစ်ခု လည်းရှိခဲ့တယ်။ ဘီစီ ၁၀၀၀ နဲ့ ၅၀၀ ကြားမှာတော့ အရှေ့အလယ်ပိုင်းဒေသမှာ ပထမဆုံးသော မီဂါအင်ပါယာကြီးတွေ ပေါ်ထွက်လာခဲ့တယ်။ နှောင်းခေတ်အဆီးရီးယန်း အင်ပါယာ၊ ဘေဘီလုံ အင်ပါယာ နှင့် ပါရှန်း အင်ပါယာ တို့ပါ။ အဲဒီ အင်ပါယာကြီးတွေဟာ သန်းပေါင်းများစွာသောလူတွေကို အုပ်ချုပ်ခဲ့ကြပြီး သောင်းနဲ့ချီတဲ့ စစ်သည်တော်တွေကို ကွပ်ကဲခဲ့ကြတယ်။

ဘီစီ ၂၂၁ မှာ ချင်မင်းဆက်က တရုတ်ပြည်ကို စုစည်းတည်ထောင်ခဲ့တယ်။ အဲဒီအချိန်နဲ့ သိပ်မကွာဘဲ မြေထဲပင်လယ်ဒေသကို ရောမ ကသိမ်းပိုက်စုစည်းခဲ့တယ်။ ချင်မင်းဆက်ဟာ သန်း ၄၀ကျော်တဲ့ သူ့နိုင်ငံသားတွေဆီကရတဲ့အခွန်တွေကို စစ်သည်တော် သိန်းနဲ့ချီရှိတဲ့ အမြဲတမ်းစစ်တပ်ကို ထောက်ပံ့ဖို့ သုံးခဲ့တယ်။ ပြီးတော့လည်း ရှုပ်ထွေးလှတဲ့ နိုင်ငံ့ဗျူရိုကရေစီ လည်ပတ်စေဖို့အတွက် အစိုးရအရာရှိ တစ်သိန်းကျော်ကို ခန့်အပ်ထားခဲ့တယ်။ ရောမအင်ပါယာ အထွတ်အထိပ်ရောက်ချိန်ကဆို သန်း၁၀၀ ကျော်တဲ့ နိုင်ငံသားတွေဆီကနေ အခွန်စုဆောင်းကောက်ခံခဲ့တယ်။ ရလာတဲ့ဘဏ္ဍာငွေတွေနဲ့ အဖွဲ့ဝင် နှစ်သိန်းခွဲ (၂၅၀,၀၀၀) ကနေ ငါးသိန်း (၅၀၀,၀၀၀) အထိရှိတဲ့ အမြဲတမ်းစစ်တပ်တစ်တပ်ကို ထောက်ပံ့ခဲ့တာပါ။ နောင်နှစ်ပေါင်း ၁၅၀၀ ကျော်ကြာတိုင် အသုံးပြုရသေးတဲ့ လမ်းတွေကိုလည်း ဖောက်လုပ်ခဲ့ကြပြီး ဒီနေ့အထိ ပွဲလမ်းသဘင်တွေ ကျင်းပလို့ရသေးတဲ့ အမိုးပွင့်စင်မြင့်တွေ၊ ပြဇတ်ရုံတွေကို တည်ဆောက်ခဲ့ကြပါတယ်။

ဘာသာပြန် - မာန်သီဟထွန်း

ပုံတွေကိုအောက်ပါလင့်တွေကနေယူပါတယ်။
https://www.learning-history.com/seven-wonders-hanging-gar…/
http://www.ancientpages.com/…/rise-and-fall-of-city-states…/
https://www.123rf.com/photo_37729525_nature-series-collage-…
https://www.pinterest.com/pin/411164640954657428/
http://www.ancientpages.com/…/thousand-year-old-farming-te…/



https://www.ancient-origins.net/…/ancient-skeletons-change-…
http://www.datamix.me/hunter-gatherers-hunting.html
https://vikaspoint.wordpress.com/…/basic-knowledge-about-e…/
https://www.dailymail.co.uk/…/Last-nomads-road-Kashmir-shep…