Breaking News

တိုက်ငါး(လှိုင်သာယာ) - တရုတ်ပြည် တရုတ်လူမျိုး အခေါ်အဝေါ်



တိုက်ငါး(လှိုင်သာယာ)  - တရုတ်ပြည် တရုတ်လူမျိုး အခေါ်အဝေါ်

(မိုးမခ) ဇူလိုင် ၁၂၊ ၂၀၁၉

တရုတ်ကို ရှေးအခေါ်အဝေါ်နှင့် ယနေ့ အခေါ်အဝေါ်
တရုတ်တို့ကို ရှေးတုန်းက ‘စိန’၊ ‘ဇိန’ ခေါ်ဝေါ်ကြတာကို စာအုပ်စာပေတွေမှာ ဖတ်ခဲ့ရပါတယ်။ ဒါဟာ ရှေးရှေးတုန်းက အိန္ဒိယစာပေကနေ ဆင်းသက်လာတာ ဆိုပြီး ပြောကြပါတယ်။ အဲဒီ ‘စိန’၊ ‘ဇိန’ကနေ ‘ချိန’ ဖြစ်လာပါတယ်။ ‘ချိန’ကို လက်တင်ဘာသာဖြင့် ‘Chi na’ ဖြစ်လာပါတယ်။ ဒါကို တပေါင်းတည်း ပူးတွဲလိုက်တော့ ‘China’ ‘ချိုင်းနား’ရယ်လို့ ဖြစ်လာပါတယ်။ ‘China’ ဟာ ကမ္ဘာသုံး ဖြစ်သွားပါတယ်။ ဒါက တိုင်းတပါးသားတို့ရဲ့ ခေါ်ဝေါ်သတ်မှတ်ချက် ဖြစ်ပါတယ်။

နောက်ပြီး တရုတ်တို့က ဂန္ဓမာပန်းကို သူတို့ရဲ့ အမျိုးသားပန်းအဖြစ် မှတ်ယူကြပါတယ်။ ဒါကြောင့် တရုတ်ပြည်ကို ‘ဂန္ဓာလရာဇ်တိုင်း’လို့လည်း မှတ်ယူ ခေါ်ဝေါ်ကြပါတယ်။

အခု ကျွန်တော်က တရုတ်တွေကိုယ်၌က မှည့်ခေါ်တဲ့ တရုတ်ပြည် ခေါ်ဝေါ်ပုံကို ပြောပြပါမယ်။

ရှေးဦးစွာ လူသားတို့ရဲ့ စရိုက်ဓလေ့ကို ပြောပြပါမယ်။

လူဆိုတာက အတ္တဖြင့် တည်ဆောက်ထားကြတာ ဖြစ်တယ်။ ကိုယ်စီ ကိုယ်စီ အတ္တစွဲတွေ ရှိကြတယ်။ အတ္တစွဲ များခြင်း၊ နည်းခြင်းမှာသာ ကွဲပြားခြားနားကြတဲ့ လူသားတွေ ဖြစ်ကြတယ်။

လူမျိုးရေး၊ အမျိုးသားရေးမှာလည်း အဲဒီအတ္တစွဲတွေ နည်းခြင်း၊ များခြင်း၊ ကြီးခြင်း၊ သေးခြင်း ရှိမှုတွေ ကွဲပြားခြားနားကြပါတယ်။ ကိုယ့်အမျိုးသား၊ ကိုယ့်လူမျိုးကမှ ပိုပြီး မြင့်မြတ်တယ် ဆိုတဲ့ အစွဲက လူမျိုးတိုင်းမှာ ရှိကြပါတယ်။ ဒီအစွဲကနေ ပေါ်ပေါက်လာတဲ့ တရုတ်တို့က သူတို့ရဲ့ တိုင်းနိုင်ငံတော်ကြီးရဲ့ အမည်ခေါ်တွင်မှုဟာ အလွန်တရာ စိတ်ဝင်စားစရာ ကောင်းပါတယ်။

 ၁ - ‘ကျုန်းကို’

‘ကျုန်း’လို့ အသံထွက်တဲ့ တရုတ်စာလုံး ‘ကျုန်း’ရဲ့ အနက်အဓိပ္ပာယ်က များပြားလှပါတယ်။ ‘အလယ်−အလတ်၊ ကြား၊ အတွင်းထဲ၊ ဗဟို၊ အလယ်ဗဟိုချက်မ’ များပြားလှတဲ့ အနက်အဓိပ္ပာယ်ပါ။ အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ များပြားပေမယ့်လည်း အားလုံးဟာ တခုနှင့်တခု ဆက်စပ်မှုတွေ ရှိကြပါတယ်။

‘ကို’ ဆိုတဲ့ တရုတ်စာလုံးရဲ့ အဓိပ္ပာယ်က ‘နိုင်ငံ၊ တိုင်းပြည်၊ နိုင်ငံတော်’ ဖြစ်တယ်။

ဒီ ‘ကျုန်း’နဲ့ ‘ကို’ တရုတ်စာလုံး နှစ်လုံး ပေါင်းလိုက်ရင် ‘ကျုန်းကို’ဟာ ‘တရုတ်ပြည်’ ‘တရုတ်နိုင်ငံ’ ဖြစ်ပါတယ်။

အနှစ်သာရရှိရှိ တွေးဆလိုက်ရင် တရုတ်ပြည်ဟာ ကမ္ဘာ့အလယ်ဗဟိုချက်မမှာ ရှိတယ်။ တင့်တယ်တယ်၊ ထည်ထည်ဝါဝါ ရှိတယ်။ ကျန်တိုင်းနိုင်ငံတို့က တရုတ်နိုင်ငံကို ရံထားကြတယ် ဆိုတဲ့ သဘောပါပဲ။

ဒါကြောင့် တရုတ်ပြည်ကို တရုတ်လို ‘ကျုန်းကို’လို့ ခေါ်ကြပါတယ်။

 ၂− ထန်ရဲန်
‘ရဲန်’ကို ‘R’ ‘ရ’သံဖြင့် ဆိုပါ။ ‘ရဲန်’ ဆိုတာ မြန်မာလို ‘လူ’ပါ။ ‘ထန်ရဲန်’ ဆိုတော့ ‘ထန်လူမျိုး’။ တရုတ်လူမျိုးတို့က သူတို့ကိုယ်သူတို့ ‘ကျု့းကိုရဲန်’ ဆိုပြီး ခေါ်သလို ‘ထန်ရဲန်’ ဆိုပြီးလည်း ခေါ်ဝေါ်ကြပါတယ်။

နှစ် ငါးထောင် ရှည်လျားတဲ့ တရုတ်သမိုင်းမင်းဆက်ခေတ်တွေမှာ ‘ထန်မင်းဆက်’ခေတ်တခေတ် ရှိခဲ့ပါတယ်။ အဲဒီ ‘ထန်’ကို ရှေးအစဉ်အဆက်ကနေ ယနေ့ ယခုခေတ်ကာလအထိ ‘ထန်’လို့ မသုံးနှုန်းဘဲ ‘တဝမ်းပူ’ တန် မင်းဆက်လို့ မှားယွင်းခဲ့ပါတယ်။

တရုတ်တို့ရဲ့ ‘ထန်’ခေတ်က မြန်မာတို့ရဲ့ ‘ပျူ’နဲ့ ခေတ်ပြိုင် ဖြစ်ပါတယ်။ ကြေးရုပ် လေးရုပ်အကြောင်း ရေးသားထားတဲ့ ဆောင်းပါးတို့က ခိုင်မာတဲ့ သမိုင်းသက်သေ ဖြစ်တယ်။

ရှေးယခင်က တရုတ်ပြည်ကြီးဟာ သဘာဝဘေးဒဏ် မကြာခဏ ရင်ဆိုင် ကြုံတွေ့ရပါတယ်။ ရေလွှမ်းမိုးဒဏ်၊ မိုးခေါင်ရေရှားဒဏ်၊ အင်မတန် ကြီးမားပြင်းထန်တဲ့ မြေငလျင် လှုပ်ခတ်မှုဒဏ်၊ ထိုဒဏ်တို့ကနေ ဆက်စပ် ပေါက်ဖွားလာတဲ့ ငတ်မွတ်ခေါင်းပါးခြင်းဒဏ်။ ဒဏ် အသွယ်သွယ်ကနေ ဆက်စပ်ပေါ်ပေါက်လာတဲ့ သူပုန်သူကန် ထကြွ၊ စစ်မက် တိုက်ခိုက်ခြင်းဒဏ်တို့ကို တရုတ်လူမျိုးတွေ လှိမ့်ပိမ့်ခံကြရပါတယ်။

ခရစ်သက္ကရာဇ် ၆၁၀−၉၀၇ ခုနှစ်အထိ မင်းဆက်ခေတ် ရှည်လျားလှတဲ့ ‘ထန်မင်းဆက်’ခေတ်မှာ စစ်မက် တိုက်ခိုက်မှု နည်းပါးတယ်။ တိုင်းနိုင်ငံ အေးချမ်းတည်ငြိမ်၊ သာယာဝပြောရုံတင်မကသေးပါ။ မှတ်သားမိသလောက် ပြောရရင် ထန်မင်းဆက်ခေတ်တွေမှာ စွန့်ဦးတီထွင်မှုတွေ ပေါ်ထွန်းခဲ့ပါတယ်။ ‘စက္ကူ’ကို အစဦးဆုံး တီထွင်ခဲ့တယ်။ ပုံနှိပ်လုပ်ငန်း ထူထောင်ခဲ့ပါတယ်။ ‘ကြွေထည်’လုပ်ငန်း အစပျိုးခဲ့တယ်။ ငလျင်လှုပ်မှာကို ကြိုတင်သိရှိနိုင်တဲ့ အရာကိုတောင် တီထွင်နိုင်ခဲ့ပါတယ်။

တိုင်းနိုင်ငံ တည်ငြိမ်အေးချမ်းတယ်။ လူသားများအတွက် အင်မတန် ကြီးမားတဲ့၊ အကျိုးပြုတဲ့ အသုံးအဆောင် ပစ္စည်းတွေကို တီထွင်ခဲ့တဲ့ ထန်မင်းဆက်ခေတ်ကို တရုတ်လူမျိုးတို့က ဂုဏ်ယူဝင့်ကြွား ပြောလေ့ပြောထ ရှိကြပါတယ်။ သူတို့လူမျိုး ဂုဏ်ယူဝင့်ကြွားရမယ့် ‘ထန်’မျိုးဆက် ဆိုပြီး သုံးနှုန်း ခေါ်ဝေါ်ကြတယ်။ ဒါ့ကြောင့် တရုတ်လူမျိုးကို (၁) ‘ကျုန်းကိုရဲန်’၊ (၂) ‘ထန်ရဲန်’ ဆိုပြီး ခေါ်ဝေါ်ကြတယ်။

သာယာအေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ‘ထန်ခေတ်’ကို အစွဲပြုပြီး ‘တရုတ်လူမျိုး’ ကို ‘ထန်လူမျိုး’လို့ ဂုဏ်ပြု ခေါ်တွင်သလို အနိုင် နိုင်ငံ၊ အမြို့မြို့တွေမှာ တရုတ်လူမျိုး အများအပြား စုရုံးနေထိုင်ကြတဲ့ တရုတ်တန်း ‘China Town’ ကို တရုတ်တို့က ‘ထန်ရဲန်ချွန်း’၊ ‘ထန်ရဲန်ပိုး’လို့ ခေါ်ဝေါ်ကြတယ်။

‘ချွန်း’နဲ့ ‘ပိုး’ရဲ့ တရုတ်အခေါ်အဝေါ်ကို မြန်မာပြန်လိုက်ရင် ‘ချွန်း’က ‘ရွာ’၊ ‘ကျေးရွာ’ပါ။ ‘ပိုး’က ‘မြို့ငယ်’၊ ‘မြို့ငယ်လေး’ ဖြစ်တယ်။

‘တရုတ်တန်း’ China Town ကို ‘ကျုန်းကိုချွန်း၊ ကျုန်းကိုပိုး’ရယ်လို့ တရုတ်လူမျိုးတို့က မခေါ်ဝေါ်ကြဘဲ ‘ထန်ရဲန်ချွန်း’၊ ‘ထန်းရဲန်ပိုး’လို့သာ အသိအမှတ်ပြု ခေါ်ဝေါ်ကြပါတယ်။

၃ −ဟန့်ရဲန်
နှစ် ငါးထောင် ရှည်လျားတဲ့ တရုတ်သမိုင်းမှာ အင်မတန် အေးချမ်းတည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ‘ထန်မင်းဆက်’ခေတ်လိုပဲ ‘ဟန့်မင်းဆက်’ခေတ်လည်း ရှိပါတယ်။ မြန်မာစာပေမှာ ‘ဟန်’လို့ သုံးနှုန်းထားပါတယ်။ ‘ထန်ခေတ်’လိုပဲ တရုတ်တို့က ‘ဟန်ခေတ်’ကို ဂုဏ်ပြု စာဖွဲ့ ဖော်ညွှန်းလေ့ပြုကြပါတယ်။ ဒါကြောင့် ‘ဟန်ရဲန်’လို့ ခေါ်တတွင်တဲ့ တရုတ်လူမျိုးကနေ ‘ဟန့်ဝန်’ - ဟန်စာပေ၊ ‘ဟန့်ရွှေ’ - ဟန်ဘာသာရပ်၊ ‘ဟန့်ဝန်ဟွ’ − ဟန်ယဉ်ကျေးမှု။

တရုတ်တို့ ‘ဟန်’ကို ဘယ်လောက် တန်ဖိုးထားပါသလဲ ဆိုရင် တရုတ်စကားကို ‘ကျုန်းကိုဟွ’လို့ သုံးနှုန်းသလို ‘ဟန့်ဟွ’ လို့လည်း ဟန့်ကို ဂုဏ်ပြု ဖော်ညွှန်းပါတယ်။

တရုတ်တို့ရဲ့ ရှေးဟောင်းဇာတ်သဘင်မှာ ‘ကျင်းကျွိ’ ပေကျင်းဇာတ်၊ ‘ယွဲ့ကျွိ’ ကွမ်တုန်းဇာတ် ဆိုပြီး ရှိကြသလို ‘ဟန့်ကျွိ’ ဟန်ဇာတ်သဘင် ဆိုပြီး ရှေးဟောင်းဇာတ်သဘင် ဆိုတာလည်း ရှိနေပြန်ပါသေးတယ်။

ကဲ… ကျွန်တော်တို့ ‘တရုတ်လူမျိုး’ ဆိုတာကို (၁) ကျန်းကိုရဲန်၊ (၂) ထန်ရဲန်၊ (၃) ဟန့်ရဲန် သုံးမျိုးကို သိကျွမ်းသွားကြပါပြီ။ နံပါတ် (၄) နောက်ဆုံး တရုတ်လူမျိုး ခေါ်ဝေါ်ပုံ ရှိနေပြန်ပါသေးတယ်။


၄ − ဟွာရဲန်
‘ဟွာ’ တရုတ်စာလုံး ‘ဟွာ’ရဲ့ အနက်အဓိပ္ပာယ်က ‘တင့်တယ်ခြင်း၊ ခံ့ညားခြင်း၊ ကျက်သရေရှိခြင်း၊ ဂုဏ်သိက္ခာရှိခြင်း၊ ဂုဏ်သရေရှိခြင်း၊ ပေါများကြွယ်ဝခြင်း အစရှိတဲ့ အနက်အဓိပ္ပာယ် ပေါများလှပါသည်။

ဒါကြောင့် ‘ဟွာရဲန်’ တရုတ်လူမျိုး၊ တရုတ်အမျိုးသား ‘ဟွာဝန်’ တရုတ်စာပေ၊ ‘ဟွာယီ’ တရုတ်ဘာသာစကား ဆိုပြီး ‘ဟွာ’ကို ခုံခုံမင်မင် အသုံးပြုထားပါတယ်။

နိဂုံးချုပ်လိုက်ရင်−

တိုင်းပြည် နိုင်ငံကို ‘ကျုန်းကို’ တရုတ်ပြည်။
တရုတ်လူမျိုးကို− (၁) ကျုန်းကိုရဲန်၊ (၂) ထန်ရဲန်၊ (၃) ဟန့်ရဲန်၊ (၄) ဟွာရဲန် ဖြစ်ကြပါတယ်။

တိုက်ငါး(လှိုင်သာယာ)