Breaking News

မောင်စွမ်းရည် - ပန်းချီဆရာကြီး ဦးနန်းဝေ



မောင်စွမ်းရည် - ပန်းချီဆရာကြီး ဦးနန်းဝေ

(မိုးမခပြန်လည်ဆန်းသစ်) ဒီဇင်ဘာ ၂၇၊ ၂၀ဝ၈

ကျနော်တို့ငယ်စဉ်ကတော့ ကိုယ့်ထက် ၁၀ နှစ်လောက်ကြီးတဲ့ ပန်းချီဆရာကြီး ဦးနန်းဝေကို “ကိုနန်းဝေ”လို့ပဲ ခေါ်ခဲ့တယ်။ သူ့နာမည်ကို ကြားဖူးစတုန်းက “နန်းဝေ”ဆိုတဲ့ နာမည်လေး လှလိုက်တာလို့ အောက်မေ့ဖူးတယ်။ ကလောင်နာမည်အဖြစ် ကြားဖူးတာပါ။

ကျနော်တို့က မန္တလေးတက္ကသိုလ်ကျောင်းသားတွေ ဖြစ်ပေမယ့် ဟိုတုန်းကတော့ တကသ ပူးတွဲ အစည်းအဝေးပွဲ ကိစ္စ၊ ကျောင်းသားပွဲတော်ကိစ္စ၊ ပညာရေးနှီးနှောဖလှယ်ပွဲ ကိစ္စတွေနဲ့ ရန်ကုန် တက္ကသိုလ်ကို မကြာခဏ ရောက်ရတယ်။ ရောက်ရင် တကသမှာပဲ ကျောင်းသားချင်း တွေ့ကြ ဆုံကြ၊ အစည်းအဝေးတွေ လုပ်ကြနဲ့ အချိန်ကုန်တယ်။ တကသ ဆိုင်မှာပဲ စားတယ်။ တကသ မှာပဲ ဆံပင် ညှပ်တယ်။ ကိုယ့်အသိအကျွမ်း ရဲဘော်ရဲဘက်တွေကလည်း ကျောင်းမှာပဲရှိတာ မဟုတ်လား။

ဟိုတုန်းက တကသမှာ ချိတ်ထားတဲ့ ပန်းချီကားတွေဟာ ကိုနန်းဝေရဲ့ လက်ရာတွေပဲ များတယ်။ တကသ အဆောက်အအုံ မိုင်းဗုံးနဲ့ အခွဲခံရတော့ အားလုံး ပါကုန်တယ်။ ကိုနန်းဝေလည်း တကသ လက်ဘက်ရည် ဆိုင်မှာပဲ ထိုင်နေတာများတယ်။ ဘောင်းဘီအဖြူ အင်္ကျီအဖြူ ဝတ်စုံ အမြဲဝတ်တယ်။ သူနဲ့အတူထိုင်နေသူက မန္တလေးတက္ကသိုလ်က ပြောင်းသွားတဲ့ ကျောက်ပန်းတောင်းသား ကဗျာဆရာ ကိုတင့်ဝေ တဲ့။ ကျနော့် သူငယ်ချင်းပဲ။ သူတို့နှစ်ယောက် အတူထိုင်ထိုင်နေပြီး အတူစား၊ အတူငေးပြီး ထသွားကြလေ့ရှိတယ်။ ဘေး လူနဲ့လည်း စကားမပြော၊ အချင်းချင်းလည်း စကားလက်ဆုံမကျ။ တော်တော်ကြောင်တာပဲလို့ တွေးခဲ့မိဖူးတယ်။

သူ့ပန်းချီကားတွေထဲမှာ ကျနော်စိတ်ဝင်စားမိပြီး မှတ်မိနေတာက သစ်ခွပင် ပန်းချီကားပါပဲ။ လူပုဂ္ဂိုလ် အနေနဲ့ကတော့ သူက ကိုယ့်ထက်လည်းကြီးလို့ ရင်းနှီးခွင့်မကြုံခဲ့။ မောင်ငွေထွန်းနဲ့ပဲ ရင်းနှီးခဲ့ရတယ်။ ကိုငွေထွန်းက သမဂ္ဂကျောင်းသားတွေနဲ့အတူ ပါလေ့လည်းရှိလို့ ဖြစ်မှာပါ။ ကိုနန်းဝေက အဲဒီတုန်းက ဆရာ အဆင့်ဖြစ်နေပြီ။ ဆရာမင်းသုဝဏ်ရဲ့ ဘာသာပြန်ဌာနမှာ အဘိဓာန် သရုပ်ဖော်ပန်းချီတွေ ဆွဲနေတာ ကိုနန်းဝေ တဲ့။ တက္ကသိုလ်ရွှေရတုမှာ သူ့ပုံတွေနဲ့ ပို့စကဒ်တွေထွက်တော့ ဝယ်သိမ်းထားဖူး လိုက်ပါတယ်။ မျဉ်းဖြောင့်တွေနဲ့ ဆွဲတဲ့ပုံတွေပါ။ တက္ကသိုလ်စာကြည့်တိုက်မှာ ချိတ်ဆွဲထားတဲ့ ဦးဖေမောင်တင်၊ ဒေါက်တာ ထင်အောင် စတဲ့ ပုံတူ ဆီဆေးကားတွေလည်း သူပဲဆွဲထားတာလို့ မှတ်မိနေပါတယ်။ အခုတော့ ဇဝေဇဝါပါပဲ။

နောင်အခါ သူနဲ့ပတ်သက်ပြီး ပိုစိတ်ဝင်စားစရာကောင်းတာတခု ထပ်တွေ့ပြန်ပါတယ်။ ကျနော်ကောင်း ကောင်းမမီလိုက်တဲ့ တာရာမဂ္ဂဇင်းဟောင်းတွေနဲ့ စာပေသစ်မဂ္ဂဇင်းဟောင်းတွေကို ပြန်ဝယ်ဖတ်တော့ နန်းဝေ ဆိုတဲ့ ကလောင်နာမည်တခုကို တွေ့လာရတယ်။ ငြိမ်နေတဲ့ ပန်းချီဆရာ ကိုနန်းဝေမှန်း မစဉ်းစားမိဘူး။ မေးကြည့်တော့ သူပါပဲတဲ့။ ဒဂုန်တာရာ၊ မြသန်းတင့်တို့နဲ့ အောင်လင်းတို့ စာပေသစ် သမားချင်း ကွဲသွားကြတော့ သူက အောင်လင်းတို့ဘက်က ဝင်ရေးခဲ့တာဆိုကိုး။ စာပေသစ်သမိုင်းဆိုင်ရာ ဆောင်းပါးတွေကို ကျနော် တခုမကျန် လိုက်စုခဲ့ဖူးပါတယ်။ တကယ့်ကို တခုမှ မကျန်သလောက်ပါပဲ။ ဆရာ တာရာက စိတ်ဝင်စားပြီး အဲဒါတွေကို စာအုပ်ထုတ်ပါလို့ တိုက်တွန်းပါ တယ်။ အဲဒီအထဲမှာ နန်းဝေလည်း ပါလေရဲ့။ စာအုပ်မဖြစ်လိုက်ခဲ့ပါ။

သူက ကျနော်တို့ဆရာ၊ မန္တလေးတက္ကသိုလ် သမိုင်းပါမောက္ခဒေါက်တာသန်းထွန်းနဲ့ သူငယ်ချင်းပါ။ ပန်းချီဆွဲဖက် သူငယ်ချင်းလည်းဖြစ်ပါတယ်။ ဒေါက်တာသန်းထွန်း မန္တလေးမှာရှိနေ တော့ သူလည်း မန္တလေးကို မကြာခဏ လာတယ်။ ကျနော်တို့ အထက်ဗမာနိုင်ငံစာရေးဆရာအသင်း စာဆိုတော်နေ့ စာတမ်းဖတ်ပွဲကို မန္တလေး၊ ကျုံးအနောက်ဘက် ဓမ္မဗိမာန်မှာ လုပ်လေ့ရှိတော့ ဒေါက်တာသန်းထွန်းကလည်း ဒီစာတမ်းဖတ်ပွဲတိုင်း စာတမ်းတခုခု ဖတ်လေ့ရှိတယ်။ ပါမောက္ခချုပ် ဦးကျော်ရင်၊ ဒေါက်တာသန်းထွန်းနဲ့ ဦးလေး လူထုဦးလှတို့ဟာ ညီအကိုအရင်းတွေလို ချစ်ခင်ကြသူတွေဆိုတော့ စာတမ်းဖတ်ပွဲတွေမှာ အလွန်အားတက်စရာကောင်းတဲ့ ကာလ။

ကိုနန်းဝေလည်း တခါနှစ်ခါဆိုသလို ဒေါက်တာသန်းထွန်းနဲ့ ပါလာလေ့ရှိတယ်။ သူက စာပေထက် ပရိသတ်ကိုပဲ အထူးစိတ်ဝင်စားနေတယ်၊ ပရိသတ်က ကျောင်းသားကျောင်းသူတွေနဲ့ ဘုန်းကြီးတွေ များတယ်။ ပရိသတ် ရှေ့ပိုင်း ကြမ်းပြင်ပေါ်မှာ သင်ဖြူးတွေခင်းပြီး လူတွေက ထိုင်ကြတယ်။ သံဃာတော်တွေက နောက်ဆုံးတန်းမှာ ခုံတွေနဲ့ ထိုင်ကြတယ်။ ဆွေးနွေးပွဲမှာ ရဟန်းပျိုလေးတွေက ရှေ့တက်တက်လာပြီး ဆွေးနွေးကြတယ်။ ဦးလေး(လှ)က အဲဒါ - ဒို့အိမ်ဆွမ်းခံတဲ့ ဦးပဉ္ဇင်းလေး ကွဲ့ စသဖြင့် ရှေ့ကဆီးပြီး ကျနော်တို့နဲ့ မိတ်ဆက်ပေးလေ့ရှိတယ်။ ပြဿနာလည်း မဖြစ်အောင်ပေါ့။ ဒါကို ကိုနန်းဝေက သဘောကျတယ်။ “ကိုယ်တော့ ဒီလောက် ဘုန်းကြီးတွေ များတဲ့ပွဲမျိုး မတွေ့ဖူးဘူး။ မောင်ရင်တို့တတွေ ဘုန်းကြီးတွေနဲ့ ငြင်းလိုက် ခုန်လိုက် ပြောရဲကြတာ အံ့သြတယ်” လို့ တဖွဖွ ပြောပါ တယ်။

ရွှေဘိုကျောက်မြောင်းဘက်ကို စာပေဟောပြောပွဲတွေသွားတော့လည်း ဒေါက်တာသန်းထွန်းကို ကျနော်တို့က အပါခေါ်တယ်။ ပေပုရပိုက်တွေ၊ ရှေးဟောင်းပစ္စည်းတွေ ပေါတယ်လို့ ပြောတော့ ဆရာကလည်း လိုက်တာပဲ။ ဆရာနဲ့အတူ ကိုနန်းဝေနဲ့ ပန်းချီ ကိုအေးမြင့်လည်း ပါလာဖူးတယ်။ ကျနော်တို့အညာမှာ ဘုန်းကြီးတို့၊ ကျောင်းဆရာတို့ ကျောင်းသားတို့ဆိုတာ စာပေကိစ္စတွေမှာ လုံးလား ထွေးလား ဖြစ်နေကြတာကို အောက်သား ကိုနန်းဝေက တအံတသြ ဖြစ်နေရှာပါတယ်။

ကိုနန်းဝေက ခရမ်းသုံးခွဘက်ကပါ။ (သူ့ဇာတိ အသေအချာတော့ မသိဘူး။) ၁၉၇၀ ကျော်မှာ ရန်ကုန်ကို ကျနော်ပြောင်းလားတော့ ကိုနန်းဝေနဲ့ မကြာခဏ ဆုံတယ်။ ကိုနန်းဝေဟာ အလုပ်က အငြိမ်းစား ယူပြီးပေမယ့် တက္ကသိုလ်နယ်မြေကို တရစ်ဝဲဝဲလုပ်မြဲပဲ။ ဆရာမင်းသုဝဏ်ဆီ၊ သူ့ သူငယ်ချင်း `ကိုသန်းထွန်း’၊ ‘ကိုသန်းထွတ်’ (တိုက်စိုး) တို့ဆီ လာလေ့ရှိတယ်။ ကျနော့်ရဲ့ ကျောင်းသုံးစာအုပ်အလုပ်က မြန်မာစာ ပါမောက္ခ လက်အောက်မှာ ဆိုတော့ ကျနော်တို့၊ တင်မိုးတို့ကလည်း တက္ကသိုလ်နယ်မြေ၊ တောင်ငူဆောင်မှာ အမြဲရှိတတ်တယ်။ ဒေါက်တာ သန်းထွန်း၊ ဆရာတိုက်စိုး၊ ဦးသော်ကောင်းတို့တတွေ အမရဆောင် မြန်မာသမိုင်းသုတေသနဌာန (ဒေါ်နီနီမြင့်ရုံး)ကို ရောက်လာကြတော့ လူစုမိနေကြပြန်တယ်။ တခါတလေ သူ့သူငယ်ချင်းတွေဆီက ယမကာဖိုးလေး ဘာလေး နှိုက်သွားတတ်တယ်။ သူ့ သူငယ်ချင်း ဒေါက်တာသန်းထွန်းက သူ့အကြောင်း ရေးဖူးတယ်။

ကိုနန်းဝေဟာ ယမကာကို အချိန်ပြည့်သောက်ပုံရတယ်။ သူ့လွယ်အိတ်ထဲမှာ ပုလင်း အသေးလေး တလုံးနဲ့ အမြဲဆောင်ထားပြီး တက္ကသိုလ်နယ်မြေထဲကို တယောက်တည်း လျှောက်သွားပြီး တပတ် ပတ်လေ့ရှိတယ်။ သစ်ရိပ် ဝါးရိပ်မှာထိုင်ပြီး တမော့ နှစ်မော့ မော့လိုက်၊ လမ်းလျှောက်လိုက် လုပ်ပါတယ်။ “ပင်စင်ယူပြီးတော့လည်း တက္ကသိုလ်ကို မခွာနိုင်ဘူးနော်”လို့ ကျနော်က သူ့ကိုမေးတော့ “ကိုယ်က ဒီ ကမာရွတ်ထဲမှာပဲ တည်းခိုနေတာ။ အမေ့ကို လိုက်စောင့်ရှောက်ရတာ” လို့ ပြောလေ့ ရှိပါတယ်။ “သူ့အမေကလည်း သူ့ကိုစောင့်ရှောက်ဖို့ လိုက်လိုက်လာရတာလို့ ပြောမှာပဲ” လို့ ဆရာ သန်းထွန်းကလည်း ပြောလေ့ရှိပါတယ်။ သားက ၇၀ ကျော် အမေက ၉၀ ကျော်ပါပြီ။ သူ တည်းခိုတဲ့ အိမ်ကိုလည်း ကျနော်လိုက်သွားဖူးပါတယ်။ သခင်အုန်းမြင့်စတဲ့ ကိုနန်းဝေရဲ့ သူငယ်ချင်းတွေက “ မမ --- ကိုလည်း ကျနော်တို့က မေးတယ် ပြောပါ”လို့ ကျနော့်ကို မှာလေ့ရှိပါ တယ်။ ကိုနန်းဝေရဲ့အမေက သားရဲ့သူငယ်ချင်းတွေအားလုံးကို သိရှိရင်းနှီးပြီး ဆိုးမျိုးခံခဲ့ရပုံရပါတယ်။ သားက ခုထိ လူပျိုကြီး။

ကိုနန်းဝေက တခါတလေ ကျနော်တို့အိမ်ပြန်ရင် လိုက်လာပြီး ဝဂ္ဂီရပ်ကွက်အဝင် ဗန်ဒါပင် (ဗာဒံပင်) ဆိုင်ကလေး အပေါ်ထပ်မှာ ယမကာနဲ့ ဧည့်ခံခိုင်းတတ်ပါတယ်။ ကျနော်က သူ့ဖို့ အပြည့်အစုံ မှာပေးပြီး ထားခဲ့ပါတယ်။ ဆိုင်ရှင်ကိုလည်း “ဒါ ကျနော့်ဆရာ”လို့ မှာရတယ်။ နောက်တော့ သူလည်း အိမ်ထိ လာလည်လေ့ရှိတယ်။ ရပ်ကွက်ထဲမှာ ခေါက်ဆွဲကြော်နဲ့ ယမကာ တွဲရောင်းတဲ့ ဆိုင်တွေကလည်းပေါ လာတော့ “ဆရာ့ကို လိုက်ပို့အုံး”လို့ သူက လာလာခေါ်တယ်။ “ခင်ဗျား ကျနော့်ဆရာ မဟုတ်ဘူးနော်” လို့ ပြန်ပြောရပါတယ်။ “ဘယ်သူက ဆရာဖြစ်ဖြစ် ရပါတယ်”လို့ ပြန်ပြောပါတယ်။ ကျနော်က သူနဲ့ ဆိုင်ထိုင်လေ့မရှိပါဘူး။ စကားအပြန်အလှန်ပြောလို့မှ မရဘဲကိုး။ ပြောရင် အင်း … အဲ ပဲ လုပ်တယ်။

တခါ အိမ်လာတော့ ဖိတ်စာတွေ အများကြီးပါလာတယ်။ သူရဲ့ ၇၄ နှစ်မြောက်မွေးနေ့ကို ပန်းချီကိုမျိုးတို့က လုပ်ပေးမလို့တဲ့။ ဖိတ်စာတွေထဲက တခုကို ဆရာဝန်မကြီးတဦးဆီ ပို့ပေးပါတဲ့။ ဗြိတိန်က ဘုရင်မကြီးဆီကိုရော၊ နယ်သာလန်ဆိုလား ဆွစ်ဇာလန်ဆိုလား ဘာလားမသိ၊ ဥရောပက မင်းသမီး တပါးဆီကိုလည်း ပို့ခိုင်းတယ်။ ကဗျာဆရာ မောင်ပေါက်စည်နဲ့ကြုံတော့ “ကျုပ်မှာ ဖက်(က်စ်)ပို့တဲ့စက် ရှိတယ်။ ပို့ပေးမယ်”လို့ ယူသွားပါတယ်။ သူနဲ့ ကျောင်းနေဖက် ငယ်စဉ်က အလွန်ချောတယ်ဆိုတဲ့ ဆရာဝန်မကြီးဆီကိုလည်း မဂ္ဂဇင်း အယ်ဒီတာတဦးကတဆင့် ယူသွားဖို့ ပေးလိုက်တယ်။ ဆရာဝန်မကြီးက “အရူးတွေ”လို့ သြဘာပေးလိုက်သတဲ့။ သူတို့ကျောင်းသား ဘဝတုန်းက စာရေးဆရာအောင်လင်းတို့နဲ့ အတွဲတွေမဟုတ်လား။ ဂီတ၊ ပန်းချီ၊ စာပေအုပ်စုတွေဟာ ဒီလိုပဲ၊ အရူးဘွဲ့ ရလေ့ရှိပါတယ်။

ကိုနန်းဝေက အသက် ၇၀ ကျော်မှာ ပန်းချီ မဆွဲတော့ပါဘူး။ သူ့ပန်းချီကားတွေ စစ်ဗိုလ်တွေ လက်ချက် နဲ့ တကသ အဆောက်အုံထဲမှာ ပါသွားကတည်းက စိတ်ထိခိုက်သွားတယ်။ မဆွဲတော့ဘူး။ သူ့တပည့်တွေ က သူ့ကားတွေကို ငှားပြီး တင်ပြလေ့ရှိပေမယ့် မရောင်းပါဘူး။ သူ့ရဲ့ ၇၄ နှစ်မွေးနေ့ဟာ ၂၀ဝ၂ လောက်က ထင်ပါတယ်။ ခုဆိုရင် ၈၀ ကျော်ပြီပေါ့။ သူ့မွေးနေ့က ဒီဇင်ဘာ ၁၀ ရက်တဲ့။ “သူ ဆုံးပြီ”လို့ မိုးမခက သတင်းပို့တော့ ဒီဇင်ဘာ ၁၈ ရက်။ နယူးယောက်မှာ နှင်းသည်းတဲ့နေ့ပေါ့။ သူ့ကိုပြန်တွေးကြည့်တော့ သူ့ကို ကုတ်ချောင်းကုတ်ချောင်းနဲ့ အမြဲတွေ့ ရလေ့ရှိတဲ့ လှည်းတန်းဈေး အပြင်ဘက်တန်းကို စိတ်ရောက်သွားမိပါတယ်တယ်။ သွားတိုင်းလို တွေ့ရပေမယ့် ဘာမှလက်ထဲမှာ မတွေ့မိဘူး၊ “အမေ့ဖို့ ဈေးလာဝယ်တာ” တဲ့။ ဖြတ်သွားလို့ဆိုရအောင်ကလည်း ဒီလောက်လူရှုပ်တဲ့အထဲကို ဖြတ်လမ်း လုပ်မယ် မထင်။ တနေ့တော့ သူ့နဲ့ သူ့သားအရွယ်၊ ကျနော့်မိတ်ဆွေ ပညာရေးဝန်ထမ်း ကဗျာဆရာလေးတဦးနဲ့ ဈေးတန်းထဲက အိမ်တအိမ်ကို ဝင်သွားကြလေရဲ့။ ဘယ်သူ့အိမ်လည်း မသိပေမယ့် နှစ်ယောက်လုံးနဲ့ ရင်းနှီးလို့ ကျနော် နောက်က လိုက်သွားတယ်။ သူတို့နဲ့သိမှတော့ ငါနဲ့လည်း သိမှာပဲပေါ့။ အလိုလေး … သူတို့ဝင်သွားတာက အရက်ဖြူဆိုင်။ ဝင်သွားတာကလည်း မနက်ခင်းကြီး။ မနက်စာချက်ကြဖို့ ဈေးလိုက်ဝယ်ချိန်။

“လာ - လာ။ ကိုစွမ်းရည် ထိုင်။ ကိုယ် - အမေ့ဖို့ ဈေးလာဝယ်ရင်း … ” တဲ့။ ပြောနေကျစကားကို ပြောပါတယ်။ အသက် ၈၀ ကျောင်းသားကြီးဟာ အခုတော့ ဆုံးရှာပါပြီ။ သူ့အမေ ရှိသေးလားမသိ။

ကိုနန်းဝေကို ချစ်ခင်တဲ့
မောင်စွမ်းရည်
၂၀ဝ၈ ဒီဇင်ဘာ ၁၈