Breaking News

မောင်အောင်မွန် ● ကျနော်တွေးမိသလို ရေးပါမည် (၂၃၄)

မောင်အောင်မွန် ● ကျနော်တွေးမိသလို ရေးပါမည် (၂၃၄)
(မိုးမခ) ဇူလိုင် ၂၃၊ ၂၀၁၉
၆၇ နှစ်ကြာတက္ကသိုလ်မဂ္ဂဇင်းနှင့် ရင်ခုန်ဆဲမောင်အောင်မွန်

(ရန်ကုန်တက္ကသိုလ်သည် ၁၉၆၂ ခု၊ မေလတွင်အသတ်ခံလိုက်ရ၏။ သေ/မသေ ဖတ်ကြည့်ပြီး ထင်မြင်ချက်ပေးများ ဖိတ် ခေါ်ပါသည်)

(၁)
၁၉၅၃ ခုနှစ် ရန်ကုန်တက္ကသိုလ် ဝင်ခွင့်လျှောက်လွှာတွင် တကသ ဝင်ကြေး ၁ိ နှင့် နှစ်လည်မဂ္ဂဇင်း အတွက် ၁ိ ကိုကျောင်းသား တိုင်းနည်းတူ ကျနော်လည်းပေးသွင်းရ၏။ ၁၉၅၂ - ၅၃ ရန်ကုန်တက္ကသိုလ်နှစ်လည် စာစောင်ထွက်လာသောအခါ Identity Card ပြ၍ တအုပ်ရလိုက်သည်။ ပထမဆုံး ရဖူး ပိုင်ဖူးသောမဂ္ဂဇင်းမို့ အဘယ်မှာလျှင် မေ့နိုင်ပါမည်နည်း။

ဟိုပြောင်းသည်ရွှေ့ ဘယ်အခြေအနေ ဘယ်ရောက်ရောက် အပျောက်မခံနိုင်။

ကိုယ်ပိုင်စာကြည့်တိုက်အဖြစ် စာအုပ်များဝယ်စု၏။ ၃ ကြိမ်မီးလောင်ခံသည့်ထဲ အခြားစာအုပ်များ၊ ရည်းစားစာ ရည်းစာ ဓာတ်ပုံတို့ ပါသွားသော်ငြားလည်း အချစ်ဦး တက္ကသိုလ်မဂ္ဂဇင်းကတော့ ပါမသွားချေ။ ကံကောင်းလေစွ။ ၁၉၆၅ ခု၊ နိုင်ငံခြား မှာ အလုပ်လုပ်ဖို့အသွား ဇာတိရွာမှာ စိတ်ချစွာသိမ်းထားခဲ့သည်။

(၂)
ဒီတသက် ကိုယ့်ချက်မြှုတ်မြေ ကိုယ့်ဇာတိပြည်သို့ ပြန်ခွင့်မရတော့ဟု စိတ်ပျက်လက်လျှော့ထား၏။ သူတို့လက်ခုပ်တွင်းကရေ သွန်လိုသွန် မှောက်လိုမှောက်၊ သက်ရှိသက်မဲ့ အကုန်လုံး ဘဝပျက်နေမှတော့ ထိုတက္ကသိုလ်မဂ္ဂဇင်းလည်း ခြေမပါသမို့ လွတ်အောင်မပြေးနိုင်ရှာဟု တရားနှင့်လည်း မဖြေသာ။

ကံကောင်းထောက်မ၍ ပြန်ဆုံကြပြီ။

ပုံတွင်မြင်ရသည့်အတိုင်း လောကဓံကို အကြီးအကျယ်ခံထားရရှာ၏။ ဇရာ၏လက္ခဏာများ--ပိုးစားထား၊ စာအုပ်ချုပ်ကြိုးဆွေး --ဖြစ်ချင်သလိုဖြစ်၊ ငါတို့တက္ကသိုလ်၏ရနံ့ ငါတို့၏ဘဝ နည်းတူ ဘယ်အခါမှ ဦးမညွှတ်။ ကြည့်ချင်သလိုကြည့် တိုင်းချင်သည့် ပေတံနှင့်တိုင်း မှတ်ကျောက်တင်ခံနိုင်သော ဤမဂ္ဂဇင်း။

(၃)
ဤရန်ကုန်တက္ကသိုလ်မဂ္ဂဇင်းက အသက် ၆၅ နှစ်ရှိပြီ။ သူ့ချစ်သူ ၁၆ နှစ်အရွယ် မောင်သစ်လွင် (Fresher) လေးလည်း ဆံဖြူ သွားကျိုး ပါးရည်တွန့်စပြုပြီ။ သို့သော်လည်း မြင်လိုက်ဆုံလိုက်တိုင်း ရင်ခုန်စမြဲ၊ မနေ့တုန်းကလိုပါကလား၊အချစ်ဟူသည် အိုရိုးမရှိဟု ဆိုရမည်လား။

အမှာစာကို အင်္ဂလိပ်လိုရော မြန်မာလိုပါ ရေးပေးသော ပါမောက္ခချုပ် ဒေါက်တာထင်အောင်၊ အတိုင်ပင်ခံအယ်ဒီတာ များဖြစ် ကြသော ဦးကျော်ရင်၊ ဒေါ်သိန်းညွန့် နှင့်မဂ္ဂဇင်းကော်မတီဝင်များအနက်မသေ ရှင်နေသေးသူ ဘယ်နှစ်ယောက်ရှိသနည်း မသိနိုင်ပါ။

ရန်ကုန်တက္ကသိုလ်သည်ပင်လျှင် အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီး၏ အမိန့်တိုလေးဖြင့် နိဂုံးချုပ်ခဲ့လေပြီ။ မျက်နှာလိုမျက်နှာရနှင့် ဟိုလျှောက်ပြင် ဒီလျှောက်ပြောင်း-- ပုခံခေတ်ကကျောက်စာကိုပင် စိတ်ထင်သလိုပြင်၊ ပါမောက္ခအမည်ခံကလည်း သူတည်း တစ်ယောက်ဟု သတ်ပုံပြင်ကာ ပညာရှိကြီးလုပ်---။

သို့သော်လည်း ဤရန်ကုန်တက္ကသိုလ်မဂ္ဂဇင်းကိုမူ ဘယ်သူမှမပြင်နိုင် ဘယ်သူမှဖျောက်လို့မရ။
(၄)
ဤတက္ကသိုလ်နှစ်လည်မဂ္ဂဇင်းကို အနည်းငယ်လောက် မြည်းစမ်းကြည့်ပါ။

ပုံထဲက ကာတွန်း ကိုဖေသိန်း လက်ရာ၊ တက္ကသိုလ်ကြေးမုံ။ ကျောင်းသားများသထက်များလာ၊ ကျောင်းဆောင်တွေကနေမြဲ--၊ တက္ကသိုလ် ဒုက္ခသည်ရိပ်သာ ကိုသရုပ်ဖော်ထားသည်ကလည်း ထိပါဘိ။ မနက် ၇ နာရီက ၉ နာရီထိသာအတန်းတက် အရာရှိဖြစ် လခတနင့်ကြီးရပါလျက် ၄၃ိ ပေး၊ ဟင်း ၃ မျိုး ထမင်း ၂ နပ်၊ မနက်ကော်ဖီနှင့်မုန့်၊ ရေမီးမပြတ် အဆောင်မှာ နေကြသော BL ကျောင်းသားများအား အဆောင်ကထွက်ခိုင်းပုံ-- ခြေထောက်က HC ဆိုတာက Hostel Committee ကျောင်းဆောင်ကော်မတီပါ။ ထို့ကြောင့် အမျိုးသား ၄ ဆောင်၊ အမျိုးသမီး ၂ ဆောင် ထပ်ဆောက်ရ၏။

တကသ သမိုင်းတွင် ပထမဆုံးအကြိမ် အမှုဆောင်အဖွဲ့အတွင်း ၂ ဘက်ကွဲရာကပေါ်လာသည့် တံဆိပ်တုံးယူထားသူ ကိုကိုကြီးနှင့် ပျောက်သည်ဟု တိုင်ကြားသူ အတွင်းရေးမှူး ကိုအောင်ဘန်းတို့ပုံ။

တိုးတက်သောကျောင်းသားများ တကသ ရွေးကောက်ပွဲမှာ နိုင်လိုက်ကတည်းက ပြဿနာရှာကာ မကြာခဏစွပ်စွဲနေသူ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းခြေထိုးနေပုံပါ-- အဲဒီကနေ ၁၉၅၃ ခု၊ အောက်တိုဘာလ ကျောင်းပိတ်ရက်ကိစ္စ တက္ကသိုလ် နယ်မြေထဲ လက်နက်ကိုင်တွေဝင် သွေးမြေကျခဲ့ရ၏။ စစ်ကြိုခေ်ကတည်းက နာမည်ကြီး တက္ကသိုလ်ဘောလုံးအသင်း ဒုတိယတန်း ဆင်းသွားရသည်ကို ဟာသနှင့်ရင်နင့်စွာ ဖော်ပြထား၍ အားကစားအရာရှိ ဆရာငြိမ်းကြိုးပမ်းမှုကြောင့် ၁၉၅၃ ခု၌ ပထမတန်းပြန်တက် ကွင်းဖွင့်ဖလားပွဲတွင် ဖိုင်နယ်တက်နိုင်ခဲ့သည်။

ကာတွန်း တမျက်နှာနှင့်ပင် ထိုနှစ်အခြေအနေကို မှတ်တမ်းတင်ထားသည့် တက္ကသိုလ်ကြေးမုံ။

(၅)
၁၉၂၀ ခု၊ ကစတင်ခဲ့သော ရန်ကုန်တက္ကသိုလ်သည် ၁၉၆၂ ခု၊ တွင် ပျက်သွားလေပြီ။

သို့သော်လည်း တက္ကသိုလ်ရနံ့သင်းသည့် ရသစာပေများကမူ ဟိုဖျက်ဒီပြင်နှင့် မျက်နှာလိုမျက်နှာရနှင့် ဖျက်နေကြသည့်ကြား ရှင်ကျန်နေကြစမြဲပင်။ မာတိကာတွင် မခွဲခြားဘဲ ဖော်ပြထားသည့် အပုဒ်(၆၀) အနက် ကောက်နှုတ်ကြည့်လျှင်၊ ဇော်ဂျီ၏ ရှေးကမြန်မာစာပေသစ်၊ တင်အေး(ရှမ်းပြည်)၏ မြန်မာနိုင်ငံ လူမျိုးကွဲနှင့် ဘာသာစကားသုတေသန၊ မောင်ကိုယု၏ စေတနာ၊ အံ့မောင်၏ ကျောင်းသား၊ ထင်လင်း၏ တနေ့တလန်--၊ ကြည်အေး၏ တမိုးလင်း၏၊ တက္ကသိုလ်ကျော့ရှင်း၏ ရိပ်မြုံအလှ၊မင်းလှညွန့်ကြူး၏ မောင့်အလိုကျ၊ မင်းနိုင်၏ ခေတ်နှင့်ပန်းချီ၊ ကေတု ဝင်းတင့်၏ ကွန်း--စသဖြင့်--စသဖြင့် ဖတ်စရာတွေ တဝကြီး။

မဂ္ဂဇင်းကော်မတီပုံကအစ အသင်းအဖွဲ့များ၏ အမှုဆောင်အဖွဲ့များ၊ ထိုနှစ်ရဲ့ တက္ကသိုလ်မောင်-မယ်၊ အားကစားဆုရ အဆောင်၊ ကျောင်းသားပွဲတော်က ဓာတ်ပုံများကလည်း ဝေဝေဆာဆာ။

မြန်မာကျောင်းသား ကမ္ဘာ့ကျောင်းသားသမဂ္ဂ အလံတွေတလူလူ၊ ဘွဲ့နှင်းသဘင်ခန်းမကြီး မီးရှူးတွေ မြူးတူးပျော်နေကြသည့် ကျောင်းသူကျောင်းသား သရုပ်ပေါ်အောင် တက္ကသိုလ်သင်္ကေတမကျန် လက်စွမ်းပြသူ ပန်းချီဆရာကြီး ဦးအုန်းလွင်၏ ရင်တွင်းစေတနာ။ အတွင်းသရုပ်ဖော်ပုံများကိုလည်း ဗဂျီ အောင်စိုးက အဓိက။

မြန်မာစာတည်း အောင်သန်းဝင်း (ဂုဏ်ဝင်း) ၏ ညီညွတ်ရေးအင်အား ခေါင်းကြီး။

ဟောဒါက ကော်မတီအစီရင်ခံစာထဲက တပိုင်းတစ၊ ကျောင်းမှထုတ်ပေးငွေ ၄၅၈၉ ကျပ်၊ + ကြော်ငြာခငွေ ၃၉၀၀ ကျပ်+ ဓာတ်ပုံထည့်ခ ၇၀၀ ကျပ်၊ စုစုပေါင်း ၉၂၆၉ ကျပ်။ ၉၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ် ကုန်ကျပါက ပိုသောစာအုပ်များ ရောင်းပြီးဆပ်ရပါမည်။

ထိုအချိန်က အခြေအနေကို ခန့်မှန်းကြည့်ပါ။

(၆)
အင်္ဂလိပ်ပိုင်းတွင် Foreword (Dr. Htin Aung), Soviet Russia As I Saw it by Professor Aung Hla, Imperialist Exploitation of Burma (ICS Ba Nyein), First-year Einglish-a new approach by D.Y.Morgan စသဖြင့် ကျောင်းသားများလည်း ဝင်ရေးကြ၏။

အင်္ဂလိပ်စာဌာန D.Y.Morgan သည် ပထမနှစ်ကျောင်းသားများအား စနစ်သစ်နှင့် သင်ကြားသော အင်္ဂလိပ်အစစ်၊ ကျနော်တို့လည်း သင်ခွင့်ရလိုက်၍ မှတ်မိတာလေး ပြန်ပြောပါရစေ။ တနေ့အတန်းထဲ ရှေ့ဆုံးခုံမှ ကျောင်းသားတယောက် ခေါင်းမထောင်နိုင်လောက်အောင် အိပ်ငိုက်နေရာ ဆရာအသင်မဖြောင့်။ သူရှေ့သို့ဆင်းလာပြီး Good Morning ဆိုလိုက် တော့မှ မျက်စိပွင့်လာ၍ အိပ်တာဟာ အတန်းထဲမှာဆိုတော့ ကသိကအောက်နေမှာပေါ့၊ အိပ်ယာထဲ ဇိမ်နဲ့ပြန်အိပ်တာ အားလုံးအတွက်ပါ ပိုမကောင်းဘူးလားဟုပြော၏။

ကျနော်တို့ခေတ်က မြန်မာစာမှတပါး ကျန်ဘာသာရပ်တိုင်း အင်္ဂလိပ်လိုသာ ပို့ချ မေးရ ဖြေကြရ၍၊ နိုးလာသော ကျောင်းသား မတ်တတ်ရပ်ပြီး I am sorry, Sir ဟု တောင်းပန်လိုက်ရာ ပြုံးနေသော ကထိက လည်းအသံထွက်ရယ် တတန်းလုံး လည်းရယ်ကြ၏။ အတန်းပြီးသွားတော့လည်း ထိုကျောင်းသားအား ဘာ့ကြောင့်များ ဒီလောက်တောင် အိပ်ရေးပျက်ရတာလဲ -စသဖြင့် ရင်းနှီးစွာဆရာက မေးမြန်ပြောဆိုသည်။

ရှိခဲ့ဖူးသည့် ငါတို့တက္ကသိုလ်၏ရနံ့နှင့်ငါတို့ဘဝ။

(၇)
ယနေ့ခေတ်လူငယ်များ သိချင်ကြ၍ ပြောပြချင်ပါ၏။ ဖတ်ချင်ကြ၍ ရေးချင်ပါ၏။ ဖြစ်နိုင်ပါက လုံးချင်းအတွဲလိုက်--အတွဲ လိုက် အပြည့်အစုံ အထူကြီး။ စာရေးဆရာ မောင်အောင်မွန် ရယ်လို့ဖြစ်လာစေသည့် တက္ကသိုလ်စာစောင်များအနက် ဤမဂ္ဂဇင်း သည်ပင်လျှင် ၆၇ နှစ်ရှိပြီ။ သို့သော်လည်း မောင်အောင်မွန်ကမူ ရင်ခုန်ဆဲမို့ တက္ကသိုလ်ရနံ့သင်းသည့် ဝတ္ထုများ ပြန်လည်ရှာဖွေကာ စာဖတ်သူတို့ထံ တင်ဆက်သင့်ဟု တွေးမိကြောင်းပါ။

၂၀၁၉ ခု၊ မတ်လ ဇူလိုင်လ (၂၂) ရက်နေ့။