Breaking News

စံပယ်ဖြူ ● အော်ဇီမှာ ခရီးသွား၊ ဈေးဝယ် လည်ပတ်ခြင်း

စံပယ်ဖြူ ● အော်ဇီမှာ ခရီးသွား၊ ဈေးဝယ် လည်ပတ်ခြင်း
(မိုးမခ) ဇူလိုင် ၈၊ ၂၀၁၉

ကျွန်မရဲ့ ဘဝရထား ဆိုက်ရောက်ရာ သြစတျေးလျနိုင်ငံမှာ နေထိုင်စဉ်၊ သွားလာလည်ပတ်ခဲ့တဲ့ အတွေ့အကြုံတွေကို ပြန်လည်မျှဝေ ရေးသားချင်ပါတယ်။ ခရီးသွား ဝါသနာပါသူ၊ ဝန်ဆောင်မှုကို သုံးစွဲသူ ဖောက်သယ်တစ်ဦးရဲ့ အတွ့အကြုံရှု ထောင့်ကနေ ရေးသားထားပါတယ်။ မြန်မာပြည် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းနဲ့၊ အခြားဝန်ဆောင်မှုတွေ တိုးတက်လာ စေသော ရည်ရွယ်ချက်နဲ့ ရေးပါတယ်။

သြစတျေးလျ တက္ကသိုလ်တခုခုမှာ ပညာသင်ကြားခွင့်ရဖို့ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ကျွန်မမက်ခဲ့တဲ့ အိပ် မက်ပါ။ မလေးရှားမှာ ဆယ်နှစ်နီးပါနေခဲ့ပြီး၊ မပြန်ခင် သြစတေးလျ ပညာသင်ဆုရဖို့ ကျွန်မ အသည်းအသန် ကြိုးစားခဲ့ပါတယ်။ ကံကောင်းထောက်မစွာ နယူးဆော့ဝေးပြည်နယ်၊ နယူးကာဆယ် တက္ကသိုလ်ကပေးတဲ့ သုတေသန ပညာသင်ဆုကို ရခဲ့လို့ အခု ကျွန်မ သူနာပြု ပါရဂူတန်းကို တက်နေပါတယ်။ မလေးရှားနိုင်ငံ၊ မလာယာတက္ကသိုလ်မှာ ဘွဲ့လွန်တက်တုန်းက သုတေသနစာတမ်းကို သေချာလုပ်ခဲ့တဲ့ အကျိုးကျေးဇူးကြောင့်လည်း ပါပါတယ်။ ပညာသင်ဆုက ရခဲလှတဲ့ အခွင့်အရေးမို့ ကျွန်မ အလွန်ကို တန်ဖိုးထားပါတယ်။ ပညာသင်စဉ်ကာလအတွင်း အတွေ့အကြုံ ဗဟုသုတတွေ ရနိုင်သမျှ ရအောင် ကြိုးစားလေ့လာပါတယ်။

အော်ဇီကို ရောက်စက အကောင်းမြင်စိတ် ဓာတ်ခံနဲ့ကြည်တော့ အရာရာတိုင်းကို အကောင်းချည်း မြင်ခဲ့ပါတယ်။ အနေကြာ လာတော့ စိတ်ဘဝင်မကျစရာ တွေ့ကြုံရတာ ရှိလာပါတယ်။ မည်သို့ဆိုစေ သူ့တိုင်းပြည်မှာ သင်ယူလေ့လာစရာ၊ အတုယူ စရာတွေ အများကြီးရှိနေတယ်ဆိုတာ ငြင်းလို့မရတဲ့အချက်ပါ။ သြစတေးလျနိုင်ငံသားအများစု ဖော်ရွေပျူငှာစွာ ဆက်ဆံ တတ်ပြီး၊ ရိုင်းပင်းကူညီတတ်ကြပါတယ်။ သက်ကြီးရွယ်အိုတွေကို ရိုသေလေးစားကြသလို၊ ကလေးသူငယ်နဲ့ ကျောင်းသား လူငယ်တွေကို တန်ဖိုးထား လေးစားကြပါတယ်။ ချွင်းချက်လေးများတော့ ရှိပါတယ်။

အော်ဇီမှာ နေစရိတ် စားစရိတ် ဈေးကြီးတာမို့ ကျောင်းသားအများစု ချွေတာရေး စနစ်နဲ့ နေကြပါတယ်။ ပညာသင်ဆုမရတဲ့ ကျောင်းသားတချို့ အချိန်ပိုင်း အလုပ်လုပ်ကြပါတယ်။ ကျွန်မကတော့ နှစ်ပတ်တခါ ဘဏ်စာရင်းထဲအဆင်သင့်ရောက်နေတဲ့ စတိုင်ပင်က သုံးလို့လောက်နေတော့ အလုပ်မလုပ်ဖြစ်သေးဘူး။ ရတဲ့စတိုင်ပင်ကို အပိုစုချင်လို့၊ အချက်အပြုတ် ဝါသနာမပါ ပေမဲ့ ချက်စားပါတယ်။ အနောက်တိုင်းစာတွေ မကြိုက်တာကြောင့်လည်း ပါပါတယ်။

လမ်းစရိတ် အကုန်သက်သာအောင် ကျောင်းနဲ့နီးတဲ့ နေရာမှာနေတယ်။ လေ့ကျင့်ခန်းဖြစ်အောင် ကျောင်းကို လမ်းလျှောက် သွားပါတယ်။ တချို့ ကျောင်းသားတွေ ကားမောင်းကြတယ်။ တချို့က စက်ဘီးနဲ့ ကျောင်းသွားကြပါတယ်။

စနေ တနင်္ဂနွေ ဈေးဝယ်ထွက်တဲ့အခါ၊ မြို့ထဲလည်တဲ့ အခါ ဘတ်စ်ကား စီးပြီးသွားပါတယ်။ ပိတ်ရက်တွေမှာ ရုံးဖွင့်ရက် တွေထက် ဘတ်စ်ကားထွက်တာ ပိုကျဲပါတယ်။ ဘယ်မှတ်တိုင်ကနေ ဘယ်ကား ဘယ်အချိန်ထွက်မယ် ဆိုတာ သေချာသတ် မှတ်ထားတော့ များသောအားဖြင့် အဆင်ပြေပါတယ်။ အချိန်နောက်ကျတာမျိုးလည်း ရှိတတ်ပါတယ်။ ကားထွက်ရမဲ့ အချိန်ရောက်ရင် ခရီးသည် တယောက်မှ မရှိလည်းထွက်ပါတယ်။ တခါတလေ ခရီးစဉ် အစအဆုံး တယောက်ထဲ ဖြစ်နေ တတ်ပါတယ်။ အများပြည်သူ သွားလာရ အဆင်ပြေအောင် စီစဉ်ပေးရတာမို့ ကားခလည်း ဈေးကြီးပါတယ်။ ကျွန်မနေတဲ့ နယူးကာဆယ်မြို့ကနေ ဆစ်ဒနီကိုသွားရင် ရထား ၂.၃၀ - ၃ နာရီ စီးရပါတယ်။ ဆစ်ဒနီမှာက အစားအသောက် ပိုစုံပါတယ်။ မြန်မာတွေလည်း အများကြီးရှိပါတယ်။ နယူးကာဆယ်မှာ မြန်မာ သိပ်အများကြီး မရှိဘူး။  ဆစ်ဒနီလို လူဦးရေ မများတော့ နေရတာ အေးအေးဆေးဆေး ရှိပါတယ်။ ပစိဖိတ် သမုဒ္ဒရာ ကမ်းစပ်နားက မြို့ဖြစ်လို့ ကမ်းခြေက အရမ်းသာယာပါတယ်။

အသုံးအဆောင် ပစ္စည်းနဲ့ အဝတ်အစား ဝယ်ရင် ဈေးကြီးတာရှိသလို၊ ပေါချောင်ကောင်း တွေလည်းရှိပါတယ်။ အထူးသဖြင့် တရုတ်ပြည်က ဝင်တဲ့ပစ္စည်းတွေ ဈေးသက်သာပါတယ်။ ကျွန်မ အပါအဝင် ကျောင်းသားအများစုက ပေါချောင်ကောင်း သို့မဟုတ် လျှော့ဈေးနဲ့ ရောင်းတာကို ရှာဝယ်ကြပါတယ်။ ကျောင်းတက်တဲ့အခါ အဝတ် အကောင်းစား ဝတ်စရာမလိုဘူး။ အဆင်ပြေသလို ပေါ့ပေါ့ပါးပါး ဝတ်လို့ရတယ်။ ဝါသနာပါလို့ စတိုင်ကျကျ ဝတ်လည်းရတယ်၊ အိမ်နေရင်း အဝတ်အစားနဲ့ ကျောင်းသွားလည်း ဖြစ်ပါတယ်။ ကိုယ်ဝတ်တာ ဘာတံဆိပ်လဲဆိုတာ ဘယ်သူမှ စိတ်မဝင်စားပါဘူး။ ခပ်ရိုးရိုး နေချင်တဲ့ ကျွန်မအတွက်တော့ တော်တော် အဆင်ပြေပါတယ်။

ပစ္စည်းတခုဝယ်ပြီး မလိုချင်တော့ရင် ဖြစ်ဖြစ်၊ မကြိုက်တော့လို့ပဲဖြစ်ဖြစ် ဆိုင်ကို ပြန်သွင်းလို့ ရပါတယ်။ ဝယ်ထားတဲ့ ဘောင် ချာပြပြီး၊ ပစ္စည်းကို အကောင်းပကတိအတိုင်း ပြန်ပေးဖို့တော့ လိုပါတယ်။ တချို့အရောင်းဆိုင်တွေမှာ နောက်မှပေး (Afterpay) စနစ်နဲ့ ရောင်းပေးပါတယ်။ ပစ္စည်းတန်ဖိုးရဲ့ ၂၅% ကို နှစ်ပတ်ခြားပြီး၊ လေးကြိမ်ခွဲပေးရတဲ့ စနစ်ဖြစ်ပါတယ်။ ဥပမာ- ဒေါ်လာ တရာတန် ပစ္စည်းဝယ်ရင်၊ ၂၅ ဒေါ်လာကို နှစ်ပတ်ခြား လေးခါခွဲ ပေးရတာမျိုးပါ။ အတိုး မပေးရပါဘူး။ ဈေးကြီးတဲ့ပစ္စည်းဝယ်ရင် နောက်မှပေးစနစ်က တော်တော်အဆင်ပြေပါတယ်။ နောက်မှပေး စနစ်သုံးချင်ရင်၊ ကိုယ်ရေး ရာဇဝင်နဲ့ ဘဏ်အကောင့်တွေဖြည့်ပြီး မှတ်ပုံတင်ရပါတယ်။ အကြွေးပေးရမဲ့ ရက်ရောက်ရင် ကိုယ့်ဘဏ်အကောင့်ကနေ ပိုက်ဆံဖြတ်သွားပါတယ်။ အင်တာနက်ကနေ ဈေးဝယ်ရင်လည်း လုံခြုံစိတ်ချရပါတယ်။ ဘဏ်စနစ်က လုံခြုံမှုရှိပြီး၊ ပစ္စည်း ချောပို့စနစ်က အချိန်မှန်တော့ အဆင်ပြေပါတယ်။ ဈေးဝယ်သူဖောက်သယ်အပေါ် တန်ဖိုးထား စေတနာထားတဲ့ ဝန်ဆောင်မှု မျိုး မြန်မာပြည်မှာ ရှိစေချင်ပါတယ်။

လည်ပတ်စရာနေရာတွေပေါတဲ့ အော်ဇီမှာ ခရီးသွားလုပ်ငန်းဝန်ဆောင်မှုက ခရီးသွားဧည့်သည်တွေ အဆင်ပြေအောင် စီစဉ်ထားတာတွေ သိပ်ကောင်းပါတယ်။ ရေလမ်းကြောင်းဆို အပျော်စီး သင်္ဘော၊ စက်လှေ၊ ဖယ်ရီ စသဖြင့် ရှိပါတယ်။ ကုန်းလမ်းဆို ဘတ်စ်တိုးတွေ အပြင်၊ hop-on, hop-off ဘတ်စ် တွေရှိပါတယ်။ မြန်မာစကားနဲ့ ဘယ်လိုခေါ်မလဲ မသိပါ။ ဆစ်ဒနီမြို့က အထင်ကရ နေရာအနှံ့သွားမယ်ဆို၊ ၂၄ နာရီ သို့မဟုတ် ၄၈ နာရီအတွက် လက်မှတ်ဝယ်ထားပြီး လည်လို့ ရပါတယ်။ ပေးထားတဲ့ အချိန်ဇယားကို ကြည့်ပြီး ဘတ်စ်ရပ်တဲ့ နေရာကနေ စောင့်စီးလို့ရပါတယ်။ ဥပမာ- ဘူတာကြီးကနေ စောင့်စီးပြီး၊ မြို့တော်ခန်းမမှာဆင်း၊ ကြည့်ချင်တာတွေ လျှောက်ကြည့်ပြီးလို့ နောက်တနေရာကို သွားချင်ရင် ကားလာ တဲ့အချိန် ပြန်စောင့်စီး။ အဲဒီလို  သွားချင်တဲ့ အထင်ကရ နေရာတွေကို တနေကုန် လည်လို့ရပါတယ်။ စက်ဘီးစီး ဝါသနာပါ သူတွေအတွက်၊ မြို့တိုင်း နေရာတိုင်းမှာ စက်ဘီးငှားစီးလို့ ရတဲ့နေရာရှိပါ တယ်။ စက်ဘီးငှားရင် ကိုယ့်ရဲ့ ကိုယ်ရေးရာဇဝင် မှတ်တမ်း ဖြည့်၊ မှတ်ပုံတင်ပြီး၊ ဇပေါ်ငွေ ဒေါ်လာ ၅၀ ပေးရပါတယ်။ စက်ဘီးကို ပြန်အပ်ရင် အကောင်းတိုင်း ဟုတ်မဟုတ် စစ်ဆေးပြီးမှ စပေါ်ငွေ ပြန်ပေးပါတယ်။

မြန်မာပြည်က လည်ပတ်စရာ များတဲ့ မြို့တွေမှာ hop-on, hop off ဘတ်စ်တွေ၊ စက်ဘီးငှားလို့ ရတဲ့ ဝန်ဆောင်မှုတွေ ထားပေးနိုင်ရင် ခရီးသွား ဧည့်သည်တွေအတွက် ငွေအကုန်အကျ သက်သာစေပါတယ်။ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းဝ၊ မေမြို့၊ တောင်ကြီး၊ ဘားအံ စတဲ့မြို့တွေမှာ လည်စရာ နေရာတွေ သိပ်ပေါပါတယ်။ ကျွန်မ မရောက်ဖူးသေးတဲ့ ရခိုင်၊ တနင်္သာရီ၊ ချင်းတောင်နဲ့ ကချင်ပြည်နယ်မှာလည်း လည်လို့ကောင်းတဲ့ နေရာတွေလည်း အများကြီး ရှိပါတယ်။ အခု နောက်ပိုင်း မြန်မာပြည်က လူငယ်တွေ ခရီးသွား ဝါသနာပါကြတယ်၊ ချွေတာရေး စနစ်နဲ့ သွားနေကြတာပါ။ တခြားနိုင်ငံက လူငယ်တွေဆိုလည်း၊ လူလတ်ပိုင်းတွေလောက် ဝင်ငွေမများကြသေးတော့ ခရီးသွားရင် ချွေတာရေး စနစ်နဲ့ သွားကြပါတယ်။ သူတို့သွားရင် ကုန်ကျစရိတ် သက်သာတဲ့ ထိုင်းနိုင်ငံကို အများဆုံးသွား ကြပါတယ်။

မြန်မာပြည်မှာ ခရီးသွားလုပ်ငန်းနဲ့ ဆက်နွယ်နေတဲ့ လုပ်ငန်းရှင်တွေ၊ မန်နေဂျာ ဒါရိုင်တာ အဆင့်ရှိသူတွေ အော်ဇီက မဲလ်ဘုန်းလို ဘရစ်စဘိန်းလို မြို့တွေကို အလည်အပတ်ခရီး ထွက်ပြီး လေ့လာသင့်ပါတယ်။ သူ့တိုင်းပြည်မှာ ခရီးသွားလုပ် ငန်းကို အခြေခိုင်အောင် စနစ်တကျ တည်ဆောက်ထားတာတွေကို အတုယူနိုင်တယ်။ ကိုယ်တိုင် ခရီးသည်အဖြစ် သွားတဲ့ အခါမှာ၊ ခရီးသည်တွေရဲ့ လိုအပ်ချက်နဲ့ ဝန်ဆောင်မှုအပေါ် မျှော်လင့်ထားချက်တွေကို ကိုယ်တိုင်ကိုယ်ကျ နားလည်သဘော ပေါက် လာပါလိမ့်မယ်။ သူ့တိုင်းပြည်ကအတိုင်း အားလုံးလိုက်လုပ်ဖို့ မဖြစ်နိုင်ပေမဲ့၊ တချို့ဝန်ဆောင်မှုတွေကို ပိုကောင်း အောင် လုပ်ပေးဖို့ ဖြစ်နိုင်ပါတယ်။

မြန်မာ့ပြည်မှာ ခရီးသွားလုပ်ငန်း တိုးတက်ဖို့ဆိုရင်၊ ခရီးသည်တွေ အဆင်ပြေ သက်သာရေးကို ထည့်သွင်းစဉ်းစားပြီး ဝန် ဆောင်ပေးမှ ဖြစ်နိုင်ပါလိမ့်မယ်။ ခရီးသည်တွေရဲ့ အသက်ဘေး အန္တရာယ် လုံခြုံရေးအတွက်၊ တရားဥပဒေ စိုးမိုးဖို့ လိုတယ်။ မတော်တဆ ထိခိုက်ဒဏ်ရာ ရတာတွေ မဖြစ်အောင်၊ ယဉ်စည်းကမ်း လမ်းစည်းကမ်းကို လိုက်နာကြဖို့ လိုပါတယ်။ သာ ယာလှပတဲ့ ရှုခင်းတွေ အမှိုက်တွေကြောင့် အကျဉ်းတန်နေတာ မဖြစ်အောင်၊ စည်းကမ်းတကျ အမှိုက်ပြစ်ရေးကို ထိထိ ရောက်ရောက် ပညာပေး အရေးယူတာတွေ လုပ်ဖို့လိုပါတယ်။ ဒါ့အပြင် ပစ္စည်းရောင်းတဲ့အခါ၊ ဝန်ဆောင်မှုပေးတဲ့အခါ နိုင်ငံခြားသားမို့ ဈေးပိုယူတာမျိုးတွေ မလုပ်သင့်ဘူး။ ခရီးသည်တွေ စိတ်အနှောင့်အယှက်ဖြစ်အောင် အတင်းဈေးရောင်းတာ တွေကိုလည်း ကြပ်မတ်သင့်ပါတယ်။ ခရီးသွားတဲ့ လူတွေအားလုံးက ပိုက်ဆံတွေ သိပ်ပေါလို့ သွားနေကြတာ မဟုတ်ပါဘူး။ ခရီးသည်အများစုက စိတ်အပန်းဖြေရင်း၊ ဒေသန္ဒရ ဗဟုသုတရအောင် သွားလာလည်ပတ်ကြတာပါ။ ခရီးသွားရင်း သူတို့ အသုံးလို့တဲ့ ပစ္စည်း၊ ကြိုက်တဲ့ ပစ္စည်းတွေ့ရင် ဝယ်ပါလိမ့်မယ်။ မလိုအပ်ဘဲနဲ့တော့ ငွေအပို သုံးကြမှာမဟုတ်ဘူး။

မနှစ်တုန်းက မြန်မာပြည်ကို အလည်ပြန်ရင်း ပြည်၊ရွှေတောင်၊ မုံရွာ၊ ဘားအံနဲ့ ကျိုက်ထိုကို အလည်ရောက်ဖြစ်ပါတယ်။ ဟိုအရင်ကထက်စာရင် ခရီးသွားရတာ ပိုပြီးအဆင်ပြေလာတာကို တွေ့ရပါတယ်။ လမ်းမှာ စားသောက်ဆိုင်တွေ အရင်က ထက် သန့်ရှင်း သပ်ရပ်မှု ရှိလာတယ်။ အများသုံး အိမ်သာတွေလည်း အရမ်းကြီး မညစ်ပတ်တော့ဘူး။ ကားပေါ်မှာ ရေသန့် ဘူးနဲ့ စားစရာ ဝေပေးတာမျိုး ရှိလာတာ ကောင်းပါတယ်။ ဒါပေမဲ့ ပေါကားတွေ တလမ်းလုံးဖွင့်တာတော့ အလွန် စိတ်ပျက် စရာ ကောင်းပါတယ်။ မကြားဝံ့ မနာသာ စကားလုံးကြမ်းတွေနဲ့ ရန်ဖြစ်တဲ့ အခန်းတွေ၊ ညစ်ညမ်းတဲ့ ရယ်စရာ ဟာသတွေကို မကြည့်ချင်လို့ မျက်စိမှတ်ထားလည်း ကြားနေရပါတယ်။ အနှစ်သာရ မရှိတဲ့ ပေါကားတွေအစား၊ သီချင်းခွေတွေ ဖွင့်ပေးရင် ပိုကောင်းပါတယ်။ အဆင့်မြင့် ယဉ်ကိုစီးရင်တော့ နားအေးပါးအေး စီးလိုက်လို့ ရပါတယ်။ ခရီးသည် ပို့ဆောင်ရေး လုပ်နေကြ သူတွေအားလုံး ခရီးသည်များရဲ့ လိုအပ်ချက်နဲ့ စိတ်ချမ်းသာရေးကို အလေးထား ဆောင်ရွက်ပေးရင် ကိုယ်တိုင်လည်း စိတ်ချမ်းသာရမှာပါ။

မြန်မာပြည် အပါအဝင် နိုင်ငံတိုင်းမှာ ယဉ်ကျေးမှု အမွှေအနှစ်တွေ၊ သဘာဝက ပေးထားတဲ့ အလှအပ ရှုခင်းတွေ ရှိပါတယ်။ ဉာဏ်ရှိတဲ့လူတွေက သူတို့နိုင်ငံကို ဧည့်သည်လာအောင်၊ နည်းလမ်းကောင်းတွေနဲ့ ဆွဲဆောင်ကြပါတယ်။ အိမ်သာမှ ဧည့် လာမယ်ဆိုတဲ့အတိုင်း လုံခြုံမှုရှိပြီး၊ ဝန်ဆောင်မှု ကောင်းကောင်းပေးနိုင်တဲ့ တိုင်းပြည်ကို ဦးစားပေး လည်ပတ်ကြမှာပါ။ အတ္တကို ရှေ့တန်းမတင်ဘဲ နိုင်ငံကို တည်ငြိမ်အေးချမ်းအောင်၊ နိုင်ငံရဲ့ ပုံရိပ်ကောင်းအောင် အားလုံးပါဝင် ဆောင်ရွက်ကြမှ ခရီးသွားလုပ်ငန်းနှင်အတူ အခြားစီးပွါးရေးလုပ်ငန်းတွေ တိုးတက်အောင်မြင် မှာဖြစ်ပါတယ်။ ကိုယ်လည်းဝမ်းသာ သူလည်း ရွှင်ပြ၊ ကိုယ့်အတွက်ရော အများအတွက်ပါ အကျိုးဖြစ်စေတဲ့ ဝန်ဆောင်မှုမျိုးကို တန်ဖိုးထား တတ်ကြပါစေလို့ ဆန္ဒပြုပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
စံပယ်ဖြူ