Breaking News

ဇင်လင်း ● ငြိမ်းချမ်းရေးမရလျှင် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုနှင့် နီးလျှက်ဝေးနေရဦးမည်

ဇင်လင်း ● ငြိမ်းချမ်းရေးမရလျှင် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုနှင့် နီးလျှက်ဝေးနေရဦးမည်
(မိုးမခ) ဇူလိုင် ၈၊ ၂၀၁၉

မြန်မာ့ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စစဉ်သည် အချိန်ကြာလာလေ အဖြေထုတ်ရ ခက်လာလေ ဖြစ်နေသည်။ ငြိမ်းချမ်းရေး ရရှိ မှသာ နိုင်ငံ၏ စီးပွားရေး လူမှုရေး စိုက်ပျိုးရေးစသည်တို့အပါအဝင် သိပ္ပံနှင့် နည်းပညာများပါ ဘက်စုံ တိုးတက်ဖွံ့ဖြိုးလာ မည်ဟု တိုင်းရင်းသားပြည်သူအများစုက ယုံကြည်လျှက်ရှိသည်။ အခြားတဖက်တွင် စစ်ပွဲများရှိမှ မိမိတို့ အကျိုးစီးပွားဖြစ် ထွန်းမည်ဟု ကိုယ်ကျိုးရှေ့တန်းတင် စစဉ်းစားနေကြသူများလည်း ရှိနေသည်။ တနည်းအားဖြင့် စစ်ပွဲများကို အကြောင်းပြု၍ စီးပွားဖြစ်နေသူများလည်း ရှိနေသည်။ ထို့ကြောင့် ငြိမ်းချမ်းရေး ရလုရခင် အခွင့်အလမ်းပေါ်လာတိုင်း အဖျက်အမှောင့် တမျိုးမဟုတ် တမျိုးပေါ်လာလေ့ရှိပြီး အခွင့်အရေးကို လက်လွတ်ခဲ့ရသည့် အကြိမ်များ မနည်းတော့ဟု ဆိုချင်သည်။

နိုင်ငံရေးပြဿနာများကို အဖြေရှာရာတွင် လက်တွေ့မြေပြင်အခြေအနေ အပေါ်မူတည်၍ ပြည်သူအများ အကျိုးအတွက် ဖြစ်နိုင်ခြေအရှိဆုံး အကျိုးအရှိဆုံးလမ်းကြောင်းကို ရွေးချယ်ရမည် ဖြစ်သည်။ နိုင်ငံရေးမူဝါဒ ပြုပြင်ပြောင်းလဲမှု လုပ်ရုံမျှဖြင့် လည်း ပြဿနာများကို ဖြေရှင်းနိုင်မည် မဟုတ်သည်ကိုလည်း သတိပြုသင့်၏။ ဒီမိုကရေစီ နိုင်ငံရေးမူဝါဒလမ်းစစဉ်ကို ချမှတ် သည်ဆိုပါက ဒီမိုကရေစီကျင့်စစဉ်နှင့် ဆီလျော်ညီညွတ်သည့် စိတ်ဓါတ်ပြုပြင်ပြောင်းလဲရေး လုပ်ကြဖို့လည်း လိုသည်။ ဆိုလို သည်မှာ ငါနှင့် ငါသာ နှိုင်းစရာ ဆိုသော စိတ်မျိုး မထားကြဘဲ၊ ဒီမိုကရေစီကို လက်ခံလျှင် လူလူချင်း အသွေးအရောင်၊ အရည်အချင်း၊ အတွေးအမြင်စသည်တို့အပေါ်အခြေခံ၍ ခွဲခြားဆက်ဆံမှု မပြုဖို့လိုသည်။ တနည်းဆိုရလျှင် လူလူချင်း အပြန်အလှန် လေးစားရန်ဖြစ်သည်။ ထို့ပြင် အများစု၏ သဘောထားကို အနည်းစုက လက်ခံနိုင်ရမည်။ အများစုကလည်း အနည်းစု၏ သဘောဆန္ဒကို လေးစားရမည်။ အသိအမှတ်ပြုရမည်။ အင်အားကြီးသူက အင်အားနည်းသူကို ဖိနှိပ်ကာ မိမိတို့ အကျိုးကို ပဓါနပြု၍ ဆုံးဖြတ်ချက်များ မချကြဖို့လိုသည်။

ယနေ့ မြန်မာ့ငြိမ်းချမ်းရေး ပြဿနာ အဖြေရှာရာတွင် NCA လမ်းစဉ်အတိုင်း သွားလိုသူများ နှင့် ထိုလမ်းစစဉ်ကို ပြန်လည် သုံးသပ်ညှိနှိုင်းပြီးမှ လမ်းကြောင်းအသစ် ရှာလိုသူတို့အကြား အားပြိုင်နေသည်ကို မြင်နေရသည်။ မိမိတို့ သဘောဆန္ဒနှင့် မတိုက်ဆိုင်သဖြင့် NCA လမ်း ကြောင်းကို စွန့်ပစ်ရန် သင့်၊ မသင့်ကို လူနည်းစု အမြင်ဖြင့် ဆုံးဖြတ်ခြင်းထက်  အောက်ခြေ လူထု အမြင်နှင့် ညှိနှိုင်းဆုံးဖြတ်ခြင်းက ပို၍ သင့်လျော်မည်ဟု ယူဆသည်။ အရေးကြီးကိစ္စရပ်များကို ဆုံးဖြတ်ရန် အကျဉ်း အကြပ်တွေ့နေပါက အများစု၏ သဘောဆန္ဒနှင့် ညှိသင့်သည်။ ဥပမာအားဖြင့် လက်နက်ကိုင်လမ်းစဉ်ဖြင့် ရှေ့ဆက်ခြင်း သည် အကျိုးရှိ/မရှိ ချင်ချိန်ကြည့်ရန် လိုပေသည်။ ဒီမိုကရေစီစနစ်အရ ပြည်သူလူထု အများစု၏ ထောက်ခံမှု မရရှိလျှင် ထိုလမ်းစစဉ်ကို ဖက်တွယ်ထားရန် မကြိုးပမ်းသင့်ပေ။ ယနေ့ခေတ်တွင် လက်နက်အင်အားဖြင့် ငြိမ်းချမ်းရေး ရယူရေးဆို သည်မှာ လေထဲ၌ တိုက်အိမ်ဆောက်ခြင်းသာဖြစ်သည်။

NCA သည် ငြိမ်းချမ်းရေးခရီးအစ  နိုင်ငံရေး ဆွေးနွေးပွဲတံခါးကို ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်ဟု  ဒေါ်အောင်ဆန်းစုကြည် က  ဆိုဖူးသည်။ ခရီးလမ်းဆုံး မဟုတ်ဘဲ၊ NCA သည် ငြိမ်းချမ်းရေးခရီး အစသာဖြစ်ကြောင်း ဆိုလိုသည်။ NCA စာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး လက်မှတ်ရေးထိုးပြီးမှသာလျှင် တနိုင်ငံလုံး ငြိမ်းချမ်းရေးကိစ္စ စတင်ဆွေးနွေး နိုင်မည့် သဘောဖြစ်သည်။ သို့သော် တာဝန်ရှိသည့် အစိုးရနှင့် တပ်မတော်တို့က ပွင့်လင်းမြင်သာစွာ တာဝန်ခံမှုရှိရန် အမှန် လိုအပ် ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် နောက်ဆုံးအခြေအနေအထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော် တို့အကြား အပြန်အလှန်ယုံကြည်မှု မရရှိသေးသောကြောင့် ဖြစ်သည်။

ဤနေရာတွင် အလျှစဉ်းသင့်သဖြင့် မေလပထမပတ်က ကျင်းပပြီးစီးခဲ့သည့် မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီအစည်းအဝေး တွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် တာဝန်တိုးမြှင့်ခံရပြီး၊ ဗဟိုနိုင်ငံရေးဌာန တာဝန်ခံဖြစ်လာသူ “နိုင်အောင် မငေး” အား မွန်သတင်းအေဂျင်စီ အယ်ဒီတာ ဗညားအောင် ဆက်သွယ်မေးမြန်းခဲ့စစဉ် NCA စာချုပ်ကိစ္စ ၎င်း၏ အမြင်ကို ဖေါ်ပြလိုသည်။

“ကျနော်တို့က NCA လက်မှတ်ရေးထိုးပြီးတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် NCA လမ်းကြောင်းပေါ်ကနေ ဆက်လျှောက် သွားမယ်။ NCA အကောင်အထည်ဖော်မှုမှာ ကျနော်တို့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ နားလည်လက်ခံ ထားသလို အစိုးရနဲ့ တပ်မတော်ဘက်ကလည်း ထပ်တူနားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။ အစိုးရနဲ့ တပ်မတော် နားလည်ထားသလို ကျနော်တို့ဘက်က နားမလည် လက်မခံ၊ ကျနော်တို့ဘက်က နားလည်လက်ခံထားတာကို အစိုးရနဲ့ တပ်မတော်ဘက်က နားမလည် လက်မခံနိုင်။ တဖက်နဲ့ တဖက် NCA အပေါ် နားလည်လက်ခံမှု မတူညီကြရင်တော့ ငြိမ်းချမ်းရေး ရှေ့အနာဂတ်ခရီး ဆက်လက်လျှောက်လှမ်းသွားဖို့က လွယ်ကူမှာတော့ မဟုတ်ပါဘူး။ ဘက်နှစ်ဖက်စလုံးက နားလည်လက်ခံမှု တူညီကြမှသာ ငြိမ်းချမ်းရေးလုပ်ငန်းစစဉ်တွေကို ဆက်လက်အကောင်အထည်ဖော်လို့ ရမှာပါ။” ဟု နိုင်အောင်မငေး က ပြောကြားခဲ့သည်။

နိုင်ငံရေးဆွေးနွေးမှု လုပ်ငန်းစဉ်နှင့်ပတ်သက်၍ NCA လမ်းကြောင်းအတိုင်း သွားမည်၊ သို့မဟုတ် NCA မူကို ပြန်လည် သုံးသပ်ပြုပြင်ပြီးမှ ဆက်သွားသင့် မသွားသင့် ဆုံးဖြတ်မည်ဆိုသည့် မတူသော သဘောထားများ တိုင်းရင်းသားအဖွဲ့များ အကြား ရှိနေသည်။ လက်ရှိ မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ရပ်စဲရေးနှင့် ပြည်တွင်ငြိမ်းချမ်းရေးအခြေအနေသည် တိုင်းရင်း သား လက်နက်ကိုင် အင်အားစုအားလုံး “တနိုင်ငံ လုံးအပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ် (NCA)” ကို လက်ခံ၍ ၂၁ ရာစုပင်လုံ နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးလာရေးအပေါ် များစွာတည်နေသည်။ နှစ်ပေါင်း ၇၀ ကြာ ပြည်တွင်း စစ်ရပ်စဲရေးသည် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုအားလုံး“NCA သဘောတူစာချုပ်” ကိုလက်ခံကာ ၂၁ ရာစု ပင်လုံ နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးကြမှသာ အများသဘောဆန္ဒနှင့် ညီညွတ်သော ဖက်ဒရယ်အခြေခံမူများ ပေါ်လာနိုင်မည် ဖြစ်သည်။

ဤအတောအတွင်း တရားဝင် အစည်းအဝေး ပြန်လည်စတင်၍ ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ရန် အဓိကဆွေးနွေးဖက်များကို ‘ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ’ (UPDJC) ‘နိုင်ငံရေးပါတီ များ အစုအဖွဲ့’ က ဇွန်လ ၁၇ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားသည်။  လက်ရှိတွင် ငြိမ်းချမ်းရေး ဖြစ်စဉ် တန့်ရပ်နေပြီး၊ ၂၁ ရာစုပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဆက်လက် ကျင်းပနိုင်ခြင်း မရှိသဖြင့် ငြိမ်းချမ်းရေးကို မျှော်လင့်တောင့်တနေသည့် ပြည်သူများအနေဖြင့် အားမလို အားမရ ဖြစ်ကာ၊  စိုးရိမ်စိတ်များ ဖြစ်ပေါ်နေကြောင်း ဇွန်လ ၁၇ ကြေညာချက်၌ ဖော်ပြထားသည်ဟု ၇ ရက်နေ့စစဉ်သတင်းအရသိရသည်။

ထိုသို့ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေကြစစဉ် တပ်မတော်နှင့် TNLA တို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသအချို့တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားသည်ဟု သိရသည်။ ဇွန်လ ၂၅ ရက်နေ့က ကျောက်မဲ - မိုးကုတ်လမ်းပေါ်ရှိ မိုင်းလုံရွာတွင် တပ်မတော်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု RFA သတင်းအရ သိရသည်။ ဇွန်လ ကျောင်းဖွင့်ချိန် ဖြစ်သောကြောင့် တိုက်ပွဲများ မဖြစ်စေချင်ကြောင်း ဒေသခံအရပ်သားများက ပြောသည်ဟု သတင်းက ဆိုသည်။ တပ်မတော်နှင့် တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA) သည် ဇွန်လ ၁၆ ရက်က ကွတ်ခိုင်မြို့နယ် မရူဖတ်ကာနှင့် နောင်ဟွေရွာအနီး တိုက်ပွဲဖြစ်ပွား ခဲ့ရာ ဒေသခံအရပ်သား ၂၄၀ ခန့် မော်ဟန်ရွာ ကချင်နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်း၌ ၁၀ ရက်ခန့် တိမ်းရှောင်ခဲ့ရသည် ဟု မော်ဟန်ရွာ ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းမှ ဓမ္မဆရာဆိုင်းအောင်က ဇွန်လ ၂၅ ရက်တွင် ပြောသည်။ ဇွန်လ ၂၁ ရက်ကလည်း ကွတ်ခိုင်မြို့နှင့် မိုင် ၂၀ ခန့် ဝေးသော ဇွပ်အောင်ကျေးရွာအနီးတွင် တပ်မတော်နှင့် TNLA တို့ တိုက်ပွဲ ဖြစ်ပွားသဖြင့် ကျောင်းသား ၁၀၀ ကျော် စာသင်ကြားနေသည့် မူလတန်းကျောင်းကို ပိတ်၍ ကျောင်းသားနှင့် ဆရာမများ စစ် ဘေးရှောင်ခဲ့ရသည်ဟု သိရသည်။

အခြားတဖက်တွင် ရခိုင်စစ်ရေးပဋိပက္ခများနှင့် ပတ်သက်၍ အစိုးရတပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲ များ အမြန်ရပ်စဲရန် နိုင်ငံတော်သမ္မတ ကိုယ်တိုင် တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းပေးစေလိုကြောင်း အဖွဲ့အစည်း ၁၂၃ ဖွဲ့က ဇွန်လ ၂၇ ရက်နေ့က အိတ်ဖွင့်ပေးစာတစောင် ပေးပို့တောင်းဆိုခဲ့ကြောင်း RFA သတင်းအရ သိရသည်။ နိုင်ငံတော် သမ္မတ ကညွှန်ကြားခဲ့လျှင် တိုက်ပွဲများကို ရပ်တန့်ပေးမည်ဟု တပ်မတော်ဘက်က သတင်းစာရှင်းလင်းပွဲ တခုတွင် ပြောဆိုခဲ့သည့် အတွက် သမ္မတထံ အိတ်ဖွင့်ပေးစာပေးပို့ရခြင်းဖြစ်ကြောင်း စာပေးပို့ရာ၌ပါဝင်သည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ALD မှ ဦးမျိုးကျော်က ပြောသည်ဟု သတင်းတွင်ဖေါ်ပြသည်။

ထို့ပြင် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ထဲရှိ ဆင်သေရွာအနီးတွင် ဇွန်လ ၂၅ ရက်နေ့က တပ်မတော်နှင့် AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ဆင်သေရွာမှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် ၂၀၀၀ ကျော်ရှိကြောင်း၊ စားနပ်ရိက္ခာ နှင့် ကျန်းမာရေးစောင့်ရှောက်မှုအကူအညီလိုအပ်နေကြောင်း၊ စစ်ဘေးရှောင်သူများအတွက် ကယ်ဆယ်ရေးလုပ်ပေးနေ သူတို့က ပြောသည်ဟု RFA သတင်းက ဆိုသည်။

ဇွန်လ ၂၇ ရက်နေ့ညက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ ထောက်ပံ့ကူညီရေးပစ္စည်းများ တင်ဆောင် လာသည့် မော်တော်ယာဉ်ခြောက်စီးသည် ရခိုင်ပြည် နယ် ကျောက်တော်မြို့နယ် ကျောက်ကြပ်ကျေးရွာ အနီးတွင် မိုင်းခွဲ တိုက်ခိုက်ခံရပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခံခဲ့ရသည်ဟု 7Day Daily သတင်းက ဆိုသည်။ ယင်းတိုက်ခိုက်မှုကို ရခိုင် လက်နက်ကိုင်အဖွဲ့ (AA)၏ လက်ချက်ဟု တပ်မတော်နှင့် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ အပြည်ပြည်ဆိုင်ရာ ကြက် ခြေနီကော်မတီ ICRC ၏ ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ ခြင်းနှင့် ပတ်သက်၍ အစိုးရတပ်မတော်နှင့် AA တို့ အပြန်အလှန်စွပ်စွဲနေကြကြောင်း သတင်းများက ဆိုသည်။ မည်သို့ ဆိုစေ ယခုဖြစ်ရပ်ကို ကြည့်လျှင် စစ်ဖြစ်လာသည်နှင့် မလိုလားအပ်သော ကျင့်ဝတ်နှင့်မညီသော တိုက်ခိုက်မှုများ ဖြစ်လာနိုင်သည် ကို တွေ့ရသည်။ ထိခိုက်နစ်နာသူမှာ ပြည်သူများသာ ဖြစ်သည်ကို ဝမ်းနည်းဖွယ် မြင်တွေ့ရသည်။ ယင်းကဲ့သို့သော အနိဋ္ဌာ ရုံဖြစ်ရပ်များ ရပ်တန့်သွားစေရေးအတွက် တပ်မတော်က အပစ်ရပ်ကာလကို နောက်ထပ်တိုးပေးခြင်းအားဖြင့်  ၂၁ ရာစုပင် လုံ စတုတ္ထအကြိမ်ညီလာခံ အမြန်ပေါ်ပေါက်ရေးကို လမ်းခင်းပေးသင့်ပေသည်။

ဇွန်လ ၃၀ရက်က ကျင်းပ သည့် မိုင်းလားလက်နက်ကိုင်အဖွဲ့၏ နှစ် (၃၀) ပြည့်ပွဲ အခမ်းအနားအပြီးတွင် ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးသိန်းဇော်ဦးဆောင် သည့် အစိုးရကိုယ်စားလှယ်အဖွဲ့ နှင့် ကချင်အဖွဲ့(KIO)၊ တအာင်း အဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့(AA)တို့မှ ကိုယ်စားလှယ်များ အလွတ်သဘော တွေ့ဆုံစဉ် ပဏာမအပစ်ရပ်စာချုပ် (မူကြမ်း)များ ပေးအပ်ခဲ့ကြောင်း ၇ ရက်နေ့စဉ်သတင်း၌ ဖေါ်ပြသည်။ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူး ချုပ်ဇော်မင်းထွန်းက ယခုကဲ့သို့ အပစ်ရပ်စာချုပ်မူကြမ်းများ ပေးအပ်နိုင်မှုသည် ငြိမ်းချမ်းရေးအတွက် တိုးတက်မှုဖြစ်ကြောင်း မှတ်ချက်ပြုပြောကြားခဲ့ဟု ဆိုသည်။ အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့သည် ဧပြီ ၃၀ရက်က မူဆယ်မြို့၌ တွေ့ဆုံစဉ် Bilateral အပစ်ရပ်စဲရေး ဆောင်ရွက်ရန် သဘောတူခဲ့သည်။ ထိုဆွေးနွေးပွဲတွင် မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့က အစိုးရထံ အပစ်ရပ်စာချုပ် မူကြမ်းများ ပေးအပ်ခဲ့ရာ နှစ်လအကြာတွင် အစိုးရက ယခုကဲ့သို့ စာ ချုပ်မူကြမ်းများ ပြန်လည်ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ဇူလိုင် ၅ ရက်က နေပြည် တော်၌ ကျင်းပသည့် သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် ရခိုင် ဒေသတိုက်ပွဲများ ရပ်ဆိုင်းနိုင်ရေး အခြေအနေနှင့်ပတ်သက်ပြီး  ရခိုင်လက်နက်ကိုင်အ ဖွဲ့(AA) အနေဖြင့် ငြိမ်းချမ်းရေး စားပွဲဝိုင်းသို့ မလာဘဲ အောက်ခြေ တွင် တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်နေပါက ရခိုင်ဒေသ၌ တိုက်ပွဲများ ရှည်နေမည်ဖြစ် ကြောင်း သမ္မတရုံးပြောရေးဆို ခွင့်ရှိသူ  ဦးဇော်ဌေးက  ပြောကြားသည်။ ရခိုင်ဒေသတိုက်ပွဲများ ရပ် ဆိုင်းရန် အစိုးရ၊ အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာန(NRPC)၊ ငြိမ်းချမ်း  ရေးကော်မရှင်တို့က AA အပါအဝင် မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့နှင့် Bilateral အပစ်ရပ်စဲရေး  လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်နေကြောင်း အစိုးရအ ဆိုပြုသည့် အပစ်ရပ်မူကြမ်းကို ပေး ထားပြီးဖြစ်ကြောင်း ၎င်းကဆို သည်။ NRPC နှင့် တပ်မတော်တို့က RCSS၊ KNPP၊ KNU တို့ကို ရန်ကုန် နှင့်  နေပြည်တော်တွင် ခေါ်ယူတွေ့ဆုံရန်ရှိကြောင်း  နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်ဟု RFA သတင်း ကဆို သည်။  တပ်မတော်က တိုင်းစစ်ဌာနချုပ် ငါးခုနယ်မြေတွင် တဖက်သတ်အပစ်ရပ်စဲရေးဆောင်ရွက် ရာ၌ အနောက်ပိုင်းတိုင်းစစ်ဌာ နချုပ်နယ်မြေ ရခိုင်ဒေသမပါဝင် ခြင်းနှင့်ပတ်သက်ပြီး တပ်မတော် က ရှင်းလင်းထားပြီးဖြစ်ကြောင်း၊ လတ်တလောတွင် အစိုးရ၊ တပ်မ တော်၊ AA သုံးပွင့်ဆိုင်တွေ့ဆုံ မည့် ကိစ္စများမရှိကြောင်း၊ AA နှင့် ဆွေးနွေးမှုကို KIA နှင့် AA အ ပါအဝင်  မြောက်ပိုင်းလက်နက် ကိုင်  လေးဖွဲ့စုဖွဲ့မှုနှင့်  အစိုးရ ကိုယ်စားလှယ်အဖွဲ့  တွေ့ဆုံဆွေး နွေးသည့်  လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောသည်ဟု ၇ ရက်နေ့စဉ်သတင်းအရသိရသည်။

ဇွန်လ ၃၀ ရက်နေ့မှာပင် သတိပြုလေ့လာရမည့် သတင်းတပုဒ်ထွက်ပေါ်ခဲ့သည်။ ထိုနေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  မိုင်းလား အထူးဒေသ ၄ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနားသို့ သဝဏ်လွှာ တစောင် ပေးပို့် ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာကို ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဌ ဦးသိန်းဇော်က ဖတ်ကြား ခဲ့ကြောင်း သတင်းများတွင်ဖေါ်ပြသည်။

“ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက်များ အပြည့်အဝရှိသော ဒီမိုက ရေစီ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ရာတွင် ရရှိထားသည့် တည်ငြိမ်အေးချမ်းမှုကို ရေရှည်ခိုင်ခိုင်မာမာ ထိန်းသိမ်းထားနိုင်ပြီး တိုင်းရင်းသားများ၏ အခွင့်အရေးများ၊ လိုလားချက်များကို ဖေါ်ဆောင်ပေးနိုင်မည့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရန်လိုအပ်ပါသည်။ ထိုသို့သော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများအား တနိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement – NCA) ပါ ပြဋ္ဌာန်းချက်များ နှင့် အညီ ကျင်းပလျှက်ရှိသဖြင့် အထူးဒေသ ၄၊ မိုင်းလား အနေဖြင့် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးပြီး နိုင်ငံရေး ဆွေးနွေးပွဲရလဒ်များနှင့်အညီ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို အတူတကွ ဖေါ်ဆောင်ရန် ဖိတ်ခေါ်အပ်ပါသည်။” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က သဝဏ်လွှာတွင် တိုက်တွန်းထားသည်။

ထို့ပြင် မိုင်းလားဒေသသည် နှစ် ၃၀ ကြာ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲ၍ အပြန်အလှန်လေးစားမှုဖြင့် တည်ငြိမ်အေးချမ်းမှုကို ရရှိထားပြီး ဖြစ်သကဲ့သို့ ပြည်သူများအနေဖြင့်လည်း ငြိမ်းချမ်းရေး အသီးအပွင့်များကို ခံစားရနေပြီဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က သဝဏ်လွှာ၌ ဖေါ်ပြသည်။ နိဂုံးတွင် “အထူးဒေသ ၄၊ မိုင်းလားခေါင်းဆောင်များနှင့်တကွ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး၏ အိပ်မက်ဖြစ်သော ငြိမ်းချမ်းရေးနှင့် စစ်မှန်သည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်ပေးကြပါရန် အလေးအနက်ဆန္ဒပြု တိုက်တွန်းရင်း ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။” ဟု ဖေါ်ပြထားသည်ကို တွေ့ရသည်။

လက်ရှိအခြေအနေတွင် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံကို တတိယ အကြိမ်အထိ ကျင်းပနိုင် ခဲ့သည်။ NCA စာချုပ်၌ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့အထိ ပါဝင်လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ မူဝါဒသဘောတူညီ ချက် ၅၁ ချက်ကို  ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) ၏ အစိတ်အပိုင်း(၁) နှင့် (၂) အဖြစ် အစုအဖွဲ့ ခေါင်းဆောင်များနှင့် အသိသက်သေများက လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ NCA စာချုပ် အရဆိုလျှင် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင်ကို ရေးဆွဲသဘောတူပြီးနောက်၊ “အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ”၊ “ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကျင်းပခြင်း”၊ “ပြည်ထောင်စု သဘောတူစာချုပ် ချုပ်ဆိုခြင်း” “ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်း၍ အတည် ပြုချက်ရယူခြင်း”၊ “ပြည်ထောင်စုသဘောတူစာချုပ် (Union Accord)ပါ သဘောတူညီချက်များကို အကောင်အထည် ဖေါ်ခြင်း” စသည့် နိုင်ငံရေးလုပ်ငန်းစစဉ်များကို ဆက်လက်ဆောင်ရွက်ရမည် ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီ “ပြည်ထောင်စု သဘောတူစာချုပ်” ချုပ်ဆိုနိုင်ရန် လက်ရှိအစိုးရ၌ တာဝန်ရှိနေသည်။ သို့သော် ယင်း အစိုးရလုပ်ငန်းစစဉ် ကို အကောင်အထည်ဖေါ်ရာ၌ တပ်မတော်ခေါင်းဆောင်ပိုင်းကလည်း ကူညီအားပေးဖို့လိုသည်။ အစိုးရ၏ ငြိမ်းချမ်းရေး အစီအစစဉ် မည်မျှပင်ကောင်းမွန်နေသော်လည်း တပ်မတော်က ထောက်ခံပါဝင်ရန် ဆုတ်ဆိုင်းနေသမျှ  ရွှေပြည်တော်နှင့် နီးလျှက်ဝေးနေရပေဦးမည်။