Breaking News

မယ်မွှေးနှင့်လမ်းပေါ်က စိတ်ပညာ

Photo from Internet with modification


မယ်မွှေးနှင့်လမ်းပေါ်က စိတ်ပညာ

(မိုးမခ) ဇူလိုင် ၄၊ ၂၀၁၉
(သူ့ဖေ့စ်ဘွတ်ကနေ ကူးယူပါတယ်)
မယ်မွှေးသည်တစ်နေ့တွင် သူငွေလုံလောက်အောင် ချမ်းသာခဲ့သော် သူပြချင်သည့် အကြောင်းအရာများကို စီကာပတ်ကုံးပြသနိုင်မည့် ပြတိုက်တစ်ခုကိုဖွင့်မည်ဟု ကြုံးဝါးနေသူဖြစ်၏။ ပြတိုက်တစ်ခုဖွင့်လောက်အောင် သူ့တွင် မိဆိုင်ဖဆိုင်အမွေ ကြီးကြီးမားမားရစရာမရှိသည်နှင့် လတိုင်းပင် ထီထိုးမည်ကို ကြံစည်၏။ လမ်းထဲသို့ လာရောက်ခေါ်ငင်ကြော်ငြာကြသော ထီသမားတို့ထံကံစမ်းလျှင် မကောင်းပြီလော သူတွေးတော၏။ ထို့ကြောင့်ပင်လျှင် သူသည် ဦးဝင်းတင်ကိုသတိထားမိခြင်းဖြစ်၏။ ဦးဝင်းတင်သည်သူ့အမည်ရင်းဖြစ်သည်။ သူ့ကို ရင်းနှီးနေသည်မှာကြာပါပြီ။ သို့သော်လူကိုမူ တစ်ခါမျှ မမြင်ဖူးချေ။ လစဉ် လကုန်ရက်သို့နီးလာသော် မယ်မွှေး၏ အိမ်အနီးရှိ စျေးတခွင် ဟိုနားသည်နားဆီမှ အသံချဲ့စက်ဖြင့်သူ့အသံကို ကြားရမြဲဖြစ်၏။
သူ့အသံမှာ ထူးခြား၏။ အသံကောင်းသည်ဟု ဆိုလောက်သော အမျိုးသား အသံဝါဝါမဟုတ်ပေ။ အက်ကွဲကွဲ သြောတောတောအသံဖြစ်၏။ အနည်းဆုံးအသက်၆၀ကျော်မည့် သက်ကြီးပိုင်း အသံမျိုးဖြစ်၏။ တစ်သံ တစ်ယောက် မှတ်မိလောက်သော အသံလည်းဖြစ်၏။ စာရှုသူမိတ်ဆွေသည် စျေးကွက်ချဲ့ထွင်ရေးနှင့် စိတ်ပညာကို စိတ်ဝင်စားသူဖြစ်အံ့။ သူ၏ ကြော်ငြာကိုစိတ်ဝင်စားပါလိမ့်မည်။ သူ့အပြောလေးနဲ့ သူ့ပုံပြင်ကို ဆက်လက်နားထောင်ကြည့်ကြပါစို့။ သူ့အမှတ်တံဆိပ်အား သူအကျအနတည်ဆောက်ပုံကို မြင်ကြရပါအံ့။

"အင်းစိန်က ကျွန်တော်ဦးဝင်းတင် မိုးယံ အမှတ် (၁) ထီကားလေး ရောက်လို့လာပါပြီ ခင်ဗျာ။ မိဘပြည်သူများ ထီဖွင့်ရန် ငါးရက်သာ လိုပါတော့တယ်။ ကျွန်တော့်ဆီမှာ ကကြီးကနေ ဆလိမ်အထိ အက္ခရာစဉ်အလိုက် ပါပါတယ်။ လာမယ့် တနင်္ဂနွေမှာ သိန်းတစ်သောင်းနဲ့ ငါးထောင်ရမှာ မို့ အခုအချိန်နဲ့ ထီထိုးခွင့်ရတာဟာ အင်မတန်ကံကောင်းတယ်လို့ ဆိုရပါမယ်။ အခုအချိန်မှာ မထိုးရသေးဘူးဆိုရင် လာထိုးကြပါလို့ ကျွန်တော် အဖိုးကြီးဦးဝင်းတင် မေတ္တာနဲ့ သတိပေးစကားပြောကြားရင် မိုးယံကားလေးက စောင့်မျှော်နေပါတယ်။"

"ကဲကဲ အမကြီး ငါးစောင်ပါတာကတော့ ငါးထောင်ပဲကျပါတယ်။ ကျွန်တော်လည်း အရင်က ထီကို စက်ဘီးလေးနဲ့ ရောင်းတဲ့ ဆင်းရဲသားပါပဲ။ အခုတော့ ကျွန်တော့်ထီကားလေးဟာ ဒီလမ်းထဲကို အခုလို အခါသမယမျိုးမှာ တင့်တင့်တယ်တယ်ရောက်ရှိလို့လာတဲ့အခြေအနေကိုရောက်ခဲ့ပါပြီ။ ကျွန်တော့်အတွေ့အကြုံကိုပြောရရင် ဘယ်သူမဆို ကံထလာတဲ့အခါ ချမ်းသာနိုင်တယ် ဆိုတာပါပဲ။ ငါးစောင်တွဲ၊ ဆယ်စောင်တွဲများ အားပေးကြပါခင်ဗျာ။ ကျွန်တော် အဖိုးကြီး ဦးဝင်းတင်ဖြစ်ပါတယ်။"

"အိမ်အပေါ်ထပ် အလွှာများပေါ်က ထီထိုးကံစမ်းလိုတဲ့အခါ ငွေကို ပေးချေဖို့ခေါင်းလောင်း ကြိုးကိုဆွဲလို့ ချပေးနိုင်ပါတယ်။ ငွေနဲ့ အတူ ဖုန်းနံပါတ်ကိုပါ တပါတည်းသေချာအောင် ထည့်ပေးစေလိုပါတယ်ခင်ဗျား။ ထီထွက်တဲ့အခါ အကြောင်းကြားပေးဖို့ပါ။ ကျွန်တော့်မှာ အက္ခရာစုံ လေးသောင်းတန်ပါပါတယ်၊ တစ်သောင်းတန်ပါပါတယ်။

အခုလို ကျွန်တော်ဦးဝင်းတင်ကို အားပေးတဲ့အတွက် လာမယ့် ခုနှစ်လပိုင်း တစ်ရက်နေ့ မနက်ကိုးနာရှိမှာဖွင့်လှစ်မယ့် ထီမှာ ပေါက်ပါစေဗျား။
ငါးစောင်တွဲကို ငါးထောင်ပါခင်ဗျား။ ဆလိမ်နံပတ်နဲ့ ၅ အစ ၇ အဆုံးကို ယူသွားပါပြီခင်ဗျား။ ပါသွားပါပြီ။ ထီပေါက်ရန် လေးရက်သာကျန်ပါတော့တယ်ခင်ဗျား။"

မိတ်ဆွေသည် အဖိုးကြီးဦးဝင်းတင်၏ အသံကို ကြားလျှင် ဘယ်တော့မှ မေ့နိုင်မည်မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ဦးဝင်းတင်သည် အခြားထီသည်များလို သာမန်ကာသျှံကာ ထီသည်မဟုတ်၊ ဦးဝင်းတင်သည် စီးပွားရေးပညာဒီပလိုမာတစ်ခုခု ရထားပုံမရသော်လည်း ထိုသူတို့ကို ကျော်တက်မည့်ဟန်ဖြင့် ပညာရည်ပြည့်လှသည်။ ကမ္ဘာပေါ်တွင် လိမ်ခြင်းအားဖြင့် တရားတဘောင်မဖြေရှင်းရသည်မှာ ကြော်ငြာအေဂျင်စီများနှင့် စျေးကွက် တိုးမြှင့်ရေးအော်ပရေတာ တို့သာရှိသည်။ ကြော်ငြာအများစုမှာ လောက၏ အမှန်တရားကို အပြည့်အဝ ထင်ဟပ်ခြင်းမရှိချေ။ ယခုဤစာကိုရေးနေချိန်ပင်လျှင် မယ်မွှေး၏ တယ်လီဖုန်းအော်ပရေတာက သင်သည် ကံထူးသူဖြစ်ရန်နီးစပ်လာချေပြီဟု ဓါတ်စာတို ဝင်လာသေးသည်။ သူတို့မှာ မယုံရသောကြောင့် မယ်မွှေးမှာ စာကိုသာ ဆက်ရေးပါသည်။

စျေးကွက်သမားများသုံးသော စိတ်ပညာတွင် စားသုံးသူတို့ ကုန်ပစ္စည်းကို မဝယ်ဝယ်အောင်လုပ်ရန်မှာ အနည်းဆုံး အခြေခံ ငါးနည်းရှိသည်ဆို၏။ (၁) စိတ်ခံစားချက်ကို နှိုးဆွ ခြင်း (ဥပမာ ဘဏ်ကြော်ငြာများ က မယ်မွှေးအနေဖြင့် ချစ်ခင်ရသူများအတွက် ၎င်းတို့ထံတွင် ငွေစုသင့်ကြောင်းပြောပါမည်။ ချစ်ခင်သူများကို သတိရစေခြင်းဖြင့် စိတ်နှလုံးကို တိမ်းညွှတ်စေလျှက်) ၊ (၂) စားသုံးသူ၏ လက်ရှိ အခြေအနေကို အပြစ် ရှာလျှက် မတင်းမတိမ်ဖြစ်စေခြင်း ( မယ်မွှေးသည် အလှကုန်ပစ္စည်းကောင်တာများသို့ မလိုလျှင် ဘယ်တော့မှ မသွားချေ။ အလှကုန်ရောင်းသောမိန်းကလေးတို့သည် သူတို့ဆိုင်ထဲသို့ မဝင်မီတွင်ပင် လူကို အပြစ်ရှာပြီးသားဖြစ်၏။ ထို့ကြောင့် စိတ်ဆင်းရဲခံပြီးမသွား။ မိမိမျက်နှာပေါ်မှာ အပြစ်အနာကို မိမိကသူတို့ပြောမှ သိသည်မဟုတ်။ သူတို့ကစိတ်မကောင်းဖြစ်အောင်လုပ်တတ်တော့သည်။ဝယ်သူတိုင်းမကြိုက်မှန်းသိလင့်ကစား ထိုမိန်းကလေးတို့ကား ပြောမြဲပြောသည်။ ဤသည်ကား အလှကုန်ရောင်းသူများကိုသင်ကြားထားသော စိတ်ပညာလှည့်ကွက်တည်း။ (၃) စားသုံးသူအချင်းချင်းပြိုင်ဆိုင်စေခြင်း( ရေဒီယိုကြော်ငြာများတွင် မကြာခဏကြားရပါလိမ့်မည်။ ကလေးအချင်းချင်းသွက်လက်ချက်ချာမှုကို နှိုင်းယှဉ်ခြင်း၊ သုံးစွဲနေသော ပစ္စည်း ၏ သူ့ထက်ငါ ဆန်းသစ် ကောင်းမွန်ခြင်းကို ပြိုင်ဆိုင်ခြင်း ) (၄) မိမိတို့ ပစ္စည်းကိုသုံးသူကသာ လူတော်လူဇော်ဟု အထင်ရောက်စေခြင်း ( ဒီနာရီကို ပတ်နိုင်သူတို့သာ ဒီလိုဂုဏ်သိက္ခာ နဲ့ နေနိုင်တာပါ ဟု အတင်းအကျပ်အထင်ရောက်စေခြင်း) (၅) မရေရာမှု၊ ကြောက်ရွံ့မှု၊ သံသယတို့ကို နှိုးဆွပေးခြင်း ( ဒီအားဆေးကိုမတိုက်ရင်ခင်ဗျားရဲ့ ကလေးတော့ ဉာဏ်ရည်မမြင့်ဖို့ သေချာသလောက်ပဲ ဟု မပြောရုံတမယ် ကြော်ငြာမျိုး) တို့ဖြစ်ကြသည်ဆို၏။

ဦးဝင်းတင်ကား ထိုကျမ်းများကို ကျေပါ၏။ သူသည် ထီကားပေါ်တက်သည့်အချိန်တွင် သူပြောဆိုနေသည်များကို မရွံ့ မတွန့် ယုံယုံကြည်ကြည်ပြော၏။ တစ်ခါတစ်လေများတွင် သူသည် ရပ်ကွက်ထဲသို့ စေတနာရှိလွန်းသဖြင့် နေမကောင်းသည့်ကြားမှ လာရောက်ရောင်းချပေးရကြောင်းပါ ပါသေး၏။ သူ၏ကြီးပွားခြင်းကိုလည်း နမူနာယူစရာထည့်ပြောသေး၏။ ကျွန်တော့်လို ချမ်းသာချင်လျှင် ဆိုသော ဝါကျပိုင်းကို ထည့်ဖြစ်အောင် ထည့်ပြောတတ်သေး၏။ စားသုံးသူအချင်းချင်းကိုလည်း ပြိုင်ဆိုင်စေချင်းငှာ ဟိုနံပါတ်ကလေး ပါသွားပြီ ဒီနံပါတ်ကလေးတော့ ထိုးသွားပြီ။ ခုမှ မထိုးလျှင် နောက်ကျပါတော့မည်ဟူသော လေသံမျိုးလည်း ပစ်သေး၏။ လာမယ့် တနင်္ဂနွေနေ့ရောက်လျှင် ဘဝမှာ အရှင်လတ်လတ်ပြောင်းတော့မလို မြှောက်ပေးတတ်သေး၏။ ထီကားပေါ်တွင် သူဘုရင်ဆိုလျှင် မိုက်ကရိုဖုန်းသည် သူ့၏ သံလျက်ပင်။ လူကို အမျိုးမျိုးတွေးစေ၏။ တွေစေ၏။ ဝေဝါးစေ၏။ထီပြေးထိုးရကောင်းနိုးနိုးဖြစ်စေ၏။ အနည်းဆုံး မထိုးဘူးဟု စိတ်ပိုင်းဖြတ်ထားလျှင်ပင် ချမ်းသာမည့်သူထဲ ငါတော့ လာမယ့်တနင်္ဂနွေမှာ ပါတော့မှာ ဟုတ်တော့ဘူးဟု ကျန်ရစ်ဖြစ်သောခံစားချက်ကို ခဏတာပေး၏။ အတော်ဆိုးသော ဦးဝင်းတင်ပေ။ သို့ရာတွင် သူ့ တင်ပြပုံမှာ ချစ်စရာကောင်းပါသည်။ လစဉ်လည်း အိမ်နားသို့ရောက်ပါသည်။ ထိုးသူများလည်း သူ့ကိုစောင့်၍ထိုးကြဟန်ရှိသည်။ သူပြောသလောက်တော့ မည်သည့်ရပ်ကွက်သူ ရပ်ကွက်သားမျှ လက်ငင်းချမ်းသာမသွားသေးသည်က အမှန်ပင်ဖြစ်သည်။ မည်မျှပင်မုသားပါနေပါစေ၊ လူတကာ ခွင့်လွှတ်သောအလုပ်ပေ။

ဦးဝင်းတင်ကဲ့သို့ အပျော့ဆွဲနှင့် လာသူများကား ကားတစ်စင်းနှင့် အဝေးမှလာကုန်သော အလှုခံများပင်။ သူတို့ကား စိတ်ပညာဆရာကြီးများဖြစ်ကြကုန်၏။ တစ်ဘက်သားကို ဆွဲဆောင်ဖျောင်းဖျတတ်သော စိတ်ပညာအရာတွင် ဦးဝင်းတင်သည် ဘီအေတန်းအောင်သည်ဟုဆိုရလျှင် ထို ကျောင်းဆောက်မည့် ဥပသကာ အဖွဲ့ကို အမ်အေတန်းအောင်ပြီးသူများဟု ခေါ်ရခြိမ့်မည်။ သူတို့ကား မားကက်တင်းဂုရုများဖြစ်သလို ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် သူတို့ကိုခေါ်ပြီး ကြားဝင်ညှိနှိုင်းပေးသူနေရာခန့်သော် မြန်မာပြည်သည် မြန်မြန်ငြိမ်းချမ်းဖွယ်ရှိ၏။ သူသည် စားသုံးသူ၏ emotion အတွင်းစိတ်ခံစားချက်ကို လှုဒါန်းသဖြင့် ချမ်းသာကြွယ်ဝလာသော အားကျဖွယ်သူကြွယ်တို့၏ ဇာတ်တော်များဖြင့်နှဲ့၏။ ဇောတိက၊ဇဋိလနှင့် မေဏ္ဍက ဇာတ်တို့ကို အာဂုံဆောင်ထားကြကုန်၏။ မြေမှ ပဒေသာပင်ကို ဆွတ်ပြီး စားသုံးနိုင်သူများ မဖြစ်လိုပြီလောဟု အလှု့ရှင်လောင်းလျာတို့အားတိုက်တွန်းကြကုန်၏။ သူတို့မြှောက်ပင့်ပြီး ခေါ်ပုံကိုပင်ကြည့်ပါလေ။ ဤလမ်းအတွင်းနေထိုင်ကြကုန်သော အလှုရေစက်လက်နဲ့ မကွာ ရှိကြကုန်သော သပ္ပူရိသအပေါင်းသူတော်ကောင်းတို့ဟု အော်ဟစ်ခေါ်လိုက်သောအခါ လမ်းတွင်းရှိတိုက်ခန်းအသီးသီးတွင် ရှိကြသည့် မနက်စျေးပြန်ပိုက်ဆံအိတ်ကို ပုတ်ပုတ်ကြည့်သော အိမ်ရှင်မတို့အား စောင်းပါးရိပ်ချည် ရည်ညွှန်းနေသည့်နှယ်ရှိ၏။

"ဤလမ်းအတွင်းမှီတင်းနေထိုင်ကြကုန်သော သူတော်စင်သူတော်ကောင်းအပေါင်းတို့ ပါရမီထိုက်တဲ့ ဒါနဆိုတာဘာလဲ။"

"ကမ္ဘာမှာ မြန်မာဟာ ဒါနအပြုဆုံး လို့ဆိုကြတယ်။ မိမိတို့ဟာ စေတနာထက်သန်တဲ့လူမျိုး။ ဒါကြောင့်မို့ ဟော့ဒီလမ်းထဲက သာသနာ့ အမွေခံတွေကိုလှုတန်းတတ်စေချင်တယ်။ ဒါနဆိုတာ ရှင်ဘုရင်ရဲ့ ပုလ္လင်နဲ့ တူပါတယ်။ ရှင်ဘုရင်ရဲ့ တိုင်းပြည်မှာ အထွတ်အမြတ်လူသားဖြစ်တယ်ဆိုတဲ့ ဘဝပေးကုသိုလ်ဟာ ဒါနကို အခြေခံပြီးရခဲ့တာဖြစ်တယ်။ ဒါကြောင့်မို့ ဒါနဟာ ပုလ္လင်ဖြစ်တယ်လို့ မြတ်စွာဘုရားကဟောကြားတော်မူတယ်။"


"လူအိပ်သော်လည်းကုသိုလ်ဟာ မအိပ်ပါဘူးတဲ့။ မအိပ်တဲ့ ကုသိုလ်တွေမှာ ဇရပ် ဂူ ကျောင်း ဆောက်လုပ် လှူဒါန်းခြင်းလည်းပါပါတယ်။ ကျောင်းဆောက်တဲ့ ကုသိုလ်ကို သဒ္ဒါတတ်အားနည်းများမဆိုကုသိုလ်ပါဝင်နိုင်ဖို့ ကျွန်တော်များ အလှုခံကားလေး ရှေ့ကို ရွေ့လို့ လာနေပါပြီး။ လိုအပ်တဲ့အခါ ကားကို တားဖို့ အားမနာကြပါနဲ့ ။ အထပ်မြင့်တဲ့ တိုက်ခန်းများက စေတနာပေါက်လို့ လာရောက်လှုဒါန်းဖို့ရာအခက်အခဲဖြစ်နေတယ်ဆိုရင်ဖြင့် ကျွန်တော်တို့ရဲ့ အဖွဲ့သားများက အိမ်ပေါက်ဝထိတက်လို့ လာရောက် ဝန်ဆောင်ကောက်ခံပေးသွားမှာဖြစ်ပါတယ်။"

"ဟော အလှုအမကြီးဒေါ်သောင်းရီက ကျွန်တော်များသာသနာပြုကျောင်းတော်ကြီးအတွက် အလှုတော်ငွေတစ်သောင်းကျပ်ပါဗျ။ ကွယ်လွန်သူ ဦးထွန်းဦးအားရည်စူး၍တဲ့ ကျန်ရစ်သူသားသမီးများကလည်း အလှုတော်ငွေ ငါးထောင်ကျပ်ပါခင်ဗျ။"

"မိဘများကွယ်လွန်တဲ့အခါ သားသမီးများက သင့်လျော်တဲ့ အလှုဒါနမပြုပေးဘူးဆိုရင်ဖြင့် ကောင်းမွန်ရာ ဘုံဘဝကို သွားဖို့ အတွက် သာဓုမခေါ်နိုင်ဘဲ ဖြစ်နေရတတ်ပါတယ်။ အလှုဒါနဟာ နတ်ပြည်ကိုသွားတဲ့ လောင်းလှေဆိုရင်လည်း မမှားပါဘူးခင်ဗျ။"

"ဒါနဆိုတာ အဂ္ဂဆိုတဲ့ မီးနဲ့လည်းတူပါသတဲ့။ ကိလေသာအမှိုက်တွေကို လောင်ကျွမ်းကုန်ဆုံးသွားအောင် ရှို့ပေးမယ့် မီးပေကိုးဗျ။ ကိလေသာက ဆယ်ပါးရှိတယ်။ အဲဒီထဲမှာ လောဘဆိုတာက လိုချင်တာ။ လှုဒါန်းမှုဟာ လောဘကိုပယ်သတ်တာဖြစ်တယ်။"

"အမည်မဖော်လိုသူ အလှုရှင်တစ်ဦးကလည်း နှစ်ထောင်ကျပ်ပါတဲ့ ခင်ဗျာ။ သာဓုသာဓု" ........

" မရှိလို့မလှု မလှုလို့မရှိ။ ယခုဘဝ ဆင်းရဲ နွမ်းပါးနေသူများသည် အတိတ်ဘဝက မပေးလှုခဲ့ခြင်းကြောင့်ဖြစ်တယ်။ ယခုဘဝမရှိလို့ မလှုပြန်လျှင်လည်း နောက်ဘဝ၌ပိုဆင်းရဲရလိမ့်မယ်။ ကောင်းမှုတစ်ခု နေ့စဉ်ပြုနေတယ် ထင်သော်လည်း မိမိ ဒါန ပြုနေတာကို မိမိသိမှသာ ကုသိုလ်ရနိုင်ပါတယ်။ မသိရင်လည်းပဲ ကုသိုလ်မရနိုင်ပါဘူး။"

" ဒါ့ကြောင့် ဗြဟ္မာလူနတ်ပရိသတ်ကို ဒါနတည်းဟူသော ပါရမီက ရောက်လေရာဘဝမှာ ဆောက်တည်ရာကိုရစေသောကြောင့် မဟာပထဝီမြေကြီးနဲ့လည်းတူပါတယ်လို့။ ကဲကဲ ကျွန်တော်တို့ ကားလေး ဒီလမ်းထဲမှာ ခေတ္တမျှ စောင့်ဆိုင်းပေးမှာဖြစ်ပါတယ်။ ယခုပြုရ ဤဒါနကြောင့် ဘဝဆက်တိုင်း ဘဝဆက်တိုင်းကြီးပွားချမ်းသာကြပါစေ။ မရှိဆိုတဲ့စကားမကြားရလေအောင် ဟို အထပ်မြင့် အလွှာမြင့်များမှ သပ္ပုရိသအပေါင်းသူတော်ကောင်းတို့။ ဒါနအကျိုးဟာ လူချစ်လူခင်ပေါများလို့ မျက်နှာပန်းများလည်းပွင့်လန်းစေပါတယ်။"

စျေးကွက် ပညာကိုလေ့လာသူတို့ကား ဘာသာရပ်ကိုကြီးကျယ်အောင်ပြု၍ စိတ်ပညာကိုထည့်၍သင်ကြရ၏။ မြန်မာပြည်လမ်းပေါ်မှ ထီသည်များမှာ စိတ်ပညာဆရာကြီးများဖြစ်နေသည်မှာ ကြာလေပြီ။ အလှုခံတို့ကား ပို၍ပင် ကျင်လည်သေးသည်။ တခါတရံ နယ်မြို့များက တက်လာပြီး တစိမ်းအတော်များများသာ တစ်လမ်းတည်းနေသော အိမ်အစုတွင် အိမ်ပေါက်စေ့ တစ်ဦးကို တစ်ဦးလူစုံအောင်မသိနိုင်ချေ။ ဥပသကာများ အော်ပြီးကြေညာသော အလှုရှင်နာမည်များကိုလည်း ဤရပ်ကွက်တွင်နေမနေ မည်သူမျှ မသိနိုင်၊ စိစစ်ကြည့်ဖို့လည်းမည်သူမျှ အချိန်မပေးနိုင်ကြ။ တစ်ယောက်နှင့်တစ်ယောက် မရင်းနှီးသော အခြေအနေကိုလည်းကောင်းကောင်းကြီးအသုံးချတတ်ပါ၏။ မည်သူက ဒေါ်လှရီနည်း။ မည်သူက ဦးတင်သောင်းနည်း။ မည်သူမျှမသိနိုင်။ သို့ရာတွင် အနည်းအကျဉ်းမျှပင်ဖြစ်စေ မှန်မှန်ထည့်သူတွေရှိသောကြောင့်သာ ဓါတ်ဆီကုန်ခံ၍ ကျောင်းကို မပြီးတမ်းဆောက်နိုင်ကြ၏။ သူတို့မည်သည့်အရပ်ကလာမှန်း မည်သူမျှ မသိနိုင်ပေ။

စားသုံးသူနှင့် နောက်ဘဝအတွက် ဒါနအိုးကို ပိုလျှံအောင် စုလိုသူတို့ကား သူတို့ သုံးသော စိတ်ပညာလှည့်ကွက်များတွင် မသိတသိလိုက်ပါရင်း ချမ်းသာထီပေါက် နိဗ္ဗာန်ရောက်ရန် စိတ်ကူးဖောင်ကြီး မှန်မှန် လိုက်စီးနေကြတော့သတည်း။