Breaking News

စမ်းစမ်းတင် - မမဝင်း သို့မဟုတ် ဒေါ်ကလျာ လွမ်းစာ


စမ်းစမ်းတင် - မမဝင်း သို့မဟုတ် ဒေါ်ကလျာ လွမ်းစာ

(မိုးမခ) ဇူလိုင် ၄၊ ၂၀၁၉
မမ ဝင်းနဲ့ ခင်လို့သာခင်တယ်။ လကုန်တိုင်း လည်း ကလျာ မဂ္ဂဇင်း  လက်ဆောင်ရ ပေမဲ့ လူက ကလျာပင်တိုင်ဆောင်းပါးရှင်မဟုတ်။ က ဗျာ တပုဒ်စ နှစ် ပုဒ် စပဲ ပါဖူး လေတာ။ ဒါ တောင် ကို အောင်ဝေး ကဗျာ အယ်ဒီတာလုပ် ချိန်ကလောက်ပဲ။ ကလျာမဂ္ဂဇင်းက ဆောင်းပါးတွေဆို တပုဒ်မကျန်အကုန်ဖတ်ရ အောင် အဖိုးတန်၊ ဒါကို မိတ်ဆွေတယောက်က ပြောတယ်။ ကလျာ (ဝိဇ္ဇာ သိပ္ပံ) ဟာ စာကောင်းပေကောင်းရေးတဲ့ စာရေးဆရာတွေကို စုစည်းနိုင်တယ်။ စာရေးဆရာတွေကို စည်းရုံးနိုင်တယ်။ တော်တယ်၊ သူနဲ့
လူချင်း မသိပေမဲ့ ချီးကျူးပါတယ်တဲ့။
၁၉၈၅ ခု မှာ အမျိုးသမီးစာရေးဆရာ သုံးဦးကို မဂ္ဂဇင်းထုတ်ဝေခွင့်ချပေးတော့ ခင်မင်ရင်းစွဲ မမဦး ( ခင်ဆွေဦး) ရဲ့ စံပယ်ဖြူ မဂ္ဂဇင်းမှာပဲ အရေးများခဲ့တာ၊ ပွဲဦးထွက် မဂ္ဂဇင်းအတွက် စာမူတွေကူတောင်းပေး။ မိုးမိုးအင်းလျား ရဲ့ ပိန်ချင်လို့တဲ့ တော် ( မှားရင်ပြင်ပေးပါ) နဲ့ မစန္ဒာရဲ့ ပါတိတ် ဝတ္တုတိုတွေ သွားယူပေးနဲ့။
မမဝင်းရဲ့ ကလျာမဂ္ဂဇင်းက တော့ ဦးစိန်ကြီး တယောက်လုံး အားကိုးအားထား ရှိတယ်။ အယ်ဒီတာတွေက မောင်ဝဏ္ဏ နဲ့ အစ်ကို မောင်သက်ကြူ၊ ဒင်တွေ၊ သားတွေကလည်း အားကိုးရ။  မလေး ( မ လေးလုံ ) ရဲ့ လုံမလေး မဂ္ဂဇင်း အတွက် မလေးရဲ့  အစ်ကိုကြီးရော၊ ညီမ ရော အားတောင့်ပါ့။ စံပယ်ဖြူမှာတော့ ကိုသန်းအုန်း။ ပုလဲ ရော မမဦးပါ တိုက်ထိုင်။  

မမဝင်းကို ဘိုလိမ်းလမ်းက ကလျာတိုက်မှာပဲ ရှစ်လေးလုံး အရေးတော်ပုံကြီး နောက်ပိုင်းမှ မြင်ဖူးပြီး စသိတာပါ။ အစ်ကို သက်ကြူ စားပွဲတန်းသွားတာဖြစ်ပေမဲ့ မမဝင်းက သူ့စားပွဲက ထ လာပြီး ခင်ခင်မင်မင် ရင်းရင်းနှီးနှီး စကားဝင်ပြောလေတာ။ အဲဒိနေ့ကတည်းက မမဝင်းကို ချစ်သွားတာ၊ မမဝင်း အသားဖြူပုံ၊ သပ်သပ်ယပ်ယပ် ပြုပြုပြင်ပြင် ဝတ်စား ဆင်ယင်ပုံ၊ မာန် မာန ကင်းပုံ တွေက မေမေနဲ့ ဆင်လို့ မဟုတ်ပါ။
မမဝင်းစကားကြောင့်။
အဲဒိတုန်းက ဆရာဒိုးလို့ သတင်းစာတိုက်သားတွေက ခေါ်ဝေါ်တဲ့ သာဂဒိုးက ကလျာမှာ မြန်မာ့ရိုးရာဆေးအစွမ်း ဆောင်းပါးတွေ ရေးနေတာ။ လူကြိုက်လည်းများပါတယ်။ ဆရာဒိုးက တစုံတယောက်ရဲ့ သြဇာကိုပဲ
မလွန်ဆန်နိုင်လို့ပဲလား။ သူ ကိုယ်တိုင်က ခပ်ပါပါ မို့လား။  ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ဒီမိုကရေစီကို ပုတ်ခတ်စော်ကားရိုင်းပျတဲ့ ဆောင်းပါးရှင်ထဲ ပါသွားမှန်း သိသာသွားတဲ့ နေ့ မှာ မမဝင်းနဲ့ စတွေ့တာ။
ရှစ်လေးလုံးအပြီး သတင်းစာဆောင်းပါးတွေလောက် သိက္ခာမဲ့တာ ဘယ်ကာလက မတွေ့ဖူးတာလည်း အမှန်။ အဆင်မသင့်ချင်တော့ ကိုယ်တိုင်လည်း သတင်းစာတိုက်မှာ လုပ်နေတုန်း။ လုပ်သာလုပ်နေတယ်။ နဝတ မယုံရသူ စာရင်း ဝင်။ အညို ရောင်။ အရေးအခင်းကာလတုန်းက desk editor လုပ်တဲ့ လူတွေနဲ့ သပိတ်ခေါင်းဆောင်တွေက အမည်းရောင်။ အလုပ် ပြုတ် သွားကြပြီ။ ကျန် တဲ့ လူတွေထဲက မယုံကြည်ရသူတွေကို အညိုရောင်၊ ရာ ထူး မတိုး၊ နိုင်ငံခြားခရီး မလွှတ်- စာရင်းဝင်ပေါ့၊ ယုံကြည် စိတ်ချရသူတွေကတော့ အဖြူရောင်။

အဲဒိတုန်းက လူတွေ သတင်းစာလပေးယူတာက နာရေးဖတ်ဖို့ သက်သက်လိုမို့ မေမေဆို သတင်းစာကို ကင်ပွန်းတပ်တယ်။ နာရေး သတင်းစာတဲ့။

ဖြစ်ချင်တော့ အဲဒိနာရေးသတင်းစာမှာ ဆရာဒိုးကို လူအမြင်ကတ်သွားစေတဲ့ ဆောင်းပါးပါတဲ့နေ့ မှာ မမဝင်းနဲ့ စတွေ့တာ။

ဆရာဒိုး ဆေးဆောင်းပါး ကလျာမှာ ပါပြီး မဂ္ဂဇင်းထွက်တဲ့ နေ့မှာပဲ သတင်းစာမှာ ဆောင်းပါးပါလာတယ်လို့ မမဝင်းက စိတ်ပျက်သံနဲ့ ပြောတော့ မမဝင်း ဘယ်ဘက်ကလဲ ဆိုတာ ထင်းကနဲ သိရတာပေါ့။ တိုင်းပြည်ကလည်းသိတဲ့ အတိုင်း။ သူလျှိုတွေ ဒလံ တွေ သတင်းပေးတွေ ထောက်လှမ်းရေးတွေ နေရာအနှံ့ဆိုတော့ သူ့ကိုယ် မယုံ ကိုယ့် သူမယုံ ကာလမှာ ကိုယ့်မယုံသူတွေ အတော်များတာ မသိခဲ့။ နောက်မှ သိ။ သိရလို့ သိခွင့်ပေးတဲ့ မမဝင်း ကို ကျေးဇူးတင်။ လူကလည်း မကြိုက်ရင် စိတ်ထဲ သိမ်းမထား။ ပြောချင်တိုင်းပြော။ နဝတ ဆန့်ကျင်ရေးစကားတွေဆို အားရပါးရပြော။ လူက လုပ်တော့ နဝတ ဝါဒဖြန့် သတင်းစာတိုက်။
နည်းနည်းလေးမလှုပ်နဲ့။ ထစ်ကနဲဆို ခြေမြန်လက်မြန် ဖမ်းတဲ့ကာလ။ အဲဒိ အချိန်မှာ လမ်းတကာ လတ်လျားလတ်လျားသွား နဝတ ဆန့်ကျင်ရေးစကားတွေ တွင်တွင်ပြော နေပေမဲ့ လူက အဖမ်း မခံရတော့
ထောက်လှမ်းရေးလို့ စွပ်စွဲခံရတာ။ ဒါကို မသိ။ 

နဝတ ဝါဒဖြန့် အလုပ်တွေရွံတာနဲ့ အလုပ်ထွက်ပြီးမှ မမဝင်းက ပြောတာ။
စမ်းစမ်းတင် အလုပ်ထွက်လိုက်တော့မှ ပြီးသွားတယ်။ ' နို့ ... သူ့ မယုံနဲ့။ ထောက်လှမ်းရေး' လို့ ပြောနေကြတာတဲ့။ အမယ်လေးနော့် ပြော ပြောတတ်ကြ။ ဝါဒဖြန့်တဲ့ သတင်းစာတိုက် မှာ လုပ်တာနဲ့ ရွံစရာအကောင်းဆုံးတခုဖြစ်တဲ့ ထောက်လှမ်းရေး ဖြစ်ရရော။ ကလျာပင်တိုင်ဆောင်းပါး  ရာဇဝင်ထဲက မိန်းမသားရေးသူလို နဝတရဲ့ မိန်းမသား ဖြစ်ရရောလား။
ထားပါ။
ရန်ကုန်ကထွက်လာပြီးတဲ့ နောက် မမဝင်းနဲ့ အဆက်ပြတ်သွားပြီး အတော်ကြာမှ ဖုန်းပြောဖြစ်ပေမဲ့ ခဏခဏ မပြောဖြစ်။ မဂ္ဂဇင်းတွေ ကျန်းမာရေးချို့တဲ့ သလို မမဝင်းလည်း ကျန်းမာရေး ချူချာလာတဲ့ ကြားက ၂၀၁၆ မှာ မမဝင်းဆီ ရန်ကုန်ရောက်တုန်း ရောက်ခိုက် ရ အောင်သွားတွေ့ ပါတယ်။ အားတော့မရ။ မမဝင်းကို အိပ်ခန်းထဲ ဝင်တွေ့ရတာလေ။ လာမယ်လို့ ဖုန်းဆက်ထားလို့ ကြက်သားပလာတာကျွေးဖို့ နေမကောင်းတဲ့ကြားက စီစဉ်ထားသေး။ အမှန်မှာ အူက ဇာတိမြေနဲ့ ဝေးတာကြာလို့ အစားမှားရင် ဖြစ်တတ်တဲ့ ပြဿနာရှောင်တဲ့အနေနဲ့  ရန်ကုန်မှာ အစားအသောက်အတော်ဆင်ခြင်ရပေမဲ့ ထုံးစံမပျက် မမဝင်း
ဧည့်ဝတ်ကျေတာ ငြင်းမနေ။ စားနေတုန်းပဲ လူတွဲနဲ့ မမဝင်း ဧည့်ခန်းရောက်လာပါတယ်။
ဘိုလိမ်းလမ်း ကလျာမဂ္ဂဇင်း တိုက်မှာ စ တွေ့ဖူးတဲ့ မမဝင်းကို သုဝဏ္ဏမှာ ခဏခဏ သွားတွေ့ဖြစ်ပြီး ဘိုလိမ်းလမ်းကမဂ္ဂဇင်းတိုက်ဟောင်းနဲ့ မလှမ်းမကမ်း က တိုက်ခန်းမှာ နောက်ဆုံးတွေ့ခဲ့ရပါလား။
မိုး ဂျာနယ်က သခင်အောင်ဖေက ရန်ကုန်ကို လူထု ဒေါ်အမာ ရောက်ခိုက်  သန်လျင် ပို့ဖို့ စီစဉ်ပြီး ဒေါ်ဒေါ်တို့နဲ့ လိုက်သွားပါဆိုလို့ လေးစားကြည်ညိုရတဲ့ စာရေးဆရာမကြီး သုံးဦးနဲ့ နေ့ချင်းပြန် ခရီးတို သွားဖူး ပါ တယ်။
မမစု / ဒေါ်ခင်နှင်းယုက ဒေါ်ဒေါ့်ကို ကလေးတယောက်လို ချွဲနေတယ်လို့ သူ့ကိုယ်သူလည်း ပြောရင်း လမ်းမှာ သီချင်းတွေတောင် ဆိုလို့။ မမ ဝင်းကလည်း ပျော်လို့။ ဒေါ်ဒေါ်က ဆရာ တက္ကသိုလ်ဘုန်းနိုင် ဆီ ဝင် မယ်ဆိုလို့ သန်လျင်က ဆရာ့အိမ် လည်းဝင်။  မမကြူကြူသင်း/ တက္ကသိုလ် ကြူကြူ သင်း အိမ်လည်းဝင်။
ရန် ကုန် ပြန် ရောက်တော့ ဆရာ တက်တိုးနဲ့ အန်တီ ဒေါ်နုယဉ် ဆီ ဝင်။ မမကြူကြူသင်း မှတ်မိလေသေးလား။ အဖော်လိုက်လာတဲ့ ရုပ်ရှင်တေးကဗျာ တင်တင်ဦး  မှတ်မိသေးလား။ အဲဒါ ၁၉၉၇ ခုက ထင်တယ်နော်။

ဦးဝိစာရလမ်းက အိမ်တအိမ်မှာ ဆရာတာရာနဲ့ပါ ဆုံသေးတယ်ထင်တာပဲ။ ( တင်တင်ဦး မှတ်မိလားမသိ)
ဒေါ်ဒေါ်မာ။ ဆရာ ဘုန်းနိင်။ ဆရာတက်တိုး၊ အန်တီ ဒေါ်နုယဉ်။ မမစု တို့ နောက် မမဝင်း လိုက်သွားပြန်ပြီ။
လူ တိုင်း တ ယောက် ပြီး တယောက် ရှေ့က သွား ဒါမှမဟုတ် နောက်က  လိုက် သွား ရ တာချည်း။
လူ တိုင်း လူ တိုင်း က တော့ ဒီ လူ တွေ လို နာ မည် မသေ သူတွေ မဟုတ်။ ဒီ လူ တွေ လို
နာ မည် ဆိုး ချန် ခဲ့ သူ တွေ မဟုတ် ။
လူသာ သေ နာမည် မသေ တဲ့ မမဝင်း ငြိမ်းချမ်းရာဘုံ မှာ ခိုလှုံပါလေ။
စမ်းစမ်းတင်
ဇူလိုင် ၂/၃  ၂၀၁၉