Breaking News

မောင်လူပေ - အမေရိကန်လွတ်လပ်ရေးနေ့ နဲ့ ဗိုလ်ချုပ်ကြီးတစ်ဦးအကြောင်း


မောင်လူပေ - အမေရိကန်လွတ်လပ်ရေးနေ့ နဲ့ ဗိုလ်ချုပ်ကြီးတစ်ဦးအကြောင်း

(မိုးမခ) ဇူလိုင် ၄၊ ၂၀၁၉

အမေရိကန်ပြည်ထောင်စုရဲ့ လွတ်လပ်ရေးနေ့က ၁၇၇၆ခု ဂျူလိုင်လ (၄)ရက်နေ့ပါ။ အင်္ဂလန်လက်အောက်က ခွဲထွက်ခဲ့တဲ့နေ့ပေါ့။ ခုဆို (၂၄၃)နှစ် ရှိခဲ့ပြီ။ အဲဒီနေ့ရောက်တိုင်း တပြည်လုံးမှာ ပျော်ပွဲရွှင်ပွဲတွေ ဆင်နွှဲကြတယ်။

ဒီသမိုင်းကြောင်းလေး ပြောပြချင်တယ်။ အမေရိကန်ပြည်ထောင်စုရဲ့ လွတ်လပ်ရေးကြေညာစာတန်းကို ကွန်ဂရက်က ဂျူလိုင်(၂)ရက်နေ့မှာ လက်မှတ်ထိုးခဲ့ကြသတဲ့။ ဒါပေမဲ့ ကြေညာဖို့အတွက် စကားလုံးအချို့ ပြင်ဆင်နေရလို့ ဂျူလိုင်(၄)ရက်နေ့မှ တရားဝင်ကြေညာနိုင်ခဲ့တယ်။ အဲဒီကြေညာစာတန်းထဲက အများသိတဲ့ စကားလုံးတွေကတော့ ဘဝ၊ လွတ်လပ်ခြင်း နဲ့ ပျော်ရွှင်မှုကိုကြိုးစားရယူခြင်း (Life, Liberty and the pursuit of Happiness) တို့ပေါ့။

၁၇၇၆ ခုမှာ လွတ်လပ်ရေးကြေညာစာတမ်းထုတ်ပြန်ခဲ့ပြီး အင်္ဂလိပ်နဲ့ စစ်ဖြစ်ခဲ့တာ ၁၇၈၃မှ စစ်ပြီးသွားခဲ့တယ်။ စစ်ပြီးပြန်တော့ နိုင်ငံအုပ်ချုပ်ရေးအတွက် ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲ၊ ရွေးကောက်ပွဲတွေလုပ်နဲ့ ၁၇၈၉မှာမှ ပထမဆုံးသမ္မတ ဂျော့ဝါရှင်တန် တက်လာနိုင်ခဲ့တယ်။

ဂျော့ ဝါရှင်တန်ဟာ အင်္ဂလိပ်ကိုလိုနီစစ်တပ်လက်အောက်မှာ ဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့တယ်။ စစ်တပ်ကထွက်ပြီး နိုင်ငံရေးနယ်ထဲဝင်ခဲ့တယ်။ ကွန်တီနင်တယ်တပ်မတော်အဖြစ် ၁၇၇၅မှာကွန်ဂရက်က ဖွဲ့စည်းရာမှာ တပ်ပေါင်းစုကို ဦးဆောင်ဖို့အတွက် စစ်ရေးခေါင်းဆောင် တပ်ချုပ် ဗိုလ်ချုပ်ကြီးအဖြစ် ကွန်ဂရက်ကသူ့ကို တညီတညွတ်ထဲ ရွေးချယ်ပေးခဲ့တယ်။ လစာအကြောင်းမပြောပဲ တပ်ချုပ်အဖြစ် သူလက်ခံခဲ့တယ်။ ဒီတပ်ကပဲ ပြင်သစ်တပ်နဲ့ ပူးပေါင်းပြီး အင်္ဂလိပ်ကိုလိုနီတပ်မတော်ကို ပုန်ကန်ခဲ့ကြတယ်။ သူတို့ကို မျိုးချစ်တွေလို့ ခေါ်ပါတယ်။

အမေရိကန်လွတ်မြောက်ရေးတပ်မျိုးချစ်တွေမှာ လူပေါင်းစုံတယ်။ ကျွန်ဘဝက ခေတ္တလွတ်ငြိမ်းခွင့်ရတဲ့ လူမဲတွေရော အမေရိကားရဲ့ ဌာနေအင်ဒီယန်းတွေရော တပ်သားတွေအဖြစ်ပါခဲ့ကြတယ်။ လခလည်း မှန်မှန်မရဘူး။ ငတ်တလှည့် ပြတ်တလှည့်ပဲ။ လက်နက်အင်အားသာတဲ့အင်္ဂလိပ်တပ်ကို ရင်ဆိုင်ရတာမို့ လွယ်ကူတဲ့တိုက်ပွဲတွေမဟုတ်။ ဒါပေမဲ့ သူတို့တွေ မလျှော့သောဇွဲနဲ့ တိုက်ခဲ့ကြတယ်။ သူတို့ရဲ့ ဗိုလ်ချုပ်ကြီး ဂျော့ ဝါရှင်တန်ကိုချစ်ခင်တဲ့စိတ်က အဓိကပါပဲ။

မျိုးချစ်တွေနဲ့ ပြင်သစ်ပူးပေါင်းတပ်တွေက စစ်နိုင်လို့ စစ်ကြီးပြီးသွားတဲ့အခါ ဂျော့ဝါရှင်တန်ကိုယ်တိုင် ကွန်ဂရက်ကိုသွားပြီး စစ်သားတွေအတွက် ရစရာကြွေးတွေ သွားတောင်းပေးခဲ့တယ်။ သူ့အတွက်လစာလည်း ထိုက်ထိုက်တန်တန်တောင်းတယ်။ ကွန်ဂရက်ကလည်းပေးပါတယ်။

စစ်ပြီးစမှာ စစ်နိုင်တဲ့တပ်ကြီးရဲ့ တပ်ချုပ်ကြီး ဂျော့ ဝါရှင်တန်ကို အာဏာရှင်ဘုရင်ကြီးလုပ်ပြီး ထာဝရအုပ်ချုပ်ဖို့၊ ဒါမှမဟုတ်ရင် ကွန်ဂရက်ကို ဖြုတ်ချလိုက်ပြီးစစ်တပ်အာဏာသိမ်းဖို့ သူ့တပ်သားအချို့က အကြံပေးကြသတဲ့။ ဗိုလ်ချုပ်ကြီးက လက်မခံပါဘူး။ အမေရိကန်မှာ စစ်တပ်ကအာဏာသိမ်းတာ အကျင့်ပါသွားပြီး စစ်တပ်အတွက် သမိုင်းတွင်မဲ့အမှား အဖြစ်မခံခဲ့ဘူး။ အာဏာလိုချင်ရင် တပ်ကထွက်မယ်။ အရပ်သားအဖြစ် ရိုးရိုးသားသား ယှဉ်ပြိုင်မယ်။ ပြည်သူက သူ့ကိုချစ်ရင် ရွေးလိမ့်မယ်လို့ ပြန်ပြောခဲ့တယ်။

သူ့စကားအတိုင်းပါပဲ။ ၁၇၈၃ မှာစစ်တပ်ထဲကထွက်ပြီး သူ့လက်ထောက်ကို တပ်ချုပ်ခန့်ပါတယ်။ သူ့ပြည်နယ်ပြန်သွားပြီး နိုင်ငံရေးလုပ်ပါတယ်။ နိုင်ငံကို ပြည်ထောင်စုစစ်စစ်ဖြစ်ဖို့ တည်ထောင်စမို့ ပြည်နယ်(၁၃)ခုမှာ မတူညီတဲ့အမြင်တွေ ရှိပါတယ်။ ဒါတွေကို သူဦးစီးပြီး ညှိနှိုင်းဖြေရှင်းပေးတယ်။ အားလုံးလက်ခံနိုင်မဲ့ဖွဲ့စည်းပုံတစ်ခုပေါ်လာဖို့ နိုင်ငံတည်ထောင်သူတွေတွေ့ဆုံဆွေးနွေးကြတယ်။ ၁၇၈၇ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးညီလာခံကြီးမှာ သဘာပတိအဖြစ် ရွေးချယ်ခံရတယ်။

သူ့ရဲ့ ရိုးသားမှု၊ ခေါင်းဆောင်နိုင်မှုတွေကြောင့် ၁၇၈၉အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံသမ္မတရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဘက်တွေကိုအနိုင်ရပြီး ပထမဆုံးသမ္မတဖြစ်လာခဲ့ပါတယ်။တပ်ချုပ်ကြီး ဗိုလ်ချုပ်ကြီးဝါရှင်တန်ဟာ အာဏာသိမ်းဖို့မလိုပဲ ပြည်သူကရွေးချယ်ခံသမ္မတဖြစ်လာပြီေပါ့။ ပထမအကြိမ်အပြီး အနားယူဖို့ လုပ်ခဲ့ပေမဲ့ တိုင်းပြည်ရဲ့လိုအပ်ချက်ကြောင့် ဒုတိယသက်တမ်းမှာ ထပ်ပြီး အရွေးခံခဲ့ပါတယ်။ သမ္မတသက်တမ်း ဒုတိယအကြိမ်လည်း သူပဲ အနိုင်ရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နှစ်ကြိမ်သာ သမ္မတလုပ်ခွင့်ရလို့သာပေါ့။ အကြိမ်မကန့်သတ်ထားရင် အကြိမ်ကြိမ်အရွေးခံရမဲ့သူပါပဲ။ 

(အယ်ဒီတာမှတ်ချက် - အဲသည်တုန်းက term limit for president မရှိသေးပါ။ ဝါရှင်တန်က နောက်တကြိမ် သမ္မတမလုပ်ဘဲ အနားယူခဲ့တာဖြစ်ပါတယ်။ အခြေခံဥပဒေမှာ ရေးစရာမလိုဘဲ သမ္မတတိုင်းက ဝါရှင်တန်နမူနာကို လိုက်နာခဲ့ကြပါတယ်။ ဒုတိယကမ္ဘာစစ် ၁၉၄၁ တုန်းကသာ အမေရိကန်သမ္မတ တဦးက သက်တမ်း ၃ ကြိမ် ထမ်းဆောင်ဖူးပါတယ်။ ၁၉၅၁ မှာတော့ အခြေခံဥပဒေပြင်ဆင်ချက် အမှတ် ၂၂ဖြင့် သမ္မတသက်တမ်းကို ၂ကြိမ်အဖြစ် ကန့်သတ်ခဲ့ကြတာ ဖြစ်ပါကြောင်း)

ဒီလိုဗိုလ်ချုပ်ကြီးကိုရခဲ့ကြတဲ့ အမေရိကန်ပြည်သူတွေကတော့ ကံကောင်းခြင်းတွေပိုင်ဆိုင်နိုင်ခဲ့ကြတယ်။ ကျွန်တော်တို့မြန်မာပြည်သားတွေမှာသာ ခုထိ....။

အမေရိကန်ပြည်ထောင်စုရဲ့ လွတ်လပ်ရေးနေ့မှာ အမေရိကန်တွေ လွတ်လပ်ရေးအရသာကို ပြည့်ဝစွာခံစားရင်း ဒီမိုကရေစီစံနှုန်းတွေနဲ့အညီ လူ့အခွင့်အရေးအပြည့်နဲ့ နေထိုင်ပျော်ရွှင်ကြရသလို မြန်မာပြည်သားတွေလည်း နေထိုင်ခံစားပျော်ရွှင်ကြပါစေေကြာင်း တောင်းဆုပြုပါတယ်။